တတိယမျက်လုံး ပွင့်လာခြင်း
Vol. 46 Ch. 619
သိကြားဗုဒ္ဓမှာ နားလည်သွားပြီး အပြုံးမဟုတ်သော အပြုံးဖြင့် ပြောလိုက်သည်။ “မနောက်ပါနဲ့ ငါ့ရှင်တို့ရယ်... မဟာမြို့ပျက်က ရက်စက်ကြမ်းကြုတ်တဲ့နေရာပါ... ဒါက ဗုဒ္ဓဘုံ... ဗုဒ္ဓတွေက သူ့အသက် သတ်မှာကို ဘယ်လိုခွင့်ပြုမှာလဲ”
မိစ္ဆာမျောက်ဝံက စိတ်ပျက်သွားသောအမူအရာ ဖြစ်သွားသည်။
မိစ္ဆာမျောက်ဝံကျန်းခုံးသည် ဉာဏ်ပညာကြီးမားသည့်အပြင် ဓမ္မအဆင့်မြင့်မားသော ဗုဒ္ဓသားတော်တစ်ပါးအဖြစ် သတ်မှတ်ခံထားရပါသော်လည်း မဟာမြို့ပျက်မှ သတ္တဝါ ဖြစ်နေသေးသည် မဟုတ်ပါ၏လော။
မဟာမြို့ပျက်၏သတ္တဝါအများစုက ချင်မူ့လို ဖြစ်ကြသည်။ မွေးကတည်းက အရိုင်းဆန်ပြီး ယဉ်ပါးအောင် ထိန်းကျောင်းရခက်သည့်အပြင် လွတ်လွတ်လပ်လပ် နေထိုင်လိုကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရပြီးနောက်တွင်ပင် ချင်မူမှာ အချုပ်အနှောင်ကင်းမဲ့သော နေ့ရက်များအား လွမ်းမိနေသေးသည်ဖြစ်ရာ မိစ္ဆာမျောက်ဝံလည်း မလွမ်းမိဘဲ ရှိပါမည်လော။
သိကြားဗုဒ္ဓက မျက်တောင်ပုတ်ခတ်၍ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “သတ်လို့ မရဘူးဆိုပေမယ့် တစ်ယောက်ယောက်က ကိုယ့်ကို သတ်ဖို့ ကြိုးစားလို့ ပြန်သတ်ရတာမျိုးဆိုရင် ခွင့်လွှတ်ပေးလို့ ရပါတယ်... တစ်ယောက်ယောက် ငါ့ရှင်တို့ကို ထိပါးရင် ငါ့ရှင်တို့ဘက်က ရပ်တည်ပေးမယ့်သူ ရှိပါသေးတယ်”
ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း စပ်စုလိုက်၏။ “အဲဒီသူက ဘယ်သူလဲမသိဘူး”
သိကြားဗုဒ္ဓ၏ ဦးခေါင်းနောက်ရှိ ဗုဒ္ဓရောင်ခြည်တန်းများ မှိန်ကျသွားသည်။ သူက မျက်တောင်ပုတ်ခတ်ကာ ပြောလေသည်။ “ဒကာတို့ကို ထောက်ခံပေးမယ့်သူ ရှိပါလိမ့်မယ်... မကြောက်နဲ့... ကိုယ်တော်လည်း ဗြဟ္မဗုဒ္ဓရဲ့ ကျင့်စဉ်ကို မြင်ချင်တယ်... ဒါက ရှားတဲ့အခွင့်အရေးတစ်ခုမဟုတ်လား... ကိုယ်တော် ဗုဒ္ဓသားတော်တွေနဲ့အတူ ရောလိုက်ခဲ့ရင် ဗြဟ္မဗုဒ္ဓကို ဖူးရလောက်တယ်... တပည့်တစ်ယောက်မှလည်း လက်ခံမထားတော့ ကိုယ်တော်ကိုယ်တိုင်ပဲ သွားရမှာ”
