← Chapters

ရန်ကြွေးရန်စ

Vol. 38 Ch. 533

ရန်ကြွေးရန်စ

Vol. 38 Ch. 533

တံခါးတစ်ခုတွင် ကောင်းကင်ဘုံငယ်ဆယ်ခု ချိတ်ဆက်ထားပြီး ၎င်းတို့အကြား၌ ရေလွှမ်းနေသော စန်းဟိုင်ကြယ်၏ဝင်ခွင့်က ဆည်းဆာရွှေတစ်သိန်းကျသင့်ကာ စျေးအပေါဆုံးဖြစ်သည်။ သစ်သားချီအမျိုးအစားဖြစ်သော တိမ်သစ်သားကြယ်က တစ်သိန်းသုံးသောင်းပေးရသောကြောင့် အနည်းငယ် ပို၍စျေးကြီးသည်။ အခြားကြယ်များက ပို၍စျေးကြီးသဖြင့် ကုဖေးတို့အဖွဲ့က တတ်နိုင်စွမ်းမရှိပေ။

"ဒီကြယ်တွေပေါ်မှာ နေထိုင်တဲ့ နယ်ခံတွေ ရှိလား"

ယဲ့ချန်က စုံစမ်းလိုက်သည်။

"မရှိဘူး။ ကောင်းကင်မူလကြယ်ပတ်ဝန်းကျင်မှာရှိတဲ့ ကြယ်ပေါင်းတစ်သောင်းမှာ သက်ရှိတွေမွေးဖွားလာနိုင်တဲ့ အခြေအနေ မရှိဘူး။ အခြားကြယ်တွေအားလုံးက ဝိညာဥ်သားရဲတွေရဲ့နယ်မြေဖြစ်ပြီး ကြယ်သခင်တွေက သူတို့ကို ပြုပြင်မွမ်းမံပြီးတဲ့အချိန်မှာ ဘယ်လိုပတ်ဝန်းကျင်မျိုးမဆို ကြယ်မျိုးမဆို အသက်ရှင်သန်နိုင်စွမ်း ရှိလာကြတယ်"

ကုဖေးက အသေးစိတ်ရှင်းပြလိုက်သည်။ ကြယ်ပေါင်းတစ်သောင်းတွင် ကောင်းကင်မူလကြယ်တစ်ခုတည်း၌သာ သက်ရှိများ နေထိုင်နိုင်သည်။ အခြားကြယ်များ၏ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရန် ဝိညာဥ်သားရဲများ၏ဗီဇကို ပြုပြင်ပေးနိုင်လောက်အောင် အစွမ်းထက်သည့် ကြယ်သခင်နှစ်ယောက်၏ခွန်အားကို တွေးကြည့်ရန်ပင် မဖြစ်နိုင်ချေ။

ယဲ့ချန်တို့အဖွဲ့သည် ပထမဆုံး တံခါးပေါက်ထံ ရောက်ရှိလာသောအခါ တံခါးစောင့်က တစ်ဖွဲ့လုံးကို အေးစက်စက်ဝေ့ကြည့်လိုက်သည်။ သူက တာအိုနတ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တာအိုအိမ်တော်မှ အမှုထမ်းတစ်ယောက်ဖြစ်ကာ မြို့ဝန်ရီရန်ပင်လျှင် ရိုရိုသေသေ လေးလေးစားစားဆက်ဆံရသည်။ မြို့ဝန်မှလွဲလျှင် သူက အခြားကျင့်ကြံသူများနှင့် စကားပြောဆိုခြင်း မရှိပေ။ ယဲ့ချန်က ကုဖေးထံ နယ်မြေဝင်ခွင့်အတွက် ကျသင့်ငွေကိုကမ်းပေးရန် ပြင်လိုက်စဥ် ပုံရိပ်ခြောက်ခု ရောက်ရှိလာခဲ့သည်။ သူတို့ကိုမြင်သောအခါ ကုဖေးက ရင်ထိတ်သွားခဲ့သည်။ ထိုခြောက်ယောက်သည် ကုလန်နှင့်ရန်ငြှိုးရှိသော အထက်တန်းစားဖန်ယု၏ လက်အောက်ခံများဖြစ်ကြသည်။ ဖန်ယုက လင်းယုကို ကိုယ်လုပ်တော်အဖြစ် တော်ကောက်ချင်ခဲ့သော်လည်း သူမက ငြင်းပယ်၍ ကုလန်ကို ရွေးချယ်ခဲ့သည်။ ဤဖြစ်ရပ်ကြောင့် ဖန်ယုက အထက်တန်းစားများအကြားတွင် ရယ်မောလှောင်ပြောင်ခံခဲ့ရသဖြင့် ကုလန်နှင့် လင်းယုအပေါ် အခဲမကြေနိုင်ခဲ့ပေ။ ရောက်ရှိလာသော ကျင့်ကြံသူခြောက်ယောက်လုံးက ချီပင်လယ်အဆင့်တစ်ဆယ်များဖြစ်သောကြောင့် သူတို့သာ ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်လာလျှင် ကုဖေးနှင့်အဖွဲ့အတွက် သေချာပေါက် ဒုက္ခရောက်ရပေလိမ့်မည်။

