← Chapters

မျက်လုံးသုံးလုံး၏ စွမ်းအား

Vol. 46 Ch. 622

မျက်လုံးသုံးလုံး၏ စွမ်းအား

Vol. 46 Ch. 622

ဗုဒ္ဓသားတော်ချန်းခုံးက ယမဗုဒ္ဓနှင့်အတူ ဗြဟ္မဘုံမှ ထွက်ခွာသွားသည်။ ချန်းခုံးမှာ အလွန်ဇဝေဇဝါ ဖြစ်နေပြီး တစ်ပါးတည်း တွေးနေမိ၏။ ‘ယောဂီချင် မွေးကင်းစတုန်းက ဘာဖြစ်ခဲ့တာပါလိမ့် ... ဘာကြောင့် ‌ဗုဒ္ဓဘုရားရှင်က သူ့ကို ယိုတုမှာ တွေ့ခဲ့ရတာလဲ.... ယောဂီချင်က ဘာလို့မမှတ်မိတာလဲ’

သူ့တွင် မေးခွန်းများစွာ ရှိပါသော်လည်း ယမဗုဒ္ဓက တစ်ခွန်းမှ မဖြေပေ။ ထို့အပြင် ယမဗုဒ္ဓသည် တစ်စက္ကန့်လေးပင် မနေနိုင်‌တော့သည့်အလား၊ ချင်မူ ဗုဒ္ဓသားတော်များအား သတ်ဖြတ်နေသည့် မြင်ကွင်းအား မရှုနိုင်တော့သည့်အလား အလျင်စလို ပြန်နေ၏။ ဓမ္မမစွန်းထင်းရအောင် ဗြဟ္မဘုံမှ အမြန်နိုင်ဆုံး ထွက်သွားချင်နေပုံရသည်။

‘ဗုဒ္ဓဘုရားရှင်က လျှို့ဝှက်ချက်တွေအများကြီး သိထားပေမယ့် ငါ့ကို မပြောလိုဘူး... ယောဂီချင်က အဲဒီလောက် ကြောက်စရာကောင်းတာလား’ ချန်းခုံး သူ့ဘာသာသူ တွေးနေမိသည်။

ဗြဟ္မဘုံ၏ ‌ကျောင်းဆောင်အိုအရှေ့တွင် ချင်မူ့ခန္ဓာကိုယ်သည် ပကတိမျက်စိဖြင့် မမြင်နိုင်အောင် မြန်လှသောကြောင့် ဗုဒ္ဓသားတော်အားလုံး ‌ဗုဒ္ဓမျက်လုံးများနှင့် ကောင်းကင်မျက်လုံးများ သုံးနေကြရသည်။ ထိုသို့သုံးမှသာ သူ၏ပုံရိပ်ကို မြင်နိုင်၏။

ချင်မူက မြန်လွန်းသည်။ ဓားသိုင်း၊ ကောင်းကင်နတ်သိုင်း၊ ဓားမသိုင်း၊ လှံသိုင်း၊ လက်သီးသိုင်းအားလုံး ဖြိုခွင်းခံရသည်။ ထိုမျှသာမက သူက အလွန်လျင်မြန်စွာ ရွေ့လျားနေသောကြောင့် သူတို့မှာ တုံ့ပြန်ရန် အချိန်မရပေ။

ဗုဒ္ဓသားတော်ခုံးရှန်းက မာန်သွင်းဟိန်းဟောက်လိုက်ပြီး သူ၏ရွှေရောင်ခန္ဓာသည် ခေါင်းလေးလုံး၊ လက်ရှစ်ဖက်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကြီးပမာ ဖြစ်လာ၏။ သူက ကောင်းကင်ယံသို့ ပျံတက်သွားပြီး ချင်မူနှင့် တိုက်ခိုက်သည်။

သူတို့နှစ်ယောက်သည် လေအရိပ်များသဖွယ် လျင်မြန်စွာ လှုပ်ရှားနေကြ၏။ ဗုဒ္ဓသားတော်ခုံးရှန်းက နှစ်ဆယ့်ခြောက်ပေ မြင့်မားပြီး လွန်စွာထွားကြိုင်းကြံ့ခိုင်သည်။ သို့တိုင်အောင် အသာစီးရနေသည်မှာ ချင်မူ ဖြစ်၏။

လေအလယ်တွင် သူတို့၏လက်သီးများ တဒုန်းဒုန်း ဝင်တိုက်နေကြသည်။ ကျန်ဗုဒ္ဓသားတော်များလည်း လေပေါ် ပျံတက်ကြပြီး ချင်မူ့ကို ဝိုင်းတိုက်ခိုက်ရန် ပြင်လိုက်ကြ၏။ ထိုစဉ် ကောင်းကင်ထက်မှ ရွှေရောင်သွေးစက်များက မိုးပေါက်များသဖွယ် တဖွဲဖွဲ ရွာကျလာသည်။

