ကာကွယ်ရေးသားရဲ
Vol. 38 Ch. 535
တစ်ရက်အတွင်း ယဲ့ချန်တို့အဖွဲ့သည် သစ်သားတိမ်ကြယ်အနက်ပိုင်းသို့ မိုင်ပေါင်းတစ်သိန်းကျော် ခရီးထွက်ခဲ့ပြီး ဆည်းဆာရွှေတစ်သိန်းကျော်နှင့် ချီပင်လယ်အဆင့် ဝိညာဥ်သားရဲအလောင်းများစွာ ရရှိခဲ့သည်။ နောက်ထပ်နှစ်ရက်ကျန်သောကြောင့် သူတို့က ပထမရက်လောက် ငွေမရှာနိုင်လျှင်ပင် အလွန်အကျိုးအမြတ်ရနေပြီဖြစ်သည်။ လူတိုင်းက အပြင်သို့ပြန်ရောက်လျှင် တစ်ဘဝလုံး ပြောင်းလဲသွားမည်ဖြစ်သောကြောင့် ပျော်ရွှင်စိတ်လှုပ်ရှားနေကြသည်။ သို့သော် ယဲ့ချန်က ဤရလဒ်ကို မကျေနပ်နိုင်ပေ။ သူက ကောင်းကင်ဘုံငယ်အတွင်း အသက်စွန့်၍ဝင်ခဲ့ခြင်းမှာ ဆည်းဆာရွှေသိန်းချီဆိုသော ပမာဏလေးအတွက် မဟုတ်ပေ။ ဤပိုက်ဆံများက သူ၏ရည်မှန်းချက်နှင့် အလွန်ကွာဝေးနေသည်။
"ဆရာ ဒီကြယ်ပေါ်မှာ ပစ္စည်းကောင်းလေးတွေ မရှိဘူးလား"
ယဲ့ချန်က ခြင်္သေ့ကြီးထံ ဆက်သွယ်လိုက်သည်။ သူ၏အာရုံထက် ဆရာဖြစ်သူ၏အာရုံက ပို၍ထက်ရှသည့်အပြင် အကျယ်အဝန်းပမာဏများများလည်း ရှာဖွေနိုင်သည်။ ထို့အပြင် ခြင်္သေ့ကြီးက သာမန်ရတနာများကို မျက်စိထဲထည့်ထားမည်မဟုတ်သောကြောင့် အဖိုးတန်ရတနာများကိုသာ ရှာဖွေပေလိမ့်မည်။
"ငါက သစ်သားချီအဆီအနှစ်သုံးခု တွေ့ထားတယ်။ မင်းက ဘယ်ဘက်ကို ကီလိုမီတာသုံးသောင်းသွားရင် ချီပင်လယ်အဆင့်တစ်ဆယ် ဝိညာဥ်သားရဲအကောင်သုံးဆယ်ကျော် စောင့်ကြပ်နေတဲ့ ရတနာကို တွေ့လိမ့်မယ်။ ဒါပေမယ့် ငါအတွက် ဒီကောင်တွေက ပမွှားလေးပါ"
ခြင်္သေ့ကြီးက ပြန်ဖြေလိုက်သည်။ ချီပင်လယ်အဆင့်များနှင့်ယှဥ်လျှင် သူက အလွန်အစွမ်းထက်သည်။ ပိုင်ရှင်ဖြစ်သော ယဲ့ချန်၏ခွန်အားကြောင့် စွမ်းအား၏ အပုံတစ်ထောင်ပုံတစ်ပုံကိုသာ ထုတ်သုံးနိုင်သော်လည်း ချီပင်လယ်အဆင့်ရှစ်များကို အလွယ်တကူကိုင်တွယ်နိုင်သည်။ ထို့အပြင် သူ၏အရှိန်အဝါကို အနည်းငယ်ထုတ်လွှတ်လိုက်ရုံဖြင့် ချီပင်လယ်အဆင့်တစ်ဆယ် သားရဲများက ကြောက်သေးပါပြီး ထွက်ပြေးသွားကြပေလိမ့်မည်။
"အစ်ကိုကု သစ်သားချီအဆီအနှစ်က တစ်ခုကို ဘယ်စျေးရှိလဲ"
ယဲ့ချန်သည် ရန်ယွင်မြို့တော်၏စျေးကွက်နှင့် အကျွမ်းတဝင်ရှိသော ကုဖေးကို မေးလိုက်ခြင်းဖြစ်သည်။
"အနည်းဆုံး ဆည်းဆာရွှေတစ်သန်းနဲ့ ရောင်းလို့ရတယ်"
ကုဖေးက ခဏတာမင်သက်သွားပြီးနောက် အသေအချာစဥ်းစား၍ ပြန်ဖြေခဲ့သည်။
