ချုပ်တည်းရခက်သော သတ်ဖြတ်လိုစိတ်
Vol. 46 Ch. 620
ဟောင်းနွမ်းနေသော ကျောင်းဆောင်ထဲတွင် သိကြားဗုဒ္ဓသည် ခြေဗလာဖြင့် လျှောက်ပတ်သွားနေ၏။ သူက ဗြဟ္မဗုဒ္ဓကို အလျင်စလို လိုက်ရှာမနေပေ။
“ညီတော် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” အသံတစ်သံက နောက်မှ ထွက်လာသည်။
သိကြားဗုဒ္ဓ လှည့်ကြည့်လိုက်သည့်အခါ သူ၏ခြေရာများ လှဲကျင်းနေသော ရဟန်းတစ်ပါးအား မြင်တွေ့လိုက်ရသည်။ သိကြားဗုဒ္ဓက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ညီတော် လမ်းလျှောက်ရင် ဖုန်မငြိတွယ်လို့ ခြေရာမှာ အညစ်အကြေး မစွန်းထင်းပါဘူး.. နောင်တော်၊ ဘာကြောင့် လှဲကျင်းနေတာပါလဲ”
တံမြက်စည်းလှဲနေသော ရဟန်းက ပြောလေသည်။ “ညီတော့်ရုပ်ခန္ဓာက ခြေရာမထင်ပါဘူး... သို့ပေမယ့် ညီတော့်နှလုံးသားကတော့ အရာတွေ ချန်ခဲ့ပါတယ်... ဒါကြောင့် ညီတော့်နှလုံးသားပေါ်က ဖုန်အညစ်အကြေးတွေကို လှဲကျင်းနေတာပါ”
တံမြက်စည်းလှဲသံ တရှပ်ရှပ် ထပ်ထွက်လာ၍ သိကြားဗုဒ္ဓ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ တံမြက်စည်းလှဲနေသော ရဟန်းတစ်ပါးက အနောက်တံခါးမှ ဝင်လာပြီး ကြမ်းပြင်ကို လှဲကျင်းရင်း ပြောလေသည်။ “ညီတော်က ကိုယ်တော့်ကျင့်စဉ်ကို အမြဲလိုချင်နေခဲ့တယ်... ညီတော့်ကို မသင်ပေးခဲ့တဲ့ အကြောင်းရင်းကိုရော မြင်ပြီလား.... ကိုယ်တော် ညီတော့်ကို မသင်ပေးခဲ့လို့ ညီတော် ဒီနေ့မှာ သိကြားဗုဒ္ဓဖြစ်လာခဲ့တာပါ... ညီတော်ရဲ့ ဗုဒ္ဓအဆင့်က ကိုယ်တော့်အောက် အနည်းငယ်ပဲ နိမ့်ကျတယ်... ညီတော်ရဲ့ သိုင်းအဆင့်ကလည်း နတ်ကောင်းကင်ခန်းမထဲကို ရောက်နေပြီ... ကိုယ်တော် ညီတော့်ကို သင်ပေးခဲ့ရင် အခုလို အောင်မြင်ခဲ့လောက်မှာ မဟုတ်ဘူး””
သိကြားဗုဒ္ဓက တံမြက်စည်းလှဲနေသော ဤရဟန်းကို ကြည့်ကာ ပြောလိုက်၏။ “အခု ညီတော် ဧကရာဇ်ပလ္လင်အဆင့်ကို မတက်လှမ်းနိုင်တော့ဘူး.... ဒါကြောင့် နောင်တော်ရဲ့ ဧကရာဇ်ပလ္လင်ကျင့်စဉ်ကို နမူနာကျင့်ချင်လို့ လတောင်းတာပါ... နောင်တော်က ဝင်လာတဲ့ ဘယ်သူ့ကိုမဆို သင်ပေးမယ် ပြောလို့ ညီတော် ရောက်လာခဲ့ပြီ... ညီတော့်ကို သင်ပေးရင် နောင်တော် အေးအေးချမ်းချမ်း နေနေတာကို ထပ်မနှောင့်ယှက်တော့ဘူး”