"မင်းတို့က ကောင်းကင်ဘုံငယ်ထဲကိုဝင်ပြီး ပိုက်ဆံရှာကြမလို့လား ဟား ဟား။ အန္တရာယ်က အချိန်မရွေး ကျရောက်လာနိုင်လို့ သတိတော့ထားပေါ့ကွာ။ မသေစေနဲ့"

ခြောက်ယောက်အုပ်စုတွင် ခေါင်းဆောင်ဖြစ်ဟန်တူသူက ကုလန်ကို စိုက်ကြည့်၍ ခြိမ်းခြောက်လိုက်သည်။ သူက ဖန်ယု၏အစေခံ ဖန်ရောင်တောက်ဖြစ်ပြီး သခင်ဖြစ်သူနှင့်ရန်ငြှိုးရှိသော ကုလန်ကို အနိုင်ကျင့်လျှင် ဆုလာဘ်များရမည်ဟု ထင်မြင်နေခဲ့သည်။ လက်ရှိတွင် ကုလန်က ကောင်းကင်ဘုံငယ်အတွင်း ဝင်ရောက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ မကောင်းသောအကြံတစ်ခု ဖြစ်ပေါ်လာ၍ ဆိုးယုတ်စွာ ပြုံးလိုက်သည်။ ကုဖေးနှင့် ကုလန်က သူ၏ခြိမ်းခြောက်စကားကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ သူတို့၏မျက်နှာထားများကို မြင်သောအခါ ဖန်ရောင်တောက်နှင့်အဖော်များက လှောင်ပြောင်ရယ်မော၍ ရှေ့တိုးလာကြသည်။ ထိုနေရာတွင် ကောင်းကင်ဘုံငယ်များသို့ဝင်ရန် ပြင်ဆင်နေသော အခြားအထက်တန်းစားများ၏ လက်အောက်ခံအဖွဲ့များလည်း ရှိနေခဲ့သည်။ အထက်တန်းစားများကြားတွင် ဆက်ဆံရေးက ရှုပ်ထွေးသော်လည်း သာမန်ကျင့်ကြံသူများက ဆန့်ကျင်နိုင်စွမ်း လုံးဝမရှိပေ။

"အစ်ကိုကြီး ကျုပ်တို့ဘာလုပ်ကြမလဲ"

လင်းနန်၊ ရှောင်ယွဲ့စသော လူငယ်များက စိုးရိမ်တကြီး မေးလိုက်ကြသည်။ သူတို့သာ ကောင်းကင်ဘုံငယ်အတွင်း ဝင်ရောက်မည်ဆိုလျှင် ဖန်ရောင်တောက်နှင့် နောက်လိုက်များက ချက်ချင်းလိုက်ပါလာမည်ဖြစ်ပြီး ကျင့်ကြံဆင့်ကွာခြားနေသဖြင့် ယှဥ်နိုင်မည် မဟုတ်ပေ။

"ထားလိုက်ပါတော့။ ငါတို့မသွားတော့ဘူး"

