← Chapters

ပြန်လည်နိုးထလာခြင်း

Vol. 79 Ch. 1087

ပြန်လည်နိုးထလာခြင်း

Vol. 79 Ch. 1087

ထိုသို့ဖြင့် အချိန်များကုန်လွန်သွား၏။ ဝမ်ပေါင်လဲ့မှာ အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိပါသော်လည်း သတိပြန်မရလာသေးပေ။ သူသည် သူ၏ အတိတ်ဘဝထဲ၌ တစ်ဘဝလုံးစာ ရှိနေခဲ့ပါသော်လည်း ကံကြမ္မာဂြိုဟ်ပေါ်တွင်မူ တစ်ရက်ပင် မကုန်သေးပေ။

ဒဿမနေ့၏ နှစ်ဆယ့်လေးနာရီထဲမှ နှစ်ဆယ့်တစ်နာရီ ကုန်ဆုံးသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဒဿမနေ့ ကုန်ဆုံးရန် နှစ်နာရီကျော် လိုသေးသည်။

ဝမ်ပေါင်လဲ့နှင့် ယှဉ်လိုက်ပါက အခြား ပြိုင်ပွဲဝင်များမှာ သူတို့၏ ဒဿမဘဝများထဲမှ ပြန်လည်နိုးထလာကြပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ပြန်လည်နိုးထလာခြင်း မရှိသေးပေ။ အရည်အချင်းစမ်းသပ်ပွဲကြီးမှာလည်း ပြီးဆုံးသွားခြင်း မရှိသေးသောကြောင့် ဘေးပတ်ပတ်လည်ရှိ မြူခိုးများမှာ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။

သူတစ်ယောက်သာလျှင် ထို မြူခိုးများထဲ၌ ပြန်လည်နိုးထလာခြင်း မရှိသေးခြင်း ဖြစ်သည်။

သူ၏ ရှေ့တွင် ရှိနေသည့် ရှုယင်လင်းမှာ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေရ၏။ သူမ၏ မျက်နှာအမူအရာမှာလည်း ယခင်တုန်းကနှင့် မတူလောက်အောင် ပြောင်းလဲနေပြီဖြစ်သည်။ လွန်ခဲ့သည့် နာရီနှစ်ဆယ်အတွင်း သူမ မြင်တွေ့ခဲ့ရသည့် အရာများကြောင့် သူမသည် အံ့သြတုန်လှုပ်သွားခဲ့ရ၏။ ထို့နောက် သူမသည် လေးစားကြည်ညိုစိတ်များကြောင့်လည်း တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရသေးသည်။

သူမသည် သူမ၏ ဒဿမဘဝအား နားလည်အောင် မလုပ်နိုင်ခဲ့သောကြောင့် ဝမ်ပေါင်လဲ့ သူ၏ အတိတ်ဘဝထဲသို့ ပြန်ရောက်သွားခဲ့သည့် ဖြစ်စဉ်အား အစမှအဆုံးအထိ ရှင်းလင်းပြတ်သားစွာ မြင်ခဲ့ရ၏။ သူမသည် သူ၏ အတိတ်ဘဝထဲမှ ပုံရိပ်များကို မြင်ခဲ့ရခြင်းမဟုတ်ပါသော်လည်း မလုပ်မယှက်နှင့် တင်ပျဉ်ခွေထိုင်နေသည့် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသော အငွေ့အသက်များ ပြောင်းလဲသွားနေသည်ကို အာရုံခံမိခဲ့သည် မဟုတ်ပါလော။

အစတွင် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာ လုံးဝမရှိသည့်အလား အားပျော့နေခဲ့၏။ ထို့ကြောင့် ရှုယင်လင်းပင်လျှင် သူမ၏ ရှေ့တွင် ထိုင်နေသည့်သူမှာ အသက်ရှိနေသေးသည့် လူတစ်ယောက်မဟုတ်ပဲ လူသေတစ်ယောက် ဖြစ်နေသည်ဟုပင် အထင်လွဲသွားခဲ့ရသည်။

သူ့အား လူသေတစ်ယောက်ဟု သတ်မှတ်ခြင်းထက် သက်မဲ့ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခြင်းမှာ ပို၍ သင့်တော်ပေလိမ့်မည်။ ထိုအချက်ကြောင့်လည်း ရှုယင်လင်းမှာ တုန်လှုပ်ချောက်ချားသွားခဲ့ရခြင်း ဖြစ်၏။