ဗုဒ္ဓသားတော်ခုံးရှန်း၏ ခန္ဓာကိုယ်တစ်လျှောက် ပေါက်ကွဲသံများ မြည်ဟည်းသွားပြီး ချီနှင့်သွေးတို့ စိမ့်ထွက်လာသည်။ သူ့အရေပြားမှာ ဆွဲခွာလိုက်သကဲ့သို့ ပြဲစုတ်သွား၍ သွေးစိမ်းရှင်ရှင် ပန်းထွက်လာ၏။ ချင်မူနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက သိုင်းကွက်များကြောင့် သူ၏ချီနှင့်သွေးများ ပွက်ပွက်ဆူလာခဲ့ပြီး ရုပ်ခန္ဓာမှာ ချီနှင့်သွေးတို့၏ ရုန်းကြွမှုကို တောင့်မခံနိုင်ခဲ့ပေ။ ဤသို့ဖြင့် ခုံးရှန်း၏ ခန္ဓာကိုယ်မှာ ပူဖောင်းကြီး ဗြန်းခနဲ ကွဲထွက်သွားသကဲ့သို့ တစစီ ပေါက်ကွဲကာ သေဆုံးသွားလေသည်။

ကျန်ဗုဒ္ဓသားတော်များမှာ ချင်မူ့ကို ဝိုင်းရန် ပြင်လိုက်သော်လည်း ဗုဒ္ဓသားတော်ခုံးရှန်း၏ တစစီဖြစ်နေသော အသားစများ ပြုတ်ကျလာသည်ကိုသာ မြင်လိုက်ရသည်။

ကောင်းကင်ယံသို့ ရောက်နေပြီဖြစ်သော ဗုဒ္ဓသားတော်များကတော့ လေလယ်တွင် ဓားရောင်များ ဖြာထွက်လာသည်ကို မြင်လိုက်ကြရ၍ ကောင်းကင်နတ်သိုင်းများ အလျင်အမြန် ထုတ်လွှတ်လိုက်ကြ၏။

သို့သော် ဓားရောင်များက သွေးပင်လယ်တစ်စင်းသဖွယ် နီရဲနေသည်ကို တွေ့လိုက်ရသည်။

ခိုင်ဧကရာဇ်ဓားတွင် သွေးပင်လယ်ဖြာသည်။

ပြင်းထန်အားကောင်းသည့် ချီနှင့်သွေးလှိုင်းတို့က ဓားရောင်များနှင့်အတူ သွေးနဂါးများသဖွယ် လူးလွန့်ရွေ့လျားနေသည်။ ဗုဒ္ဓသားတော်တချို့သည် သူတို့လည်ပင်းသူတို့ ဆုပ်ကိုင်လိုက်ကြပြီး တချို့က မျက်ခုံးနှစ်ဖက်ကြားနေရာသို့ ဖိလိုက်ကြ၏။ ထို့နောက် အလောင်းများ သွေးပင်လယ်ထဲ နစ်မြုပ်သွားတော့သည်။

မိုကျဲအိမ်ရှေ့မင်းသားက သွေးပင်လယ်ထက်၌ ရပ်နေသည်။ သူ လမ်းလျှောက်လိုက်သည့်အခါ သူ၏ခြေထောက်အောက်တွင် ကြာပွင့်များ ဖွဲ့တည်လာ၏။ သူက ကြာတစ်ခက်ဖြင့် ချင်မူ၏ သိုင်းကွက်များအား ဟန့်တားနေသည်။

ဝှစ်

ချင်မူက သူ့အား လှည့်ကြည့်သည်။ လေအဝှေ့ကြောင့် သူ၏အဝတ်အစားများသည် လှုပ်ခတ်နေပြီး သူ့လက်ထဲရှိ ဓားသည် သွေးရောင်တောက်နေ၏။

သွေးပင်လယ်တွင် အကွဲကြောင်းတစ်ကြောင်း မြင်လိုက်ရ၍ မိုကျဲအိမ်ရှေ့မင်းသား တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန် မည်းနက်နေသော မုခ်ဝတစ်ခုက သူ့ခန္ဓာကိုယ်အား ဖြတ်ကျော်သွားလေသည်။

မိုကျဲအိမ်ရှေ့မင်းသားမှာ မှင်သက်နေသောအမူအရာဖြင့် သွေးပင်လယ်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားသည်။ သူ၏မူလဝိညာဉ်မှာ ကောင်းကင်အလိုတော်မုခ်ဝကြောင့် ယိုတုထဲသို့ ဆွဲခေါ်ခံလိုက်ရချေပြီ။