ကုဖေးက အံကြိတ်၍ တစ်ချက်စဥ်းစားလိုက်ပြီးနောက် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ သူ၏ဆုံးဖြတ်ချက်ကိုကြားသောအခါ ငယ်ရွယ်ပြီး စိတ်ဓာတ်တက်ကြွနေသော လူငယ်လေးများက မတရားမှုကို အလိုမကျစွာ ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူတို့က စွန့်စားရန် အခွင့်အရေးတစ်ခုရခဲ့သော်လည်း အလဟဿ လက်လွှတ်ဆုံးရှုံးရတော့မည်ဖြစ်သည်။

"အစ်ကိုကု ကောင်းကင်ဘုံငယ်ထဲကို ရောက်ရောက်ချင်း စိတ်ရှိသလို လူသတ်နိုင်ပြီလား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ကုဖေးကို မေးမြန်းလိုက်သည်။

"ငါတို့က အထဲကိုရောက်ရင် အစီအရင်တစ်ခုအတွင်း ရောက်သွားလိမ့်မယ်။ အစီအရင်အတွင်းမှာ ရှိနေသူမှန်သမျှကို မသတ်ဖြတ်ဖို့ တာအိုစံအိမ်က အမိန့်ပေးထားတယ်"

ကုဖေးက ခေါင်းယမ်းပြလိုက်သည်။

"ကျုပ်မှာ အကြံတစ်ခုရှိတယ်။ ကောင်းကင်ဘုံငယ်တွေထဲကို ဝင်ကြစို့"

ယဲ့ချန်၏မျက်လုံးများ တောက်ပနေကာ တစ်ချက်ပြုံးလိုက်သည်။

"ဒါပေမယ့် သူတို့လိုက်လာရင် ငါတို့ ပြဿနာတက်သွားနိုင်တယ်"

"သူတို့လိုက်လာရင်တောင် ကျုပ်တို့က အစီအရင်ထဲမှာ အန္တရာယ်ကင်းတယ်မလား"

"သူတို့စောင့်ကြည့်နေရင် ငါတို့ အချိန်ကုန်ငွေကုန်ဖြစ်ပြီး ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး"

လင်းနန်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။ သူတို့က ဝင်ခွင့်ငွေကြေးအတွက် အချိန်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရပြီး ရန်ယွင်မြို့သို့ လက်ဗလာနှင့်ပြန်လာရလျှင် နောက်တစ်ကြိမ်ထပ်မံစုဆောင်းနိုင်ရန် မလွယ်ပေ။ ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ကုဖေးထံ သိုလှောင်အိတ်တစ်လုံး ကမ်းပေးလိုက်သည်။ အခြားလူများက စိတ်ရှုပ်သွားကြသော်လည်း ကုဖေးက သိုလှောင်အိတ်အတွင်း စစ်ဆေးကြည့်လိုက်သောအခါ အကင်းပါးသူပီပီ ယဲ့ချန်၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားခဲ့သည်။

"သွားကြစို့။ ငါတို့ကောင်းကင်ဘုံငယ်ထဲကို ဝင်ကြမယ်"

ကုဖေးက တစ်ချက်ရယ်မောလိုက်ပြီး တံခါးစောင့်ကြီးထံ ဦးဆောင်လမ်းလျှောက်သွားလိုက်ပြီး သိုလှောင်အိတ်နှစ်လုံးကို ကမ်းပေးလိုက်သည်။

"မင်းတို့ ဝင်နိုင်ပြီ"

တံခါးစောင့်က သိုလှောင်အိတ်များကို တစ်ချက်စစ်ဆေး၍ ခေါင်းညိတ်ပြလိုက်သည်။ ကုဖေးက ကျောက်တုံးတံခါးအတွင်း ဦးဆောင်ဝင်ရောက်လိုက်သောအခါ ကုလန်နှင့် လင်းယုက အနည်းငယ်စိတ်ရှုပ်သွားကြသော်လည်း သူ့ကိုယုံကြည်သဖြင့် ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။ ယဲ့ချန်နှင့် ကျန်အဖွဲ့ဝင်များကလည်း တံခါးအတွင်း တစ်ယောက်ပြီးတစ်ယောက် ဝင်သွားခဲ့ကြသည်။

"အစ်ကိုဖန် သူတို့ ဝင်သွားကြပြီ"

"ဒီကောင်တွေက ငါတို့ကို မျက်စိထဲ မထည့်ထားကြဘူးလား။ ကောင်းကင်ဘုံငယ်ထဲကိုတောင် ဝင်ရဲတယ်ပေါ့"