သိကြားဗုဒ္ဓသည် အဝါရောင်သင်္ကန်းအရှည်ကို ဝတ်ဆင်ထား၍ သင်္ကန်းက မြေကြီးနှင့် အနည်းငယ်တိုက်နေသည်။ သူက ခြေဗလာဖြင့် သွားရသည်ကို ကြိုက်ပုံရပြီး ဗုဒ္ဓရောင်ခြည်တန်းများအား ရုပ်သိမ်းလိုက်သည့်အခါ ဗုဒ္ဓသားတော်တစ်ပါးသဖွယ် ထင်ရ၏။ သူ့ရုပ်သွင်မှာ ဗုဒ္ဓဘုံတွင် ဗြဟ္မဗုဒ္ဓအောက် တစ်ဆင့်သာ နိမ့်ကျသော ဗုဒ္ဓတစ်ပါးနှင့် မတူပေ။
“အရှင်ဗုဒ္ဓကတောင် ဝင်ပြိုင်ချင်နေတာလား”
မင်ရှင်းကိုယ်တော်မှာ အံ့အားသင့်သွားပြီး ကြိတ်တွေးလိုက်သည်။ ‘သိကြားဗုဒ္ဓ ဝင်ပြိုင်ရင် ဘယ်သူက နိုင်တော့မှာလဲ’
ချင်မူက သိကြားဗုဒ္ဓဆီသို့ မယုံသင်္ကာကြည့်ကာ သူ့ဘာသာသူ တွေးလိုက်၏။ ‘ဒီလိုဉာဏ်များတဲ့ ဗုဒ္ဓမျိုး ပထမဆုံး မြင်ဖူးတာပဲ... သူ ဘာလို့ဒီလောက် တက်ကြွနေတာပါလိမ့်... သူ့စိတ်က ငါ့လိုပဲ...”
ချင်မူ ခပ်တိုးတိုး မေးလိုက်သည်။ “မင်ရှင်း၊ ဒီဗုဒ္ဓရဲ့ နောက်ကြောင်းက ဘာလဲ”
မင်ရှင်းက ခေါင်းရမ်းပြသည်။ “မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကျမ်းစာတစ်အုပ်လုံးနီးပါး ဖတ်ထားပြီးပေမယ့် ဒီဗုဒ္ဓရဲ့ အကြောင်းများများစားစား မတွေ့ခဲ့ရဘူး”
ချင်မူ မျက်တောင်ပုတ်ခတ်ကာ ပြုံးလျက် ပြောလိုက်၏။ “ဗုဒ္ဓက တပည့်တော်တို့ဘက်က ရပ်တည်ပေးမယ့်သူ ရှိတယ် ပြောခဲ့တယ်... အဲဒီလူက ဗုဒ္ဓများလား”
သိကြားဗုဒ္ဓက မျက်တောင်ပုတ်ခတ်လိုက်သည်။ “ကိုယ်တော် မပြောခဲ့ပါဘူး”
ချင်မူ မျက်တောင်ပုတ်ခတ်ကာ ပြောလိုက်သည်။ “ရဟန်းဆိုတာ မလိမ်ရဘူး”
သိကြားဗုဒ္ဓက မျက်တောင်ပုတ်ခတ်၍ ပြော၏။ “ကိုယ်တော်က ရဟန်းမဟုတ်ဘူး ဗုဒ္ဓလေ... ဘာလို့လိမ်ရမှာလဲ”
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်တောင်ပုတ်ခတ်ပြပြီးနောက် အကြည့်လွှဲလိုက်ကြသည်။
မင်ရှင်းကိုယ်တော်မှာ စိတ်ထဲလေးလံနေ၏။ ‘နောင်တော်ကတော့ ဗုဒ္ဓကို စိုက်ကြည့်ရဲတဲ့ သတ္တိ တကယ်ရှိတာပဲ... ပြန်ရောက်မှ တခြားနည်းတွေနဲ့လည်း သေလို့ရကြောင်း သင်ပေးရမယ်...’
