← Chapters

အရည်အချင်းစမ်းသပ်ပွဲ ပြီးဆုံးခြင်း

Vol. 79 Ch. 1088

အရည်အချင်းစမ်းသပ်ပွဲ ပြီးဆုံးခြင်း

Vol. 79 Ch. 1088

ဝမ်ပေါင်လဲ့မှာ အမူအရာများ ပြောင်းလဲသွား၏။ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့် သူ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းများမှာလည်း ပို၍ စူးရှထက်မြက်လာသည့်ပုံပင်။ သို့သော် သူ သူ၏ ဒဿမဘဝအကြောင်း မည်မျှပင် ပြန်လည် စဉ်းစားတွေးတောကြည့်စေကာမူ စွန်းသဲ့နှင့် ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့ရသည့် ဖြစ်ရပ်အား မှတ်မိနိုင်စွမ်းမရှိပေ။

သို့ဖြစ်ရာ သူသည် သူ၏ အတိတ်ဘဝထဲသို့ ရောက်သွားခဲ့စဉ်ကတည်းက စွန်းသဲ့၏ လက်ထဲ၌ ပေါ်ပေါက်လာခဲ့သည့်အလားပင်။

ဝမ်ပေါင်လဲ့၏ အမြင်တွင် ဖြစ်နိုင်ခြေနှစ်ခု ရှိပေသည်။ တစ်ခုမှာ သူသည် ထိုဘဝထဲ၌ တမူထူးခြားနေခြင်း မရှိသောကြောင့် အဆောင်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ရန် လိုအပ်သည့် ဝိညာဉ်အလင်းရောင်များ မပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် သူသည် အသိစိတ် မရှိခဲ့သဖြင့် မည်သည့်အရာကိုမှ မမှတ်မိခြင်း ဖြစ်သည်။

သို့သော် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသေးသည်...

" စွန်းသဲ့နဲ့ငါ ဒါမှမဟုတ် ပိုပြီးတော့ တိတိကျကျပြောရရင် ဂူရဲ့ ဝိညာဉ်အကြွင်းအကျန်နဲ့ ငါ့ရဲ့ကြားမှာ ရှိတဲ့ ကံကြမ္မာစွမ်းအားက ပိုပြီးတော့ အားကောင်းနေတာများလား။ အဲတာမလို့ စွန်းသဲ့ ပျောက်ကွယ်သွားပြီးတော့... ငါတစ်ယောက်ပဲ သူ့ရဲ့ စိတ်ဆန္ဒကို အမွေရခဲ့တာလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားရ၏။ သူသည် အဖြေကို အတိအကျ မသိသေးပါသော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အဆက်မပြတ် တိုးတက်လာနေသောကြောင့် အာရုံထွေပြားနေ၍ မဖြစ်ပေ။

တစ်အောင်ခန့်အကြာတွင် သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများမှာ ထစ်ချုန်းသံများနှင့်အတူ တိုးတက်လာ၏။ ထိုသို့ဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဂြိုဟ်ထိပ်ဆုံးအဆင့်သို့ ချက်ခြင်းရောက်ရှိသွားတော့သည်။

သူသည် ထာဝရကြယ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ့ဘက်မှ လုံလုံလောက်လောက် ပြင်ဆင်ပြီးသည်နှင့် ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်အဆင့်သို့ တက်လှမ်းကာ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။

အဆုံးမဲ့တာအိုနယ်မြေတစ်ခုစလုံးထဲတွင် ဂြိုဟ်အဆင့် ကျင့်ကြံသူများမှာ အစွမ်းထက်ပါသော်လည်း ထာဝရကြယ်အဆင့် ကျင့်ကြံသူများကိုသာ အစွမ်းထက်ပုဂ္ဂိုလ်ကြီးများအဖြစ် သတ်မှတ်၍ရပေသည်။ လူမှုအဖွဲ့အစည်းအများစုထဲတွင်ဆိုလျှင် ခေါင်းဆောင်ကြီးများသာလျှင် ထာဝရကြယ်အဆင့်တွင် ရှိကြ၏။ သို့ဖြစ်ရာ ထိုအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူများမှာ လူမှုအဖွဲ့အစည်း တစ်ခုကိုပင် တည်ထောင်နိုင်လောက်အောင် အစွမ်းထက်ကြပေသည်။

