← Chapters

အခန်း (၄၃၆)

Vol. 32 Ch. 436

အခန်း (၄၃၆)

Vol. 32 Ch. 436

မြစ်ကမ်းပါးတွင် လူနှစ်ယောက်ထိုင်နေသည်။

ရေစီးသံကို ကြားနိုင်သည်။

အစိမ်းရောင်ဝတ်စုံနှင့်ဟန်မူယဲ့က ငါးမျှားတံကိုကိုင်ထားပြီး ရေထဲတွင်ရှိသောဖော့တုံးကိုကြည့်၍ လွန်ခဲ့သောသုံးနှစ်၏အတွေ့အကြုံများကို တီးတိုးပြောပြနေသည်။

မိစ္ဆာတစ်သောင်းနယ်မြေ၏ စစ်ပွဲမှတစ်ဆင့် ကောင်းကင်တာအိုမွေးဖွားလာခြင်းနှင့် အာကာသထဲတွင် ခရီးသွားခြင်းတို့ ဖြစ်သည်။

ဟန်မူယဲ့က အများအပြား ဖုံးကွယ်မထားပေ။

မူဝမ်က ဘေးတွင်ထိုင်ပြီး တိတ်ဆိတ်စွာနားထောင်နေသည်။ သူမ၏မျက်နှာထားက ဆက်တိုက်ပြောင်းလဲနေသည်။ သူမက ပြင်းထန်သောတိုက်ပွဲကြောင့် စိုးရိမ်ပြီး ကမ္ဘာအသစ်ကြောင့် ပျော်ရွှင်နေသည်။

ဟန်မူယဲ့က အာကာသထဲတွင် သွားလာခဲ့ပြီး ထူးဆန်းသောသားရဲများ တိုက်ခိုက်လာကြောင်း ပြောပြလိုက်သောအခါတွင် မူဝမ်က မသိစိတ်အလျောက် လက်သီးဆုပ်မိသည်။

အာကာသသည် အကန့်အသတ်မရှိပေ။ နတ်ဘုရားသားရဲပါ့ရှား၏ခန္ဓာကိုယ်ကို သန့်စင်ထားခဲ့သောဟန်မူယဲ့သည် အားကောင်းသော သားရဲအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။

တချို့သားရဲများသည် ပါ့ရှားကဲ့သို့ အရွယ်အစားကြီးမားသည်။ သူတို့က ကုန်းမြေတစ်ခုသဖွယ် ပြေးဝင်လာကြသည်။

တချို့က ခြင်တစ်ကောင်ကဲ့သို့ သေးငယ်သော်လည်း အာကာသထဲတွင် လေပြင်းများကို ထုတ်ဖော်နိုင်သည်။

စိတ်ကို အနှောင့်အယှက်ပေးပြီး ဝိညာဉ်တိုက်ခိုက်မှုတွင်ကျွမ်းကျင်သော သားရဲများလည်း ရှိနေသည်။ သူတို့က ပါ့ရှား၏ခန္ဓာကိုယ်ကို လုယူရန်အတွက် တိတ်ဆိတ်စွာ ရောက်လာကြသည်။

လှုပ်ရှားနေသောစကြဝဠာသည် အထီးကျန်ပြီး အန္တရာယ်များသည်။ မူဝမ်က မျက်ရည်ဝဲနေသောမျက်လုံးများနှင့်အတူ ဘေးတွင်ထိုင်နေသည်။

ထိုအရာသည် ကျင့်ကြံခြင်းဖြစ်သည်။

ဟန်မူယဲ့၏စကားများကို ကြားလိုက်ရသောအခါတွင် သူမက ဆန္ဒတစ်ခုကို ခံစားမိသည်။

‘တစ်နေ့မှာ ငါက ဒီကမ္ဘာကနေထွက်သွားပြီး ခမ်းနားတဲ့စကြဝဠာကိုမြင်နိုင်ရင် ဘယ်လောက်ကောင်းမလဲ။ ပြီးတော့ ဘုံးကိုးပါးရဲ့ အင်မော်တယ်ရင်းမြစ်ကမ္ဘာနဲ့ အကန့်အသတ်မရှိကျယ်ပြောတဲ့ ပျက်စီးခြင်းစကြဝဠာကိုလည်း မြင်နိုင်လိမ့်မယ်’