“ပင်ပန်း လား” မိစ္ဆာမျောက်ဝံကျန်းခုံးက ချင်မူ့ကို တိုးတိုးမေးသည်။
ချင်မူက ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်လုံးများမှာ မျက်ရည်များကျလုအောင် နာကျင်နေသည့်တိုင် သိကြားဗုဒ္ဓ၏ စိတ်ကို ဖတ်မရခဲ့ပေ။
သိကြားဗုဒ္ဓလည်း သူ့မျက်လုံးများအား ပွတ်နေသည်။ မျက်တောင်ခဏခဏ ပုတ်ခတ်ခဲ့သောကြောင့် မအီမသာ ခံစားနေရခြင်း ဖြစ်လောက်သည်။
ချင်မူမှာ မသင်္ကာဖြစ်နေသေးသည်။ သိကြားဗုဒ္ဓ၏ အပြုအမူများက ဗုဒ္ဓတစ်ပါးနှင့် လားလားမျှ မတူပေ။ သူသည် သိချင်စိတ်ပြင်းပြလွန်းသည့်အပြင် ခံစားချက်များ ပြည့်နေ၏။ သို့တိုင်အောင် ဗြဟ္မဗုဒ္ဓအောက် အနည်းငယ်သာ နိမ့်ကျသော သိကြားဘုံ၏ ဗုဒ္ဓ ဖြစ်နေချေသည်။
သူက ကောင်းကင်နတ်ဘုံသား မဟုတ်လောက်ပေ။ ကောင်းကင်နတ်ဘုံသားဆိုလျှင် သူတို့ကို လှည့်ပင်ကြည့်မည်မဟုတ်။ သိကြားဗုဒ္ဓသည် ချင်မူတို့အပေါ် ကောင်းမွန်စွာ ဆက်ဆံနေသည့်အပြင် တစ်စုံတစ်ယောက်ဆီမှ အကူအညီရလိမ့်မည်ဟုပင် ပြောပြခဲ့၏။
ဤအခိုက်အတန့်တွင် ဟောင်းနွမ်းနေသော ကျောင်းဆောင်ထဲမှ ရဟန်းငယ်တစ်ပါး လမ်းလျှောက်ထွက်လာကာ မေးတော်မူသည်။ “ယမဘုံကနေ ဗြဟ္မဘုံအထိ အနိုင်ယူခဲ့တဲ့ နောင်တော်က ဘယ်သူပါလဲ”
မိစ္ဆာမျောက်ဝံကျန်းခုံးက ခြေလှမ်းကြဲကြဲများဖြင့် လျှောက်သွားပြီး သူ့အသံသည် ဟိန်းထွက်သွား၏။ “ငါ”
ရဟန်းငယ် ခေါင်းမော့ကြည့်လိုက်သည့်အခါ အနက်ရောင်စေတီကြီးသဖွယ် ထွားကြိုင်းလှသော မိစ္ဆာမျောက်ဝံအား မြင်လိုက်သည်။ မိစ္ဆာမျောက်ဝံမှာ အထင်ကြီးလေးစားစရာ ကောင်းလွန်း၍ ရဟန်းငယ်က အလျင်အမြန် ပြောလိုက်၏။ “နောင်တော်၊ ဗုဒ္ဓဘုရားရှင်က စမ်းသပ်မှုကို အောင်မြင်သွားတဲ့အတွက် နောင်တော့်ကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်... ကျေးဇူးပြုပြီး ကြွပါ”
မိစ္ဆာမျောက်ဝံကျန်းခုံးက ချင်မူနှင့် မင်ရှင်းဆီသို့ လှည့်ကြည့်သည်။ ချင်မူ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “သွားနှင့်လိုက်... ငါ မင်းကို လာရှာမယ်”
“အင်း”
မိစ္ဆာမျောက်ဝံက ခြေလှမ်းကြဲကြဲများဖြင့် ရဟန်းငယ်အနောက်မှ လိုက်သွားပြီး ကျောင်းဆောင်အိုထဲ လိုက်ဝင်သွားသည်။
တခဏကြာသော် ရဟန်းငယ်က ကျောင်းဆောင်ထဲမှ ပြန်ထွက်လာကာ ဟိုကြည့်သည်ကြည့် ကြည့်လိုက်ပြီး ကောင်းကင်ဘုံတိုင်းမှ ဗုဒ္ဓသားတော်များ ရောက်လာကြ၍ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူတို့၏ဘေးတွင် ဗြဟ္မဗုဒ္ဓ၏ အဆုံးအမများနှင့် ကျင့်စဉ်များအတွက် ယှဉ်ပြိုင်ရန် ရောက်နေကြသည့် ဗုဒ္ဓများလည်း ရှိနေသည်။