"အဲ့လောက်လေးပဲလား"
ယဲ့ချန်က အနည်းငယ် စိတ်ပျက်သွားပုံပေါ်သည်။ သူ၏အမူအရာကို မြင်သောအခါ လင်းနန်၊ ရှောင်ယွဲ့စသော လူငယ်များက ရူးသွပ်လုမတတ်ဖြစ်သွားကာ ယဲ့ချန်၏အင်္ကျီလည်ပင်းကို ဆွဲကိုင်ကာ အောက်ပါအတိုင်း အော်ပြောလိုစိတ်ကို မနည်းထိန်းသိမ်းထားကြရသည်။
"အဲ့တာက ဆည်းဆာရွှေတစ်သန်းကွ။ ဒါက ဘာကိုဆိုလိုတာလဲဆိုတာကို မင်း သိရောသိလား။ ဒါကို နည်းတယ်များ ထင်နေတာလား"
"ကျုပ်နဲ့အတူ လိုက်ခဲ့ပါ"
ယဲ့ချန်က ဘယ်ဘက်သို့ ဦးဆောင်ပျံသန်းသွားလိုက်သည်။ ဤပမာဏက သူ၏ပန်းတိုင်နှင့်ယှဥ်လျှင် မပြောပလောက်သော်လည်း အခြားလူများအတွက်မူ အလွန်ကွာခြားနေခဲ့သည်။ ကုဖေးတို့လူစုက အကြည့်ချင်းဖလှယ်၍ နောက်မှလိုက်ပါလာခဲ့ကြသည်။ သူတို့က ယဲ့ချန်မည်သို့ရှာတွေ့ထားကြောင်း မသိရသော်လည်း ရတနာက ဆည်းဆာရွှေတစ်သန်းတန်ကြေးရှိနေသဖြင့် စိတ်လှုပ်ရှားကုန်သည်။ ကျင့်ကြံသူကိုးယောက်က လမ်းတလျှောက် တွေ့သမျှဝိညာဥ်သားရဲများကို သတ်ဖြတ်၍ ခရီးဆက်ခဲ့ကြသည်။ ပတ်ဝန်းကျင်တွင် ကျက်စားနေသည့် သားရဲအများစုမှာ အဆင့်ခုနစ်များဖြစ်ကြပြီး အဆင့်ရှစ်နှင့်ကိုးများက ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ ထိုအချိန်တွင် တစ်ဖွဲ့လုံးပူးပေါင်း၍ ထိုသားရဲကြီးများကို အစွမ်းကုန်တိုက်ခိုက် သတ်ဖြတ်ခဲ့ရသည်။ အကယ်၍ ရှေ့ဆက်သွားလျှင် သူတို့က သစ်သားတိမ်ကြယ်၏ ကန့်သတ်နယ်မြေအတွင်း ရောက်ရှိသွားတော့မည်ဖြစ်သည်။
ထိုနယ်မြေက ချီပင်လယ်အဆင့်တစ်ဆယ်အောက် ကျင့်ကြံသူများ ဝင်ရောက်နိုင်စွမ်းမရှိသော နေရာဖြစ်သည်။ သာမန်မုဆိုးအဖွဲ့တစ်ခု မဆိုထားနှင့်၊ အဆင့်တစ်ဆယ်ကျင့်ကြံသူများပင် များပြားလှသော အစွမ်းထက်ဝိညာဥ်သားရဲအရေအတွက်ကြောင့် တစ်လှမ်းပင် မကျော်ဝံ့ကြပေ။ ချီပင်လယ်အဆင့်တစ်ဆယ် သားရဲကြီးများက အမှန်တကယ် အစွမ်းထက်သောကြောင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
"ညီလေးယဲ့ ငါတို့ရှေ့ဆက်သွားလို့ မဖြစ်တော့ဘူး။ ရှေ့တည့်တည့်မှာ အဆင့်တစ်ဆယ်သားရဲတွေ ရှိနေပြီ။ ငါတို့ရှေ့ဆက်သွားရင် သူတို့ သိသွားလိမ့်မယ်"
ကုဖေးက ယဲ့ချန်ကို တားမြစ်လိုက်ခြင်းဖြစ်သည်။ သစ်သားချီအဆီအနှစ်က ဆွဲဆောင်အားပြင်းသော်လည်း သူက လောဘစိတ်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အသက်က ပိုအရေးကြီးကြောင်း သဘောပေါက်နေခဲ့သည်။