“အဲဒီတော့ အစ်ကိုဟန်က နတ်ဘုရားသားရဲပါ့ရှားရဲ့ခန္ဓာကိုယ်ကို အပြည့်အဝမသန့်စင်ရသေးဘဲ တံခါးပိတ်ကျင့်ကြံဖို့ လိုသေးတာလား”

မူဝမ်က ဟန်မူယဲ့ကိုလှည့်ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“အဲဒါဆိုရင် ဓားစံအိမ်ကိုပြန်ပြီး မြန်မြန်ကျင့်ကြံသင့်တယ်”

ဟန်မူယဲ့ကို ပြန်မြင်နိုင်သောကြောင့် သူမက အလွန်ပျော်ရွှင်နေသည်။

သို့သော် ဟန်မူယဲ့၏ကျင့်ကြံခြင်းသည် မတည်ငြိမ်သေးပေ။ နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အချိန်လိုအပ်သည်။ သူမက သူ့ကို နှောင့်ယှက်မည်မဟုတ်ပေ။

သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ခပ်ဟဟရယ်သည်။

“တံခါးပိတ်ကျင့်ကြံဖို့ မလိုသေးပါဘူး။ အခု ငါ့ရဲ့ ရုပ်ခန္ဓာစွမ်းအားနဲ့ ကျင့်ကြံခြင်းက စိတ်အခြေအနေနဲ့ မကိုက်ညီဘူးဖြစ်နေတယ်။ ဟန်ချက်ညီအောင်ထိန်းချုပ်ဖို့ လိုအပ်နေသေးတယ်”

နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို သန့်စင်လိုက်သောအခါတွင် သူ့ရုပ်ခန္ဓာစွမ်းအားသည် အဆုံးစွန်အထိ တိုးတက်လာခဲ့သည်။

ဟန်မူယဲ့က ထိုစွမ်းအားနှင့် အသားမကျသေးဘဲ ဖြည်းဖြည်းချင်းထိန်းချုပ်ရန် အချိန်လိုသည်။

နတ်ဘုရားသားရဲကို သန့်စင်နေသောအချိန်တွင် ပါ့ရှား၏သွေးမျိုးဆက်စွမ်းအားသည် ဝိညာဉ်နှင့်စိတ်အခြေအနေအပေါ်တွင် သက်ရောက်မှုများရှိခဲ့သည်။ ထို့ကြောင့် ဟန်မူယဲ့က သေချာဂရုစိုက်ရမည်။

အတော်လေးငြိမ်းချမ်းပုံရသော ပါ့ရှားတွင် ကြမ်းတမ်းမှုများနှင့်ပြည့်နေသော သွေးမျိုးဆက်စွမ်းအားရှိသည်။

အာကာသထဲရှိတိုက်ပွဲများတွင် ဟန်မူယဲ့က အများအပြား သွေးစွန်းခဲ့သည်။

ယခုအချိန်တွင် သူ့နှလုံးသားထဲ၌ အဆုံးမရှိသောချော်ရည်များ ရှိနေပုံရသည်။ သူက ထိုချော်ရည်များကို မဖိနှိပ်နိုင်လျှင် သူ့ကို ပြာကျသွားသည်အထိ လောင်ကျွမ်းသွားလိမ့်မည်။

“အဲဒါဆိုရင် အခု အစ်ကိုဟန်က ဘာလုပ်မှာလဲ”

မူဝမ်က ညင်သာစွာမေးသည်။

သူမက ဟန်မူယဲ့၏ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ အကူအညီမပေးနိုင်ကြောင်း ခံစားရသည်။

“အခု ငါက နတ်ဘုရားသားရဲကို သန့်စင်တဲ့နေရာမှာ အာရုံစိုက်ထားမယ်။ ခဏလောက်တော့ စွမ်းအားတွေထုတ်သုံးနိုင်မှာမဟုတ်ဘူး။ အာခီမီကို အာရုံစိုက်ထားပြီး အာခီမီသခင်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလိုက်မယ်”