သွေးပင်လယ် လွင့်ပျယ်သွားသည့်အခါ အလောင်းများက ကောင်းကင်ယံမှ ပြုတ်ကျလာကြသည်။

ကောင်းကင်နတ်ဘုံမှ လွှတ်ထားသည့် ဤဗုဒ္ဓသားတော်များနှင့် ယှဉ်လျှင် ချင်မူသည် တိုက်ပွဲအတွေ့အကြုံနှင့် ကျင့်စဉ်သိုင်းကွက်များတွင် ပိုသာ၏။ ကောင်းကင်နတ်ဘုံမှ ဗုဒ္ဓသားတော်များမှာ တိုက်ပွဲများ ဖြစ်ပွားလေ့မရှိသော ဗုဒ္ဓဘုံတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြရသည်။ ဗုဒ္ဓဘုံသည် ရေသေကန်တစ်ကန်ပမာ တည်ငြိမ်အေးချမ်းနေသော နေရာလည်း ဖြစ်၏။

ထိုကဲ့သို့ နေရာတစ်နေရာတွင် နေထိုင်ကြရသူများအနေဖြင့် အပျော်အပါးနှင့် စည်းစိမ်ချမ်းသာကို ကောင်းမွန်စွာ ခံစားကြရသည့်အလျောက် ပြင်းပြသော ရည်မှန်းချက်များ၊ ပန်းတိုင်များ မရှိကြပေ။ သို့သော် တစ်ချိန်တည်းမှာပင် အေးချမ်းသာယာမှုကြောင့် သူတို့၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ တိုးတက်မှုလည်း ရပ်တန့်သွားသည်။

လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ အသုံးမဝင်တော့သည့်အခါ မည်သူမှ ကျင့်ကြံတော့မည်မဟုတ်သလို၊ မည်သူမှလည်း ဆက်လက်လေ့လာတော့မည် မဟုတ်။

သူတို့သည် စည်းစိမ်နှင့်သာ မွေ့လျော်နေခဲ့ပြီး ရှေ့ဆက်သွားရန် အားမထုတ်တော့ပေ။ သို့သော် ချင်မူကတော့ မတူ။ သူသည် ကလေးဘဝကတည်းက အလွန်မာယာများသော မဟာမြို့ပျက်ထဲတွင် နေထိုင်ခဲ့ရ၏။ ကလေးအရွယ်လေးနှင့် အန္တရာယ်များသည့် မဟာမြို့ပျက်ထဲတွင် သွားလာခဲ့ဖူးလေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာကလည်း တိုက်ပွဲမစဲသောနေရာ တစ်နေရာဖြစ်သည်။ အင်ပါယာ၏ အင်အားက ကြောက်ခမန်းလိလိ တိုးပွားလာခဲ့သောကြောင့် ရန်သူများလည်း ပေါများ၏။ ထိုကဲ့သို့ အဘက်ဘက်မှ တွန်းအားများကြောင့် သူတို့၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှာ နိစ္စဓူဝ ပြောင်းလဲနေခဲ့လေသည်။

ရှေ့တန်းမှ တိုက်ခိုက်ပေးနေသော စစ်သည်တော်များနှင့်အတူ ကောင်းကင်နတ်သိုင်းပညာရှင်များကလည်း နောက်တန်းမှနေ၍ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ပြုပြင်ပြောင်းလဲရင်း ပြည်သူပြည်သားတို့၏ ဘဝကို မြှင့်တင်ပေးနေသည်။

လေသင်္ဘောများ၊ လေလှည်းပျံများ၊ အမြှောက်များ အစရှိသဖြင့် ထူးဆန်းသော လက်နက်အသစ်သစ်များ ပေါ်ပေါက်လာခြင်းနှင့်အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တီထွင်ကြံဆနိုင်စွမ်းလည်း အားကောင်းသထက် အားကောင်းလာခဲ့သည်။ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများလည်း လျင်မြင်စွာ တိုးတက်ပြောင်းလဲလာခဲ့၏။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ပတ်သက်၍မူ၊ ကြမ်းတမ်းလှသည့် စစ်ပွဲများကြောင့် သူတို့တွင် နောက်ခံအင်အားမရှိပေ။ တိုင်းသူပြည်သားအားလုံး လက်နက်စွဲ၍ တိုက်ခိုက်နေရသောကြောင့် လူနေမှုအဆင့်အတန်းကိုလည်း မမြှင့်တင်နိုင်။ တီထွင်ကြံဆနိုင်စွမ်းအတွက် မြေဩဇာမချပေးနိုင်ခဲ့သောကြောင့် သူတို့၏လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းအသီးအပွင့်တို့မှာ မဖြစ်ထွန်းလာခဲ့ပေ။