"ကျုပ်တစ်ယောက်တည်း သွားလိုက်မယ်။ မင်းတို့အားလုံးက ဒီမှာ စောင့်နေကြ"
ယဲ့ချန်က တစ်ချက်တွေးဆ၍ အကြံပြုလိုက်သည်။
"မဖြစ်ဘူး။ ငါတို့က ညီလေးယဲ့ကို မစွန့်စားခိုင်းရဲဘူး"
ကုဖေးက လျင်မြန်စွာ ခေါင်းယမ်းပြလိုက်သည်။ ချီပင်လယ်အဆင့်တစ်ဆယ် သားရဲများ ကျက်စားသောနယ်မြေအတွင်း ယဲ့ချန်က တစ်ကိုယ်တော်ဝင်ရောက်သွားလျှင် ပြန်ထွက်လာနိုင်စရာ အကြောင်းမရှိပေ။
"ကျုပ် ကိုယ့်အသက်ကို ကာကွယ်နိုင်ပါတယ်။ မစိုးရိမ်ပါနဲ့"
ယဲ့ချန်က တစ်ချက်ပြုံး၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ညီလေးယဲ့က ချီပင်လယ်အဆင့်တစ်ဆယ်ရဲ့ ခွန်အားကို မသိဘူးထင်တယ်။ မင်းစွန့်စားလို့ မဖြစ်ပါဘူးကွာ"
အုပ်စု၏ခေါင်းဆောင်ဖြစ်သောကြောင့် ကုဖေးသည် ယဲ့ချန်၏လုံခြုံရေးအတွက် ဆက်တိုက်ငြင်းပယ်နေခဲ့သည်။
"ဟုတ်တယ် ညီလေးယဲ့။ ပိုက်ဆံက ကောင်းတယ်ဆိုပေမယ့် ငါတို့က ဖြေးဖြေးရှာလည်း ရပါတယ်"
"ငါတို့ခွန်အားနဲ့ဆိုရင် ချီပင်လယ်အဆင့်တစ်ဆယ် ဝိညာဥ်သားရဲကို မယှဥ်နိုင်ဘူး။ ရှေ့ဆက်မသွားသင်တော့ဘူး"
လူတိုင်းက စိုးရိမ်တကြီးဖြင့် ယဲ့ချန်ကို တားမြစ်နေကြပြီး သူဘာပြောပြော အသုံးမဝင်ခဲ့ပေ။
"ဆရာ သူတို့က ယုံကြည်ရလောက်လား"
အဖွဲ့ဝင်များ၏ ရိုးသားလှသော စိုးရိမ်ပေးမှုကြောင့် ယဲ့ချန်က နွေးထွေးမှုကို ခံစားလိုက်ရပြီး ခြင်္သေ့ကြီးထံ အကြံတောင်းလိုက်သည်။ ကုလန်နှင့် ကုဖေးက ပွင့်လင်းဖြောင့်မတ်သောကြောင့် လူကောင်းများဖြစ်ကြောင်း ပြောနိုင်သည်။ လင်းနန်သည်လည်း ထို့အတူပင်ဖြစ်သည်။ ရှောင်ယွဲ့၊ ဟောက်လင်းနှင့် ကျန်အဖွဲ့ဝင်များက စကားနည်းသောကြောင့် သူက ယုံကြည်ရန် ထိုက်တန်ခြင်းရှိမရှိ ကိုယ်တိုင်မခွဲခြားနိုင်ပေ။
"ဒီကလေးတွေက မဆိုးဘူး။ ကုဖေးနဲ့ ကုလန်က လူကဲခတ်တော်တာပဲ။ ဒီအဖွဲ့ဝင်တွေက အတော်လေးစိတ်ချရတယ်"
ခြင်္သေ့ကြီးက သူ၏ဝိညာဥ်အသိစိတ်ဖြင့် တစ်ယောက်ချင်းစီကို အသေအချာအကဲခတ်လိုက်သည်။ အဖွဲ့ဝင်အားလုံးက ကုညီအစ်ကိုနှင့် လောကဓံကို အတူတကွရင်ဆိုင်ခဲ့ဖူးသောကြောင့် ယုံကြည်ရန် ထိုက်တန်သည်။
"ဒီလိုဆိုမှတော့ ကျုပ် ဖုံးကွယ်မထားတော့ပါဘူး။ ဒါပေမယ့် အားလုံးက ဒါကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းထားပေးဖို့ တောင်းဆိုပါရစေ"