ဖန်ရောင်တောက်၏ နောက်လိုက်ငါးယောက်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့အားလုံးက ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူများဖြစ်ကာ တစ်ယောက်ချင်းစီက ကုဖေးတို့အဖွဲ့ကို တစ်ကြိမ်မကသတ်ဖြတ်ရန် လုံလောက်သည်ထက် ပို၍အစွမ်းထက်နေခဲ့သည်။ သို့သော်လည်း ကုဖေးတို့အဖွဲ့က ကောင်းကင်ဘုံငယ်များအတွင်း အမှန်တကယ်ဝင်ရောက်သွားသဖြင့် သူတို့ကိုရန်စလိုက်သည်နှင့် မခြားပေ။ သူတို့၏မူလအစီအစဥ်က ဖန်ယု၏ငွေကြေးထောက်ပံ့မှုဖြင့် မီးအမျိုးအစား ကောင်းကင်မီးကြယ်သို့ ဝင်ရောက်ရန်ဖြစ်သည်။ တည်နေရာရွှေ့ပြောင်းခက ဆည်းဆာရွှေနှစ်သိန်းဖြစ်ပြီး ထိုနေရာ၌ မီးတောက်ဝိညာဥ်သားရဲများ နေထိုင်ကြသောကြောင့် ပိုက်ဆံများစွာ ရှာဖွေနိုင်ပေလိမ့်မည်။ ထိုနေရာက ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူများ မကြာခဏသွားရောက်တတ်သော ကြယ်ဖြစ်သည်။ သို့သော်လည်း ကုဖေးတို့နှင့်တွေ့သောအခါ မူလအစီအစဥ်ကို ပြောင်းလဲရတော့မည်ဖြစ်သည်။

"ကြည့်ရတာ ငါတို့အစီအစဥ်ကို ပြောင်းလဲရတော့မယ်။ ကုလန်ကိုဖမ်းပြီး သတ်ဖြတ်လိုက်ရင် ခေါင်းဆောင်က သေချာပေါက် ကျေနပ်သွားလိမ့်မယ်။ အချိန်ကျလာရင် ငါတို့ ဆုလာဘ်တွေရနိုင်တယ်"

ဖန်ရောင်တောက်က ကျောက်တုံးတံခါးကို စိုက်ကြည့်၍ လောဘတကြီး အမိန့်ပေးလိုက်သည်။

"တံခါးစောင့်ကြီး အစောကအဖွဲ့ ဝင်သွားတဲ့ ကောင်းကင်ဘုံငယ်ရဲ့အမည်ကို ပြောပြပေးနိုင်မလား"

ဖန်ရောင်တောက်၏ နောက်လိုက်တစ်ယောက်ဖြစ်သော ဟီစုန်က တံခါးစောင့်ကြီးထံဖားယား၍ မေးမြန်းလိုက်သည်။ တံခါးစောင့်က အေးစက်စက်စိုက်ကြည့်လိုက်ပြီး ဓားတစ်လက်ပမာ စူးရှနေသောကြောင့် ဟီစုန်က တစ်ကိုယ်လုံးအေးစက်သွားကာ နောက်ကျောဘက်တွင် ချွေးစို့လာခဲ့၏။ တံခါးစောင့်ကြီးက တာအိုနတ်အဆင့် ကျင့်ကြံသူဖြစ်သည်။

ထိုအချိန်တွင် ဖန်ရောင်တောက်က ဟီစုန်ကို အနောက်မှ ဒေါသတကြီးဖြင့် နားရင်းအုပ်လိုက်သည်။ လက်စားချေမှုနှင့် လိုက်လံသတ်ဖြတ်မှုများကို ကာကွယ်ရန်အတွက် တာအိုအိမ်တော်က စည်းကမ်းတင်းကျပ်ထားသဖြင့် တံခါးစောင့်ကြီးထံမှ မည်သည့်အချက်အလက်မှ နှိုက်ထုတ်ရမည်မဟုတ်ပေ။