ချင်မူက မဟာမြို့ပျက်တွင် ကြီးပြင်းလာခဲ့သည့်အပြင် ငယ်စဉ်ကတည်းက အဘိုးအဘွားကိုးယောက်၏ တင်းတင်းကြပ်ကြပ် ဆုံးမသင်ပြမှုများ ခံယူခဲ့ရသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နယ်မြေချဲ့ထွင်မှု၊ ဧကရာဇ်အတိုင်ပင်ခံ၏ ပြုပြင်ပြောင်းလဲမှုများကိုလည်း မှီခဲ့၏။

ထို့အပြင် သူက ပြုပြင်ပြောင်းလဲမှု၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သလို၊ အဋ္ဌမမြောက်ဓားကွက်နှင့် မူလဝိညာဉ်လမ်းညွှန်၏ တီထွင်သူဆိုလည်း မမှားပေ။ ဓားလမ်းစဉ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်သည်။

ဗုဒ္ဓဘုံတွင် စည်းစိမ်ချမ်းသာအပြည့်ဖြင့် မပူပင်၊ မကြောင့်ကြ နေခဲ့ရသော ဤဗုဒ္ဓသားတော်များနှင့် သူ့အား ယှဉ်ပါက အဆင့်တစ်ဆင့်တည်းတွင် မရှိတော့ပေ။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့ဆီ တရှိန်ထိုး ပြေးဝင်လာနေသော ဗုဒ္ဓသားတော်ပုကျောက်အား မြင်လိုက်ရသည်။ ဗုဒ္ဓသားတော်ပုကျောက်က မိစ္ဆာမျောက်ဝံကို အလင်းမေးခွန်းမေး၍ သေလုမျောပါး ဖြစ်သွားခဲ့သော ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်သည်။

ပုကျောက်သည် မိစ္ဆာမျောက်ဝံကို စကားအရာ၌ အနိုင်မယူနိုင်ခဲ့သော်လည်း အစွမ်းအစများက မခေပေ။ သူက ပြေးလာနေရင်း မုဒြာသိုင်းထုတ်ဖော်လိုက်သည်။ လှုပ်ရှားမှုတိုင်း၊ ရုပ်သွင်တိုင်း၊ လက်သီးထိုးချက်တိုင်း၊ ကန်ချက်တိုင်းက အဆုံးအစမဲ့နေသကဲ့သို့ အထင်ကြီးလေးစားစရာကောင်း၏။

မုဒြာသိုင်းသည် ပုကျောက် အကျွမ်းကျင်ဆုံး ဖြစ်ပြီး သူ၏မုဒြာသိုင်းကွက်တစ်ကွက်စီတိုင်းက ဗုဒ္ဓရုပ်သွင်သဏ္ဍာန် ရှိချေသည်။ သူ့အနောက်တွင် သူ၏မူလဝိညာဉ်က  မရေမတွက်နိုင်သော ဗုဒ္ဓငယ်များဖြင့် ဝိုင်းရံလျက် ထိုင်နေတော်မူသည့် မဟာဗုဒ္ဓရှင်တော်မြတ်ကြီးပမာ ဖွဲ့တည်နေ၏။ ဗုဒ္ဓငယ်များက သူ၏မူလဝိညာဉ်ကို လှည့်ပတ်ဝန်းရံလျက် မုဒြာသိုင်းကွက်များ ထုတ်ဖော်နေသည်။

ဗုဒ္ဓသားတော်ပုကျောက်က လျှပ်စီးလို ပြေးလာနေစဉ် တိမ်တိုက်များအတွင်းမှ မိုးခြိမ်းသံ ထွက်ပေါ်လာသည်။ မိုးခြိမ်းသံ မရပ်စဲခင်မှာပင် လျှပ်စီးတန်းက ဦးစွာ ပစ်ချလိုက်၏။

သူ ထုတ်လွှတ်နေသော မုဒြာသိုင်းက လက်ချမီကောင်းကင်ဘုံ၏ မဟာကောင်းကင်နတ်သိုင်း_ ‘အလင်းရောင်ဖြင့် အရာခပ်သိမ်းလွှမ်းခြုံမည်’ သိုင်းကွက် ဖြစ်လေသည်။

ဤမဟာကောင်းကင်နတ်သိုင်းမျိုးကို ကျင့်ကြံနိုင်သော ဗုဒ္ဓသားတော်များမှာ အရေအတွက်အနည်းငယ်သာ ရှိ၏။

ပုကျောက်၏ အရှိန်အဝါက အားကောင်းသထက် အားကောင်းလာသည်။ သူ၏မူလဝိညာဉ်ကလည်း သန်မာသထက် သန်မာလာပြီး သူသည် လေးညှို့မှ ပစ်လိုက်သော လေးတစ်လက်သဖွယ် ပြေးဝင်လာ၏။