ယဲ့ချန်က လေးနက်သော မျက်နှာထားနှင့် တောင်းဆိုလိုက်သည်။
"ငါတို့အားလုံးက ညီအစ်ကိုတွေဖြစ်တယ်။ ညီလေးယဲ့ ဘာမှမစိုးရိမ်ပါနဲ့"
ကုလန်က ယဲ့ချန်၏စကားကြောင့် စိတ်ရှုပ်သွားသော်လည်း ပထမဆုံး ကတိပေးလိုက်သည်။ ကျန်အဖွဲ့ဝင်များကလည်း လျှို့ဝှက်ထားပေးရန် ကိုယ်စီကတိပေးခဲ့ကြသည်။ ယဲ့ချန်သည် အနာဂတ်တွင် လုပ်စရာကိစ္စများစွာရှိသောကြောင့် ခြင်္သေ့ကြီးက ဤလောကတွင် အနှေးနှင့်အမြန် ထွက်ပေါ်လာမည်ဖြစ်သည်။ သူက ၎င်းကို ထာဝရဖုံးကွယ်မထားနိုင်သောကြောင့် ကောင်းကင်မူလတိုက်ကြီး၌ ကာကွယ်ရေးသားရဲကို ပထမဆုံးအကြိမ် ဆင့်ခေါ်လိုက်သည်။
"ဆရာ ထွက်ခဲ့ပါ"
ယဲ့ချန်က တစ်ချက်ဟိန်းဟောက်လိုက်သောအခါ ကျောပြင်မှ ခရမ်းရောင်တောက်ပလာ၍ မီးများစွဲလောင်နေသော ဧရာမခြင်္သေ့ကြီးက လူတိုင်းရှေ့သို့ ခုန်ထွက်လာခဲ့သည်။ စစ်ဧကရာဇ်တစ်ယောက်၏ ပြိုင်ဘက်ကင်းသောအရှိန်အဝါ ထွက်ပေါ်လာသောကြောင့် ပတ်ဝန်းကျင်တစ်ခွင် တိတ်ဆိတ်နေခဲ့သည်။
"ဘုရားရေ မင်းမှာ ကာကွယ်ရေးသားရဲတစ်ကောင် ရှိနေတာလား"
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီး နောက်ဆုံးတွင် လူတိုင်းက အံ့သြတကြီး တုံ့ပြန်လာကြသည်။ ခြင်္သေ့ကြီးကို သူတို့က မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး အစွမ်းထက်အရှိန်အဝါအောက်တွင် အညံ့ခံချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
"တကယ့်ကို ကာကွယ်ရေးသားရဲကြီးပါလား"
ပို၍အသိအမြင်များသော ကုဖေးက အလွန်ထိတ်လန့်နေပြီး နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ လှိုင်းထန်နေသည်။ ကာကွယ်ရေးသားရဲများသည် အလွန်ကြွယ်ဝခြင်းနှင့် အစွမ်းထက်ခြင်း၏ ပြယုဂ်ဖြစ်ကာ ရန်ယွင်မြို့တော်၏ အထက်တန်းစားများပင် ပိုင်ဆိုင်ခွင့်မရှိပေ။ ယဲ့ချန်၏သားရဲကို အမျိုးအမည်မသိရသော်လည်း ကာကွယ်ရေးသားရဲတိုင်းက မြင့်မြတ်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်အပြင် ကျင့်ကြံဆင့် မြင့်မားတတ်ကြသည်။ လူသားမျိုးနွယ်၏ ထိပ်တန်းအင်အားစုကြီးများသာ သူတို့၏ တိုက်ရိုက်မျိုးဆက်အနည်းငယ်အတွက် ကာကွယ်ရေးသားရဲ ရှာဖွေပေးနိုင်စွမ်း ရှိသည်။ ထို့အပြင် နတ်သားရဲမျိုးနွယ်များ၏ ခွင့်ပြုချက်လည်း လိုအပ်သောကြောင့် ၎င်းတို့က လူသားမျိုးနွယ်နှင့် နတ်သားရဲမျိုးနွယ်များကြားမှ မဟာမိတ်သက်သေဖြစ်သည်။
