ကောင်းကင်ဘုံငယ်များဆီသို့
Vol. 38 Ch. 531
ကုလန်၏ရှင်းပြချက်ကြောင့် ယဲ့ချန်က ခေါင်းကိုက်သွားရသည်။ သူက လိုအပ်သော ကုန်ကြမ်းများဝယ်ရန်အတွက် ကြေးသခင်တစ်ယောက်ဖြစ်လာရန် ဆည်းဆာရွှေသန်းနှစ်ဆယ် လိုအပ်နေသည်။ ကြယ်တစ်ပွင့်ဆေးဆရာများက ဆေးစံအိမ်အတွက် အလုပ်လုပ်ပေးနေခြင်းက အဆန်းမဟုတ်တော့ပေ။ ကုန်ကြမ်းပစ္စည်းများကို တင်းကြပ်စွာ ထိန်းချုပ်ထားသောကြောင့် ကြယ်တစ်ပွင့်ဆေးဆရာဖြစ်နေလျှင်ပင် ဆေးဖော်စပ်ရန် ကုန်ကြမ်းများမရှိလျှင် ဖော်စပ်နိုင်မည်မဟုတ်ပေ။ ကောင်းကင်မူလတိုက်ကြီးပေါ်တွင် လူ့အဖွဲ့အစည်း၌ အဆင့်အတန်းမြင့်တက်လာရန် အလွန်ခက်ခဲသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းမြင့်မားသော ပါရမီရှင်များမဟုတ်လျှင် အထက်ပိုင်းအကြီးအကဲများ၏အာရုံကို ဆွဲဆောင်နိုင်မည် မဟုတ်သောကြောင့် နေ့စဥ်နေ့တိုင်း လုပ်ခလစာတစ်ခုဖြင့် အလုပ်လုပ်ကိုင်၍ အောက်ခြေ၌ အသက်ရှင်သန်ရပေလိမ့်မည်။
လက်ရှိအချိန်တွင် နတ်မူလဆေးဖော်စပ်ချင်သော ယဲ့ချန်၏အကြံကို ရပ်တန့်ထားရမည်ဖြစ်သည်။ သူက လက်မောင်းကာအတွင်းရှိ ကုန်ကြမ်းပစ္စည်းများကို တစ်ချက်ကြည့်ကာ လောလောဆယ်သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ အနာဂတ်တွင် သူက အခွင့်အရေးရလျှင် ကျန်ဆေးပင်များကိုရှာဖွေပြီး နတ်မူလဆေးကို ဖော်စပ်ရပေလိမ့်မည်။ လက်ရှိအခြေအနေအရ သူက ကြယ်တစ်ပွင့်ဆေးဆရာဖြစ်လာလျှင်ပင် ဆေးစံအိမ်အတွက် အလုပ်လုပ်ပေးရပေလိမ့်မည်။ ကြယ်တစ်ပွင့် ဆေးဆရာတစ်ယောက်၏ဝင်ငွေက တစ်ရက်လျှင် ဆည်းဆာရွှေတစ်သောင်းနှင့် နှစ်သောင်းကြားဖြစ်ပြီး တစ်နှစ်လျှင် သန်းချီရှာဖွေနိုင်သည်။ သို့သော်လည်း သူ၏မျိုးနွယ်ဝင်များကို ကယ်တင်ရန်အတွက်မူ လက်တွေ့မကျသော ငွေရှာနည်းသာ ဖြစ်သည်။
"အစ်ကိုကု ပိုက်ဆံမြန်မြန်ရှာနိုင်မယ့် နည်းလမ်းတစ်ခုခု မသိထားဘူးလား"
ယဲ့ချန်က ကုလန်ကို မေးလိုက်ခြင်းဖြစ်သည်။
"အစ်ကိုယဲ့က ပိုက်ဆံ အရေးတကြီးလိုအပ်နေတာလား"
ကုလန်က သူ့ထံတွင် စုဆောင်းထားသော ငွေကြေးများကို ယဲ့ချန်အား ချေးငှားမည်ဟုပြောရန် ကြံလိုက်သော်လည်း ဆည်းဆာရွှေသောင်းချီတန်သော ကျောက်စိမ်းသစ်ခွသေရည်အကြောင်း ရုတ်တရက် သတိရသွားသည်။ ထို့ကြောင့် သူ၏ပိုင်ဆိုင်မှုက ယဲ့ချန်လိုအပ်သော ပမာဏအတွက် ရေတစ်ပေါက်ပမာ ဖြစ်ပေလိမ့်မည်။