ဤအခိုက်အတန့်တွင် ချင်မူက လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်၍ ဓားတစ်လက်သဖွယ် ပြုမူကာ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်လိုက်သည်။

ကပ်ဘေးဓား၏ ပထမဓားကွက်... ကပ်ဘေးဖွင့်ဓား။

ဗုဒ္ဓသားတော်ပုကျောက်မှာ ရှိသမျှ စွမ်းအားအလုံးစုံ စုစည်းထားပြီးပြီဖြစ်သည့်အတွက် ဓားရောင် သူ့မျက်နှာဆီသို့ ပျံသန်းလာသည်ကို မြင်လျှင် အော်ဟစ်လိုက်သည်။ သူ၏အနောက်ရှိ ဗုဒ္ဓများက ဗုဒ္ဓစွမ်းအားတို့ ထုတ်ဖော်၍ မုဒြာလက်တစ်သောင်းဖြင့် ရှေ့သို့ ထိုးချလိုက်၏။

ချင်မူက ချာခနဲ လှည့်ကာ ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ သူ့မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ “ထူးဆန်းတယ်၊ ဓားကွက် ထုတ်ဖော်လိုက်ရင် ငါ့ချီစွမ်းအင်က အနည်းနဲ့အများ လျော့သွားရမှာပါ... ဘာလို့ ချီစွမ်းအင်တွေ ပြည့်သျှံနေသလို ခံစားနေရသေးတာပါလိမ့်... ဘယ်တော့မှ အဆုံးမသတ်တဲ့အတိုင်းပဲ...”

သူ၏ချီစွမ်းအင်က အမြဲပြည့်နေပြီး ဘယ်သောအခါမှ လျော့ကျမသွားသလို သူ ခံစားရသည်။ ဤမျှကြာမြင့်စွာ တိုက်ခိုက်ရင်း ကောင်းကင်နတ်သိုင်းများ၊ သိုင်းကွက်အသားပေးပညာရပ်များအပြင် မှော်စွမ်းအင် အဆများစွာ သုံးစွဲသော သိုင်းကွက်များကိုပင် ထုတ်လွှတ်ခဲ့သည့်တိုင် သူ၏ချီစွမ်းအင်ကား အနည်းငယ်မျှ ကုန်ခမ်းမသွားပေ။

ပို၍ပင် ထူးဆန်းသည်မှာ သူ၏ချီစွမ်းအင် လျင်မြန်စွာ တိုးပွားလာနေသည်ကိုပင် ခံစားနေရခြင်း ဖြစ်သည်။

ဤသည်ကား ယုတ္တိမရှိပေ။

ထို့နောက် ပြဿနာကို သူ တမုဟုတ်ချင်း တွေ့သွားသည်။

ယင်းက သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးပင်။

သူ လူတစ်ယောက် သတ်လိုက်တိုင်း အဆုံးမဲ့သော ချီစွမ်းအင်တို့က ဤမျက်လုံးမှတစ်ဆင့် သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းပျံ့နှံ့လာတတ်သည်။ ဆုလာဘ်ပေးနေသည့်အလားပင် ထင်ရ၏။ လူများများ သတ်လေလေ၊ ဆုလာဘ်များ များပြားလေလေ ဖြစ်နေသည်။

‘ထူးဆန်းတယ်... ထူးဆန်းတယ်... ဒီမျက်လုံးက တကယ် ပြဿနာကြီးပဲ...”

ရွှစ်

ဓားရောင်က ဗုဒ္ဓသားတော်ပုကျောက်၏ ဦးခေါင်းအား ထိုးဖောက်သွားသည်။ အလင်းရောင်က အတိုင်းထက်အလွန် ကျိန်းစပ်နေပြီး ကောင်းကင်တစ်ဝက်ကျော်အထိ ပျံ့နှံ့သွား၏။

‘အလင်းရောင်ဖြင့် အရာခပ်သိမ်းလွှမ်းခြုံမည်’ သိုင်းကွက်မှာ အားကောင်းပြင်းထန်ပါသော်လည်း လေကိုသာ ထိသွား၏။ ချင်မူက ကောင်းကင်ခိုးယူခြေသိုင်းဖြင့် အဝေးသို့ ထွက်သွားခဲ့ပြီဖြစ်ချေသည်။