အနောက်မှ တံမြက်စည်းလှဲသံ တရှပ်ရှပ် ထွက်လာပြန်၍ သိကြားဗုဒ္ဓ လှည့်ကြည့်လိုက်ပြန်သည်။ တံမြက်စည်းလှဲနေသော ရဟန်းနောက်တစ်ပါးအား သူ မြင်လိုက်ရ၏။ ယခုတွင် ပရဝုဏ်ထဲ၌ ရဟန်းသုံးပါး ရှိနေချေပြီ။
သိကြားဗုဒ္ဓ၏ ဓမ္မမျက်လုံးများသည် ပြိုင်ဘက်ကင်း၏။ သူ တံမြက်စည်းလှဲနေသော ရဟန်းသုံးပါးဆီသို့ ကြည့်လိုက်သည့်အခါ ရဟန်းသုံးပါးသည် ရုပ်သွင်ကွဲပြားသော်လည်း တစ်ယောက်စီတိုင်းက ဗြဟ္မဗုဒ္ဓ ဖြစ်နေ၏။ သူတို့က ဗြဟ္မဗုဒ္ဓအစစ်ပင်။
ဤဗြဟ္မဗုဒ္ဓရုပ်သွင်များက နတ်ဘုရားနှင့် မတူပေ။
သိကြားဗုဒ္ဓမှာ ဗြဟ္မဗုဒ္ဓနှင့် တစ်ဆင့်သာ ကွာသော်လည်း ဗြဟ္မဗုဒ္ဓအား နားမလည်သေးပေ။
အဆင့်တစ်ဆင့်သည် ဧရာမကျောက်ဆောင်တံတိုင်းကြီးဖြင့် ခြားနားနေသကဲ့သို့ ဖြစ်သည်။ ဗြဟ္မဗုဒ္ဓက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် နက်ရှိုင်းသော သမုဒ္ဒရာတစ်စင်းဖြစ်လျှင် သူကတော့ ရေကန်လေးတစ်ကန်သာ ဖြစ်လိမ့်မည်။
ယခုတင် ရောက်လာသည့် ရဟန်းက တံမြက်စည်းလှဲရင်း သူ့ကို မော့ပင် မကြည့်ပေ။ “ဗုဒ္ဓဘုံမှာ ညီတော်ကို ကျော်နိုင်တဲ့သူ များများစားစား မရှိဘူး၊ ကိုယ်တော်အနေနဲ့ ညီတော်လို နောက်တစ်ပါးကို ရှာလို့လည်း မတွေ့တော့ပါဘူး... ချင်မိသားစုရဲ့ ကလေးမျက်လုံးက ထူးဆန်းနေတာ ညီတော် မြင်နိုင်သင့်ပါတယ်... ကိုယ်တော် အဲဒီချင်မိသားစုက ကလေးကို အိပ်မက်ထဲမှာ တွေ့ခဲ့ဖူးတယ်... သူက ယိုတုရဲ့ သရဲတစ္ဆေတွေကို စားနေခဲ့တာ... ကိုယ်တော် သူ့ကို ကြည့်လိုက်တုန်းက ကိုယ်တော့်ကိုတောင် သူ စားချင်ခဲ့တယ်... သူက ဒီကမ္ဘာပေါ်မှာ အရက်စက်ဆုံးနဲ့ အဆိုးသွမ်းဆုံးပဲ... မြေအောက်ဘုံအရှင်သခင် သူ့ကို ချိတ်ပိတ်ခဲ့တုန်းကလည်း ကိုယ်တော်ရှိခဲ့တယ်... မြေအောက်ဘုံအရှင်သခင် ချိတ်ပိတ်တာခံထားရတဲ့ သာမန်ကလေးအဖြစ်ကနေ တဖြည်းဖြည်း ကြီးပြင်းလာပြီး လူသားခန္ဓာကနေ လောကသခင်ခန္ဓာအဖြစ် ပြောင်းလဲနိုင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတယ်... အခု ညီတော်က သူ့ရဲ့ ရွှေရောင်မိုးမခသစ်ရွက်ကို ခွာလိုက်ပြီဆိုတော့ သူ အကြီးအကျယ် သတ်ဖြတ်တော့မှာပဲ”