"ဟုတ်တယ်"
ယဲ့ချန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
"ငါတို့လိုလူတွေအတွက် ပိုက်ဆံများများရှာနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ကောင်းကင်ဘုံငယ်တွေထဲကို ဝင်တာဖြစ်တယ်။ ဒီနည်းလမ်းက အလွန်အန္တရာယ်များပြီး သတိပေါ့ဆလိုက်မိရင် သေသွားနိုင်မယ်။ ပြီးတော့ ကောင်းကင်ဘုံငယ်တွေထဲကိုဝင်ရောက်ဖို့ ဆည်းဆာရွှေတစ်သိန်း အနည်းဆုံး လိုအပ်တယ်။ အဖွဲ့တစ်ဖွဲ့မှာ အနည်းဆုံး ကျင့်ကြံသူခြောက်ယောက် ပါဝင်ရမယ်။ ချီပင်လယ်အဆင့်ကျင့်ကြံသူတွေက တစ်ယောက်တည်းဝင်သွားမယ်ဆိုရင် သေချာပေါက် သေလိမ့်မယ်"
ကုလန်က ရှင်းပြလိုက်သည်။
"ကောင်းကင်ဘုံငယ်တွေထဲကို ဝင်ရမှာလား"
ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။ သူက အကျိုးအကြောင်းမသိရသော ထိုနေရာကို အနည်းငယ်စိုးရွံ့နေမိသည်။ ကောင်းကင်ဘုံငယ်များတွင် ဝိညာဥ်သားရဲများသာမက ရန်ယွင်မြို့၏ကျင့်ကြံသူများရှိနေသဖြင့် သူ၏ရန်သူများနှင့် တွေ့နိုင်ချေရှိသည်။ သို့သော် သူ၏ခေါင်းအတွင်း အတွေးတစ်ချက် ရုတ်တရက်ထွက်ပေါ်လာသည်။ နတ်ကိုယ်ပွားကျင့်စဥ်ဖြင့် ကျင့်ကြံထားသော ကိုယ်ပွားက သေဆုံးသွားလျှင်ပင် ၎င်း၏ကျင့်ကြံဆင့် သုံးဆယ်ရာခိုင်နှုန်းကိုသာ ဆုံးရှုံးပေလိမ့်မည်။ ထို့နောက် ဆေးပင်များဖြင့် ပြန်လည်ကုသနိုင်သည့်အပြင် အပြီးတိုင်ပျက်စီး သေဆုံးသွားမည် မဟုတ်ချေ။ အကယ်၍ ၎င်းသာ အသက်ရှင်လျက်ထွက်လာနိုင်ပါက အကျိုးအမြတ်များစွာ ရပေလိမ့်မည်။
"ကျုပ် ကောင်းကင်ဘုံငယ်တွေထဲကို ဝင်ချင်ပါတယ်။ အစ်ကိုကုက အသင်းတစ်ခုဖွဲ့စည်းဖို့ လိုအပ်တဲ့ ကျင့်ကြံသူတွေ ရှာပေးနိုင်မလား"
ယဲ့ချန်က အလောင်းအစားတစ်ခုလုပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် လေသံက တည်ကြည်နေသည်။
"အစ်ကိုယဲ့ ခင်ဗျား တကယ်သွားချင်တာလား။ ဒါဆိုရင် ရှင်မကို ကျေးဇူးပြုပြီး မပြောပါနဲ့"