ရဟန်းငယ်မှာ အခက်တွေ့နေသော အမူအရာဖြင့် ပြောသည်။ “ဗုဒ္ဓဘုရားရှင်က အရေအတွက်များလွန်းတာကြောင့် နှစ်ယောက်ပဲ အလွန်ဆုံး လက်ခံနိုင်မယ်လို့ မိန့်လိုက်ပါတယ်... အချင်းချင်း ဆွေးနွေးပြီး ဘယ်သူ့ကို လွှတ်မလဲ ဆုံးဖြတ်တော်မူကြပါ”
သူရဿတီဗုဒ္ဓက အလျင်အမြန် ပြောသည်။ “တရားနာနိုင်ဖို့ ဘယ်လိုစမ်းသပ်မှုမျိုး ကျော်ဖြတ်ရမယ်လို့ ဗုဒ္ဓဘုရားရှင် မိန့်လိုက်သေးသလား”
ရဟန်းငယ် ခေါင်းယမ်းလိုက်၏။ “ဗုဒ္ဓဘုရားရှင်က ဘာမှမမိန့်လိုက်ပါဘူး... နောင်တော်တို့ဘာသာ ဆွေးနွေးဆုံးဖြတ်ပြီး လုပ်ချင်တာ လုပ်ပါတဲ့”
ကောင်းကင်ဘုံအသီးသီးမှ ဗုဒ္ဓများ စုရုံးကာ ဆွေးနွေးကြသည်။
ချင်မူက သူ့အနောက်ရှိ သိကြားဗုဒ္ဓကို ကြည့်ကာ မေးလိုက်၏။ “ဗုဒ္ဓ၊ ဗုဒ္ဓကလည်း မဟာမိုးခြိမ်းသံကျောင်းတော်ကလို့ ပြောခဲ့တယ်နော်... ဗုဒ္ဓဘုံ ရောက်တာ ဘယ်လောက်ကြာပြီလဲ မေးလို့ရမလား”
သိကြားဗုဒ္ဓသည် အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဒကာက ကိုယ်တော့်ကို မလှိမ့်တပတ် လုပ်ပြီး သတင်းနှိုက်နေတာပဲ... ကိုယ်တော် မပြောဘူး.... ဒကာ့နဖူးပေါ်က ရွှေရောင်မိုးမခသစ်ရွက်လေးက ဘာလေးလဲ... အလှကပ်ထားတာလား ... တော်တော်လှတာပဲ”
ချင်မူ ရှင်းပြတော့မည့်အချိန် သိကြားဗုဒ္ဓက နဖူးမှ ရွှေရောင်မိုးမခသစ်ရွက်ကို မပြောမဆိုဖြင့် ခွာလိုက်ပြီးပြီဖြစ်သည်။ ချင်မူ တအံ့တဩ ထခုန်မိပြီး ပြန်လုရန် လက်လှမ်းလိုက်သည်။
သိကြားဗုဒ္မ မည်သို့လှုပ်ရှားလိုက်မှန်း သူ မသိသော်လည်း ဤရွှေရောင်မိုးမခသစ်ရွက်သည် သူ့အတွက် အတိုင်းထက်အလွန် အရေးကြီး၏။ အပျောက်ခံ၍မဖြစ်ပေ။
သိကြားဗုဒ္ဓက အပြုံးတစ်ခုဖြင့် ပြောသည်။ “အိုး အတားအဆီးအစီအရင်ကိုး... ဒကာ့ရဲ့ မျက်လုံးက သိပ်အင်အားကြီးတာပဲ... ဘာလို့ဖုံးထားတာလဲ”
ချင်မူ့မျက်နှာမှာ မည်းမှောင်နေသည်။ “တပည့်တော်မျက်လုံးက အင်အားကြီးလွန်းတော့ တပည့်တော်ရဲ့ ကျင့်စဉ် လှည့်ပတ်လိုက်ရင် ကြောက်စရာတွေ ဖြစ်လာမှာ စိုးလို့ပါ... တပည့်တော်ရဲ့ ရွှေရောင်မိုးမခသစ်ရွက်ကို မြန်မြန်ပြန်ပေးပါဘုရား”
“မပေးဘူး”
