ဆိတ်သုဉ်းသွားသော ဗုဒ္ဓဓား
Vol. 46 Ch. 621
ဗုဒ္ဓသားတော်များမှာ သူ၏အကြည့်သုံးခုကြောင့် အသည်းထဲထိ စိမ့်အေးသွားသည်။ ဗုဒ္ဓသံများ တရစပ် ထွက်ပေါ်လာပြီး အားလုံး ကောင်းကင်ရတနာများ ဖွင့်လှစ်ကာ ဗုဒ္ဓအရှိန်အဝါများအား ထုတ်လွှတ်ကြသည်။
ချင်မူ၏အကြည့်များတွင် သတ်ဖြတ်လိုစိတ် ကိန်းဝပ်နေပြီး ထိုသတ်ဖြတ်လိုစိတ်က သူတို့ကို ဦးတည်နေသည်မဟုတ်ပါ၏လော။
ချင်မူ့အကြည့်များ သူတို့အပေါ်မှ ကျော်ဖြတ်သွားသည့်အခါ သူတို့အားလုံး အရှိန်အဝါများအား အလိုအလျောက် ထုတ်ဖော်လိုက်မိကြပြီး မိသားစုပိုင်သိုင်းကျင့်စဉ်များကို ဖော်ပြမိသလို ဖြစ်သွားချေသည်။ ချင်မူအနေဖြင့် ဤအခြေအနေကို အခွင့်ကောင်းယူကာ သူတို့အားလုံး ကျင့်ကြံထားသည့် ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ လေ့လာနိုင်လိမ့်မည်။
ဗုဒ္ဓသားတော်တချို့၏ ဦးခေါင်းထက်တွင် တိမ်တိုက်များ ဖွဲ့တည်နေပြီး တိမ်တိုက်များအပေါ်၌ ဗုဒ္ဓရှင်တော်မြတ်များ ထိုင်နေတော်မူကြသည်။ ဗုဒ္ဓရှင်တော်မြတ်များသည် ကြည်ညိုဖွယ်ရာ ရောင်ခြည်တော်များအား ဖြန့်ကျက်လျက် ဗုဒ္ဓသံများဖြင့် ရွတ်ဖတ်နေတော်မူ၏။
ရွှေရောင်အပင်ညှောင့်လေးများက ဗုဒ္ဓသားတော်တစ်ပါး၏ ခြေဖဝါးအောက်မှ ပေါ်ထွက်လာပြီး ကြာပန်းများအဖြစ် ပွင့်လန်းလာကာ ထိုဗုဒ္ဓသားတော်အား အနီရောင်ကြာပလ္လင်၏ အထက်၌ ရပ်တည်နေသကဲ့သို့ ဖြစ်သွားစေသည်။
တချို့က ထူးဆန်းသော ဗုဒ္ဓကျင့်စဉ်များ ကျင့်ထားကြ၍ ယက္ခဘီလူးရုပ်သွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိကြသည်။
တချို့ကမူ ဗုဒ္ဓရောင်ဝါဖြင့် လွှမ်းခြုံလျက်ရှိကာ ဖုန်သဲမှုန်များ မငြိတွယ်ကြပေ။
သူတို့၏ဝိညာဉ်လက်နက်များကလည်း ပုံသဏ္ဍာန်မျိုးစုံဖြစ်သည်။ ဖီဖာ၊ ထီး၊ ပုတီးစေ့၊ လေးနှင့်မြား၊ ဓား၊ ဝရဇိန်လက်နက်၊ ရွှေတင်းပုတ်အစရှိသဖြင့် ရှိကြ၏။ ဆန်းကြယ်သားရဲများကို ဝိညာဉ်လက်နက်အသွင် ပြောင်းထားသည့် ဗုဒ္ဓသားတော်များလည်း တွေ့ရသလို၊ တချို့က ချီစွမ်းအင်ဖြင့် ဆန်းကြယ်သားရဲများအား ထိန်းချုပ်ထားကြလေသည်။
ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအထပ်နှစ်ဆယ်တွင် သီတင်းသုံးစံမြန်းသော ဗုဒ္ဓတစ်ပါးစီ ရှိသည့်အလျောက် သူတို့၏ကျင့်စဉ်များကလည်း ကွဲပြားကြသည်။
ထို့အပြင် ဗုဒ္ဓကျင့်စဉ်များအပြင် ကောင်းကင်နတ်ဘုံ၏ ပြိုင်ဘက်ကင်းသိုင်းကျင့်စဉ်များလည်း ချင်မူ့၏အကြည့်အောက်တွင် ပေါ်ထွက်လာကြ၏။
သူက တတိယမျက်လုံးဖြင့် သိုင်းအဆင့်အားလုံး၊ ကောင်းကင်ရတနာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။
ဗုဒ္ဓသားတော်များသည် ချီကျုံရီနှင့် မတူပေ။ ချီကျုံရီက ကောင်းကင်နတ်ဘုံ၏ တော်ဝင်မင်းသားတစ်ပါး ဖြစ်သည့်အပြင် ဧကရာဇ်ပလ္လင်ကျင့်စဉ်ကို ကျင့်ကြံထား၏။ လုလီလို ယိုတု၏ ဘုရင်ခံတစ်ပါးကပင် သူ့ကို တလေးတစား ဆက်ဆံရသည်။
ဤဗုဒ္ဓသားတော်များမှာ ကောင်းကင်နတ်ဘုံနှင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်သွယ်နေကြသော်လည်း ဧကရာဇ်ပလ္လင်ကျင့်စဉ်ကို တစ်ကြိမ်တစ်ခါမျှ မထိတွေ့ခဲ့ရပေ။ ဧကရာဇ်ပလ္လင်ကျင့်စဉ်သည် မည်သည့်နေရာတွင်မဆို ရှာတွေ့နိုင်သော ကျင့်စဉ်မျိုးမဟုတ်။ ပေါပေါသောသော ရနိုင်သည့် ကျင့်စဉ်သာဆိုပါက ကောင်းကင်နတ်ဘုံအနေဖြင့် သူတို့ကို ဗြဟ္မဗုဒ္ဓ၏ ဧကရာဇ်ပလ္လင်ကျင့်စဉ်အား သင်ယူခိုင်းပါမည်လော။
“တယ် အတင့်ရဲပါလား”
ဓမ္မကထိကမိုလွင် အမျက်တချောင်းချောင်း ထွက်သွားပြီး အော်ဟစ်လိုက်သည်။ “ငါ့ဗုဒ္ဓဘုံမှာ မင်းက လူသတ်ရဲတယ်ပေါ့... မင်းက တကယ့်မိစ္ဆာတစ်ကောင်ပဲ”
ချင်မူက သူ့ကို အဖက်မလုပ်ဘဲ အကြည့်လွှဲလိုက်၏။ သူက ခေါင်းငုံကာ သူ့လက်များသူ ကြည့်ရင်း ခပ်တိုးတိုး ပြောနေသည်... ‘ငါ ချီကျုံရီနဲ့ ကျဲ့ဟွလီနဲ့ တိုက်ခိုက်ဖူးပေမယ့် တတိယမျက်လုံးကို ဖွင့်ပြီး မတိုက်ခိုက်ခဲ့ဖူးတော့ ဘယ်အဆင့်အထိ ကျင့်ကြံပြီးမှန်း မသိတော့ဘူး’