ဟန်မူယဲ့က မူဝမ်ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ငါတို့က အလယ်ပိုင်းကုန်းမြေကို အတူတူသွားလို့ရတယ်။ လမ်းတစ်လျှောက်မှာ ဆေးပင်တွေခူးဆွတ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့တာအိုကို နားလည်နိုင်ဖို့ ဆေးဖော်နိုင်တယ်”

အလယ်ပိုင်းကုန်းမြေသို့ အတူတူသွားမည်။

မူဝမ်၏မျက်လုံးများက တောက်ပလာပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။ သူမက နှုတ်ခမ်းကိုက်ထားပြီး တီးတိုးပြောသည်။

“ဒါက အစ်ကိုဟန်ရဲ့ကျင့်ကြံခြင်းအတွက် အကူအညီဖြစ်ရဲ့လား”

သူက ခေါင်းညိတ်သည်။

မူဝမ်က ပြုံးသည်။

“ကောင်းပြီ။ အစ်ကိုဟန်နဲ့အတူတူ အလယ်ပိုင်းကုန်းမြေကို သွားပါ့မယ်”

သူမက သဘောတူလိုက်သောအခါတွင် ဟန်မူယဲ့က ပြုံးသည်။

ထိုအချိန်၌ မြစ်ရေပေါ်တွင်ရှိသော ဖော့တုံးက အနည်းငယ်မြှုပ်ဝင်သွားသည်။

ဟန်မူယဲ့က ငါးမျှားတံကို မြှောက်သည်။

“ဘန်း”

ငါးမျှားတံ၏လက်ကိုင်သည် အမှုန့်ဖြစ်သွားခဲ့သည်။

ဟန်မူယဲ့က လက်ဝါးထဲတွင်ရှိသော အမှုန့်များနှင့် မြစ်ရေပေါ်တွင် မျောပါသွားသော ငါးမျှားတံကိုကြည့်လိုက်ပြီး အားနည်းသောအပြုံးတစ်ခုနှင့်အတူ ခေါင်းခါသည်။

မူဝမ်က ပါးစပ်အုပ်လိုက်ပြီး တခစ်ခစ်ရယ်သည်။

....

အံ့ဖွယ်နေမင်းသက်တော်စောင့်များ၏ စခန်းအပြင်ဘက်တွင် ချင်းရီမင်က ဟန်မူယဲ့နှင့် မူဝမ်ကို လိုက်ပို့ခဲ့သည်။

ဟန်မူယဲ့၏စကားအရ သူတို့က တောင်ပိုင်းကုန်းမြေကိုဖြတ်သန်းပြီး အလယ်ပိုင်းကုန်းမြေသို့ ဝင်ရောက်မည်ဖြစ်သည်။

မူဝမ်၏ကျင့်ကြံခြင်းသည် အခြေခံအုတ်မြစ်အဆင့်သို့ ရောက်နေသော်လည်း သူမ၏ကိုယ်ပေါ်တွင် လူသတ်ငွေ့များမရှိပေ။ သူမက သိုင်းပညာများကို တတ်ကျွမ်းပုံမပေါ်ပေ။

ဟန်မူယဲ့ကလည်း သာမန်လူသားတစ်ယောက်နှင့် တူနေသည်။

ချင်းရီမင်က ဟန်မူယဲ့နှင့် မူဝမ်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ညီအစ်ကိုဟန်၊ မင်းတို့ကိုလိုက်ပို့ဖို့ တကယ်ပဲလူထည့်မပေးရဘူးလား”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။

ချင်းရီမင်က လက်လျော့ရုံသာ တတ်နိုင်ခဲ့သည်။ သူက ညင်သာစွာသက်ပြင်းချပြီး ပြောသည်။

“ညီအစ်ကိုဟန်နဲ့ တိုက်ပွဲကောင်းတစ်ခုကြုံရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ”

“မင်းတိုက်ခိုက်ချင်ရင် အဆင်ပြေပါတယ်။ အခု တိုက်လို့ရတယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ချင်းရီမင်၏မျက်နှာထားက အေးခဲသွားသည်။ သိပ်မဝေးသောနေရာတွင်ရှိသည့် စစ်သူကြီးအချို့က မျက်နှာလွှဲလိုက်သည်။