ယခင်တုန်းက ဝမ်ပေါင်လဲ့အား အန္တရာယ်ပြုခဲ့သည့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာဆိုလျှင် ကမ္ဘာဂြိုဟ် လူမှုအဖွဲ့အစည်းရှိနေသည့် နယ်မြေထဲ၌ နံပါတ်တစ်ဂိုဏ်း ဖြစ်နေသည့်တိုင်အောင် ထာဝရကြယ်အဆင့် ကျင့်ကြံသူသုံးယောက်သာ ပိုင်ဆိုင်ထားခဲ့သည်မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ တာအိုဂြိုဟ်အား ပိုင်ဆိုင်ထားသည့်အပြင် စည်းမျဉ်းဥပဒေသကြီးကိုးခုနှင့် လုံးဝနီးပါး ထပ်တူကျနိုင်စွမ်း ရှိနေသည်ဖြစ်ရာ ထာဝရကြယ်အဆင့်သို့ တက်လှမ်းနိုင်သည်နှင့် အခြား ဝါရင့် ထာဝရကြယ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။

ထိုမျှသာမက သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်မှာလည်း ထိုအခိုက်အတန့်တွင် စတင် အသက်ဝင်လာပြီး ဒုတိယအဆင့်မှ တတိယအဆင့်သို့ ချက်ချင်း ဖောက်ထွက်သွား၏။ ထို့အပြင် ၎င်းမှာ တတိယအဆင့်၏ ထိပ်ဆုံးအထိ ရောက်ရှိသွားသည်ဖြစ်ရာ စတုတ္ထအဆင့်သို့ ဖောက်ထွက်နိုင်ရန်ပင် သိပ်မလိုတော့ပေ။

ထိုပညာရပ်၏ တတိယအဆင့်မှာ အင်မော်တယ်ဂြိုဟ်များအား ချုပ်နှောင်နိုင်စွမ်း ရှိပေသည်။ အင်မော်တယ်ဂြိုဟ် ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် နတ်နွားကြီး၏ ပုံရိပ်မှာမူ ကမ္ဘာကြီးတစ်ခုလုံးကိုပင် တုန်ရီသွားစေနိုင်လောက်အောင် အစွမ်းထက်နေလောက်ပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ဤ အရည်အချင်း စမ်းသပ်ပွဲထဲမှ အကျိုးကျေးဇူး အမြောက်အမြား ရရှိခဲ့သည်ဖြစ်ရာ တတိယအဆင့်မှာ သူနှင့် သင့်တော်မှုမရှိတော့ပေ။ သို့ဖြစ်ရာ သူသည် သိပ်မကြာခင်တွင် ထိုအဆင့်ထဲမှ ဖောက်ထွက်၍ စတုတ္ထအဆင့်၏ စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိသွားတော့မည်ဖြစ်သည်။

ထိုပညာရပ်သာ စတုတ္ထအဆင့်သို့ ရောက်သွားပါက သူသည်လည်း ထာဝရကြယ်အဆင့်တွင် ရှိနေလောက်ပြီဖြစ်သည်။ ပုံမှန်အတိုင်းသာဆိုလျှင် ထိုပညာရပ်မှာ အထူးဂြိုဟ်များကို ချုပ်နှောင်နိုင်စွမ်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်၏ အကူအညီများနှင့် သာဆိုပါက မည်သည့်အရာကိုမှ တပ်အပ် သတ်မှတ်၍မရနိုင်ပေ။