သိကြားဗုဒ္ဓက ဆက်နားမထောင်ချင်တော့၍ ခေါင်းတယမ်းယမ်းဖြင့် ရှေ့ဆက်လျှောက်သွားသည်။ “နောင်တော်လည်း သိသင့်ပါတယ် ... ဒီနှစ်တွေထဲ ကောင်းကင်နတ်ဘုံက သူတို့လူတွေကို ဗုဒ္ဓဘုံမှာ ထိုးထည့်နေခဲ့တယ်လေ... အရင်တုန်းကတော့ ဗုဒ္ဓအဖြစ် ရောက်သွားတဲ့ ရဟန်းတွေကို လွှတ်တာမလို့ အနည်းနဲ့အများ ဥပေက္ခာပြုပေးလို့ ရသေးတယ်... ဒါပေမဲ့ အခုနောက်ပိုင်း ဓမ္မကိုတောင် မသိတဲ့ လူငယ်တွေကို လွှတ်ထားတယ်... သူတို့တွေက ကောင်းကင်နတ်သိုင်းတွေပဲ ကျင့်ထားတာ ... သူတို့အဆင့်တွေ မြင့်တက်လာရင် ဒီဗုဒ္ဓဘုံ ပျက်သုဉ်းရလိမ့်မယ်... ညီတော်တို့ဗုဒ္ဓတွေ သုတ်သင်ခံရလိမ့်မယ်... ညီတော်တို့ရဲ့ အသိုက်အမြုံ လုယူခံရလိမ့်မယ်... နောင်တစ်ချိန်မှာ ကောင်းကင်နတ်ဘုံက ဗုဒ္ဓဘုံကို သွေးနဲ့ ဆေးကြောပြီး ဗုဒ္ဓဘုံမှာ ဗုဒ္ဓတောင် ရှိမှာမဟုတ်တော့ဘူး... နောင်တော်ကတော့ ဘာမှမလုပ်ဘဲ စောင့်ရင် စောင့်နိုင်မှာပေါ့.. ဒါမဲ့ ညီတော်ကတော့ အဲဒီလိုဖြစ်လာဖို့ ခွင့်မပြုနိုင်ဘူး”
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် တံမြက်စည်းလှဲနေသည့် ရဟန်းတစ်ပါးက သူ့ကို ရှေ့တွင် စောင့်နေသည်။ သိကြားဗုဒ္ဓက သူ့ကို လျစ်လျူရှု၍ ဘေးမှ ဖြတ်လျှောက်သွား၏။ “ချင်မိသားစုရဲ့ ကလေး ဗုဒ္ဓဘုံ တက်လာတာ အခွင့်အရေးကြီးတစ်ခုပဲ... သူ့ကို အသုံးချပြီး ကောင်းကင်နတ်ဘုံကနေ ဒီကို ရောက်လာတဲ့ လူငယ်မျိုးဆက်တွေနဲ့ မျက်လုံးအားလုံးကို တစ်ချက်တည်း ရှင်းပစ်နိုင်မယ်... နောင်တော်က ဉာဏ်ပညာကြီးမားတဲ့သူပါ... ညီတော် ဘာတွေးနေလဲ မြင်နိုင်ပါတယ်”
သူ သိပ်ပင်မလျှောက်ရသေးခင် တံမြက်စည်းလှဲနေသည့် ရဟန်းနောက်တစ်ပါး ပေါ်လာသည်။ ယခုဆိုလျှင် ရဟန်းဆယ်ပါးကျော်အား ဖြတ်ကျော်လာခဲ့ပြီးပြီဖြစ်သည်။
အရှေ့တွင် ရဟန်းတစ်ပါးက လမ်း၏ ဘယ်ယက်၌ တံမြက်စည်းလှဲနေသည်။ သူသည် ခေါင်းမော့လိုက်ပြီး တံမြက်စည်းကို အားပြုရပ်လိုက်၏။ “ချင်မိသားစုရဲ့ ကလေးကို အသုံးချပြီး ကောင်းကင်နတ်ဘုံသားတွေကို ရှင်းပစ်မယ့် အကြံအစည်က သိပ်ပြောင်မြောက်ပါတယ်... ဒါပေမဲ့ အဲဒါကြောင့်ပဲ ကိုယ်တော်တို့ဗုဒ္ဓဘုံမှာ အပြောင်းအလဲတွေ များလိမ့်မယ်... နောက်ဆုံးကျရင် ကောင်းကင်နတ်ဘုံက ညီတော်ကို စစ်ဆေးမေးမြန်းမှာပဲ... စောစောက ချင်မိသားစုရဲ့ကလေးက ညီတော့်ခေါင်းကို အညစ်အကြေးနဲ့သုတ်မယ် ပြောတယ်... ဒါမဲ့ ညီတော်အနေနဲ့ ဒီအညစ်အကြေးထုပ်ကြီးကို လက်ခံနိုင်လောက်မှာမဟုတ်ဘူး ... ညီတော်က အတိတ်ကိုမှ မမေ့နိုင်သေးတာ”