ဟန်မူယဲ့က ပြင်ပဘုံမှ ပြန်လာသောအခါတွင် ချင်းရီမင်က သူ့ကို ပျော်ရွှင်စွာကြိုဆိုခဲ့သည်။ သူတို့က အနည်းငယ်သောက်ပြီး လက်ရည်စမ်းခဲ့သည်။

လက်ရည်စမ်းရုံသာဖြစ်သည်။

သူတို့က စိတ်ကျေနပ်သည်အထိသောက်ပြီး သေရည်ခွက်များ တိုက်လိုက်သောအချိန်တွင်ဖြစ်သည်။

ချင်းရီမင်က လွင့်ထွက်သွားခဲ့သည်။

ဟန်မူယဲ့၏ပြောစကားအရ ယခုအချိန်တွင် သူ့ခွန်အားကိုထိန်းချုပ်ရန် ခက်ခဲနေသည်။

ချင်းရီမင်က သူ့ကို ယုံသည်။

သူက ဟန်မူယဲ့နှင့် တိုက်ခိုက်ခဲ့လျှင် လက်သီးတစ်ချက်နှင့် သေသွားနိုင်သည်။

သို့မဟုတ် လက်သီးနှစ်ချက် ဖြစ်လိမ့်မည်။

ဟန်မူယဲ့နှင့်မူဝမ်တို့ ထွက်သွားသောအခါတွင် ချင်းရီမင်၏မျက်နှာထားက ဖြည်းဖြည်းချင်း လေးနက်လာသည်။

“ဟန်မူယဲ့ကို ရန်မစဖို့အတွက် အမတ်ချုပ်ကြီးဝမ်က ငါတို့ကို ကိုယ်တိုင်သတိပေးထားတယ်။ သူက လျှို့ဝှက်နယ်မြေထဲမှာ မယုံကြည်နိုင်လောက်တဲ့အကျိုးကျေးဇူးတွေကို ရခဲ့တာလား”

“လျှို့ဝှက်နယ်မြေထဲကနေ ငါတို့ထွက်လာတဲ့အချိန်မှာ ဘာဖြစ်သွားခဲ့တာလဲ”

ချင်းရီမင်၏မျက်လုံးများ တောက်ပလာသည်။

“သူ့ရုပ်ခန္ဓာခွန်အားက အရမ်းသန်မာပြီး ဝိညာဉ်စွမ်းအားနဲ့တောင် မထိန်းချုပ်နိုင်တော့ဘူး။ တကယ့်ကို စိတ်ကူးမယဉ်နိုင်လောက်တဲ့ အကျိုးအမြတ်ပဲ ....”

သူကလည်း ရုပ်ခန္ဓာခွန်အားကြောင့် ကျော်ကြားသည်။ သို့သော် ဟန်မူယဲ့၏ သတိလွတ်သွားသောထိတွေ့မှုကို မခုခံနိုင်ခဲ့ပေ။ ဟန်မူယဲ့၏ ရုပ်ခန္ဓာစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။

“ဟီးဟီး၊ ပျော်စရာကောင်းတော့မှာပဲ”

ချင်းရီမင်က ပြုံးလိုက်ပြီး ပျော်ရွှင်စွာပြောသည်။

“ယောင်္ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက်က အတူတူခရီးသွားနေတယ်။ သူက ကိုယ်ပိုင်ခွန်အားကို မထိန်းချုပ်နိုင်ဘူး။ သူက အဲ့ဒီကောင်မလေးကို ထိရဲမှာတောင်မဟုတ်ဘူး”

ကျားရင်းမြစ်မြက်ပင်သည် ကျားစိမ်းကလန်တွင် ပေါများစွာပေါက်ရောက်နေသည်။ မြက်ပင်သည် သက်တမ်းရင့်ပြီး ဆေးစွမ်းအားကြွယ်ဝသည်။ သတ္တမအဆင့်ဆေးလုံးများအတွက် ဖြည့်စွက်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။