"မေးမနေနဲ့။ သူတို့က စျေးအပေါဆုံး စန်းဟိုင်ကြယ်ကိုသွားမှာ သေချာတယ်။ ကုဖေး ပိုက်ဆံလိုက်ချေးနေတုန်းက ကောင်းကင်ဘုံငယ်တစ်ခုထဲကို ဝင်ရောက်နိုင်မယ်လို့ တွေးထားတယ်။ ဒီလိုဆင်းရဲသားတွေအတွက် ဆည်းဆာရွှေတစ်သိန်းက အကန့်အသတ်ဖြစ်လိမ့်မယ်"

ဖန်ရောင်တောက်က အေးစက်စက်ပြောလိုက်သည်။

"ဆရာက ပညာအရှိဆုံးပါပဲ"

ဟီစုန်က ခေါင်းအနောက်ဘက်ကို ပွတ်သပ်၍ မြှောက်ပင့်လိုက်၏။

"အနာဂတ်မှာ ဘာလုပ်လုပ် ဦးနှောက်သုံးစမ်း"

ဖန်ရောင်တောက်က ဟီစုန်ကို နောက်တစ်ချက် နားရင်းအုပ်လိုက်ပြန်သည်။

"ဟုတ်ကဲ့။ ဟုတ်ကဲ့"

ဟီစုန်က မြှောက်ထိုးပင့်ကော်လုပ်နေသော်လည်း ဆက်တိုက်အရိုက်ခံနေရသဖြင့် ဒေါသထွက်နေသည်။ သို့သော် သူက ဖန်ရောင်တောက်ကို မလွန်ဆန်ရဲသောကြောင့် စိတ်ထဲ၌မျိုသိပ်ထားရုံသာ တတ်နိုင်သည်။ ဖန်ရောင်တောက်က တံခါးစောင့်ကြီးထံ ဆည်းဆာရွှေတစ်သိန်းပေးကာ နောက်လိုက်များနှင့်အတူ ကျောက်တံခါးအတွင်း ဝင်ရောက်သွားခဲ့ကြသည်။

စန်းဟိုင်ကြယ်သည် ရေများပြည့်နှက်နေသော ကြယ်တစ်လုံးဖြစ်ကာ ကြယ်အမြုတေကပင် မာကျောသော ရေခဲဖြစ်နေခဲ့သည်။ ၎င်းက ကောင်းကင်မူလကြယ်ထက် လေးငါးဆပို၍ကြီးမားပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သမုဒ္ဒရာကြီးဖြစ်ကြောင်း ပြောနိုင်သည်။ ရေချီများအလွန်ကြွယ်ဝသော ဤကြယ်ပေါ်တွင် ဝိညာဥ်သားရဲများ ရေထဲ၌ ကူးခတ်နေကြသည်။ အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး ဖန်ရောင်တောက်တို့လူစုက စန်းဟိုင်ကြယ်ပေါ်ရှိ အစီအရင်ထံ ရောက်လာခဲ့ကြသည်။ ကာကွယ်ရေးအစီအရင်အတွင်း၌ အားလုံးကို အုပ်ချုပ်ထိန်းကျောင်းရန် တာအိုနတ်အဆင့် ကြီးကြပ်သူတစ်ယောက် ရှိနေသည်။ သူက အစီအရင်ကိုထိန်းချုပ်ရန် တာဝန်ရှိသည့်အပြင် တစ်ချိန်တည်းမှာပင် တိုက်ခိုက်ခြင်းများကို တားမြစ်ရပေလိမ့်မည်။ ဝင်ရောက်လာသမျှ အဖွဲ့တိုင်းက ကြီးကြပ်သူထံ စာရင်းပေးသွင်းရပြီး ပြန်လည်မထွက်ခွာခင်အထိ သုံးရက် အချိန်ရသည်။