ဗုဒ္ဓသားတော်ပုကျောက်မှာ မှင်သက်နေသော မျက်နှာဖြင့် လဲကျသွားသည်။

ဓားရောင်က ပြန်ကွေ့ပြီး ဓားစက်လုံးလေးတစ်လုံးအသွင် ပြောင်းကာ ကောင်းကင်ထက်မှ ဆင်းသွားသည်။ အောက်ရောက်သည့်အခါ ဓားစက်လုံးလေးသည် ရုတ်တရက် ပြန့်ကားသွားပြီး နဂါးကိုးကောင်ဖြစ်လာ၏။ နဂါးကိုးကောင်က မြေပြင်သို့ ဦးစိုက်လျက် လူးလွန့်ဆင်းရင်း ပေါင်းမိုးကြီးသဖွယ် ဗုဒ္ဓသားတော်တစ်ပါးအား အုပ်မိုးလိုက်ကြသည်။

နဂါးကိုးကောင်နတ်မီးအကာအကွယ်ထဲတွင် မီးတောက်မီးလျှံများ၊ ဓားရောင်များ လူးလွန့်ဖြတ်ပြေးသွားပြီး ဗုဒ္ဓသားတော်ကို အတုံးတုံး ခုတ်ပိုင်းကာ မီးလောင်ပြာချပစ်လိုက်သည်။

မြေပြင်ပေါ် ရောက်နေသည့် ချင်မူက လက်မြှောက်လိုက်ပြီး နဂါးကိုးကောင်နတ်မီးအကာအကွယ်သည် လျင်မြန်စွာ ကျုံ့သွား၏။ ၎င်း သူ့လက်ထဲသို့ ဆင်းသက်လာသည့်အခါတွင် တူကြီးတစ်လက် ဖွဲ့တည်ပြီးချေပြီ။

ချင်မူက ဒေါသတကြီး ဟိန်း‌ဟောက်အော်ဟစ်လိုက်ပြီး သူ့အနောက်၌ မီးတောင်များ ပေါက်ကွဲသွားသကဲ့သို့ မီးတောက်များ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ချင်မူက တူကြီးကို အားကုန်လွှဲကာ သူ့ဆီ ပြေးလာနေသော ဗုဒ္ဓသားတော်တစ်ပါး၏ ရင်ဝတည့်တည့်သို့ ပစ်လွှတ်လိုက်၏။

တူကို ပစ်လွှတ်ပြီးသည်နှင့် သူ့ခြေထောက်ကြွက်သားများ တင်းသွားပြီး သူက ရှေ့သို့ လှစ်ခနဲ ပြေးလိုက်သည်။

ဗုဒ္ဓသားတော်၏ ရင်ဘတ်မှာ တူကြီးကြောင့် နစ်ဝင်သွားကာ တူနှင့်အတူ လွင့်ထွက်သွား၏။ နောက်တခဏတွင် ချင်မူက သူ့ရှေ့သို့ ရောက်လာပြီး တူလက်ကိုင်အား ဖမ်းဆုပ်လိုက်သည်။

တူကြီးမှာ စီးဆင်းနေသော ရေအလျဉ်သဖွယ် ရွေ့လျားရင်း လှံရှည်တစ်လက် အသွင်ပြောင်းသွားသည်။ ချင်မူက လှံထိပ်ဖျားဖြင့် ဗုဒ္ဓသားတော်ကို ထိုးကော်ပင့်မြှောက်ကာ အတုံးလိုက်အတစ်လိုက် ခုတ်ဖြတ်ပစ်လိုက်သည်။

“တစ်ယောက်တည်း မတိုက်နဲ့”

ဖုယွင်အိမ်ရှေ့မင်းသားက တင်းမာခက်ထန်စွာ အော်လိုက်သည်။ “အားလုံး လူစုပြီး ငါ့ဆီ လာခဲ့... ဗုဒ္ဓမျက်လုံးသိုင်းနဲ့ သူ့ကို သေအောင် ချေချွတ်ကြစို့”

အသက်ရှင်ကျန်ခဲ့သည့် ဗုဒ္ဓသားတော်များသည် ချင်မူ့နောက် အသည်းအသန် လိုက်ရင်း ကောင်းကင်နတ်သိုင်းများ၊ ဝိညာဉ်လက်နက်များ ပစ်လွှတ်နေကြ၏။ သို့တိုင်အောင် ချင်မူ့ကို မဖမ်းမိကြပေ။ ဖုယွင်အိမ်ရှေ့မင်းသား၏စကား ကြားလျှင် သူတို့အားလုံး နားလည်သွားကြပြီး ဖုယွင်ဆီသို့ သွားလိုက်ကြသည်။

‌ဗုဒ္ဓသားတော်များက တစ်ယောက်ပခုံးပေါ် တစ်ယောက်နင်း၍ လူသားတံတိုင်းသဖွယ် စုဝေးလိုက်ကြ၏။ အားလုံးပေါင်း ခြောက်ဆယ့်လေးယောက် ရှိလေသည်။

“ဗုဒ္ဓမျက်လုံး နိုးထ”