ရှောက်ယွမ်ကမ်းပါးသို့ ကုန်သည်အုပ်စုများလာရောက်ခဲ့သော အဓိကအကြောင်းအရင်းသည် ကျားရင်းမြစ်မြက်ပင်ကို ဝယ်ယူရန်ဖြစ်သည်။

တောင်ပိုင်းကုန်းမြေတွင် ထိုမြက်ပင်ဆယ်ပင်ကို ဝိညာဉ်ကျောက်တုံးတစ်တုံးဖြင့် လဲလှယ်နိုင်သည်။ အလယ်ပိုင်းကုန်းမြေတွင် ထိုမြက်ပင်တစ်ပင်ကို ဝိညာဉ်ကျောက်တုံးတစ်တုံးကျော်ဖြင့် ရောင်းချနိုင်သည်။

ရှောင်မိသားစု၏ ကုန်သည်အဖွဲ့များ ရောက်လာသောအခါတွင် သောင်းချီသော ကျားရင်းမြစ်မြက်ပင်များကို စုဆောင်းလိမ့်မည်။

ထိုမြက်ပင်များသည် ရှောက်ယွမ်ကမ်းပါး၏ ကျားစိမ်းကလန်အတွက် အဓိကဝင်ငွေဖြစ်သည်။

ထိုသို့မဟုတ်လျှင် ဤနေရာတွင်ရှိသော ကလန်များသည် ကုန်သည်အဖွဲ့များကို ယဉ်ကျေးနေမည်မဟုတ်ပေ။

ဟန်မူယဲ့နှင့်မူဝမ်က ဝါးခြင်းများကိုသယ်ထားပြီး ဆယ်မိုင်အထိ လမ်းလျှောက်လာခဲ့သည်။ တောအုပ်ထဲတွင် ကျားရင်းမြစ်မြက်ပင်များ များပြားစွာရှိနေသည်။

သို့သော် မြက်ပင်အများစုသည် ငယ်ရွယ်ပြီး ဆေးစွမ်းအားသိပ်မရှိပေ။

“အင်း၊ ဒီတစ်ပင်က သိပ်မဆိုးဘူး။ ဆေးစွမ်းအား နှစ်၂၀စာရှိတယ်”

ဟန်မူယဲ့က ရှေ့တွင်ရှိသော တောင်စောင်းပေါ်ရှိ အရွက်လေးရွက်နှင့် ပွင့်ချပ်ရှစ်ခုရှိသော ဝိညာဉ်ဆေးပင်ကိုကြည့်လိုက်ပြီး ပြုံးသည်။

သူက ဆေးပင်တူးမည့် တူရွင်းပြားကိုကောက်ယူပြီး ညင်သာစွာထိတွေ့လိုက်သည်။

“ဘုန်း”

တစ်ပေခွဲခန့်ရှိသော တောင်စောင်းသည် ပြိုကျသွားခဲ့သည်။

ဆေးပင်သည်လည်း ချက်ချင်းပျက်စီးသွားသည်။

ဟန်မူယဲ့က ပါးစပ်အဟောင်းသားဖြစ်နေပြီး ဖျော့တော့စွာပြုံးသည်။

မူဝမ်က ကျယ်လောင်စွာရယ်သည်။

“အစ်ကိုဟန်၊ ကျွန်မက ဆေးပင်တွေကို တူးယူလိုက်ပါ့မယ်။ ဆေးခြင်းတောင်းကို အစ်ကိုဟန်က သယ်ပေးပါ”

မူဝမ်က နောက်ကျောတွင်ရှိနေသော ဆေးခြင်းတောင်းကို ဟန်မူယဲ့ဆီသို့ ပေးလိုက်ပြီး ခြေလှမ်းအနည်းငယ်တိုး၍ စိမ်းလန်းသော ကျားရင်းမြစ်မြက်ပင်တစ်ပင်ကို တူးယူသည်။