နတ်တိုင်းပြည်အသီးသီး၏ မှောင်ခိုစျေးကွက်အတွင်း ရောင်းချခံရသော နတ်သားရဲများရှိသော်လည်း ၎င်းတို့က အလွန်ငယ်ရွယ်သည့်အပြင် မျိုးဆက်သွေးလည်း မသန့်စင်ပေ။ သို့သော်လည်း စျေးနှုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားပြီး ဆည်းဆာရွှေသန်းရာချီဖြင့်ပင် ဝယ်ယူ၍ မရချေ။ ရန်ယွင်မြို့တော်တွင် ဤပမာဏက တစ်မြို့လုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေနိုင်သော်လည်း နတ်တိုင်းပြည်များရှိ ချမ်းသာသော မျိုးနွယ်ကြီးများအတွက် မပြောပလောက်ပေ။
ယဲ့ချန်၏ ကာကွယ်ရေးသားရဲက အရွယ်ရောက်ပြီးဖြစ်သည်။ အများအားဖြင့် အရွယ်ရောက်ပြီး နတ်သားရဲများက တာအိုနတ်အဆင့်များ ဖြစ်ကြသည်။ ၎င်းတို့ကို ပိုင်ရှင်၏ခွန်အားအရ ကန့်သတ်ထားနိုင်သော်လည်း ထုတ်ဖော်နိုင်သည့် ရွှမ်အဆင့်ခွန်အားကပင် အံ့လောက်စရာဖြစ်သည်။ ကုဖေးသည် ယဲ့ချန်ပိုင်ဆိုင်ထားသော နတ်သားရဲ၏ခွန်အားကို ခန့်မှန်းချင်သော်လည်း ၎င်းထုတ်လွှတ်နေသည့် စွမ်းအားက ကြောက်ခမန်းလိလိပင် များပြားနေသည်။ သူတို့၏အမြင်တွင် ရွှမ်အဆင့်ကျင့်ကြံသူတစ်ယောက်ကပင် အလွန်အစွမ်းထက်နေပြီးဖြစ်သည်။ ထို့ကြောင့် ခြင်္သေ့ကြီးကသာ စစ်ဧကရာဇ်အဆင့်သုံးဖြစ်ကြောင်း သိသွားလျှင် အံ့သြလွန်းသဖြင့် မျက်လုံးများ ကျွတ်ထွက်လာအောင် ပြူးကျယ်လာနိုင်သည်။
"ညီလေးယဲ့ မင်းမှာ ကာကွယ်ရေးသားရဲရှိပေမယ့် မင်းရဲ့ကျင့်ကြံဆင့်က ချီပင်လယ်အဆင့်သုံး ဖြစ်နေတယ်။ ငါကြောက်တာက မင်းရဲ့သားရဲဟာ ချီပင်လယ်အဆင့်ငါး ခွန်အားကိုသာ ထုတ်ဖော်နိုင်မှာပဲ။ ဒါဆိုရင် ဝိညာဥ်သားရဲတွေကို ယှဥ်နိုင်မှာမဟုတ်ဘူး"
မင်သက်နေရာမှ ဦးဆုံးသတိပြန်ဝင်လာသော ကုဖေးက စိုးရိမ်စွာ ပြောလိုက်ခြင်းဖြစ်သည်။ သူက ဗဟုသုတများသောကြောင့် ကာကွယ်ရေးသားရဲ၏ခွန်အားသည် ပိုင်ရှင်၏ခွန်အားအရ ကန့်သတ်ခံထားရကြောင်း သိနေခဲ့သည်။