သိကြားဗုဒ္ဓက ပြုံးနေသည်။ “ကိုယ်တော် ဒကာ့ရဲ့ အစွမ်းအစတွေကို အပြည့်အဝမြင်ချင်တယ်... ဒီတော့ ကိုယ်တော် ပြန်ပေးလိုက်လို့ ဒကာက မျက်လုံးပြန်ဖုံးထားရင် ပျင်းစရာကောင်းမှာပေါ့... ပြီးတော့ ဒီမိုးမခသစ်ရွက်က ဒကာ့ကို ချုပ်ပေးထားနိုင်တယ်လို့ ဘယ်သူပြောခဲ့တာလဲ... အရင်က စမ်းကြည့်ဖူးလို့လား”
ချင်မူ လှမ်းလုလိုက်သော်လည်း သိကြားဗုဒ္ဓက သူ့ကို လှစ်ခနဲ ရှောင်လိုက်သည်။ ချင်မူမှာ လိုက်လုရင်း ဒေါသတကြီး အော်လိုက်မိတော့သည်။ “တစ်ခုခုဖြစ်လာရင် သိကြားဗုဒ္ဓရဲ့ အပြစ်နော်... တပည့်တော်ကို အပြစ်တင်လို့ကတော့ ဗုဒ္ဓရဲ့ ကတုံးကို ချေး(ချီး)သုတ်ပစ်မယ်”
မင်ရှင်းမှာ တုန်လှုပ်သွားပြီး တုန်ရီနေသောအသံဖြင့် ပြောလေသည်။ “နောင်တော်ချင်၊ သေစရာနည်းလမ်းတွေ အများကြီး ရှိပါတယ်.... မြန်မြန်သေချင်ရင် ကိုယ်တော် သင်ပေးပါ့မယ်”
ချင်မူမှာ မိုးမခသစ်ရွက်ကို ပြန်လုမရ၍ လက်လျှော့လိုက်ရသည်။
သူ ဗုဒ္ဓများဆီသို့ လှမ်းကြည့်လိုက်သည့်အခါ အားလုံး ဆွေးနွေးနေကြဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။ ဗုဒ္ဓသားတော်များက တိတ်ဆိတ်စွာ စောင့်နေကြ၏။ သူ့အကြည့်သည် လှုပ်ခတ်လှုပ်ခတ် ဖြစ်သွားပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “နေရာနှစ်နေရာ ရဖို့ ငါ့မှာ အကြံတစ်ခု ရှိတယ်”
သိကြားဗုဒ္ဓက စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးနှစ်ဖက် ပွတ်ကာ ပြုံးလျက် ပြောလိုက်သည်။ “ကိုယ်တော် သိပြီ... ဗုဒ္ဓတွေ ဆွေးနွေးနေတဲ့အချိန် ကျောင်းဆောင်ထဲ ဝင်ဖို့ ကြံစည်နေတာမလား”
ချင်မူ သူ့ကို ကြည့်ပြီး အိုမင်းနေသော ကျောင်းဆောင်ဆီသို့ အသားကုန် ပြေးလိုက်သော်လည်း နောက်ကျသွားချေပြီ။
သိကြားဗုဒ္ဓက သူ့ထက် ခြေတစ်လှမ်း သာသွားပြီး သူ၏ခန္ဓာကိုယ်သည် ချင်မူ့ထက်အလျင် ကျောင်းဆောင်ထဲသို့ ရောက်သွားသည်။ သူက တံခါးကို စေ့နေအောင် ပိတ်၍ ချင်မူ့ကို အပြင်၌ ထားခဲ့၏။ ထို့နောက် ညစ်ကျယ်ကျယ် ရယ်ကာ ပြောလေသည်။ “ဒကာလေးချင်၊ အကြံပေးလို့ ကျေးဇူးတင်ပါတယ်... ကိုယ်တော် သွားပြီနော်”
ကျောင်းဆောင်ဘေး၌ ထိုင်နေသော ရဟန်းငယ်ဆီမှ ပျင်းရိပျင်းတွဲအသံတစ်သံ ထွက်လာသည်။ “တစ်နေရာပဲ ကျန်တယ်”
မရေမတွက်နိုင်သော ဗုဒ္ဓသားတော်များနှင့် ဗုဒ္ဓများမှာ ချင်မူနှင့် သိကြားဗုဒ္ဓကြောင့် နိုးနိုးကြားကြား ဖြစ်သွားကြသည်။ တစ်နေရာသာ ကျန်တော့ကြောင်း ကြားသည့်အခါ အားလုံး ငြိမ်ငြိမ်မထိုင်နိုင်တော့ကြပေ။