“ညီတော် အတိတ်ကို မေ့လိုက်ရင်ရော အတိတ်က မရှိတော့ဘဲ နေမှာလား”
သိကြားဗုဒ္ဓက ရှေ့ဆက်လျှောက်သွားပြီး ဟက်ခနဲ ရယ်လိုက်သည်။ “နောင်တော့်အဆင့်က မြင့်လွန်းတယ်... နောင်တော်က အတိတ်ကို မေ့ဖျောက်ထားပြီး အတုအယောင်တွေလို မြင်ထားပေမယ့် ညီတော်ကတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်... မပူပါနဲ့ ၊ ညီတော် ဗုဒ္ဓဘုံကို ဆွဲမသွင်းပါဘူး... နောင်တော့်ကျင့်စဉ်ကို သင်ယူပြီးရင် အဲဒီအရှုပ်ထုပ်တွေနဲ့အတူ ထွက်သွားပေးမယ်”
လမ်း၏ညာဘက်ခြမ်း၌ တံမြက်စည်းလှဲနေသော ရဟန်းနောက်တစ်ပါး ပေါ်လာသည်။ သူက ခေါင်းမော့ကာ ပြောသည်။ “ချင်မိသားစုရဲ့ သားတော်ကရော.... ကိုယ်တော် အိပ်မက်ထဲမှာ သွားလာခဲ့တုန်းက သူ ကြီးပြင်းလာတာကို ကြည့်ခဲ့ရတယ်... သူက သိပ်ကြိုးစားတဲ့ ကလေးပဲ... မြေအောက်ဘုံအရှင်သခင်ကြောင့် မကျင့်ကြံနိုင်ခဲ့တဲ့ အခြေအနေကနေ ဒီအခြေအနေရောင်အောင် ကျင့်ကြံနိုင်ခဲ့တယ်... ဒါမဲ့ ညီတော်က သူ့ကို အခုလိုချောက်ချခဲ့တယ်လေ... ညီတော်ကြောင့် သူ ဒုက္ခရောက်ရလိမ့်မယ်”
သိကြားဗုဒ္ဓက ဗြဟ္မဗုဒ္ဓကို မေးလိုက်သည်။ “အဲဒါဆို နောင်တော်မှာ ဗုဒ္ဓသာသနာကို ထိန်းသိမ်းထားဖို့ ပိုကောင်းတဲ့ အစီအစဉ် ရှိလား”
သူ့အရှေ့ရှိ တံမြက်စည်းလှဲနေသော ရဟန်းနောက်တစ်ပါးက ခေါင်းမော့လာသည်။ “မရှိဘူး”
အရှေ့လမ်းမှာ မျဉ်းဖြောင့်ကဲ့သို့ ဖြောင့်ဖြူးနေပြီး လမ်းအဆုံးအား မမြင်ရပေ။ လမ်း၏ဘေးနှစ်ဖက်လုံးတွင် တံမြက်စည်းကိုင်ထားသော ရဟန်းအိုများ ရှိနေသည်။ သူတို့က မရေမတွက်နိုင်အောင် များပြားလှသလို၊ အဆုံးရှိမည့်ပုံလည်း မရပေ။
ရဟန်းတစ်ပါးစီ၏ ရုပ်သွင်များက မတူသလို၊ ထပ်နေခြင်းလည်း မရှိ။