ဓမ္မကထိကမိုလွင်မှာ မှင်သက်သွားပြီး မီးပုံယမ်းကျ ပေါက်ကွဲတော့မည့်အချိန် ကျောင်းဆောင်ထဲမှ သိကြားဗုဒ္ဓ၏အသံ ထွက်လာသည်။ “ညီတော်မိုလွင်၊ စိတ်အေးအေးထားပါ... တပည့်တွေအကြား တိုက်ခိုက်ရင် သေခြင်းတရားဆိုတာ အနတ္တသဘော မဟုတ်ပေလား... ညီတော်က ကိုယ်တိုင် ဝင်တိုက်တော့မလို့လား... သက်ရှိခန္ဓာက အပုပ်ကောင်ကို ရုပ်ဆောင်နေရုံသက်သက်ပါပဲ... ယွဲ့ကွမ်အိမ်ရှေ့မင်းသားဟာ အပုပ်ကောင်ခန္ဓာကို စွန့်ခွာပြီး ငြိမ်းချမ်းသွားပါပြီ... ဒါက ဝမ်းသာပေးရမယ့်အရာမဟုတ်လား ညီတော်... စည်းကမ်းတွေ ချမှတ်သွားပြီပဲ၊ ဗုဒ္ဓသားတော်တွေကို ယောဂီချင်နဲ့ ယှဉ်ပြိုင်ခွင့်ပေးလိုက်ပါ... အနိုင်ရတဲ့သူက နောက်ဆုံးနေရာ ရမယ်.. ကျောင်းဆောင်ထဲ ဝင်ပြီး ဧကရာဇ်ပလ္လင်အဆင့် ကျမ်းစာ နာကြားခွင့်ရပါမယ်”
ဓမ္မကထိကမိုလွင်မှာ ဒေါသကို မြိုသိပ်ရင်း တွေးလိုက်မိသည်။ ‘သိကြားဗုဒ္ဓက ဒီခွေးကောင်လေးဘက်က ရပ်တည်ပေးနေတယ်... သူလိုဗုဒ္ဓတောင် ဒီစကားပြောတယ်ဆိုတော့ တော်တော်အရှက်မရှိတာပဲ’
သို့သော် သိကြားဗုဒ္ဓကိုယ်တိုင် ဝင်ပြောသည့်အတွက် သူ လျစ်လျူရှုထား၍မရပေ။ ‘အောက်ဘုံက ဒီခွေးကောင်ရဲ့ အစွမ်းအစတွေက တော်ရုံမဟုတ်ဘူး... ဒါပေမဲ့ သူက ဗုဒ္ဓသားတော်အားလုံးကို စိန်ခေါ်ပြီး သူ့ကိုယ်သူ အထင်ကြီးနေတယ်... ဗြဟ္မဗုဒ္ဓရဲ့ ဧကရာဇ်ပလ္လင်ကျမ်းစာက အရေးပါလွန်းတယ်... အခုအချိန်မှ လက်လျှော့လို့မဖြစ်ဘူး.. ငါ အရင်ဆုံး ကျမ်းစာကို ရအောင် ယူသင့်တယ်’
ဟောင်းနွမ်းအိုမင်းနေသော ကျောင်းဆောင်ထဲတွင် ဧကရာဇ်ပလ္လင်ကျမ်းစာကို သုံးသပ်ဆင်ခြင်နေသည့် သိကြားဗုဒ္ဓမှာ အင့်ခနဲ ညည်းလိုက်ရသည်။ ဓမ္မကထိကမိုလွင်ကို တားခဲ့သူမှာ သူမဟုတ်ပေ။
သူက ကျမ်းစာကို သုံးသပ်ဆင်ခြင်နေရသည့်အတွက် အပြင်လောကကို အာရုံစိုက်ရန် ရှိပါမည်လော။
“ဘယ်သူ ငါ့အသံကို တုလိုက်တာလဲ... တော်တော်တူတာပဲ... ဟုတ်သား၊ နောင်တော်ဗြဟ္မပဲ ဖြစ်မယ်... သူပဲ ငါ့အသံကို သူများတွေ မခွဲခြားနိုင်အောင် တုပနိုင်မှာ”
သိကြားဗုဒ္ဓ၏မျက်ခုံးများ ပင့်တက်သွားသည်။ “ဒါက ပထမဆုံးချီးထုပ် ဖြစ်မယ်ထင်တယ်... ပြီးတော့ နောင်တော်ကိုယ်တိုင် ငါ့ကတုံးကို သုတ်လိုက်တာ... ချီးထုပ်က ဒီလောက်ပဲ ကြီးပါစေ....”