သူမသည် ဝမ်ပေါင်လဲ့၏ ဒဿမဘဝအကြောင်း သိရှိထားခြင်းမရှိသောကြောင့် နှလုံးသားထဲ၌ ခန့်မှန်းချက်အမျိုးမျိုး ပေါ်ပေါက်လာခဲ့၏။ သို့သော် သူမ မခန့်မှန်းနိုင်ခင်မှာပင် သူမ၏ ရှေ့တွင် သက်မဲ့ပစ္စည်းတစ်ခုကဲ့သို့ တင်ပျဥ်ခွင်ထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ ပြောင်းလဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်လှိုင်းများ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။

ထိုပြောင်းလဲမှုမှာ အနည်းငယ်မျှသာ ဖြစ်ပါသော်လည်း သိသားထင်ရှားနေဆဲပင်။ သို့ဖြစ်ရာ သက်မဲ့ပစ္စည်းတစ်ခု အသက်ဝင်လာပြီး မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည့် အလင်းတန်းတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားနေသကဲ့သို့ပင်။ ထို ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဘေးပတ်ပတ်လည်ရှိ မြူခိုးများထဲ၌ မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများ ထွက်ပေါ်လာခဲ့၏။ ထို့အပြင် ထိုမြူခိုးများမှာ စတင်လည်ပတ်လာခဲ့သေးသည်။ အကယ်၍ သေသေချာချာကြည့်လိုက်မည်ဆိုပါက ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား ဗဟိုပြု၍ လည်ပတ်နေခြင်း ဖြစ်ကြောင်း မြင်လိုက်ရမည်သာဖြစ်သည်။

သို့ဖြစ်ရာ ထိုဝိညာဥ်အလင်းတန်း ပေါ်ပေါက်လာမှုမှာ မြူခိုးများပေါ်တွင်သာမက ကံကြမ္မာဂြိုဟ်ကြီးပေါ်တွင်ပါ အကျိုးသက်ရောက်မှု ရှိနေသည့်ပုံပင်။ ရှုယင်လင်းမှာ ထို အကျိုးသက်ရောက်မှုပမာဏအား အတိအကျ မသိပါသော်လည်း မြေပြင်ကြီး တုန်ရီသွားသည်ကို ခံစားခဲ့ရ၏။

ထို့ကြောင့် ရှုယင်လင်းမှာ အံ့အားသင့်နေခဲ့ရာမှာ အံ့ဩတုန်လှုပ်သွားခဲ့ရပြန်သည်။ သူမသည် မည်ကဲ့သို့သော အတိတ်ဘဝမျိုးကြောင့် ထိုကဲ့သို့ အံသြတုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုများ ပေါ်ပေါက်လာရမှန်း မသိနိုင်လောက်အောင် ဖြစ်နေရ၏။ သို့သော် သူမ အံ့သြတုန်လှုပ်နေရသည့် အချိန်မှာ သိပ်မကြာလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမှုအသစ်များ ပေါ်ပေါက်လာသဖြင့် သူမသည် ဆွံ့အမှင်တက်သွားရသောကြောင့်ပင်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်အလင်းတန်းကြီး တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာပြီး မြူခိုးများသာမက မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပါ အဆက်မပြတ် တုန်ရီနေစဉ် ဝမ်ပေါင်လဲ့၏ အမူအရာမှာပြောင်းလဲသွား၏။ သူသည် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်သည့် နာကျင်မှုဝေဒနာများကို ခံစားနေရသည့်အလား မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေသည်။

ထိုအချက်မှာ အဓိကမဟုတ်ပေ။ အဓိကအချက်မှာ ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ မျက်နှာရှုံ့မဲ့နေစဉ် သူ၏ ခန္ဓာကိုယ်ပေါ်၌ ပင့်ကူအိမ်နှင့်တူသည့် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်ကို ရှုယင်လင်းတစ်ယောက် မြင်လိုက်ရခြင်းပင်။

သို့ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်သည့် စွမ်းအားတစ်မျိုး၏ ဖိနှိပ်ခြင်းကိုခံနေရသဖြင့် သူသည် တစ်ကိုယ်လုံး ကြေမွသွားတော့မည့်ပုံ ပေါက်နေ၏။

ထို အက်ကွဲကြောင်းများ ပိုမို ကြီးထွားလာသည်နှင့် ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် ဝိညာဉ်အလင်းတန်းကြီးမှာလည်း ပို၍ ဝင်းလက်တောက်ပလာသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် ဧရာမ အလင်းရင်းမြစ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ရှုယင်လင်းမှာ သူ့အား စိုက်ကြည့်နေရင်း မျက်စိကျိန်းသွားရ၏။