သူတို့နှစ်ယောက်က ရှေ့ဆက်လျှောက်လာပြီး မူဝမ်က မကြာခဏဆိုသလို ဆေးပင်များတူးယူနေသည်။

“ဒါက နှစ်ခြောက်ဆယ်သက်တမ်းရှိတယ်။ အလယ်ပိုင်းကုန်းမြေမှာ ဝိညာဉ်ကျောက်တုံးသုံးရာနဲ့ လဲလှယ်နိုင်တယ်”

“ဝိုး၊ နှစ်တစ်ရာသက်တမ်းရှိတဲ့ ကျားရင်းမြစ်မြက်ပင်ပဲ။ ကျွန်မတို့တော့ ချမ်းသာပြီ။ ဂရုစိုက်အုံး။ အရွက်တွေ ကျိုးမသွားစေနဲ့။ ဒီမြက်ပင်က ဝိညာဉ်ကျောက်တုံး နှစ်ထောင်တန်တယ်”

ပျော်ရွှင်နေသော မူဝမ်ကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ပြုံးသည်။

ယခုအချိန်တွင် မူဝမ်က ဆေးမီးပြင်းဖိုကို အသာအယာဖော်စပ်၍ သိန်းချီသောဝိညာဉ်ကျောက်တုံးများကို ရနိုင်သည်။ ကျားရင်းမြစ်မြက်ပင်များသည် သူမအတွက် အဖိုးမတန်ပေ။

သို့သော် ယခုအချိန်တွင် မူဝမ်က ဝိညာဉ်ကျောက်တုံးများနှင့်လဲလှယ်နိုင်ရန်အတွက် အံ့ဖွယ်ကိုးပါးတောင်၏ ဆေးခန်းဆောင်တွင် ဆေးလုံးသန့်စင်နေသည်ဟု ဟန်မူယဲ့မြင်ယောင်မိသည်။

ကပ်စေးနှဲလေးဖြစ်သည်။

သူတို့က တောင်ကုန်းတစ်ခုကို ဖြတ်ကျော်ပြီးသောအခါတွင် ရပ်တန့်လိုက်သည်။

ရှေ့တွင်ရှိသောတောင်ကုန်းတွင် လူနှစ်ယောက်ရှိနေသည်။

သူတို့နှစ်ယောက်က တီးတိုးစကားပြောနေပြီး ဟန်မူယဲ့နှင့်မူဝမ်တို့ကို သတိမထားမိပေ။

“စွေ့စွေ့၊ မင်းရဲ့အဘိုးနဲ့ တခြားလူတွေက ငါတို့နှစ်ယောက်ကို သဘောမတူဘူးဆိုရင်လည်း ထားလိုက်ပါတော့။ ငါက နောက်ကျရင် ရှောက်ယွမ်ကမ်းပါးကနေ ထွက်သွားမယ်”

စကားပြောလိုက်သောလူငယ်သည် ကျားစိမ်းကလန်မှဖြစ်သည်။ သူက အရပ်ရှည်ပြီး သန်မာသည်။ သူ့မျက်နှာက ရိုးရှင်းပြီး ရိုးသားပုံပေါ်သည်။ သူက အနည်းငယ်စိတ်ပျက်နေပုံရသည်။

သူ့ဘေးတွင်ရှိသော ပန်းဖျော့ရောင်ဝတ်စုံနှင့်မိန်းကလေးက ခေါင်းခါလိုက်ပြီး သူ့ကို စိုက်ကြည့်သည်။

“ရှောက်တထျန်း၊ နင်က ဒီလိုကိစ္စတွေဖြစ်ပြီးတာတောင် ငါ့ကို စွန့်ပစ်ရဲတယ်လား။ ငါနဲ့ မြက်ခင်းပြင်ကြားမှာ လူးလှိမ့်နေတုန်းက ထားလိုက်ပါတော့လို့ ဘာဖြစ်လို့မပြောခဲ့တာလဲ”

မိန်းကလေး၏စကားကို ကြားလိုက်ရသောအခါတွင် ရှောက်တထျန်းဟုခေါ်သော ကျားကလန်၏လူငယ်က ထိတ်လန့်သွားပြီး လျင်မြန်စွာပြောသည်။

“စွေ့စွေ့၊ ငါက ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်နိုင်မှာလဲ။ ငါက ကြောက်နေမိရုံပါ။ ငါက ကျားကလန်သားဖြစ်ပြီးတော့ မင်းက လူသားလေ။ ငါတို့က မဖြစ်နိုင် ....”