ကုလန်က ယဲ့ချန်ကို တစ်ချက်ကြည့်၍ ဝိညာဥ်အသိစိတ်ဖြင့် လျှို့ဝှက်ဆက်သွယ်လာခဲ့သည်။ ယဲ့ချန်က ကုလန်၏အကြောင်းအရင်းကို မသိရသော်လည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"အထက်တန်းစားတွေဆီမှာ အိမ်တော်ထိန်းလုပ်နေတဲ့ ကုဖေးဆိုတဲ့ အစ်ကိုတစ်ယောက် ငါ့မှာရှိတယ်။ သူက အကြွေးတွေအများကြီးတင်နေလို့ လောလောဆယ် ကြပ်တည်းနေတယ်။ သူ့အပြင် ခက်ခဲနေကြတဲ့ ကျင့်ကြံသူတွေကိုလည်း စုစည်းထားပြီး လူတိုင်းက ချီပင်လယ်အဆင့်ဖြစ်တဲ့အပြင် ငါအပါအဝင် ခုနစ်ယောက်ရှိတယ်။ ငါတို့က ဆည်းဆာရွှေခုနစ်သောင်းရှာဖွေနိုင်ပြီး နှစ်လအတွင်း နောက်ထပ်သုံးသောင်း ရှာဖွေနိုင်မယ်ဆိုရင် ကောင်းကင်ဘုံငယ်တစ်ခုကို ဝင်ရောက်နိုင်မယ်။ မင်းသာဆန္ဒရှိရင် အတူလိုက်လာနိုင်ပါတယ်"
ကုလန်က လင်းယုကြားသွားမည်ကို စိုးရိမ်သည့်အလား အသံကို ခပ်တိုးတိုးပို့လွှတ်လိုက်သည်။
"အစ်ကိုကုက ရန်ယွင်မြို့ရဲ့ အထက်တန်းစားတစ်ယောက်နဲ့ ပြဿနာတက်ထားတယ် မဟုတ်ဘူးလား။ သူက အစ်ကိုကုကိုသတ်ဖို့အတွက် ကျင့်ကြံသူတွေပို့လိုက်ရင် အစ်မလင်းတစ်ယောက်တည်း ကျန်ခဲ့လို့ အဆင်ပြေပါ့မလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။
"ရှင်မက ငါ့ကြောင့် အများကြီးဒုက္ခရောက်ခဲ့ရတယ်။ ငါ့လက်ကျန်ဘဝကို ဒီအတိုင်း မကုန်ဆုံးသွားချင်ဘူး။ ငါအသက်စွန့်ရမယ်ဆိုရင်တောင် သူမကို ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေထိုင်သွားစေချင်တယ်။ အဲ့ဒီအထက်တန်းစားက ငါဟာ ဆည်းဆာရွှေအများကြီး ရှာဖွေနိုင်မယ်လို့ ထင်ထားမှာမဟုတ်ဘူး။ သူသိတဲ့အချိန်မှာ ငါတို့က ကောင်းကင်ဘုံငယ်ထဲကနေ ပြန်ရောက်လာလောက်ပြီ။ ယောကျ်ားတစ်ယောက်အနေနနဲ့ ငါက ငကြောက်တစ်ယောက်လိုမျိုး အသက်ဆက်မရှင်ချင်တော့ဘူး"
ယဲ့ချန်သည် ကုလန်၏စကားကို နားလည်လိုက်သည်။ ကောင်းကင်ဘုံအတွင်း ဝင်ရောက်ခြင်းက အသက်နှင့်ရင်းရသော အလောင်းအစားဖြစ်သော်လည်း သူက လင်းယုအတွက် စွန့်စားလိုခြင်းဖြစ်သည်။
"အစ်ကိုကု ကျုပ်ကို ကောင်းကင်ဘုံငယ်အကြောင်း ရှင်းပြပါ"
ယဲ့ချန်က ခဏတာတိတ်ဆိတ်သွားပြီးနောက် အခြေအနေကို ကြိုတင်စုံစမ်းလိုက်သည်။