ခြောက်ဆယ့်‌လေးယောက်သော ဗုဒ္ဓသားတော်တို့က လက်အုပ်ချီလိုက်ကြသည်။ တချို့က ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်၊ တချို့က ခါးမှ ကိုယ်နှစ်ခွ ခွဲထွက်နေသည်။ တချို့တွင်မူ လက်လေးဖက်ရှိကြသည်။ တချို့က အရဟတ်ရုပ်သွင်များ ရှိနေကြပြီး အကုန်လုံး ဗုဒ္ဓမျက်လုံးများ ထုတ်လွှတ်ထားကြ၏။

“ဤမိစ္ဆာ၏ အပုပ်အငွေ့အသက်ကို ရှင်းလင်း၍ နှိမ်နင်းကြအံ့”

သူတို့၏အသံများက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အားလုံး၏အရှိန်အဝါများ ချိတ်ဆက်သွားကြသည်။ သူတို့သည် သံမဏခံတပ်ကြီးပမာ၊ မြို့တံတိုင်းကြီးပမာ မပြိုမလဲမည့်အလား ရပ်တည်နေကြ၏။

ဗုဒ္ဓ‌ရောင်ခြည်တော်တို့က ရေလှိုင်းလုံးကြီးသဖွယ် စုဝေးကာ တောင်များအား တုန်ခါလာစေသည်။ ဟင်းလင်းပြင်ပင် တရစပ် တုန်ခါလာ၏။ သူတို့၏မျက်လုံးများမှ ရောင်ခြည်တော်အလင်းတန်းများက ချင်မူ့ဆီသို့ တစ်ပြိုင်တည်း ပြေးဝင်လာကြလေသည်။

ရုတ်ခြည်းဆိုသလို ဗုဒ္ဓရောင်ခြည်တန်းများက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် စူးရှတောက်ပလာပြီး ဗုဒ္ဓသံများလည်း ကျယ်လောင်လာသည်။ ဗုဒ္ဓအသံလှိုင်း ဖြတ်သန်းလာသော နေရာတိုင်းမှာ တုန်ခါမှုကြောင့် မှုန့်မှုန့်ညက်ညက် ကြေကုန်သည်။

ချင်မူ ဗုဒ္ဓသားတော်ကို လှံဖြင့် ခုတ်ထစ်ပြီးနောက် လှံကို လိပ်ခွံအသွင် ဖွဲ့ကာ သူ့အရှေ့၌ ကာလိုက်သည်။

ဒုန်း

သူ့ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါလျက် လိပ်ခွံနှင့်အတူ လေပေါ် မြောက်တက်သွားသည်။ ဓားအလက်ရှစ်ထောင်မှာ ဗုဒ္ဓသံကြောင့် လိပ်ခွံအသွင် မဖွဲ့တည်နိုင်တော့ဘဲ ပြိုကွဲသွားသည်။

ချင်မူ အင့်ခနဲ ညည်း၍ သွေးတစ်လုပ် အန်လိုက်ရသည်။ သူ့မှာ ရွှေပင်လယ်ပေါ်ရှိ ကျွန်းတစ်ကျွန်းဆီသို့ ကျလာပြီး တောင်ထိပ်တစ်လုံးနှင့် ဝင်တိုက်သွား၏။

ဖုယွင်အိမ်ရှေ့မင်းသားနှင့် ‌ခြောက်ဆယ့်လေးပါးသော ဗုဒ္ဓသားတော်တို့သည် ကောင်းကင်ထက်သို့ ပျံတက်လာပြီး ရွှေပင်လယ်အပေါ် ရောက်လာကြ၏။ သူတို့က လေလယ်တွင် ပြိုင်တူအော်လိုက်ကြသည်။ “အဆုံးမဲ့သော ဓမ္မ၊ အောက်ဘုံသို့ ဆင်းသက်လာသော အရဟတ်”

ထွမ်

အားလုံ၏ ဗုဒ္ဓမျက်လုံးများမှ ဗုဒ္ဓအလင်းတန်းများက တစ်တန်းတည်းအဖြစ် စုပေါင်းသွားပြီး ချင်မူ ကျသွားသည့်နေရာသို့ ပစ်ချလိုက်ကြသည်။

“မင်းတို့တွေက အင်အားကိုပဲ အားကိုးရဲတယ်... ငါက မင်းတို့ကို ကြောက်မယ်ထင်နေလား”

