အခန်း (၄၄၃)
Vol. 32 Ch. 443
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျားယန်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“ညီအစ်ကိုရှောင်က တုန်းရှန်ဒေသကို ခဏပဲရောက်ဖူးတာကို။ ဒီမှာဖြစ်နေတဲ့အခြေအနေကို သိပ်မသိဘူးပဲ”
“ဖူချန်တာအိုဂိုဏ်းက ပွင့်ပွင့်လင်းလင်း ပုန်မကန်ရဲရင်တောင် ဆူညံမှုတွေကိုဖန်တီးပြီး တိုင်းပြည်အုပ်ချုပ်ရေးကို နှောင့်ယှက်လိမ့်မယ်”
“တာအိုဝါဒက တကယ်ပဲ ငြိမ်းချမ်းနိုင်မှာလား”
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့သည် အတုအယောင်ဖြစ်နေကြောင်း ရှောင်ချူးသိထားသည်။
အရင်းအမြစ်များနှင့် ပါရမီကောင်းသောတပည့်များ လုံလောက်စွာမရှိလျှင် တာအိုဂိုဏ်းတစ်ဂိုဏ်း ဖြစ်မလာနိုင်ပေ။
အရင်းအမြစ်များနှင့် တပည့်များကို တိုက်ခိုက်၍ယူရသည်။
“ဝှစ် ....”
သူတို့၏ရှေ့တွင် ဖီးနစ်အမြီးငါးကြင်းတစ်ကောင် ခုန်ပေါက်သွားသည်။
တံငါသည်များသည် ပိုက်ကွန်နှင့်မှိန်းများကို ကိုင်တွယ်လိုက်ပြီး ရွက်လွှင့်နေသည်။
ယခုနှစ်၏ ဖီးနစ်အမြီးငါးကြင်းများသည် နောက်ကျမှ ရောက်လာခဲ့သောကြောင့် သူတို့ အံ့အားသင့်နေရသည်။
ထိုငါးကြင်းများကို ဖမ်းဆီးနိုင်လျှင် နှစ်တစ်ဝက်စာခန့် ဖူလုံသည်။
ယခုအချိန်တွင် သူတို့က ဖီးနစ်အမြီးငါးကြင်းများကို မြင်လိုက်ရသည်။
ရေမျက်နှာပြင်သည် လှုပ်ရှားလာသည်။ မြစ်ကြမ်းပြင်တွင် မရေမတွက်နိုင်လောက်သော ဖီးနစ်အမြီးငါးကြင်းများသည် ရေစီးကိုဆန်တက်၍ ကူးခပ်နေကြသည်။
ရှေ့တွင် ငါးဖမ်းလှေများ ပိုများလာသည်။ တံငါသည်များသည် တောက်ပသောမျက်လုံးများဖြင့် စောင့်ဆိုင်းနေသည်။
ကျားယန်က မျက်မှောင်ကြုတ်သည်။
ရှောင်ချူး၏မျက်နှာထားကလည်း လေးနက်နေသည်။
ထိုအခြေအနေတွင် ရည်ရွယ်ချက်မကောင်းသောလူများက တံငါသည်များနှင့်ရောနှေနေလျှင် ခွဲခြားရန်ခက်ခဲလိမ့်မည်။
“သင်္ဘောအခန်းထဲကိုသွား။ အရေးကြီးတာမရှိရင် ထွက်မလာနဲ့”
အခန်းရှေ့တွင်ရပ်နေသော အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးက ရုတ်တရက် ပြောလိုက်သည်။
ဟန်မူယဲ့က မော့ကြည့်သည်။
လူအိုကြီးက ဓားရိုးပေါ်တွင် လက်တင်ထားပြီး မရေမတွက်နိုင်သောငါးဖမ်းလှေများကို ကြည့်သည်။
“ဖူချန်တာအိုဂိုဏ်းရဲ့လူတွေက ကျွန်တော်တို့ကိုသတ်ဖြတ်ဖို့အတွက် တံငါသည်ယောင်ဆောင်ပြီး ရောက်လာမယ်လို့ ဒုခေါင်းဆောင်က ထင်နေတာလား”
ဟန်မူယဲ့က ဝိုင်ခွက်ကိုချလိုက်ပြီး ညင်သာစွာမေးသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးက ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ခေါင်းခါသည်။