သူ့စကားမဆုံးခင် စွေ့စွေ့က ရှောက်တထျန်း၏ကော်လံကို ဆုပ်ကိုင်လိုက်သည်။

“တထျန်း၊ ထွက်ပြေးရအောင်”

ထွက်ပြေးမည်။

လူသားမိန်းကလေးတစ်ယောက်သည် ကျားကလန်မှလူငယ်နှင့် ထွက်ပြေးချင်သည်။

တောင်ကုန်းပေါ်တွင် လူငယ်က စိုးရိမ်ဖွယ်ရာများရှိသကဲ့သို့ ဆက်တိုက်နောက်ဆုတ်နေသည်။

“စွေ့စွေ့၊ ငါတို့အတူရှိရင် မင်းကို ထိခိုက်စေလိမ့်မယ်လို့ ငါ့အဖေက ပြောတယ်”

ရှောင်တထျန်းက တောင်ကုန်းပေါ်တွင်ရှိသော အစိမ်းရောင်ကျောက်တုံးကို တစ်ပိုင်းတစ်စစီဖြစ်သွားအောင် ရိုက်ချလိုက်သည်။

“နင်က ကျောက်တုံးတွေကိုထုခွဲနေတာကလွဲပြီး ဘာလုပ်နိုင်သေးလဲ”

မိန်းကလေးက သူ့ကို စိုက်ကြည့်သည်။ ထို့နောက် သူမက ခေါင်းငုံ့ထားသည်။

“ငါ့အဘိုးကလည်း ဒါကို ခွင့်မပြုဘူး။ အဲ့ဒါကြောင့် နင့်ကို ငါနဲ့အတူ ခိုးပြေးဖို့ ပြောနေတာပဲ”

လူငယ်နှင့် မိန်းမပျိုသည် အတွေ့အကြုံမရှိဘဲ အချစ်ကြောင့် ဒုက္ခရောက်နေခဲ့သည်။

မူဝမ်က ဟန်မူယဲ့၏အင်္ကျီလက်စကို ဆွဲလိုက်ပြီး ခေါင်းခါပြသည်။ သူမက ညင်သာစွာ နောက်ဆုတ်သည်။

ရှောက်ယွမ်ကမ်းပါးမှ ထွက်လာသောအခါတွင် မူဝမ်က တီးတိုးပြောသည်။

“အလယ်ပိုင်းကုန်းမြေက တောင်ပိုင်းကုန်းမြေကို သိမ်းပိုက်လိုက်တယ်။ လူသားတွေက ဒီနေရာကို ရွှေ့ပြောင်းလာကြတယ်။ အနာဂတ်မှာ ဒီလိုကိစ္စတွေ အများကြီးရှိလာမှာပဲ”

သူမက ရှုပ်ထွေးသောမျက်နှာထားဖြင့် ပြောသည်။

“လူသားနဲ့မိစ္ဆာတွေရဲ့ မျိုးနွယ်ခြားလက်ထပ်ခြင်း။ ကလေးရဖို့ ခက်တဲ့အပြင် အန္တရာယ်တွေက ....”

လူသားနှင့်မိစ္ဆာများ ပေါင်းဖက်လိုက်သောအခါတွင် အမျိုးသမီးက မိစ္ဆာဖြစ်ခဲ့လျှင် သွေးမျိုးဆက်ပြတ်တောက်ပြီး သာမန်မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းသွားလိမ့်မည်။

သာမန်မိစ္ဆာသားရဲသည် မိစ္ဆာမျိုးနွယ်၏ အဆင့်အနိမ့်ဆုံးသက်ရှိများဖြစ်သည်။

သူတို့က အသိဉာဏ်နိမ့်ပါးသည့်အပြင် အသွင်ပြောင်နိုင်စွမ်းလည်း သိပ်မရှိပေ။ သူတို့ကို မိစ္ဆာမျိုးနွယ်တစ်ခုလုံးက အထင်သေးသည်။

All Chapters