“ကောင်းကင်နတ်ဘုံရဲ့ ရိကွမ်အိမ်ရှေ့မင်းသား ငါ မင်းရဲ့ရင်ထဲက မိစ္ဆာကို နှိမ်နင်းပေးမယ်”
ရိကွမ်အိမ်ရှေ့မင်းသားက ရှေ့တစ်လှမ်း တက်လိုက်ပြီး သူ၏ခေါင်းနောက်၌ နေတစ်စင်း လင်းလက်တောက်ပလာသည်။ သူက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။ “မင်းက အောက်ဘုံကမလား... ဆင်းရဲဒုက္ခတွေပြည့်နှက်နေတဲ့ အောက်ဘုံမှာ မင်းလို ပါရမီရှင်မျိုး ရှိတာ အထင်ကြီးစရာကောင်းပါပေတယ်”
ချင်မူ သူ့ကို မော့ပင်မကြည့်ပေ။ သူ့လက်များကိုသာ ဆက်ကြည့်နေရင်း တွေးနေသည်။ ‘ဘွားဘွားနဲ့ ကျန်တဲ့လူတွေက ဒီမျက်လုံးကို အမြဲပိတ်ထားစေချင်ခဲ့တယ်... ဒါပေမဲ့ အဲဒါကြောင့်လည်း ငါ့အစွမ်းအစတွေ ဘယ်လောက်တိုးတက်လာမှန်း မသိခဲ့ဘူး... ငါ့စွမ်းအားအစစ်က ဘယ်လောက်ကြီးမားလဲ.... အခုတော့ ငါ သိအောင် စမ်းကြည့်လို့ရပြီ’
သူ၏ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားလွန်း၍ တုန်ရီလာသည်။
နောက်ဆုံးတော့ သူ့တွင် ရှိသမျှ အင်အားအကုန် စိတ်တိုင်းကျ ထုတ်လွှတ်နိုင်တော့မည်။ မည်သည်ကိုမှ ထောက်ထားငဲ့ညှာစရာမလိုဘဲ တိုက်ခိုက်နိုင်တော့မည်။ သူ၏ဖျက်စီးလိုစိတ်ကြောင့် သူ့မိတ်ဆွေများနှင့် မိသားစုအပေါ် ဒုက္ခပေးမိမည်ကိုလည်း စိုးရိမ်စရာမလိုတော့ပေ။
နောက်ဆုံးတော့ သူသည် အနှောင်အဖွဲ့များမှ ကင်းလွတ်သွားပြီး ကမ္ဘာလောကကြီးထဲရှိ မည်သည့်အရာကိုမှ မကြောက်သော မဟာမြို့ပျက်မှ ကောင်လေး ပြန်ဖြစ်လာချေပြီ။
မဟာမြို့ပျက်သားတို့အနေဖြင့် မဟာမြို့ပျက်၏ စည်းမျဉ်းများကိုသာ လိုက်နာရန် လိုအပ်သည်။ တခြားစည်းမျဉ်းတို့မှာ အပြင်လောက၏ အချုပ်အနှောင်များသာ ဖြစ်သည်။ မဟာမြို့ပျက်သားနှင့် မသက်ဆိုင်ပေ။
“ဟီးဟီး... ဟီးဟီးဟီး”
ချင်မူက ရယ်သည်။ သူ၏ရယ်သံက တစတစ ကျယ်လောင်လာ၏။ ရိကွမ်အိမ်ရှေ့မင်းသား မျက်မှောင်ကြုတ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါက ရိကွမ်တိုင်းပြည်ရဲ့ ရိကွမ်အိမ်ရှေ့မင်းသား.... ဓားနတ်နန်းဆောင်မှာ ယွဲ့ကွမ်အိမ်ရှေ့မင်းသားနဲ့အတူ ဓားပညာဆည်းပူခဲ့တယ်... ငါတို့နှစ်ယောက်ရဲ့ မိတ်ဆွေဆက်ဆံရေးက သိပ်နက်ရှိုင်း....”