“ဖူချန်တာအိုဂိုဏ်းက ဒေသတွေအများကြီးကို လွှမ်းမိုးနိုင်တဲ့ ဂိုဏ်းကြီးတစ်ခုပဲ။ သူတို့က ဒီလိုမျိုး နိမ့်ကျတဲ့နည်းလမ်းကို သုံးမှာမဟုတ်ဘူး”
“သူတို့ တကယ်လုပ်ချင်ရင် ကွမ်မြစ်ဝမှာ တိုက်ခိုက်လိမ့်မယ်”
အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးက မျက်မှောင်ကြုတ်သည်။
ကွမ်မြစ်ဝသည် လျှိုယွီမြစ်၏ အရှေ့တောင်ဘက်တွင်ရှိသော မြစ်ဆုံဖြစ်သည်။
အရှေ့အရပ်တွင် မြစ်သည် ပင်လယ်သို့စီးဝင်ပြီး တောင်ဘက်တွင် ယုစီရေကန်သို့ စီးဝင်သည်။
အစပိုင်းတွင် ထိုနေရာကို မည်သူမှ ဂရုမစိုက်ပေ။ ယခုအချိန်တွင် တုန်းရှန်ဒေသ ပေါ်ထွက်လာသောကြောင့် ဒေသပိုင်နယ်မြေတစ်ခုအဖြစ် ယူဆနိုင်သည်။
သို့သော် တုန်းရှန်ဒေသသည် အသစ်တည်ထောင်ထားသော ဒေသဖြစ်သောကြောင့် မြစ်ရေနှင့်ပတ်သတ်၍ စီမံနိုင်ရန် အင်အားမရှိသေးပေ။
ကုန်တင်သင်္ဘောနှစ်စင်းသည် မြစ်လယ်မှ ဖြတ်သွားခဲ့သည်။ လှေငယ်များပေါ်တွင်ရှိသော တံငါသည်များသည် သင်္ဘောအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
အနီးဆုံးငါးဖမ်းလှေသည် သင်္ဘောနှင့် ပေသုံးဆယ်သာ ကွာဝေးသည်။
သို့သော် ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း ငါးဖမ်းလှေများကို ဖြတ်ကျော်လာသည်အထိ တိုက်ခိုက်သူမရှိပေ။
ထို့ကြောင့် လူအိုကြီးက သက်ပြင်းချလိုက်သည်။
တံငါသည်များထဲမှ တစ်ယောက်ယောက်တိုက်ခိုက်လာလျှင် အပြစ်မရှိသောလူများ သေဆုံးရလိမ့်မည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်များသည် ထိုအဖြစ်ကို မမြင်ချင်ပေ။
“သခင်လေးက အသိဉာဏ်ကြွယ်ဝတာပဲ”
“ငါက နန်ယွမ်ဒေသရဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့က ဒုခေါင်းဆောင် ကျန်းယောင်ဟွေ့ပါ”
လူအိုကြီးက လက်သီးဆုပ်လိုက်ပြီး ဟန်မူယဲ့ကို နှုတ်ဆက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်ပြသည်။
အမှန်အတိုင်းပြောရလျှင် သင်္ဘောထွက်လာသောအချိန်တွင် ကျားယန်တို့က ထိုဒုခေါင်းဆောင်နှင့် ဆုံတွေ့ခဲ့ပြီး ဟန်မူယဲ့နှင့်မူဝမ်ကို မိတ်ဆက်ပေးခဲ့သည်။
ထိုအချိန်တွင် ကျန်းယောင်ဟွေ့က မည်သူ့ကိုမှ အလေးအနက်ထားပုံမပေါ်ပေ။
အခက်အခဲ ပြေလည်သွားသောအခါတွင် ကျန်းယောင်ဟွေ့က အခန်းထဲသို့ ပြန်ဝင်သွားသည်။
မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“အစ်ကိုဟန်၊ သူတို့က တကယ်ပဲ ကွမ်မြစ်ဝမှာ တိုက်ခိုက်မှာလား”
သူမက သေချာပြောနိုင်သော ဟန်မူယဲ့၏အကြောင်းပြချက်ကို သိချင်မိသည်။
သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်သည်။