ထို့ကြောင့်လည်း မီးတောက်ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့အား ကြယ်အချုပ်အနှောင်ပညာရပ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဝမ်ပေါင်လဲ့သာ အထူးဂြိုဟ် ထောင်ပေါင်းများစွာကို ချုပ်နှောင်၍ ၎င်းတို့အား နတ်နွားကြီး၏ ပုံရိပ်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေမည်ဆိုပါက သူကိုယ်တိုင်ပင်လျှင် ၎င်း၏ စွမ်းအားများကို ခန့်မှန်းနိုင်တော့မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ သူ၏ တာအိုဂြိုဟ်၏ အကူအညီများနှင့်ဆိုလျှင် အထူးဂြိုဟ်များကို ချုပ်နှောင်နိုင်စွမ်း ရှိနေမည်ဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။ ထို့အပြင် သူသည် သူ၏ တာအိုဂြိုဟ်အတွက် အစီအစဉ်တစ်ခု ရေးဆွဲထားပြီးသားလည်း ဖြစ်သည်။ ၎င်းမှာ အထူးဂြိုဟ် အမြောက်အမြားကို အသုံးပြုကာ သူ၏ တာအိုဂြိုဟ်အား... ဂြိုဟ်အဆင့်မှ ထာဝရကြယ်အဆင့်သို့ အဆင့်မြှင့်တင်ရန်ဖြစ်သည်။

ထိုသို့သာဆိုပါက ၎င်းမှာ ထာဝရတာအိုကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

တာအိုဂြိုဟ်များမှာ အလွန်အင်မတန်မှ ရှားပါးလွန်းသောကြောင့် သမိုင်းတစ်လျှောက်လုံးတွင် အဆုံးမဲ့တာအိုမျိုးနွယ်စုအား တည်ထောင်ခဲ့သည့် ခေါင်းဆောင်ကြီးမှလွဲ၍ အခြားမည်သူကမှ ထိုကဲ့သို့ ပြောင်းလဲနိုင်စွမ်းမရှိခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ ယခင်တုန်းကတည်းက ထိုကဲ့သို့ ပြောင်းလဲနိုင်ရန် စိတ်ကူးထားခဲ့ဖူးပါသော်လည်း သူ့ကိုယ်သူ ယုံကြည်မှုအပြည့်မရှိခဲ့ပေ။ သို့သော် ယခုတွင်မူ... သူသည် သူ၏ အတိတ်ဘဝများကို နားလည်သွားပြီဖြစ်ရာ ထိုကဲ့သို့ ပြောင်းလဲနိုင်စွမ်း ရှိနေလိမ့်မည်ဟု ရုတ်တရက်ဆိုသလို ခံစားလိုက်ရ၏။

သူသည် ကြယ်သုသာန်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ သို့ဖြစ်ရာ အထူးဂြိုဟ် ထောင်ပေါင်းများစွာအား စုဆောင်းနိုင်ရန်မှာ သူ့အတွက် အထူးတလည် ခဲယဉ်းနေမည်မဟုတ်ပေ။

ထိုအတွေးများကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ဝင်းလက်တောက်ပလာရ၏။ သူသည် သူ၏ ဒဿမ အတိတ်ဘဝထဲ၌ စွန်းသဲ့နှင့် မည်သို့မည်ဖုံ ဆုံတွေ့ခဲ့မှန်း နားမလည်သေးသလို ဤကမ္ဘာကြီး၏ အမှန်တရားအား လေ့လာသိရှိခဲ့ရပြီးနောက် နှလုံးသားထဲ၌ မေးခွန်းအသစ်များ ပေါ်ပေါက်လာခဲ့ရသည့်တိုင်အောင် ပြောင်းလဲမသွားသည့် အချက်တစ်ချက် ရှိနေဆဲပင်။

" အစွမ်းထက်လာအောင် အမြဲတမ်းကြိုးစားနေမှ ဒီကမ္ဘာကြီးထဲမှာ ရပ်တည်နိုင်မှာ။ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို တွေးပူနေလို့ ဘာထူးမှာလဲ။ အတိတ်မှာ ဖြစ်ခဲ့တဲ့ အရာတွေကို ဂရုစိုက်နေတော့ရော ဘာထူးမှာလဲ။ ငါ့ရဲ့ လက်ရှိဘဝကြီး စိတ်လှုပ်ရှားစရာကောင်းနေရင်ရပြီ။ ငါ့ဆီမှာ နောက်ဘဝတစ်ခု ထပ်ပြီးတော့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါကတော့ ဂရုစိုက်နေမှာမဟုတ်ဘူး "

ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ထိုသို့ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွား၏။ ကြယ်အချုပ်အနှောင်ပညာရပ်အား လေ့ကျင့်ရာမှ ပေါ်ပေါက်လာသည့် အားကောင်းသော အငွေ့အသက်မှာ သူ၏ နှလုံးသားထဲ၌ ပေါက်ကွဲထွက်ပေါ်လာခြင်းဖြစ်သည်။

" ဒီကမ္ဘာကြီးက အတုအယောင်တစ်ခု ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ဒီ စကြဝဠာကြီးက ကျောက်ပြားတစ်ပြား ဖြစ်နေတော့ရော ဘာဖြစ်လဲ "

" ငါက အဆောင်ဝိညာဉ်၊ သမင်ဖြူလေး၊ မကျေနပ်ချက်တွေရဲ့ မူလဇာစ်မြစ်၊ နတ်ဆိုးဓား၊ ဖုတ်ကောင်တစ်ကောင်နဲ့ နတ်ဘုရားမျိုးနွယ်စုဝင်တစ်ယောက်ဆိုလည်း ဟုတ်သလို.... ဝမ်ပေါင်လဲ့ဆိုရင်လည်း ဟုတ်တယ် "

သူ၏ အတွေးများမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးနှင့်အတူ ထပ်တူကျသွားသည့်ပုံပင်။ ထိုအခိုက်အတန့်တွင် ကံကြမ္မာဂြိုဟ်ပေါ်၌ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားပြီး ပြင်ပကမ္ဘာကြီးထဲရှိ စကြဝဠာကြီးထဲတွင်ပင် ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။

ထို့ကြောင့် ကံကြမ္မာဂြိုဟ်ပေါ်မှ ကျင့်ကြံသူအမြောက်အမြားမှာ အံ့သြတုန်လှုပ်သွားကြ၏။ မည်သည့်အကြောင်းကြောင့်မှန်း မသိပါသော်လည်း မီးတောင်အထက်ရှိ ကျွန်းပေါ်တွင်ထိုင်နေသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာသည်။ သူ၏ မျက်နှာပေါ်တွင် ကျေနပ်အားရနေသည့် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသလို တစ်ချိန်တည်းမှာပင် သူ၏ မျက်ဝန်းများထဲတွင်လည်း အံ့အားသင့်နေသည့် အရိပ်အယောင်များ ပြည့်နှက်သွားသည်ကို မြင်နိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာမူ ပြင်ပကမ္ဘာကြီးထဲ၌ ဖြစ်ပျက်နေသည့်အရာများကို သိရှိထားခြင်းမရှိပေ။ သူသည် ယခင်တုန်းကထက် ပို၍ ပြတ်သားကာ စိတ်နှလုံး ပို၍ ကြည်လင်လာပြီး သူ၏ အငွေ့အသက်များ ပို၍ အားကောင်းလာသည်ကိုသာ အာရုံခံမိနေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ကြယ်အချုပ်အနှောင်ပညာရပ် အဆင့်တက်သွားခဲ့ပြီးနောက် နောက်ထပ် နတ်ဘုရားပညာရပ်တစ်ခုမှာလည်း စတင်တိုးတက်လာတော့သည်။

၎င်းမှာ မီးတောက်ခေါင်းဆောင်ကြီး၏ အဓိက နတ်ဘုရားပညာရပ် ဖြစ်သည့် ကျိန်စာပညာရပ်တစ်ခုဖြစ်သော မီးတောက်ကျိန်စာ ဖြစ်ပေသည်။