“ဘယ်သူဝင်သွားတာလဲ” ဓမ္မကထိကမိုလွင်၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူက ကပျာကယာ မေးလိုက်သည်။
ကျန်ဗုဒ္ဓများလည်း သူတို့ဆွေးနွေးနေသည့်အချိန် မည်သူ ခိုးကြောင်ခိုးဝှက် ဝင်သွားမှန်း မသိ၍ ကြောင်နေကြသည်။
မင်ရှင်းမှာ ရပ်နေလျက်သာ ရှိပြီး သူ သဘောမပေါက်သေးခင် ချင်မူနှင့် သိကြားဗုဒ္ဓက ပြေးထွက်သွားပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံး ကျောင်းဆောင်တံခါးဝဆီ ရောက်၍ သူ သဘောပေါက်သွားသည့်အခါ ရလဒ်က ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ သိကြားဗုဒ္ဓက ချင်မူ့ကို တံခါးအပြင်၌ ပိတ်ထားခဲ့လေသည်။
‘ဒါက နောင်တော်ချင် ပြောတဲ့ နည်းလမ်းကိုး၊ တကယ် အံ့ဖွယ်အကြံပဲ... ဒါပေမဲ့ ဘာလို့ သိကြားဗုဒ္ဓက နောင်တော်ချင်ကို အပြင်မှ ထားခဲ့တာလဲ... နှစ်ယောက်သား အတူဝင်သွားတာ ပိုမကောင်းဘူးလား’
ချင်မူက ကျောင်းဆောင်အရှေ့၌ ရပ်၍ အော်ဟစ်လိုက်သည်။ “သိကြားဗုဒ္ဓ၊ ခင်ဗျား ဝင်သွားလို့ရတယ်... ဒါပေမဲ့ ရွှေရောင်မိုးမခသစ်ရွက်ကိုတော့ ပြန်ပေးခဲ့... မိုးမခသစ်ရွက်မရှိရင် ကျုပ် စွမ်းအားကို မထိန်းချုပ်နိုင်တော့ဘူး.... ပြဿနာတွေ အကြီးကြီးတက်မှာနော်.... ခင်ဗျား အဲဒီပြဿနာတွေကို ရှင်းနိုင်လား”
“ရှင်းနိုင်တယ်”
ကျောင်းဆောင်ထဲမှ သိကြားဗုဒ္ဓ၏အသံက ဝေး၍ဝေး၍ သွားလေသည်။ “ကိုယ်တော့်ကတုံးကို ချေး(ချီး)နဲ့ စိတ်တိုင်းကျသာ သုတ်”
ချင်မူ ဒေါသတချောင်းချောင်း ထွက်လာပြီး တစ်ခုခုပြောတော့မည့်အချိန် မင်ရှင်း၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။ သူက တုန်ရီနေသောအသံဖြင့် ပြောလေသည်။ “နောင်တော်ချင်၊ တခြားနည်းလမ်းတွေနဲ့ မသေချင်ဘူးလား”
ချင်မူမှာ အသက်ပြင်းပြင်းရှူ၍ ချာခနဲ လှည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ဒေါသက အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားပြီး အပြစ်ကင်းဖြူစင်သော အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ သူက မျက်နှာမသာအယာ ဖြစ်နေသည့် ဗုဒ္ဓသားတော်များဆီသို့ ကြည့်လိုက်၏။ “နောင်တော်တို့၊ ညီတော့်မှာ ဧရာမကြီးမားတဲ့ သရီရဓာတ်လုံးကြီး ရှိတယ်... တစ်ချက်လောက် ကြည့်ချင်လား”
သူက ဓားစက်လုံးတစ်လုံး ထုတ်လိုက်ရာ ဓားစက်လုံးသည် ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွား၏။