သိကြားဗုဒ္ဓက မှင်သေသေဖြင့် ရှေ့ဆက်လျှောက်သွားသည်။ “နောင်တော် တိုက်ခိုက်ချင်ချင်၊ မတိုက်ခိုက်ချင်ချင် ဒီကိစ္စက မပြောင်းလဲသွားဘူး... နောင်တော်အနေနဲ့ သစ္စာလေးပါးတရားကို ရှာတွေ့ထားပေမယ့် တခြားသူတွေက နောင်တော့်ကို ဖယ်ရှားချင်ကြဦးမှာပဲ... နောင်တော့်တပည့်တွေ၊ နောင်တော့်အဆုံးအမ၊ နောင်တော့်ဘဝ၊ နောင်တော့်လမ်းစဉ်ကိုတင် ဖျက်စီးချင်မှာ မဟုတ်ဘူး... နောင်တော့်ကို ချနင်းပြီး နောင်တော် ဘယ်တော့မှ ပြန်မလာနိုင်အောင် လုပ်ကြလိမ့်မယ်... ဆိုတော့ နောင်တော် ဘာလို့မတိုက်ခိုက်ဘဲ နေမှာလဲ... နောင်တော်၊ နောင်တော်ကတော့ ကြီးကျယ်ခမ်းနားတဲ့ အိမ်မက်တွေထဲမှာ နေနိုင်လိမ့်မယ်... ညီတော်ကတော့ မနေနိုင်ဘူး... ညီတော့်ကို ကျင့်စဉ်သင်ပြပေးမှာလား.... မပေးဘူးလား”
သူ၏အသံသည် နားကန်းလုအောင် ကျယ်လောင်သော်လည်း သူ့အသံက ကျောင်းဆောင်အပြင်သို့ ထွက်သွားပေ။ ကျောင်းဆောင်အတွင်း၌သာ ပဲ့တင်ထပ်နေသည်။
သက်ပြင်းချသံများ ထွက်လာ၏။ အရှေ့၌ တံမြက်စည်းလှဲနေသော ရဟန်းများနှင့် လမ်းသည် တစတစ မှုန်ဝါးပြီး ပျောက်ကွယ်သွားသည်။
“သင်ပြပေးမယ်”
သိကြားဗုဒ္ဓ ပြုံးလိုက်သည်။
“သင်ပြပေးပြီးရင် ဗုဒ္ဓဘုံကနေ ထွက်သွားဖို့ တွေး... ဒါမှ ညီတော် ဒီမှာ အနိစ္စမရောက်မှာ”
သိကြားဗုဒ္ဓ လေးနက်သွားသည်။ သူက လက်အုပ်ချီကာ အရိုအသေပေးလိုက်၏။ “ကျေးဇူးအနန္တပါ နောင်တော်”
ဗြဟ္မဗုဒ္ဓ၏အသံ ဟိန်းထွက်လာ၏။ “ချင်မိသားစုရဲ့ သားတော်ကိုလည်း လျော်ကြေးပေးရမယ်... သူက ညီတော်အတွက် သိပ်ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရပြီ... ညီတော် တာဝန်အားလုံး ယူရမယ်”
သိကြားဗုဒ္ဓ တခဏ တွန့်ဆုတ်သွားသည်။ “အဲဒီတာဝန်က ဘယ်လောက်ကြီးလဲ သိခွင့်ရှိမလား နောင်တော်”
“ညီတော် စဉ်းစားနိုင်တာထက် ကြီးတယ်”
ဟောင်းနွမ်းအိုမင်းနေသော ကျောင်းဆောင်၏အပြင်တွင်
ချင်မူ၏ တတိယမျက်လုံး ပွင့်နေသည်။ ဤမျက်လုံးကြောင့် သူ၏ နတ်ဘုရားလမ်းစဉ် ကောင်းကင်ရတနာများနှင့် မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများသည် ထူးဆန်းစွာဖြင့် အပြန်အလှန် ဆက်သွယ်သွားပြီး တဖြည်းဖြည်း ပေါင်းစည်းနေကြ၏။
ယခင်တုန်းက ကောင်းကင်ရတနာတစ်ခြမ်းကိုသာ သူ အသုံးပြုနိုင်ခဲ့သည်။ နတ်ဘုရားလမ်းစဉ် ကောင်းကင်ရတနာများကို သုံးချင်လျှင် မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများအား ပိတ်ထားရသည်။ နတ်ဘုရားနှင့်မိစ္ဆာ ကောင်းကင်ရတနာများအား ပြိုင်တူသုံးပါက နတ်ဘုရားသဘာဝနှင့် မိစ္ဆာသဘာဝသည် တစ်ခုကိုတစ်ခု တိုက်ခိုက်တတ်၏။