သူက အတွေးတင်မကဘဲ နတ်အာရုံဖြင့်လည်း ပြောနိုင်သည်။
သူက အားကောင်းသောနတ်အာရုံဖြင့် စစ်ဆေးကြည့်ခဲ့သည်။ သူတို့၏နောက် မိုင်ရာချီအကွာတွင် ကွန်ဖြူးရှပ်တာအိုဆရာများ ရှိနေသည်။
မြစ်ထဲတွင် တစ်ယောက်ယောက်က တိုက်ခိုက်ရဲလျှင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက ယဉ်ကျေးနေမည်မဟုတ်ပေ။
သူတို့၏ရှေ့တွင် မိုင်သုံးရာအကွာ၌ တာအိုဂိုဏ်း၏ကျင့်ကြံသူများ ပုန်းအောင်းနေသည်။ သူတို့က လှုပ်ရှားနေသော်လည်း သင်္ဘောများဆီသို့ ချဉ်းကပ်လာခြင်းမဟုတ်ပေ။
သင်္ဘောနှစ်စင်းသည် နှစ်ဖက်တိုက်ခိုက်ရန်အတွက် ငါးစာများသာဖြစ်ပုံရသည်။
နန်ယွမ်ဒေသမှ ထွက်လာသောအခါတွင် ကွန်ဖြူရှပ်တာအိုကျင့်ကြံသူများ၏အငွေ့အသက်သည် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ရှေ့တွင် ပိုမိုများပြားသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ ပေါ်လာသည်။
ငါးအုပ်၏အမြန်နှုန်းသည် သင်္ဘောများ၏အမြန်နှုန်းနှင့် တူညီသည်။ သူတို့က ရှောက်တထျန်းကို အများအပြား ထောက်ပံ့ပေးခဲ့သည်။ သူက ရေထဲသို့ဆင်းလိုက်လျှင် ဆူဖြိုးသောငါးများကို လွယ်ကူစွာဖမ်းနိုင်သည်။
ရာသီဥတု သာယာနေသောအခါတွင် စွေ့စွေ့က ခေါင်းဆောင်းတစ်ခုနှင့်အတူ ကုန်းပတ်ပေါ်တွင် နေပူဆာလှုံလိမ့်မည်။
စွေ့စွေ့နှင့် ရှောက်တထျန်းတို့က အတွေ့အကြုံများကြောင့် ရင့်ကျက်လာပုံပေါ်သည်။
ရှောက်တထျန်းက ဖမ်းမိလာသောငါးများကို ငါးအသားလွှာနှင့် ငါးစွပ်ပြုတ်များအဖြစ်ပြောင်း၍ သင်္ဘောနှစ်စင်းပေါ်တွင်ရှိသော အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့် ကုန်သည်အစောင့်များကို ခွဲဝေပေးလေ့ရှိသည်။
သူက ချင်းယုနွန်ကိုပင် အစားအသောက်များ ပေးခဲ့သည်။
ချင်းယုနွန်က ‘ရေချိုးငါး’ဟူသောစာလုံးများကို ကိုယ်တိုင်ရေး၍ လက်ဆောင်ပြန်ပေးခဲ့သည်။
ရှောက်တထျန်းက နန်းမြို့တော်တွင် ပင်လယ်စာစားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်သည်ဟု ပြောခဲ့သောကြောင့် ချင်းယုနွန်က ထိုစာလုံးများကို ရေးပေးခဲ့သည်။
ထိုစာလုံးများသည် စွေ့စွေ့အတွက် အလွန်အဖိုးတန်သည်။
ထိုစာလုံးများကို အကျဉ်းသားဖြစ်နေသော်လည်း ဒေသအုပ်ချုပ်သူတစ်ယောက်က ရေးပေးခဲ့သည်။
မူဝမ်က စွေ့စွေ့အတွက် ဆေးရည်များကျိုပေးပြီး ရှောက်တထျန်းက ဟန်မူယဲ့ကို စောင့်ကြပ်ပေးလိမ့်မည်။
ရှောက်တထျန်း၏ပြောစကားအရ နန်းမြို့တော်သို့ခေါ်သွားရန် ဟန်မူယဲ့က သဘောမတူခဲ့လျှင် သူတို့က သင်္ဘောပေါ်တွင် လိုက်ပါနိုင်မည်မဟုတ်ပေ။
မူဝမ်၏ကုသမှုနှင့်ပတ်သတ်၍ သူက သိပ်မသိပေ။