ဖန်ရောင်တောက်နှင့် အခြားငါးယောက်က စန်းဟိုင်ကြယ်ပေါ်ရှိ ကာကွယ်ရေးအစီအရင်အတွင်း လှည့်ပတ်ကြည့်ရှုနေကြသည်။ အစီအရင်မှ အဖြူရောင်အလင်းများ တဖြတ်ဖြတ်တောက်ပနေကာ ကျင့်ကြံသူများ ဆက်တိုက်ထွက်ပေါ်လာနေသည်။ ဖန်ရောင်တောက်တို့လူစုကို မြင်သောအခါ အခြားကျင့်ကြံသူများက သတိကြီးကြီးထားလိုက်ကြ၏။ စန်းဟိုင်ကြယ်သို့ လာရောက်လေ့ရှိသူများမှာ ချီပင်လယ်အဆင့်လေးမှ ရှစ်အတွင်းသာ ဖြစ်သောကြောင့် အဆင့်တစ်ဆယ်များက အလွန်လာခဲလှသည်။ ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူခြောက်ယောက် ရုတ်တရက်ပေါ်လာခြင်းက ရန်ငြှိုးတစ်ခုခုဖြေရှင်းရန် ဖြစ်နိုင်သောကြောင့် အခြားလူများက သူတို့ကိုရန်မစမိစေရန် ဂရုစိုက်နေကြသည်။

ကောင်းကင်ဘုံငယ်များအတွင်း ချီပင်လယ်ကို ကန့်သတ်ထားခြင်းမရှိသောကြောင့် ဖန်ရောင်တောက်တို့လူစုသည် ချီပင်လယ်များကို ချက်ချင်းထုတ်ဖော်၍ ကုလန်ကို ရှာဖွေလိုက်ကြသည်။ ကုဖေးတို့အဖွဲ့ ချက်ချင်းထွက်ခွာသွားလျှင်ပင် သူတို့၏အမြန်နှုန်းဖြင့် လျင်မြန်စွာ လိုက်ဖမ်းနိုင်ကြပေလိမ့်မည်။ သို့သော်လည်း ချီပင်လယ်ခြောက်ခုကို အကန့်အသတ်အထိ ဖြန့်ထုတ်လိုက်သည့်တိုင်အောင် ကုဖေးတို့အဖွဲ့၏ သဲလွန်စကိုပင် ရှာမတွေ့နိုင်ခဲ့ပေ။

"ဆရာ သူတို့ ဒီမှာ မရှိဘူးထင်တယ်"

ဟီစုန်က တုံ့တုံ့ဆိုင်းဆိုင်းနှင့် ပြောလိုက်သည်။

"ဖြောင်း အဲ့တာကို မင်းပြောမှ ငါ သိမှာလား ခွေးကောင်ရ"

မျက်နှာတစ်ခုလုံး မည်းနက်နေသော ဖန်ရောင်က ဟီစုန်ကို နောက်တစ်ခေါက် နားရင်းအုပ်လိုက်ပြန်ပြီး ဒေါသများ ပုံချလိုက်သည်။ ကုဖေးတို့အဖွဲ့သည် အခြားကောင်းကင်ဘုံတစ်ခုအတွင်း ဝင်ရောက်သွားသောကြောင့် သူတို့ကို အောင်အောင်မြင်မြင် လှည့်စားသွားနိုင်ခဲ့သည်။ ဟီစုန်သည် သူ၏ခေါင်းကိုပွတ်သပ်ရင်း ဖန်ရောင်တောင်ရိုက်ရသည့် ဆိုလိုရင်းကို နားမလည်ဖြစ်နေခဲ့သည်။ သူက အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သည်။

ဖန်ရောင်တောက်က အံတကြိတ်ကြိတ်နှင့် အဆက်မပြတ် ဆဲဆိုနေသည်။ ကောင်းကင်ဘုံငယ်တစ်ခုသို့ တည်နေရာရွှေ့ပြောင်းပြီး ရောက်လာလျှင် သုံးရက်အတွင်း ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိပေ။ နောက်သုံးရက်အတွင်း သူတို့က စန်းဟိုင်ကြယ်ပေါ်တွင် ပိတ်မိနေမည်ဖြစ်ကာ ကုဖေးတို့အဖွဲ့က အခြားကြယ်တစ်လုံးပေါ်တွင် ဝိညာဥ်သားရဲများကို အမဲလိုက်နေကြပေလိမ့်မည်။ ဤအကြောင်းကိုတွေးလေလေ၊ ဖန်ရောင်တောက်က ဒေါသထွက်လေလေဖြစ်ကာ တုံးတုံးအအ ဟီစုန်ကို ဆက်တိုက်နားရင်းအုပ်ခြင်းဖြင့် ဒေါသများ ပုံချလိုက်လေသည်။

All Chapters