ထို့ကြောင့် သူမ၏ နှလုံးသားမှာလည်း ပို၍ပင် တုန်ရီသွားရ၏။ ခဏအကြာတွင် အက်ကွဲကြောင်းများ ထပ်၍ ပေါ်ပေါက်လာပြီး ဝိညာဉ်အလင်းတန်းများမှာလည်း ထပ်၍ ဝင်းလက်တောက်ပလာပြန်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်၌ ပြောင်းလဲမှုအသစ်များ ပေါ်ပေါက်လာ၏။

ထို့နောက် ရှုယင်လင်း၏ နှလုံးသားအား အပြင်းအထန် တုန်ရီသွားစေသည့် အငွေ့အသက်တစ်မျိုးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့ကြောင့် ရှုယင်လင်းမှာ အသိစိတ် လုံးဝပျောက်သွားသည့်အလား သတိလစ်သွားတော့သည်။ သူမသည် အိပ်မက်နယ်မြေ တစ်ခုထဲသို့ ရောက်သွားသည့်အလားပင်။

ထိုအိပ်မက်နယ်မြေထဲတွင် သူမသည် ဒူးတုပ်ကာ နတ်ဘုရားတစ်ပါးအား အရိုအသေပေးနေသည့် သာမန်လူတစ်ယောက်ကဲ့သို့ပင်။

ရှုယင်လင်းမှာ တာအိုဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်ထားသည့်တိုင်အောင် ထိုအိပ်မက်နယ်မြေထဲ၌ လမ်းပျောက်နေဆဲပင်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။

ကံကောင်းစွာဖြင့် ထိုအငွေ့အသက်များမှာ အကြာကြီးရှိမနေခဲ့ပေ။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်ဆုံးသွားပြီးနောက် ၎င်းတို့မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာလည်း အားပြန်ပြည့်လာပြီး ၎င်းပေါ်ရှိ အက်ကွဲကြောင်းများမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

ရှုယင်လင်းမှာလည်း အိပ်မက်နယ်မြေထဲ၌ ရီဝေဝေ ဖြစ်နေခဲ့ရာမှ ပြန်လည်နိုးထလာ၏။ သို့သော် သူမသည် ထိုသို့ ပြန်လည်နိုးထလာသည်နှင့် တစ်ခေါင်းလုံး ပေါက်ကွဲသွားတော့မည့်အလား ဦးရေခွံများ ထုံကျဉ်လာတော့သည်။ သူမသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး အောက်သို့ ငုံကြည့်မိလိုက်ချိန်တွင် မည်သည့် အချိန်ကတည်းကမှန်းမသိ ဒူးတုပ်ကာ ဝမ်းလျားမှောက်လျက်သား ဖြစ်နေသည်ကို မြင်လိုက်ရ၏။

" ဒါ... ဒါ... " ရှုယင်လင်းမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရပြီး ထိုသို့ ဖြစ်နေရသည့် အကြောင်းရင်းကိုပင် မစဉ်းစားရဲလောက်အောင် ဖြစ်သွားရ၏။ ထို့နောက် သူမသည် သူမ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို သူမ၏ နှလုံးသားထဲတွင်သာ လျှို့ဝှက်ထားသင့်ကြောင်း ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် သူ၏ တာအိုဂြိုဟ်မှာ အလွန်အင်မတန်မှ အဆင့်မြင့်ကြောင်း သိထားပြီး မဟုတ်ပါလော။ ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်ပင်လျှင် သူမ၏ တာအိုဂြိုဟ်ထက် အဆင့်အများကြီး ပိုမမြင့်ပေ။ သို့သော်လည်း ထိုမျှလောက် အဆင့်အတန်းမြင့်မားသည့် တာအိုဂြိုဟ်ပင်လျှင် မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့ ထုတ်လွှတ်ခဲ့သည့် အငွေ့အသက်များကို ယှဉ်နိုင်စွမ်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ ကမ္ဘာကြီးတစ်ခုလုံးထဲရှိ စိတ်ဆန္ဒများအားလုံးကို သူ၏ ခန္ဓာကိုယ်ပေါ်၌ စုစည်းလိုက်သကဲ့သို့ပင်။

ထိုခံစားချက်ကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းသောကြောင့် သူမသည် အံ့ဩတုန်လှုပ်နေရ၏။ သူမသည် စကြဝဠာကြီး၏ အလယ်ဗဟိုအား မြင်လိုက်ရသကဲ့သို့ပင်။

" အတွေးလွန်နေလို့ မဖြစ်ဘူး။ အတွေးလွန်နေလို့ မဖြစ်ဘူး... " ရှုယင်လင်းမှာ တတွတ်တွတ် ရေရွတ်ကာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီလာတော့သည်။ ထိုအချိန်တွင်...