“စကားများမနေနဲ့... မင်း သူ့ကို သိပ်လွမ်းနေရင်လည်း မင်းကိုပါ သူ့နောက် ပို့ပေးမယ်”
ချင်မူက လက်ဝါးကို ဖြန့်ကား၍ ရှေ့သို့ ရိုက်ချလိုက်ရာ ဓားစက်လုံးသည် ရုတ်တရက် ပြန့်ကားသွား၏။ ဓားစက်လုံး ပြန့်ကားလာသည်နှင့် ဓားပျံများ တဝှစ်ဝှစ် ထွက်သွားပြီး တိမ်တိုက်များသဖွယ် ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ရိကွမ်အိမ်ရှေ့မင်းသား၏ ခေါင်းအနောက်ရှိ နေလုံးကြီးက ရုတ်တရက် ကြီးမားလာပြီး သူက ရယ်လိုက်သည်။ “ငါလည်း စောင့်နေတာ ကြာပြီ”
နေလုံးကြီးသည် မီးတောက်မီးလျှံများဖြင့် အလျှံတညီးညီး တောက်ပလာ၏။ ဤသိုင်းကွက်က ယွဲ့ကွမ်အိမ်ရှေ့မင်းသား၏ လရောင်ဓားနှင့် မတူပေ။ ရိကွမ်အိမ်ရှေ့မင်းသား၏ ဓားက အစစ်အမှန်ယန်မီးလျှံဖြင့် နေတစ်စင်းသဖွယ် တောက်ပနေပြီး ဓားတစ်ချက်ဖြင့် မည်သည့်အရာကိုမဆို လောင်ကျွမ်းပြာချပစ်နိုင်သည်။ သူ၏ဓားရောင်မှာလည်း နေ၏အလင်းရောင်ပမာ အလွန်တောက်ပလင်းထိန်နေသဖြင့် မျက်လုံးဖွင့်၍ မကြည့်နိုင်လောက်အောင် စူးရှနေသည်။
နေမဟာနတ်ဓား
နတ်ဓားက ချင်မူ၏ ဓားပျံမိုးဖြင့် ဝင်တိုက်လိုက်၍ တချွင်ချွင် မြည်သံများ တရစပ် ထွက်ပေါ်လာသည်။ ရိကွမ်အိမ်ရှေ့မင်းသား အံ့အားသင့်သွားသည်။ သူ၏ဓားကွက်ကား တမုဟုတ်ချင်း ကျိုးပျက်သွားချေပြီ။ ‘သူ့ဓားကွက်မှာ ဓားချက်သုံးချက်ပါတာပဲ... မဟုတ်ဘူး လေးချက်... ငါ တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ အခြေခံဓားချက်တွေပါလား’
သူ့ရင်ထဲရှိ အံ့ဩမှုအား စကားလုံးများဖြင့်ပင် ဖော်ပြမရပေ။
အခြေခံဓားချက်လေးချက်တဲ့လော
အခြေခံဓားချက်လေးချက် မဆိုထားနှင့်၊ အခြေခံဓားချက်တစ်ချက်ကပင် ကမ္ဘာပေါ်ရှိ ဓားသိုင်းများအား ပြောင်းလဲသွားစေနိုင်သည်။ ဓားချက်တစ်ချက်မှ အစပြု၍ အပြောင်းအလဲများစွာ ထပ်ပေါင်းထည့်နိုင်၏။
လေးချက်ဆိုလျှင် မည်မျှများလိုက်မည်နည်း။
‘သူ့မျက်လုံးထဲမှာ ငါ့ဓားကွက်က ဟာကွက်တွေ ပြည့်နေမှာပဲ’
ရိကွမ်အိမ်ရှေ့မင်းသား ကြောက်လန့်လာပြီး တွေးလိုက်မိသည်။ ‘အောက်ဘုံရဲ့ ဓားပညာက ဒီလောက် တိုးတက်လာခဲ့မှတော့ ကောင်းကင်နတ်ဘုံရဲ့ ဓားပညာနဲ့ သူ့ကို တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး... ငါ ဓားသိုင်းသုံးရင် ဟာကွက်တွေ ပြည့်နေမှာပဲ... ဓားမသိုင်း ဒါမှမဟုတ် မှော်အစီအရင်တွေနဲ့ တိုက်ခိုက်မှ သူ့ကို တိုက်ခိုက်နိုင်မယ်... မဟုတ်ရင် သေသွားလိမ့်မယ်... ဟုတ်သား၊ ငါ ဘာလို့ မသေသေးတာလဲ...’