ရှောက်တထျန်းက ကျေးဇူးတရားကို နားလည်သည်။ သူက ဟန်မူယဲ့ပေးသော ဝိညာဉ်ကျောက်တုံးများကိုမယူဘဲ နန်းမြို့တော်သို့လိုက်နိုင်သောကြောင့် ဟန်မူယဲ့အတွက် အစောင့်တစ်ယောက်လုပ်ပေးသည်။
စွေ့စွေ့၏သွေးအဆီအနှစ်က ပြင်းထန်စွာပျက်စီးသွားကြောင်း သူတို့ မသိပေ။ မူဝမ်၏ဆေးများကြောင့်သာမဟုတ်လျှင် သူမက လျင်မြန်စွာပြန်ကောင်းလာမည်မဟုတ်ပေ။
မူဝမ်၏ဆေးများသည် စိတ်ကူးမယဉ်နိုင်လောက်အောင် အဖိုးတန်သည်။
သင်္ဘောပေါ်တွင် ချင်းယုနွန်က နေပူဆာလှုံရန်အတွက် မကြာခဏထွက်လာပြီး ဟန်မူယဲ့နှင့် စကားပြောလိမ့်မည်။
ချင်းယုနွန်က တာအိုလမ်းစဉ်ကိုဝင်ရောက်ရန်အတွက် စွဲလမ်းနေသည်။ သူ့စကားများသည် ကွန်ဖြူးရှပ်လမ်းစဉ်၏ အန္တရာယ်နှင့် တာအိုလမ်းစဉ်၏ တည်ငြိမ်အေးချမ်းမှုကို ဖော်ပြနေသည်။
ချင်းယုနွန်ကြောင့် လမ်းလွဲမသွားရန် ဟန်မူယဲ့ကို ကျန်းယောင်ဟွေ့က သတိပေးခဲ့သည်။
လမ်းတစ်လျှောက်တွင် အကျဉ်းသားနောက်တစ်ယောက်ဖြစ်သူ ချောင်ရှန်ကို မမြင်ရပေ။ ရှေ့သင်္ဘောပေါ်တွင် ဖြစ်နိုင်သည်။
ဟန်မူယဲ့၏စကားများသည် မှန်ကန်ခဲ့သည်။ သူတို့က လမ်းတစ်လျှောက်တွင် တံငါသည်အများအပြားနှင့် ကြုံတွေ့ခဲ့သော်လည်း ကုန်သင်္ဘောများသည် တိုက်ခိုက်မခံရပေ။
ခုနစ်ရက်အကြာတွင် လျှိုယွီမြစ်သည် လှိုင်းထန်လာခဲ့သည်။
မိုင်တစ်ရာအကွာတွင် မြစ်ဆုံကို မြင်နိုင်သည်။
ကျန်းယောင်ဟွေ့က ဓားရိုးပေါ်တွင် လက်တင်ထားပြီး ကုန်းပတ်ပေါ်တွင် ရပ်နေသည်။
ချင်းယုနွန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြုံးနေသည်။
မြစ်ပြင်သည် ကျယ်ပြန့်ပြီး မရေမတွက်နိုင်လောက်သော ဖီးနစ်အမြီးငါးကြင်းများသည် ငါးနဂါးအကကို ကခုန်နေသကဲ့သို့ ခုန်ပေါက်နေသည်။
ကောင်းကင်ထက်တွင် လေနှင့်တိမ်တိုက်များ ပြောင်းလဲသွားသည်။
ဟန်မူယဲ့၏ အာရုံခံနိုင်စွမ်းအရ နောက်တွင်ပါလာသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် ရပ်တန့်လိုက်သည်။
ဒေသသုံးခု၏ နယ်စပ်၊ မြစ်ဝ ....
ရှေ့တွင် တုန်းရှန်ဒေသ၏ အုပ်ချုပ်ရေးရုံး ရှိနေသည်။
သူတို့၏ရှေ့တွင် တာအိုတန်ခိုးရှင်များ စောင့်နေသည်။
ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခု ပျံသန်းလာသည်။
ကျန်းယောင်ဟွေ့က ပျံတက်သွားပြီး အော်ဟစ်လိုက်သည်။
“အသင့်ပြင် ....”
သင်္ဘောနှစ်စီးပေါ်တွင် ဒါဇင်ချီနေသောလူများ ပေါ်ထွက်လာပြီး ဓားရှည်များအားကိုင်ဆောင်၍ ခုခံကာကွယ်ခြင်းဝင်္ကပါကို ထုတ်ဖော်သည်။
အနက်ရောင်ဓားရှည်များ၊ အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ ....