ဝမ်ပေါင်လဲ့မှာ ပြန်လည်နိုးထလာ၏။

သူသည် စကြဝဠာကြီးတစ်ခုလုံး ကြေမွပျက်စီးသွားပြီး ဟင်းလင်းပြင်ကြီး မှုန်ဝါးဝါးဖြစ်နေသည့်အလား ခံစားနေရ၏။ အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိပါသော်လည်း နောက်ဆုံးတွင် သူသည် သတိပြန်ရလာပြီး မျက်လုံးများ ပြန်ပွင့်လာတော့သည်။

သူ၏ မျက်ဝန်းများမှာ ရီဝေဝေဖြစ်နေ၏။ ထို့ကြောင့် သူသည် သူ၏ ရှေ့တွင် ရှိနေသည့် မြူခိုးများကို မမြင်နိုင်သလို ရှုယင်လင်းတစ်ယောက် မျက်နှာအမူအရာ ပျက်နေသည်ကိုလည်း မြင်နိုင်စွမ်းမရှိပေ။ သူသည် စွန်းသဲ့ဟုခေါ်သော ပုံပြင်ဆရာတစ်ယောက်၏ ဘဝနှင့် မျက်စိတစ်ဆုံး ပြည့်နှက်နေသော အမှောင်ထုကြီးကိုသာ မြင်နေရသည်။

သူသည် စွန်းသဲ့၏ ရှုထောင့်မှနေ၍ မြင်နေရခြင်းမဟုတ်ဘဲ သူ့အား တစ်ဘဝလုံး အဖော်ပြုပေးခဲ့သည့် သူ၏ လက်ထဲရှိ အနက်ရောင် သစ်သားပျဉ်ပြားလေး၏ ရှုထောင့်မှတစ်ဆင့် မြင်နေရခြင်းသာဖြစ်သည်။ သူသည် သူ့အား ဆုပ်ကိုင်ထားသည့် လက်ကြီးနှင့် သူ့ကိုယ်သူ ကျေနပ်နေသည့် စွန်းသဲ့၏ မျက်နှာအမူအရာအား မြင်နေရသလို စွန်းသဲ့တစ်ယောက် သူ့အား မြှောက်ကာ စားပွဲနှင့် ရိုက်လိုက်သည့်အချိန်တိုင်း ထွက်ပေါ်လာတတ်သည့် ကြည်လင်ပြတ်သားသော အသံကိုလည်း ကြားနေရသည်။

ထိုအသံမှာ လော့နှင့်ဂူ ပုံပြင်ထဲ၌ အစမှအဆုံးအထိ ရှိနေခဲ့သည်မဟုတ်ပါလော။

တစ်ချိန်တည်းမှာပင် သူသည် မိုးထဲလေထဲ၌ လဲလျောင်းနေသည့် ခြေထောက်နှစ်ဖက် ကျိုးနေသော စွန်းသဲ့ကိုလည်း မြင်လိုက်ရသေးသည်။ ထို့အပြင် သူသည် သူ၏ မျက်နှာပေါ်မှ စီးကျလာသော မျက်ရည်များကို မြင်နေရသလို သူ၏ နှုတ်မှ ထွက်ပေါ်လာသည့် ပူဆွေးသောကရောက်နေသော ငိုကြွေးသံများကိုလည်း ကြားနေရသည်။

ထို့အပြင် သူသည် အရူးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည့် စွန်းသဲ့နှင့် သူ၏ရှေ့၌ ပေါ်ပေါက်လာသည် သားအဖနှစ်ယောက်ကိုလည်း မြင်လိုက်ရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်စစီကြေမွသွားချိန်တွင် ဂူ၏ ဝိညာဉ်အကြွင်းအကျန် နောက်ဆုံးအကြိမ်အဖြစ် လွင့်ပါးပျောက်ကွယ်သွားသည်ကိုလည်း မြင်လိုက်ရသည်။

စွန်းသဲ့ ပျောက်ကွယ်သွားသည်နှင့် တစ်စစီ ကြေမွပျက်စီးသွားခဲ့သည့် သူ၏ ခန္ဓာကိုယ်မှာလည်း အမွေအနှစ်တစ်ခုအား လက်ခံရရှိလိုက်သကဲ့သို့ပင်...

ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်၏။ သူ၏ မျက်ဝန်းများမှာ တဖြည်းဖြည်းနှင့် ပြန်လည် ကြည်လင်ပြတ်သား လာပြီ ဖြစ်သည်။

" ငါရလိုက်တဲ့ အမွေအနှစ်က ဂူရဲ့ လက်မခံချင်စိတ်နဲ့ နောင်တတွေပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ထိုအခါမှသာ သူသည် သူ၏ ဒဿမအတိတ်ဘဝမှာ ပုံပြင်ဆရာ စွန်းသဲ့၏ ဘဝ မဟုတ်ဘဲ သူ၏ လက်ထဲမှ အနက်ရောင်သစ်သားပျဉ်ပြားလေး ဖြစ်နေကြောင်း သိလိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင် သူသည် ဤကမ္ဘာကြီးမှာ ကျောက်ပြားတစ်ချပ်ထက် မပိုကြောင်း နားလည်သွား၏။

သူ ရောက်နေသည့် အဆုံးမဲ့တာအိုနယ်မြေဆိုသည့် နယ်မြေကြီးမှာလည်း အစစ်မဟုတ်ပေ။

သူသည် ထိုအချက်များကို သိလိုက်ရသည့်တိုင်အောင် နှလုံးသားထဲ၌ မေးခွန်းအသစ်များ ပေါ်ပေါက်လာဆဲပင်။ အဆုံးမဲ့တာအိုနယ်မြေအစစ်မှာ မည်သည့်နေရာတွင် ရှိနေပါသနည်း။ သူနှင့် သူ၏ အတိတ်ဘဝများထဲမှ ဝမ်ရီရီ၏ ကြားရှိ ပတ်သက်မှုများမှာ လက်ရှိဘဝနှင့် ဆက်နွှယ်နေသည်လော။

ထို့အပြင်... သွေးနီရောင်ကင်းခြေများကြီးမှာ မည်သည့်အရာကို ကိုယ်စားပြုနေပါသနည်း...

သူ၏ အနာဂတ်တွင်လည်း မည်သည့်အရာများနှင့် ဆက်၍ ကြုံတွေ့ရဦးမည်နည်း...

ထိုမေးခွန်းများကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရ၏။ သူ၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ရှုပ်ထွေးနေပြီဖြစ်သည်။ တစ်ဖက်တွင် သူသည် ဤကမ္ဘာကြီးအကြောင်း နားလည်သွားပြီဖြစ်သလို အခြားတစ်ဖက်တွင်လည်း သူ၏ အတိတ်ဘဝမှာ ထူးဆန်းလွန်းနေသည် မဟုတ်ပါလော။

" အနက်ရောင် သစ်သားပျဉ်ပြားလေးတဲ့လား... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် သူ့ကိုယ်သူ ပြက်ရယ်ပြုလိုက်၏။ သူသည် သူ့ကိုယ်သူ ထင်မှတ်ထားခဲ့သလို မောင်ကံကောင်းလေး ဖြစ်မနေဘဲ တိုက်ဆိုင်မှုအမျိုးမျိုးကြောင့်သာ ဤကမ္ဘာကြီးထဲ၌ ဖွားမြင်လာခဲ့ခြင်းဖြစ်ကြောင်း ခံစားလိုက်ရသည်။

" အဲတော့ရော ဘာဖြစ်လဲ " အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ဝင်းလက်တောက်ပသွား၏။ သူသည် သူ၏ အတိတ်ဘဝအကြောင်း ဂရုစိုက်နေမည်မဟုတ်ပေ။ ယခုဘဝတွင်... သူသည် ဝမ်ပေါင်လဲ့ ဖြစ်နေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထိုအချိန်တွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် သူ၏ စိတ်ဆန္ဒမှာ တစ်သားတည်း ထပ်တူကျသွားသည့် အလားပင်။ ထိုသို့ဖြင့် သူ သူ၏ အတိတ်ဘဝထဲမှ ရရှိခဲ့သည့် အတွေ့အကြုံများကြောင့် သူ၏ ခန္ဓာကိုယ်ထဲ၌ ထစ်ချုန်းသံများ ပြည့်နှက်သွားတော့သည်။

သို့သော် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် သူ၏ အတွေးထဲ၌ မေးခွန်းတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။

" တစ်ခုခုတော့ လွဲနေပြီ "

" ငါ စွန်းသဲ့ရဲ့ လက်ထဲ ရောက်သွားခဲ့တဲ့အချိန်ကို ဘာလို့ မမှတ်မိရတာလဲ “

All Chapters