ချီစွမ်းအင်အမျိုးအစား များစွာ ရှိသည်။ နတ်ဘုရားချီစွမ်းအင်၊ နတ်ဆိုးချီစွမ်းအင်၊ မိစ္ဆာချီစွမ်းအင်၊ နဂါးချီစွမ်းအင်၊ မီးငှက်ချီစွမ်းအင်၊ ဗုဒ္ဓချီစွမ်းအင်၊ တာအိုချီစွမ်းအင်ဟူ၍ ဖြစ်ပြီး အသေးစိတ် ထပ်မံပိုင်းခြားလျှင် ပို၍ပင် အမျိုးအစားများလိမ့်မည်။ ဥပမာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဝိညာဉ်ခန္ဓာအမျိုးအစားလေးခုကိုလည်း အမျိုးအစားကြီးလေးခုအဖြစ် သတ်မှတ်နိုင်သည်။ တစ်မျိုးစီတွင် မတူကွဲပြားသော အမျိုးအစားအခွဲများ ရှိသေး၏။
နတ်ဘုရားချီစွမ်းအင်နှင့် မိစ္ဆာချီစွမ်းအင်မှာ အပြန်အလှန် ဆန့်ကျင်နေသော အမျိုးအစားနှစ်ခုဖြစ်၍ ယှဉ်တွဲမတည်ရှိနိုင်ပေ။ နတ်ဘုရားဓာတ်သတ္တိရှိသည့် ချီစွမ်းအင်သည် မိစ္ဆာဓာတ်သတ္တိရှိသည့် ချီစွမ်းအင်နှင့် ရင်ဆိုင်ရသည့်အခါ တစ်ခုကိုတစ်ခု ချေဖျက်ရန် ကြိုးစားကြလိမ့်မည်။
ယခုမူ ချင်မူ တတိယမျက်လုံးအား ဖွင့်လိုက်သည့်အခါ မိစ္ဆာဓာတ်သတ္တိနှင့် နတ်ဆိုးဓာတ်သတ္တိအား တစ်ခုတည်း ပေါင်းစည်းနိုင်ခဲ့ချေပြီ။
ကျောင်းဆောင်၏အပြင်၌ ဗုဒ္ဓများ တစ်ယောက်တစ်ပေါက် ရေရွတ်နေကြသည်။ ရုတ်တရက် ယမဗုဒ္ဓက အပြုံးတစ်ခုဖြင့် မိန့်လိုက်သည်။ “ဗုဒ္ဓသားတော်ချန်းခုံး၊ ကိုယ်တော်တို့ မတိုက်ခိုက်တော့ဘူး”
ဗုဒ္ဓသားတော်ချန်းခုံးမှာ မှင်သက်သွားသော်လည်း အရိုအသေပေးလိုက်၏။ “ဗုဒ္ဓဘုရားရှင်ရဲ့ အမိန့်တော်အတိုင်းပါ” ထိုသို့ပြောပြီးနောက် သူက နောက်ဆုတ်သွားသည်။
သာဂရနဂါးဗုဒ္ဓလည်း သူ၏တပည့်များကို ပြန်ဆင့်ခေါ်လိုက်သည်။ “ဒီနေ့ မတိုက်ခိုက်တော့ဘူး”
အခြားကောင်းကင်ဘုံများမှ ဗုဒ္ဓများလည်း တပည့်များကို ပြန်ခေါ်ကာ တိုက်ခိုက်လိုစိတ် မရှိကြောင်း ဖော်ပြကြသည်။ “အဘယ်အရာမဆို အနန္တပါပဲ... သူနဲ့ တခြားသူတွေကိုပဲ တိုက်ခိုက်ခိုင်းလိုက်ပါ”
ဗုဒ္ဓသားတော်များမှာ နားမလည်ကြသော်လည်း အမိန့်နာခံကာ ဗုဒ္ဓများဘေးသို့ ပြန်လာကြသည်။
ဤဗုဒ္ဓများသည် ဗုဒ္ဓဘုံ၏ တပည့်သာဝကများကိုသာ ပြန်ခေါ်လိုက်ခြင်းဖြစ်၏။ ကျန်ခဲ့သော ဗုဒ္ဓသားတော်များမှာ ကောင်းကင်နတ်ဘုံမှ ဗုဒ္ဓဘုံသို့ လွှတ်ထားသော လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့အားလုံးက တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြလေသည်။