ယခင်တုန်းက ဝမ်ပေါင်လဲ့မှာ မီးတောက်ကျိန်စာအား အသုံးပြုရာ၌ အနည်းငယ်မျှသာ အောင်မြင်မှု ရခဲ့၏။ သူသည် ၎င်းအား အသုံးပြုနိုင်ခဲ့ပါသော်လည်း သူ၏ အသက်စွမ်းအားမှာ လုံလောက်မှုမရှိသောကြောင့် သူ့ကိုယ်သူ ချုပ်တည်းထားခဲ့ရသည်။ သို့သော် ယခုတွင်မူ သူ၏ အတိတ်ဘဝ ဆယ်ခုထဲမှ ရရှိခဲ့သည့် အတွေ့အကြုံများကြောင့် ထိုအားနည်းချက်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် အသက်စွမ်းအားများနှင့် မှတ်ဉာဏ်များကို အလုံအလောက် ပိုင်ဆိုင်ထားပြီဖြစ်ရာ မီးတောက်ကျိန်စာကိုလည်း နောက်ထပ်တစ်ဆင့်မြှင့်တင်နိုင်စွမ်း ရှိသွားတော့မည်ဖြစ်သည်။

၎င်းမှာ အသေးစားအောင်မြင်မှုတစ်ခုသာ ဖြစ်ပါသော်လည်း မီးတောက်ခေါင်းဆောင်ကြီး ကိုယ်တိုင်ပင်လျှင် မီးတောက်ကျိန်စာအား အသုံးပြုရာ၌ အောင်မြင်မှုအများကြီး မရခဲ့ပေ။ ထို့အပြင် သူသည် အသုံးပြုသည့်အချိန်တိုင်း အသက်စွမ်းအား အကုန်လုံး ထုတ်သုံးရသည်သာဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိနေသည့် ရန်သူများနှင့် ရင်ဆိုင်ရပါက ကြောက်မက်ဖွယ်ရာ ဝှက်ဖဲတစ်ချပ် ပိုင်ဆိုင်ထားသလို ဖြစ်နေမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ထိုပညာရပ်မှာ ရန်သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် မိမိ၏ ကျင့်ကြံခြင်းအဆင့်များကို ထည့်မတွက်သောကြောင့်ပင်။

အကယ်၍ လိုအပ်သည့် အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိပါက သာမန်လူသားများပင်လျှင် နတ်ဝိဇ္ဇာများနှင့် နတ်ဘုရားများကို ကျိန်စာတိုက်နိုင်စွမ်းရှိပေသည်။

ထိုကဲ့သို့ ပေးဆပ်ရသည့် အဖိုးအခမှာ အသက်စွမ်းအားနဲ့ မကျေနပ်ချက်များ ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ မကျေနပ်ချက်များ အလုံအလောက် ပိုင်ဆိုင်ထားခြင်းမရှိသေးပါသော်လည်း အသက်စွမ်းအားများ အလုံအလောက် ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

ထို့ကြောင့်လည်း ထို နတ်ဘုရားပညာရပ်မှာ အလွန်အင်မတန်မှ အစွမ်းထက်ပြီး ကြောက်စရာကောင်းနေခြင်းဖြစ်၏။ တစ်ချိန်တည်းမှာပင် ၎င်းမှာ မီးတောက်ခေါင်းဆောင်ကြီး နာမည်ကျော်ကြားရသည့် အဓိက အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ လက်ရှိ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ ထာဝရကြယ်အဆင့်တွင် ရှိနေပြီဟု ဆိုနိုင်ပေသည်။ သာမန် အစောပိုင်း ထာဝရကြယ်အဆင့် ကျင့်ကြံသူများပင်လျှင် သူ့အား ယှဉ်နိုင်တော့မည်မဟုတ်ပေ။ ထိုကဲ့သို့သော ဂြိုဟ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူမျိုးမှာ အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံး၏ သမိုင်းတစ်လျှောက်လုံးတွင် သူ တစ်ယောက်တည်း ရှိခဲ့ဖူးခြင်း မဟုတ်ပါသော်လည်း အလွန်အင်မတန်မှ ရှားပေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ စွမ်းအားများကြောင့် အံ့အားသင့်နေခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ အတိတ်ဘဝများထဲ၌ စိတ်လှုပ်ရှားစရာကောင်းသည့် ဘဝများနှင့် ကြုံတွေ့ခဲ့ရသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ လက်ရှိဘဝကြီး ၎င်းတို့ထက် ပို၍ စိတ်လှုပ်ရှားစရာကောင်းနေခြင်းမှာ သူ့အတွက် ရေကြီးခွင်ကျယ်မဟုတ်ပေ "