"ရန်ယွင်မြို့မှာ ကောင်းကင်ဘုံငယ်ပေါင်း ခြောက်ဆယ်ရှိပြီး တစ်ခုချင်းစီက ကြယ်သခင်တွေဖွင့်လှစ်ပေးထားတဲ့ နေရာလပ်နယ်မြေတွေဖြစ်တယ်။ အခြားကြယ်တွေနဲ့ ဆက်စပ်နေတာဖြစ်ပြီး ဝိညာဥ်သားရဲတွေ ကျက်စားနေထိုင်ကြတယ်။ ငါတို့က တည်နေရာရွှေ့ပြောင်းအစီအရင်ကိုသုံးပြီး အမဲလိုက်ဖို့ သွားရောက်ကြရတယ်။ အစီအရင်အသုံးပြုခအဖြစ် ဆည်းဆာရွှေတစ်သိန်း အနည်းဆုံးပေးရတယ်။ တချို့ကတော့ စျေးပိုများပြီး ကောင်းကင်ဘုံငယ်အမျိုးအစားအလိုက် နေထိုင်တဲ့သားရဲတွေ ကွဲပြားတယ်။ ငါတို့သွားမှာက ရေနယ်မြေတစ်ခုဖြစ်ပြီး ငါးအမျိုးအစား ဝိညာဥ်သားရဲတွေကို အမဲလိုက်ရလိမ့်မယ်"
"ဘာကြောင့် ငါးအမျိုးအစားကို ရွေးချယ်ရတာလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ရေထဲတွင် ဝိညာဥ်သားရဲများက ကျင်လည်စွာကူးခတ်နိုင်ချိန်တွင် သူတို့၏လှုပ်ရှားမှုများက ကန့်သတ်ခံထားရမည်ဖြစ်သည်။ ထို့ကြောင့် အမဲလိုက်ခြင်းက ပို၍ခက်ခဲလာပေလိမ့်မည်။
"အမှန်တကယ်ပြောရရင် ငါတို့အတွက် အမဲလိုက်ဖို့အသင့်တော်ဆုံးက သစ်တောအမျိုးအစားပဲ။ ဒါပေမယ့် ဒီနယ်မြေအတွက် ဝင်ကြေးက ဆည်းဆာရွှေတစ်သိန်းသုံးသောင်းဖြစ်ပြီး ငါတို့ရှာဖွေနိုင်တဲ့ အကန့်အသတ်က တစ်သိန်းသာဖြစ်တယ်"
ကုလန်က ခါးသက်သက်ပြုံး၍ ဖြေလိုက်သည်။ ကုလန်နှင့် အခြားလူများ၏ခက်ခဲမှုကြောင့် ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ငါတို့ဝင်မယ့် ကောင်းကင်ဘုံငယ်တွေထဲမှာ အသန်မာဆုံးက ချီပင်လယ်အဆင့်တစ်ဆယ်ဖြစ်ပြီး အများဆုံးက နတ်ဘုရင်အဆင့်၊ အဆုံးမဲ့အဆင့်နဲ့ ထူးကဲအဆင့်တွေဖြစ်ကြတယ်။ ငါတို့က သုံးရက်နေထိုင်နိုင်ပြီး အရာအားလုံးအဆင်ပြေမယ်ဆိုရင် အနည်းဆုံး ဆည်းဆာရွှေသုံးသိန်း ရနိုင်လိမ့်မယ်။ ငါတို့သာ ကံကောင်းရင် ဆည်းဆာရွှေတစ်သန်းအထိတောင် ရနိုင်တယ်"
ကုလန်က မျှော်လင့်တကြီး ပြောလိုက်ခြင်းဖြစ်သည်။
ကောင်းကင်မူလတိုက်ကြီး၏ အဆင့်မြင့်သူများအတွက် သာမန်ကျင့်ကြံသူများ ကောင်းကင်ဘုံများအတွင်း သေဆုံးသွားခြင်းကို လက်ခံနိုင်ကြသည်။ သူတို့၏အမြင်တွင် နိမ့်ကျသောပါရမီနှင့် ကျင့်ကြံသူများသေဆုံးသွားလျှင်ပင် တိုက်ကြီးတစ်ခုလုံး၏အခြေအနေကို ထိခိုက်စေမည်မဟုတ်ချေ။ ကျင့်ကြံသူများက အလွန်အသက်ရှည်ပြီး နှစ်စဥ်နှစ်တိုင်းမွေးဖွားလာသော အရေအတွက်က အလွန်များပြားနေသည်။ အကယ်၍ ငတ်ပြတ်ကာသေဆုံးသူများနှင့် တိုက်ပွဲကျသူများသာမရှိလျှင် ကောင်းကင်မူလတိုက်ကြီးက အလွန်များပြားသောကျင့်ကြံသူများကို ထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။ ပါရမီရှိသူများအတွက် ကလေးယူခြင်းက အခက်အခဲမဟုတ်သော်လည်း ရှင်သန်ရန်ရုန်းကန်နေရသော သာမန်လူတန်းစားများအတွက် လွယ်ကူခြင်း မရှိပေ။