ချင်မူ၏ ဓားအလက်ရှစ်ထောင်သည် တိမ်တိုက်သဖွယ် ဖွဲ့တည်၍ ငါးများပမာ လူးလာပျံသန်းနေ၏။ ဓားပျံများက မတူညီသော ဓားကွက်များကို ထုတ်ဖော်၍ သူ၏ခန္ဓာကိုယ်အား ထိပင်မထိဘဲ ဖြတ်ကျော်သွားသည်။
ရိကွမ်အိမ်ရှေ့မင်းသား အံ့အားသင့်သွား၍ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ သူ၏ရုပ်ခန္ဓာမှာ ဇကာပေါက်သဖွယ် ပေါက်ပြဲနေသည်ကို မြင်လိုက်ရ၏။ အပေါက်များက သူ့အသားအား တိုးလျှိုဖောက်လျက် သွေးတသွင်သွင် ကျနေသည်။
ရိကွမ် မူးဝေလာ၍ သူ့ခေါင်းသူ လှမ်းထိလိုက်သည်။ သူ၏လက်ချောင်းတစ်ချောင်းက ဦးနှောက်အသားထဲ နစ်ဝင်သွား၏။
ရိကွမ် နောက်စေ့သို့ လှမ်းထိကြည့်သည့်အခါ နောက်စေ့တွင်လည်း အပေါက်တစ်ပေါက် ပေါက်နေသည်။ ဓားပျံတစ်လက်က သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ဖောက်၍ နောက်စေ့မှ ထွက်သွားခြင်းဖြစ်လိမ့်မည်။
‘ဒါဆို ငါ့မူလဝိညာဉ် သေသွားပြီပဲ...’ ရိကွမ်အိမ်ရှေ့မင်းသားမှာ ဒယိမ်းဒယိုင် ဖြစ်သွားပြီးနောက် မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွား၏။
ချင်မူ့အရိပ်က သူ၏အလောင်းဘေးမှ ဖြတ်သွားသည်။ မသေခင် ရိကွမ်အိမ်ရှေ့မင်းသား များစွာတွေးနေခဲ့မှန်း ချင်မူ မသိပေ။
“ဒီနေ့တိုက်ပွဲပြီးရင် ဗုဒ္ဓဘုံမှာ ဓားသမားတစ်ယောက်မှ ရှိမှာမဟုတ်တော့ဘူး” မဟာမြို့ပျက်သားလေးသည် တဟားဟား ရယ်မောလိုက်၏။
ဓားအလက်ရှစ်ထောင်က မိုးရွာကျသကဲ့သို့ ဝေါခနဲ ကျလာကာ ဗုဒ္ဓသားတော်အားလုံးကို တစ်ပြိုင်တည်း တိုက်ခိုက်နေသည်။
ဗုဒ္ဓသားတော်အားလုံးနီးပါး တမုဟုတ်ချင်း တုံ့ပြန်ကြသည်။ ချင်မူ၏ မျက်လုံးသုံးလုံးက ဓားကွက်များခုခံနေသည့် ဗုဒ္ဓသားတော်များဆီသို့ လျင်မြန်စွာ ကြည့်လိုက်သည်။ ဗုဒ္ဓသားတော်တစ်ရာခန့်က ဓားကွက်များဖြင့် သူ၏ဓားကွက်များအား ခုခံနေသည်။
ကျန်ဗုဒ္ဓသားတော်များကမူ ကောင်းကင်နတ်သိုင်းများ၊ ဝိညာဉ်လက်နက်များဖြင့် ခုခံနေကြပြီး ဗုဒ္ဓသားတော်အတော်များများက သိုင်းအဆင့်မြင့်မားကြသည်။ ဥပမာ ဓမ္မကထိကမိုလွင် ပြောခဲ့သော မိုကျဲအိမ်ရှေ့မင်းသား၊ ပိုလုံမင်းသမီး၊ ဖုယွင်အိမ်ရှေ့မင်းသားတို့ ဖြစ်သည်။ ဗုဒ္ဓသားတော် ပုကျောက်၊ ဗုဒ္ဓသားတော် ခုံးရှန်းနှင့် မိစ္ဆာမျောက်ဝံကျန်းခုံးဖြင့် စကားစစ်ထိုးခဲ့ဖူးသောသူများလည်း သိုင်းအဆင့် မြင့်မားကြ၏။