ဗုဒ္ဓအလင်းတန်း တောင်ထိပ်ပေါ်သို့ ကျရောက်မသွားခင် တောင်ထိပ်မှ ကျောက်ခဲများ လွင့်ထွက်လာသည်ကို မြင်လိုက်ရသည်။ ချင်မူက‌ လေပေါ် ခုန်တက်လာပြီး သူ၏ဆံပင်များက ပခုံးကို ကျော်လျက် ပြေကျနေသည်။ သူက လက်နှစ်ဖက်လုံး ဆန့်ထုတ်ကာ ထူးဆန်းသော မုဒြာလက်ဟန် လုပ်လိုက်၏။

သူ၏မျက်လုံးသုံးလုံးက တောက်ပသထက် တောက်ပလာသည်။ ညာမျက်လုံး၌ သန့်စင်ယန်မီးလျှံ တောက်လောင်လာပြီး ဘယ်မျက်လုံး၌ သန့်စင်ယင်မီးလျှံ ရှိနေသော်လည်း နှစ်လုံးစလုံး တတိယမျက်လုံးနှင့် မယှဉ်နိုင်ပေ။

မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးထဲတွင် လိပ်ပြာတောင်ပံသဏ္ဍာန် ဝင်္ကပါအမှတ်အသားများ ရှိနေ၏။ အမှတ်အသားများက အပြင်သို့ စီးမျောထွက်လာကာ ပိုးအိမ်ထဲမှ လွတ်မြောက်လာသည့် လိပ်ပြာသဖွယ် တောင်ပံဖြန့်လိုက်သည်။

ဤဒေါင်လိုက်မျက်လုံးသည် ပို၍မိစ္ဆာဆန်လာ၏။ ချင်မူ၏ မုဒြာလက်ဟန် ပြည့်စုံသွားသည့်အခါ သူ၏မျက်လုံးသုံးလုံးမှ ကောင်းကင်အလင်းတန်းများ ပစ်လွှတ်လိုက်သည်။

ဗုဒ္ဓအလင်းတန်းက သူ၏မျက်လုံးသုံးလုံးမှ ကောင်းကင်အလင်းတန်းဖြင့် ထိတိုက်သွားပြီး ဗုဒ္ဓသားတော်ခြောက်ဆယ့်လေးပါး၏ လူသားတံတိုင်း ပြိုကွဲသွားသည်။ ခြေပြတ်လက်ပြတ်များ တဘုတ်ဘုတ် ပြုတ်ကျလာ၏။

“စာ တု မို ဟယ့် ပါ့ ဟယ်....”

ချင်မူ သူတို့အားလုံးကို တစ်ချက်တည်း သုတ်သင်ရန် ပြင်နေသည့်အချိန် သူ့နှုတ်မှ ယိုတုစကား ထွက်လာသည်။ ချင်မူမှာ ထိတ်လန့်သွား၏။ ‘ဘာတွေဖြစ်နေတာလဲ... ငါ ဘာကြောင့် ယိုတုစကား ပြောလိုက်တာလဲ’

သူ ထိုသို့တွေးနေသော်လည်း သူ့ပါးစပ်က ရယ်ပြီး ပြောလိုက်၏။ “ဟီးဟီး ယဇ်ပူဇော်တာ ဒီလောက်ဆို လုံလောက်ပြီ... ဒီကတုံးတွေရဲ့ ဝိညာဉ်ကလည်း မဆိုးပါဘူး...”

ချင်မူ လျှာထုတ်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ သူ ရုတ်ခြည်း သတိအနေအထား ဖြစ်သွား၏။ ‘မဟုတ်သေးဘူး ငါ အဲဒီလိုလုပ်ဖို့ မတွေးမိပါဘူး.. ငါ ဘာဖြစ်နေတာလဲ’

‘’မိစ္ဆာကောင်’’

ဗုဒ္ဓတစ်ပါး၏ အသံ ဟိန်းထွက်လာပြီး ထိုဗုဒ္ဓက လက်ဝါးဖြန့်ကာ သူ့ကို ဖိချလိုက်သည်။ “မင်းက ချေချွတ်မရတော့တဲ့ မိစ္ဆာပဲ.... ငါ ဗုဒ္ဓ မင်းကို ဖယ်ရှားပစ်မယ်”

“မင်း မနိုင်နိုင်ပါဘူး ဟုတ်တယ်မလား”

ချင်မူက ပြုံးလျက် ပြောလေသည်။ “မင်း မနိုင်မှတော့ ငါ့ခန္ဓာကိုယ်ကို ငါ့ဆီ ပြန်ပေးလိုက်တော့... သူ့ကို ဘယ်လို စုတ်ဖြဲပစ်ရမလဲ ငါ မင်းကို ပြမယ်”

ချင်မူမှာ ထိုသို့ပြောပြီးသည့်အခါ ကျောစိမ်းထဲအထိ စိမ့်အေးသွားသည်။ ဤစကားကို သူ ပြောလိုက်သော်လည်း သူ၏အတွေးမဟုတ်ပေ။

All Chapters