ကောင်းကင်ဘုံငယ်များသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏အိပ်မက် ဖြစ်လာခဲ့သည်။ ကံကောင်းလျှင် သုံးရက်အတွင်း ရှာဖွေရသမျှစည်းစိမ်များနှင့် တစ်ဘဝလုံး သူတို့လိုချင်သောဘဝကို နေထိုင်နိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုနေရာများတွင် ကျင့်ကြံသူအရေအတွက်များစွာ နေ့စဥ်နေ့တိုင်း သေဆုံးနေကြသည်။ ဆည်းဆာရွှေတစ်သန်းရလျှင်ပင် ရှစ်ယောက်ခွဲယူရမည်ဖြစ်သောကြောင့် ယဲ့ချန်က ငွေကို များစွာစိတ်ဝင်စားခြင်း မရှိပေ။ ဤပမာဏက သူလိုချင်သော ငွေကြေးနှင့်ယှဥ်လျှင် နည်းပါးနေဆဲပင်ဖြစ်သည်။ သို့သော်လည်း ကောင်းကင်မူလတိုက်ကြီးတွင် နယ်မြေများပိုင်ဆိုင်ထားသော အထက်တန်းစားများမှလွဲလျှင် ဤအလုပ်ကသာ ဝင်ငွေအကောင်းဆုံးဖြစ်သည်။ ခြင်္သေ့ကြီးရှိနေလျှင် သူက ကောင်းကင်ဘုံငယ်များအတွင်း ကောင်းစွာအမဲလိုက်နိုင်သော်လည်း ပထမဆုံးအခြေအနေကို စုံစမ်းရန်သာ ဆုံးဖြတ်ထား၏။ သူက ကိုယ်ပွားအား စေလွှတ်မည်ဖြစ်သောကြောင့် လုံခြုံရေးအတွက် စိတ်ပူစရာမလိုချေ။ သို့သော် ကုလန်က လင်းယုအတွက် အသက်ကိုရင်း၍စွန့်စားရခြင်းက ထိုက်တန်ခြင်းရှိမရှိ မပြောနိုင်ချေ။
ယဲ့ချန် မည်မျှနားချသည်ဖြစ်စေ ကုလန်က ခေါင်းမာနေခဲ့သည်။ ယောကျ်ားတစ်ယောက်အနေဖြင့် အသုံးမဝင်သောဘဝတွင် အသက်ရှင်ရခြင်းထက် အသက်ကိုရင်း၍ အလောင်းအစားလုပ်ခြင်းကို ရွေးချယ်မည်ဖြစ်သည်။
"အစ်ကိုကု ဘယ်အချိန်ထွက်ခွာဖို့ ပြင်ဆင်ထားလဲ"
ယဲ့ချန်က လေးနက်စွာ မေးလိုက်ခြင်းဖြစ်သည်။
"ကုဖေးက ဆည်းဆာရွှေတစ်သိန်းရှာနိုင်တာနဲ့ တပြိုင်နက် ချက်ချင်းသွားကြမယ်။ ငါတို့က အချိန်အကြာကြီး ပြင်ဆင်ခဲ့ကြတယ်။ နောက်ထပ်နှစ်လအတွင်း သေချာပေါက် စုဆောင်းနိုင်ပါလိမ့်မယ်"
"ကျန်နေတဲ့ငွေကို ကျုပ် ပေးပါမယ်"
ယဲ့ချန်က ခဏတာစဥ်းစား၍ ပြောလိုက်သည်။
"မင်းမှာ ဆည်းဆာရွှေသုံးသောင်း ရှိတာလား"