ချင်မူ ကျယ်လောင်စွာ ပြောလိုက်သည်။ “နောင်တော်တို့ ကျေးဇူးပြုပြီး ညီတော့်ကို မျက်နှာသာပေးလို့ရမလား... ဒီနောက်ဆုံးနေရာကို ညီတော့်ဆီ ပေးရင် တစ်သက်လုံး ကျေးဇူးတင်နေမှာပါ”
ထိုသို့ပြောလိုက်သော်လည်း ချင်မူမှာ ရင်ထဲတွင် တွန့်ဆုတ်နေသေး၏။ တတိယမျက်လုံးကို ဖွင့်၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အား တစ်ခါမှ မလှည့်ပတ်ခဲ့ဖူးပေ။ အဘွားစစ်နှင့် မျက်ကန်းကလည်း တတိယမျက်လုံးကို ပိတ်ထားမှ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အား လှည့်ပတ်ရန် မှာထားခဲ့သည်။ တတိယမျက်လုံး ဖွင့်ထားပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် လှည့်ပတ်လိုက်ပါက မည်သို့ဖြစ်လာမည်လဲ သူ မသိပေ။
“ဘိုးဘိုးမာက ငါ့ကို သူ့သားတစ်ယောက်လို စည်းကမ်းတင်းတင်းကြပ်ကြပ်နဲ့ ပျိုးထောင်ပေးခဲ့တယ်... သူက အဖေတစ်ယောက်လို မေတ္တာအပြည့်နဲ့ ငါ့ကို ကြည့်ရှုပေးခဲ့တာ”
ချင်မူ အံတင်းတင်းကြိတ်၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ သူ၏အဝတ်စများ၊ ဆံပင်များ ဖြည်းဖြည်းချင်း မြောက်တက်လာသည်။ “ဘိုးဘိုးမာ လိုချင်တာမှန်သမျှ ငါ ရအောင် ယူပေးရမယ်.... နတ်ဘုရားဖြစ်ဖြစ်၊ မိစ္ဆာဖြစ်ဖြစ် ငါ့ကို တားရင် ငါ့လမ်းမှာ ပိတ်နေတဲ့သူမှန်သမျှ သတ်ပစ်မယ်”
လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးဆီသို့ လှည့်ပတ်သွားသည်။ မျက်ခွံနှစ်ဖက်က ဘေးနှစ်ဖက်သို့ ကွဲထွက်သွားပြီး မျက်လုံးထဲရှိ ဝင်္ကပါအမှတ်အသားများ ဖြည်းဖြည်းချင်း လည်ပတ်လာ၏။
ချင်မူ သူ့အရှေ့ကို ကြည့်လိုက်သည်။ ဗုဒ္ဓဖြစ်စေ၊ လူသားဖြစ်စေ အားလုံး၏ ကောင်းကင်ရတနာများက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ထင်ရှားနေပြီး အသေးစိတ် ပေါ်လွင်နေ၏။
ချင်မူသည် သေခြင်းရှင်ခြင်းကို အစိုးရသည့် အမှောင်နတ်ဘုရားတစ်ပါး သားကောင်အား ကြည့်နေသကဲ့သို့ စူးစိုက်၍ ကြည့်နေသည်။ လေအငွေ့အသက်တွင်ပင် သွေးညှီနံများ ပျံ့လွင့်လာသယောင် ထင်ရသည်။
သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်အားကောင်းသော မိစ္ဆာတစ်ကောင် နိုးထလာဟန်တူ၏။ ချင်မူက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “အားလုံး နောက်ဆုတ်ကြ.... ရှေ့တိုးလာရင် အသက် ဘယ်နားကထွက်သွားမှန်း မသိဘူး ဖြစ်သွားမယ်”
၎
င
၎
၎