ဓမ္မကထိကမိုလွင်က ပြုံးလျက် မိန့်သည်။ “နောင်တော်တို့က သဘောထားကြီးမြတ်ပေမယ့် ဒါဟာ ဗြဟ္မဗုဒ္ဓရဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျမ်းစာပါ... မတိုက်ခိုက်ဘဲနေရင် အပြင်လူအတွက် အမြတ်မထွက်သွားဘူးလား”
ဗုဒ္ဓတစ်ပါးက ထောက်ခံသည်။ “မှန်ပါတယ်”
ဗုဒ္ဓတချို့ကလည်း ဝင်ရောက်ထောက်ခံကြ၏။ “နောင်တော်တို့နှစ်ပါး မှန်ပါတယ်... အပြင်သူကို အလွယ်တကူ အလျှော့ပေးလိုက်လို့ မဖြစ်ပါဘူး”
ဓမ္မကထိကမိုလွင်က ဟက်ခနဲ ရယ်သည်။ “ယွဲ့ကွမ်အိမ်ရှေ့မင်းသား ဒဏ်ရာတွေ သက်သာပြီလား”
သူက ဓမ္မစွမ်းအားဖြင့် ယွဲ့ကွမ်အိမ်ရှေ့မင်းသားကို ကုသပေးခဲ့သောကြောင့် ယွဲ့ကွမ်၏ဒဏ်ရာများမှာ ပျောက်ကင်းနေပြီဖြစ်သည်။ ယွဲ့ကွမ်အိမ်ရှေ့မင်းသားသည် တိုက်ခိုက်လိုစိတ်ပြည့်နေသည့် အကြည့်စူးစူးများဖြင့် ချင်မူ့ဆီသို့ ကြည့်နေ၏။ “ယောဂီချင်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်... တပည့်တော် သူနဲ့ အမှန်တကယ် ယှဉ်ပြိုင်ချင်ပါတယ်”
ဓမ္မကထိကမိုလွင် ပြုံးလျက်သည်။ “သူက အသက်နဲ့တောင် ခြိမ်းခြောက်တဲ့စကား ပြောခဲ့ပြီးပြီး... မင်းက သေခြင်းရှင်ခြင်းအစား အနိုင်အရှုံးကိုပဲ တွေးနေသေးတော့ ထပ်ရှုံးနိမ့်မှာ စိုးရိမ်မိတယ်”
ယွဲ့ကွမ်အိမ်ရှေ့မင်းသား အံ့အားသင့်သွား၏။
ဓမ္မကထိကမိုလွင်က ကျန်ဗုဒ္ဓသားတော်များဆီသို့ ကြည့်လိုက်သည်။ “မင်းတို့အားလုံးက ဗုဒ္ဓတွေရဲ့ ဆက်ခံသူတွေပဲ... အနိုင်အရှုံးအစား သေခြင်းရှင်ခြင်းကိုပဲ တွေးသင့်တယ်... ဓမ္မကို စွန်းထင်းမှာလည်း စိတ်မပူကြနဲ့... ယွဲ့ကွမ်အိမ်ရှေ့မင်းသား၊ မိုကျဲအိမ်ရှေ့မင်းသား၊ ပိုလုံမင်းသမီး၊ ဖုယွင်အိမ်ရှေ့မင်းသား အားလုံးနားလည်ကြလား”
သူ ခေါ်လိုက်သောလူငယ်များသည် ဗုဒ္ဓဘုံထဲတွင် တည်ဆောက်ထားသည့် ကောင်းကင်နတ်ဘုံ၏ ဗုဒ္ဓဘာသာတိုင်းပြည်များမှ အိမ်ရှေ့မင်းသား၊ မင်းသမီးများ ဖြစ်ကြ၏။ ဗုဒ္ဓဘုံရှိ တိုင်းပြည်အများစုမှာ ကောင်းကင်နတ်ဘုံ၏ အင်အားစုများ ဖြစ်နေချေပြီ။