ယဲ့ချန်၏စကားကြောင့် ကုလန်က မင်သက်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်။ ကောင်းကင်ဘုံငယ်ထဲမှာ အကျိုးအမြတ်တွေရလာရင် မင်းက ဆည်းဆာရွှေသုံးသောင်း ထည့်ဝင်ပေးတဲ့အတွက် အကျိုးအမြတ်ရဲ့ ဆယ့်ငါးရာခိုင်နှုန်း အပိုပေးပါမယ်"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သောအခါ ကုလန်သည် ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့သည်။
"ဒါဆိုရင် ငါ့အစ်ကိုဆီ အကြောင်းကြားလိုက်တော့မယ်။ ငါတို့က တစ်ရက်နှစ်ရက်အတွင်း ထွက်ခွာကြတာပေါ့"
သူက ယဲ့ချန်ကို နှုတ်ဆက်ပြီးနောက် လင်းယုကို ဆင်ခြေတစ်ခုပေးကာ အလျင်စလို ထွက်ခွာသွားခဲ့သည်။ အိမ်အတွင်းအလုပ်ရှုပ်နေသော လင်းယုကို ယဲ့ချန်က တစ်ချက်ကြည့်၍ အတွေးနက်နေသော်လည်း ဤအကြောင်းကို ဖုံးကွယ်ထားပေးခဲ့သည်။ သူက ဤစုံတွဲအပေါ် အကောင်းမြင်ပြီး ကုလန်သာ လုံခြုံစွာပြန်ရောက်လာလျှင် သူတို့၏ဘဝလေးက ပို၍အေးချမ်းသာယာလာပေလိမ့်မည်။
"အစ်ကိုယဲ့ အရာအားလုံး အဆင်သင့်ဖြစ်ပြီ။ မနက်ဖြန်မနက်ကျရင် မြို့ဝင်ပေါက်မှာ လူစုကြမယ်"
နှစ်နာရီအကြာတွင် ကုလန်ပြန်ရောက်လာကာ ယဲ့ချန်ကို အကြောင်းကြားလိုက်သည်။
"ကောင်းပြီ"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သူတို့က အသေးစိတ်အချက်အလက်များကို ဆွေးနွေးနေစဥ် ကုလန်က အတန်ငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။ ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်ရန် သူတို့က အချိန်ကြာမြင့်စွာ ပြင်ဆင်ထားခဲ့ပြီး နောက်ဆုံးတွင် အကောင်အထည် ပေါ်လာခဲ့သောကြောင့်ဖြစ်သည်။
ကောင်းကင်မူလတိုက်ကြီးပေါ်တွင် အထက်တန်းစားများသည် ချီပင်လယ်အဆင့်ကျင့်ကြံသူများကို အသင်းတစ်ခုဖွဲ့စည်း၍ ကောင်းကင်ဘုံများအတွင်း ဝင်ရောက်ရန် အရင်းအနှီး ထုတ်ပေးတတ်ကြသည်။ အကျိုးအမြတ်၏ရှစ်ဆယ်ရာခိုင်နှုန်းကို သူတို့က အပိုင်သိမ်းကြပြီး ကျန်နှစ်ဆယ်ရာခိုင်နှုန်းကိုသာ မုဆိုးများက ခွဲဝေယူကြရသည်။ ထို့ကြောင့် မုဆိုးများသည် အထက်တန်းစားများအတွက် အသက်နှင့်ရင်း၍ စွန့်စားပေးရခြင်းဖြစ်သည်။ လက်ရှိတွင် ကုလန်တို့အဖွဲ့တွင် ထိုအထက်တန်းစားများ၏ အထောက်အပံ့မပါဝင်သောကြောင့် ရရှိလာသမျှ အကျိုးအမြတ်များက လူတိုင်းအတွက် များပြားနိုင်လေသည်။