ဗုဒ္ဓသားတော်အများစုက ကောင်းကင်နတ်ဘုံ၏ ကျင့်စဉ်များ ကျင့်ကြံထားကြ၍ ဗုဒ္ဓကျင့်စဉ်များတွင် မကျွမ်းကျင်ကြပေ။
ယမဗုဒ္ဓမှာ ဆက်မကြည့်နိုင်တော့သဖြင့် မျက်လွှာချလိုက်တော်မူသည်။ သူက ကျန်ဗုဒ္ဓများအား မိန့်လိုက်၏။ “ပြန်ကြစို့... ကိုယ်တော်တို့ ဒီနေရာကို ဆက်ကြည့်နေလို့မဖြစ်ဘူး... သွေးချောင်းစီးမှာ ကိုယ်တော် မမြင်ချင်ဘူး”
သာဂရနဂါးဗုဒ္ဓနှင့် ကျန်ဗုဒ္ဓများလည်း ခေါင်းညိတ်လိုက်ကြသည်။ “အမှန်တကယ် မကြည့်ရက်ဖွယ်ပါပဲ” သူတို့က ထိုသို့ပြောဆိုပြီးနောက် တပည့်များကို ခေါ်ကာ သက်ဆိုင်ရာကောင်းကင်ဘုံများဆီသို့ ပြန်ကြွသွားကြ၏။
ဗုဒ္ဓသားတော်ချန်းခုံးမှာ နောက်သို့ ပြန်ချောင်းကြည့်ပြီး မှင်သက်သွားသည်။ ကျောင်းဆောင်အရှေ့ရှိ ကွင်းပြင်တွင် သွေးအလင်းတန်းများ လင်းလက်နေ၏။
ဓားသိုင်းကျင့်ထားသော ဗုဒ္ဓသားတော်တစ်ရာကျော်က ဓားကွက်များ ထုတ်ဖော်လိုက်ကြသော်လည်း တခဏအတွင်း ဓားကွက်များ ဖျက်စီးခံလိုက်ရလေသည်။ သူတို့၏မူလဝိညာဉ်များလည်း ထိုအတိုင်း သေဆုံးသွားကြသည်။
ဗုဒ္ဓသားတော်ချန်းခုံး ကြောက်လှုပ်တုန်လှုပ်မိပြီး ခြေဖျားလက်ဖျားများ အေးစက်လာသည်။ သူ ဆွံ့အလျက် ကြက်သေသေနေမိ၏။
သူ ကြည့်နေစဉ် ချင်မူက ဓားပျံများကို ဓားစက်လုံးအဖြစ် ပြန်စုလိုက်ပြီး ဓားမအသွင် ဖွဲ့တည်လိုက်သည်။ ထို့နောက် ဓားမရှည်ကို နှစ်ခြမ်းခွဲကာ လျှပ်စီးကဲ့သို့ လျင်မြန်သော ခြေလှမ်းများဖြင့် လှုပ်ရှားသွားသည်။ တစ်ချက်တစ်ချက် သူ၏ခန္ဓာကိုယ်က ဘယ်ရောက်လာသည်။ တစ်ချက်တစ်ချက် ညာရောက်နေသည်။ တစ်ချက်တစ်ချက် အရှေ့၊ တစ်ချက်တစ်ချက် အနောက်၌ ရှိနေ၏။ သူ၏ဓားမကလည်း လေအလျင်ပမာ မြန်လှပြီး ပကတိမျက်စိဖြင့် မမြင်ရပေ။ သူ ဓားမကို ပင့်မြှောက်လိုက်သည့်အချိန်တွင် ခေါင်းပြတ်များ လိမ့်ဆင်းသွားပြီး ခန္ဓာကိုယ်များ နှစ်ပိုင်းပြတ်ကုန်သည်။
သူ့လက်ထဲရှိ ဓားမနှစ်လက်သည် အချုပ်အနှောင်မရှိ ရွေ့လျားနေသော နဂါးနှစ်ကောင်နှင့်တူ၏။ ထိုစဉ် သူ့နောက်၌ မုခ်တံခါးဝတစ်ခု ပွင့်လာပြီး မှောင်ပိန်းနေသည့် ယိုတုပေါ်လာသည်။ ထိုမုခ်ဝက သူ၏ခန္ဓာကိုယ်နှင့်အတူ ရွေ့လျားနေပြီး မုခ်ဝ ဝိုက်ဖြတ်သွားသည့်အခါတိုင်း ဗုဒ္ဓသားတော်တို့၏ မူလဝိညာဉ်များမှာ အမှောင်ထုထဲသို့ စုပ်ယူခံလိုက်ရသည်။ သူတို့မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အခွံများသာ ကျန်ခဲ့တော့၏။