" ဝမ်ရီရီရဲ့အဖေ ပြောခဲ့တဲ့ပုံပြင်ထဲမှာ။ နတ်ဆိုးက သံသရာကို စွဲလမ်းနေခဲ့တာ။ သူ့ရဲ့စွဲလမ်းမှုကြောင့် သူက သေရွာကနေ အသက်ပြန်ရှင်လာနိုင်ခဲ့တဲ့ အထိပဲ။ အဲဒါကြောင့်မလို့ ငါလည်း... အညတရအဆင့်ကနေ နာမည်တစ်ခုရလာတဲ့ အဆင့်အထိရောက်အောင် လျှောက်လှမ်းနိုင်ရမယ် "

" ငါ သေချာပေါက် အောင်မြင်မှာပါ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ အရောင်တလက်လက် တောက်ပလာပြီး တင်ပျဥ်ခွေထိုင်နေရာမှ ရုတ်တရက် မတ်တတ်ထလာ၏။ သူ ထိုသို့ ထလာသည်နှင့် ဒဿမနေ့၏ နှစ်ဆယ့်လေးနာရီမှာလည်း ပြီးဆုံးသွားတော့သည်။

ထိုအခါ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများမှာ အရှိန်အဟုန်ပြင်းစွာ လည်ပတ်လာ၏။ ထို့နောက် အသက်ရှူကြိမ် ခုနစ်ကြိမ် ရှစ်ကြိမ်အတွင်းတွင် ထို မြူခိုးများအားလုံးမှာ ပျောက်ကွယ်သွားပြီး ဘူးသီးခြောက်တစ်လုံးထဲသို့ ပြန်ဝင်သွားတော့သည်။ ယခုတွင် ထို ဘူးသီးခြောက်မှာ ကောင်းကင်ဘုံဓမ္မဧကရာဇ်ကြီး၏ လက်ထဲ၌ ရှိနေ၏။

မြူခိုးများ ပျောက်ကွယ်သွားသည်နှင့် အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ နယ်မြေကြီးတစ်ခုလုံးမှာလည်း တဖြည်းဖြည်းနှင့် အရွယ်အစားသေးငယ်လာ၏။ နောက်ဆုံးတွင် အရာအားလုံး ပျောက်ကွယ်သွားပြီး ဧရာမ သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် ပြန်လည် ပေါ်ပေါက်လာတော့သည်။ လူအုပ်ကြီးမှာ အပေါ်သို့ မော့ကြည့်နေကြပြီး သူတို့၏ အောက်တွင်ရှိနေသည့် မီးတောင်ကြီးထဲမှ ဆူညံသံမျိုးစုံ ထွက်ပေါ်နေ၏။ တောင်ထိပ်တွင် ရစ်ဝဲနေသည့် ကျွန်းကြီးပေါ်ရှိ ပုံရိပ်ရှစ်ဆယ့်ကိုးခုမှာလည်း အပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ထိုအခါ သူတို့၏ သက်ဆိုင်ရာ ဒဿမဘဝအသီးသီးအား နားလည်အောင် လုပ်နိုင်ခဲ့သည့် ဝမ်ပေါင်လဲ့နှင့် အခြား ပါရမီရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာကြ၏။

" အရည်အချင်းစမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တာအိုရောင်းရင်း ငါးယောက်ကို ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး ထိုင်ကြပါ။ မွေးနေ့ပွဲကို တရားဝင် စတင်ပါတော့မယ် " သူတို့ ပေါ်ပေါက်လာသည်နှင့် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ဘေးတွင်ရှိနေသော အစေခံအိုကြီးမှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားပြီး ဝမ်ပေါင်လဲ့နှင့် အခြားပါရမီရှင်များအား အသိပေးလိုက်သည်။

အရည်အချင်းစမ်းသပ်ပွဲအား ကျော်ဖြတ်နိုင်ခဲ့သည့် လူအရေအတွက်မှာ ဆယ်ယောက်မဟုတ်ဘဲ ငါးယောက်သာ ရှိနေ၏။

All Chapters