"အဆင်ပြေပါတယ်။ ယုံယုံကြည်ကြည်နဲ့ လိုက်သာလိုက်ခဲ့ပါ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ဦးဆောင်လိုက်သည်။ ခြင်္သေ့ကြီးက သူ၏ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်သော်လည်း စစ်ဧကရာဇ်အဆင့်၏ အရှိန်အဝါက အစွမ်းထက်နေဆဲပင်ဖြစ်သည်။ ခဏတာတုံ့ဆိုင်းပြီးနောက် ကုဖေးသည် ယဲ့ချန်ကိုယုံကြည်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ယဲ့ချန်က မပိုင်လျှင် အသက်ကိုရင်း၍ ကြံမည်မဟုတ်သည့် လူစားမျိုးဖြစ်ကြောင်း သူက နားလည်ထားသည်။ ယဲ့ချန်ထံတွင် အစီအစဥ်တစ်ခု ရှိပေလိမ့်မည်။
ခြောက်မီတာမြင့်သော ခြင်္သေ့ကြီးက မြေပြင်ပေါ်သို့ ဘုန်းခနဲ ဆင်းသက်လိုက်သည်။ မီတာတစ်ဆယ်ကျော် အချင်းဝက်အတွင်းရှိသော သစ်ပင်များက သူ၏ကိုယ်ကြီးအောက်တွင် ပိပြားကုန်သည်။ သူက မြေပြင်ကို လက်ဝါးဖြင့်ပုတ်လိုက်သောအခါ ပတ်ဝန်းကျင်၌ ခရမ်းရောင်မီးများ စွဲလောင်သွားကာ မြေပြင်က မည်းနက်လာခဲ့သည်။
"နှစ်ပေါင်းများစွာကြာပြီ။ နောက်ဆုံးတော့ ငါက မြေပြင်ပေါ်ကို နောက်တစ်ကြိမ် ခြေချခွင့်ရခဲ့ပြီ"
ခြင်္သေ့ကြီးက ခေါင်းမော့၍ ကျေနပ်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ကိုယ်တွင်းမှ အရိုးများက ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာပြီးနောက် ကုဖေးတို့လူစုထံ လှည့်ကြည့်လာခဲ့သည်။
"ဟေ့ ကောင်စုတ်ကလေးတွေ အခုကစပြီး ငါ့နောက်ကိုလိုက်ရင် တစ်ဘဝလုံး ကောင်းကောင်းမွန်မွန် နေရစေမယ်။ ငါဆရာခြင်္သေ့က နောက်လိုက် လက်ခံတတ်တဲ့သူမျိုး မဟုတ်ဘူး။ ဒီနေ့ မင်းတို့အားလုံး ကံကောင်းတယ်"
လူတိုင်းကအ ချင်းချင်းပြန်ကြည့်လိုက်ပြီး ဆွံ့အသွားကြသည်။ တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ ထိတ်လန့်နေကြပြီး ခရမ်းရောင်မီးတောက်များထံမှ ရင်းနှီးသည့် အရှိန်အဝါကို ခံစားနေရသည်။
"ဒါကြီးက ဒဏ္ဍာရီလာ ခရမ်းမီးတောက်ကြယ်ခြင်္သေ့များလား"
အဖွဲ့ဝင်တိုင်း၏စိတ်ထဲတွင် ဤအကြောင်းကို ရုတ်တရက် ပြိုင်တူတွေးမိလိုက်သည်။ ကောင်းကင်မူလကြယ်ပေါ်ရှိ နတ်သားရဲမျိုးနွယ်များကြားတွင် ဤမျိုးနွယ်က ထိပ်တန်းဖြစ်သည်။ သို့သော် သူတို့က အရေအတွက်အလွန်နည်းပါးပြီး အသက်ရှင်သူများစွာ မကျန်တော့ပေ။ ယဲ့ချန်သည် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို ကာကွယ်ရေးသားရဲအဖြစ် ရထားသောကြောင့် အလွန်အံ့သြစရာကောင်းသည်။ လူတိုင်းက သူ့ကို ပို၍အံ့သြသော မျက်နှာထားများဖြင့် စိုက်ကြည့်လာကြလေသည်။