ရှောက်တထျန်းက စွေ့စွေ့ကို ဖက်ထားပြီး ဟန်မူယဲ့၏နောက်တွင် ရှိနေသည်။
ရှေ့တွင်ရှိသော ကုန်တင်သင်္ဘောပေါ်မှ ရှောင်ချူးနှင့် ကျားယန်တို့ ပျံတက်လာသည်။
ချင်းယုနွန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ကောင်းကင်ထက်ရှိတိမ်တိုက်များကို မော့ကြည့်သည်။
“ငါက အသာစီးရထားတယ်။ မူယဲ့၊ မင်းမပြောနိုင်ဘူးလား”
“အတက်အကျတွေနဲ့အတူ အလယ်ပိုင်းကုန်းမြေမှာ နှစ်ထောင်ချီမပြောင်းလဲခဲ့တဲ့အခြေအနေက အခု ပြောင်းလဲသွားတော့မယ်”
ချင်းယုနွန်က ဆံပင်ရှည်များကို ဖြန့်ချထားသည်။ သူ့မျက်နှာထားသည် အတော်လေး အထက်စီးဆန်နေသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ခြေထောက်တွင် ချိန်းကြိုးများ တချွင်ချွင်မြည်နေသည်။
ပျံသန်းလာသောလူသည် ပေတစ်သောင်းအကွာတွင် ရပ်တန့်လိုက်သည်။ သူ့ခန္ဓာကိုယ်၏ အငွေ့အသက်များသည် တိမ်တိုက်များအဖြစ်ပြောင်းပြီး ကောင်းကင်ကို လွှမ်းမိုးသွားသည်။
“ဖူချန်တာအိုဂိုဏ်းရဲ့ သခင်လေးနဲ့ ယုစီရေကန်ရဲ့ နတ်မိမယ်ဖုန့်ကျိုးတို့က တာအိုလက်တွဲဖော်တွေ ဖြစ်လာကြတယ်။ ဖြတ်သန်းသွားတဲ့လူတိုင်းက သေရည်တစ်ခွက်သောက်ပြီး အသိသက်သေလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်”
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က စကားပြောလိုက်ပြီး အနီရောင်ဖိတ်စာကတ်ကို ပေးလိုက်သည်။
“ငါတို့ရဲ့ ဖူချန်တာအိုဂိုဏ်းက မင်းတို့က မြစ်ဝမှာ စောင့်နေပါ့မယ်”
ထို့နောက် သူက တစ်ဖက်လူများ၏တုံ့ပြန်ချက်ကိုမစောင့်ဘဲ လှည့်ထွက်သွားသည်။
ရှောင်ချူးက ဖိတ်စာကိုကြည့်လိုက်ပြီး ကျန်းယောင်ဟွေ့ကို ပေးသည်။
သူတို့က လေးနက်သောမျက်နှာထားများဖြင့် ဆင်းသက်လာသည်။
“ခေါင်းဆောင်ကျန်း၊ ကျွန်တော့်အမြင်မှာတော့ လမ်းကြောင်းပြောင်းပြီး ကွမ်းယွင်တောင်တန်းကနေ ပတ်သွားနိုင်တယ်”
“အဲ့ဒီလိုဆိုရင် သူတို့ရဲ့အစီအစဉ်တွေ အောင်မြင်မှာမဟုတ်ဘူး”
ကျားယန်က ကျန်းယောင်ဟွေ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“လူအိုကြီးကျား၊ ကွမ်းယွင်တောင်က ဖူချန်တာအိုဂိုဏ်းရဲ့ နယ်မြေထဲကလေ။ တောင်ပတ်လမ်းကလည်း သူတို့ရဲ့အပိုင်ပဲ”
ရှောင်ချူး၏စကားလုံးများကြောင့် ကျားယန်၏မျက်နှာထားက တောင့်တင်းသွားသည်။
ကျန်းယောင်ဟွေ့က ချင်းယုနွန်ကို လှည့်ကြည့်သည်။ ထို့နောက် ဦးထိပ်တွင်ရပ်နေသော ဟန်မူယဲ့ကို ကြည့်သည်။
“သခင်လေးမူယဲ့၊ ဘယ်လိုထင်လဲ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“ဆက်သွားမယ်”
ချင်းယုနွန်က ကျယ်လောင်စွာရယ်သည်။