ဗုဒ္ဓသားတော် ချန်းခုံးမှာ ခေါင်းကြိမ်းလာပြီး တုန်လှုပ်နေသည်။ ထိုအချိန်တွင် ချင်မူ့လက်ထဲရှိ ဓားမရှည်နှစ်လက်က လှံရှည်တစ်လက်အသွင် စုသွားပြီးနောက် မင်းသမီးပိုလုံအား ထိုးဖောက်ပစ်လိုက်၏။ လှံတစ်ချက်ဖြင့် ချစ်စရာကောင်းသော မင်းသမီးပိုလုံမှာ အစိတ်စိတ်အမြွှာမြွှာ ခုတ်ထွင်ခံလိုက်ရသည်။
ထို့နောက် ချင်မူက လှံကို မြေကြီးထဲ စိုက်လိုက်သည့်အခါ ဓားပျံများက ခေါင်းလောင်းကြီးအသွင်ဖြင့် သူ့ကို အုပ်မိုးလိုက်သည်။ ခေါင်းလောင်းကြီးက တဒေါင်ဒေါင် လည်ရင်း ကျန်ဗုဒ္ဓသားတော်များဆီမှ သိုင်းကွက်များအား ဟန့်တားပိတ်ဆို့လိုက်၏။
ခေါင်းလောင်းထဲတွင် ချင်မူက ဒေါသထွက်နေသော နဂါးတစ်ကောင်လို တိုက်ခိုက်နေသည်။ သူ၏လက်သီးချက်တိုင်း၊ ကန်ချက်တိုင်းက အလွန်တိကျထင်ရှား၏။ ခေါင်းလောင်းဆီမှ အသံလှိုင်းတို့က အဆက်မပြတ် ဖြာထွက်လာပြီး ရုပ်ခန္ဓာအသားပေး ကောင်းကင်နတ်သိုင်းများဖြင့် တိုက်ခိုက်ရန် အနားကပ်လာသည့် ဗုဒ္ဓသားတော်တို့၏ အရိုးတို့အား သစ်ကိုင်းခြောက်များသဖွယ် ချိုးခြေပစ်နေသည်။
“ချန်းခုံး မကြည့်နဲ့တော့”
ယမဗုဒ္ဓက သက်ပြင်းချကာ ပြောလေသည်။ “ဆက်ကြည့်နေရင် ဗုဒ္ဓနှလုံးသား ထိခိုက်သွားလိမ့်မယ်”
ဗုဒ္ဓသားတော်ချန်းခုံးမှာ အံ့အားသင့်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အာခေါက်ခြောက်နေသဖြင့် အသံထွက်မလာပေ။ သူက တံတွေးမြိုချပြီးနောက် အက်ကွဲနေသောအသံဖြင့် မေးလိုက်သည်။ “ဗုဒ္ဓဘုရားရှင်၊ ဗုဒ္ဓတွေက ယောဂီချင် အခုလို သတ်ဖြတ်နေတာကို ဘာကြောင့် မျက်ကွယ်ပြုထားတာပါလဲ”
“မျက်ကွယ်မပြုရင် ကိုယ်တော်တို့ ဘာလုပ်နိုင်မှာမလို့လဲ”
ယမဗုဒ္ဓက ခပ်တိုးတိုး ပြောလေသည်။ “ကိုယ်တော် သူ့ကို ယိုတုမှာ တွေ့ခဲ့ဖူးတယ်... အဲဒီတုန်းက ယိုတုရဲ့ မကျွတ်မလွတ်သေးတဲ့ ဝိညာဉ်တွေကို ဆင်ခြင်ပြီး ဉာဏ်အလင်းရှာဖို့ ရောက်နေခဲ့တာ... သူ အခုထက်ထိ အသက်ရှင်နေသေးမယ် မထင်ခဲ့ဘူး... သူ့ကြည့်ရတာ မွေးကင်းစအရွယ်တုန်းက ဘာဖြစ်ခဲ့မှန်း မေ့နေတဲ့ ပုံပဲ... အိမ်း ဆယ့်ကိုးနှစ် ကြာခဲ့ပြီ....”