ကျန်းယောင်ဟွေ့က မျက်မှောင်ကြုတ်လိုက်သောအချိန်တွင် ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။
“ပိုပြီး ရက်စက်ပြချင်တယ်ဆိုရင် ချင်းယုနွန်ရဲ့ခေါင်းကိုဖြတ်ပြီး သူတို့ကို မင်္ဂလာလက်ဖွဲ့အနေနဲ့ ပေးလိုက်ပါ”
ထိုစကားလုံးများကြောင့် ချင်းယုနွန်၏ရယ်မောသံက ရုတ်ချည်းရပ်တန့်သွားသည်။
“ရှုပ်ထွေးတဲ့ကိစ္စတွေ မလုပ်ချင်ဘူးဆိုရင်တော့ တည့်တည့်ဆက်သွားလိုက်ပါ”
“ဖူချန်တာအိုဂိုဏ်းက ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရဲတယ်ဆိုမှတော့ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေကလည်း ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ပေးရမှာပေါ့”
ဟန်မူယဲ့၏စကားကြောင့် ကျန်းယောင်ဟွေ့၏မျက်လုံးများ တောက်ပသွားသည်။
ချင်းယုနွန်က ဟန်မူယဲ့ကို ပထမဆုံးအကြိမ်မြင်လိုက်ရသကဲ့သို့ ခြေဆုံးခေါင်းဆုံးကြည့်နေသည်။
ကျားယန်နှင့် ရှောင်ချူးကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ခံစားချက်များကို ဖိနှိပ်ထားသည်။
သခင်လေးမူယဲ့သည် စိတ်ဆိုးတတ်ပုံမပေါ်ပေ။ ကုန်သည်အဖွဲ့နှင့် ခရီးသွားခဲ့သောအခါတွင် သူ့ကို မူဝမ်က အမြဲဂရုစိုက်ပေးနေသည်။ သူက ဟန်များသော ယောင်္ကျားတစ်ယောက်နှင့်ပင် တူနေသေးသည်။
သို့သော် သူ့လေသံထဲတွင်ရှိသော အထက်ဆီးဆန်မှုများသည် သာမန်လူများတွင် မရှိနိုင်ပေ။
“မင်း .... မင်းက ဘယ်သူလဲ”
ချင်းယုနွန်က အေးစက်နေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
“ကွမ်မြစ်ဝကို တုန်းရှန်ဒေသက ထိန်းချုပ်ထားတယ်။ ဆင်းရဲတဲ့တုန်းရှန်ဒေသက ငါတို့တာအိုဂိုဏ်းကို ဘာလုပ်နိုင်မှာလဲ”
“ငါတို့က တုန်းရှန်ဒေသရဲ့စွမ်းအားကို ဖျက်ဆီးပြီးရင် ဖူရှန်တာအိုဂိုဏ်းက တုန်းရှန်ဒေသကို အပိုင်သိမ်းလိမ့်မယ်”
“ဒါက မြင်သာတဲ့လှည့်ကွက်ပဲ။ မင်းတို့တွေ မချိုးဖောက်နိုင်ဘူး”
ချင်းယုနွန်က အံတင်းတင်းကြိတ်ထားပြီး အော်ဟစ်သည်။
ကျန်းယောင်ဟွေ့က ဓားရိုးပေါ်တွင် လက်တင်ထားသည်။ ချင်းယုနွန်က စကားဆက်ပြောနေလျှင် ခေါင်းဖြတ်ပစ်မည်။
ကံမကောင်းစွာဖြင့် ချင်းယုနွန်က မသေချင်ပေ။
သူက ပါးစပ်ပိတ်ထားရန် ရွေးချယ်လိုက်သည်။
“ရှေ့ဆက်သွားမယ်”
ကျန်းယောင်ဟွေ့က ချင်းယုနွန်ကိုကြည့်လိုက်ပြီး အော်ပြောသည်။
ရှောင်ချူးနှင့်ကျားယန်က ရှေ့တွင်ရှိသောသင်္ဘောပေါ်သို့ ပျံသန်းသွားပြီး ဆက်လက်ခရီးဆက်သည်။
ဟန်မူယဲ့က ကုန်းပတ်ပေါ်တွင်ထိုင်နေပြီး ရှေ့သို့ကြည့်သည်။
မူဝမ်က သူ့ဘေးတွင် ထိုင်နေသည်။