ဤအိမ်ရှေ့မင်းသားများ၊ မင်းသမီးများကလည်း လူငယ်မျိုးဆက်အကြား ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။ သူတို့သည် ဗုဒ္ဓများနှင့်အတူ ကျင့်ကြံထားသည်သာမက ကောင်းကင်နတ်ဘုံသို့လည်း မကြာခဏ သွားကာ အနက်ရှိုင်းဆုံးသိုင်းကွက်များအား သင်ယူခဲ့ရ၏။
အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ရိကွမ်အိမ်ရှေ့မင်းသားက ပြုံးလျက် ပြောလေသည်။ “နောင်တော်ယွဲ့ကွမ်ရဲ့ အစွမ်းအစတွေက ကျွန်တော့်အောက် မနိမ့်ကျဘူး... သိုင်းကွက်တစ်ကွက်တည်းနဲ့ ရန်သူကို အနိုင်ယူနိုင်ပါတယ်... ဒါကြောင့် ကျွန်တော် ဒီကနေပဲ စောင့်ပြီး ရန်သူခေါင်းပြတ် လိမ့်လာမှာ ကြည့်နေတော့မယ်”
ယွဲ့ကွမ်အိမ်ရှေ့မင်းသားက ရှေ့သို့ လျှောက်သွားပြီး သူ၏ခေါင်းနောက်၌ လတစ်စင်း ဖွဲ့တည်လာသည်။ ယင်းက သူ၏ဓားချီနှင့် ဓားရောင်ဖြစ်သည်။ လရောင်ဖြာထွက်လာသည့်အခါ ဓားရောင်များ ကောင်းကင်အပြည့် နေရာယူသွားပြီး အလွန်ရင်သပ်ရှုမောဖွယ်ကောင်း၏။
အောက်ဘုံတွင် မဆိုထားနှင့်၊ ဗုဒ္ဓဘုံတွင်ပင် ထိုကဲ့သို့ အနုစိတ်သော ဓားပညာနှင့် သိုင်းကွက်များအား မြင်ရခဲချေသည်။
ယွဲ့ကွမ်အိမ်ရှေ့မင်းသားက ချင်မူ့ဆီသို့ လှမ်းကြည့်သည်။ “မင်းက ငါ့ကို အငိုက်ဖမ်း တိုက်ခိုက်ပြီး ငါ့အသက်ကို ယူနိုင်လုနီးပါး ဖြစ်ခဲ့တယ်... ဒီနေ့တော့ ငါ အဆင်သင့်ဖြစ်နေပြီ မင်းလို မိစ္ဆာကို ငါ နှိမ်နင်းပြမယ်”
သူ၏ခေါင်းနောက်ရှိ လမင်းကြီးမှာ ဘီးလုံးကြီးနှင့် သဏ္ဍာန်တူပြီး ဓားရောင်က အလင်းတိုင်လုံးကြီးပမာ ချင်မူ့ဆီသို့ ပြေးဝင်လာသည်။ တစ်ချိန်တည်းမှာပင် လအလင်းတန်းများက အရပ်လေးမျက်နှာ၌ တောက်ပသွားသည်။ လရောင်တို့သည် ဓားရိပ်များအသွင်ဖြင့် ချင်မူ့ကို ခုတ်ပိုင်းရန် ပြင်နေ၏။
ယွဲ့ကွမ်၏ ဓားသိုင်းက အနှိုင်းမဲ့ကာ ဆန်းပြားသည်။ ကောင်းကင်အပြည့် ဖြာဆင်းနေသော ဓားရောင်၊ တိမ်တိုက်များအကြား ကခုန်နေသည့် ဓားရိပ်များဖြင့် သူ၏ဓားသိုင်းသည် ယုယွမ်ချင်းယွီနှင့် ယုယွမ်ချင်းယွင်တို့၏ နေဆည်းဆာဓားသိုင်းနှင့် ယှဉ်လျှင် ပိုမိုသေသပ်လှပ၏။
ချင်မူက မျက်လုံးသုံးလုံးစလုံး ဖွင့်လိုက်ပြီး လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်သည်။ ဓားစက်လုံးက ဝှမ်ခနဲ တုန်ခါသွားပြီး ဓားစက်လုံးဆီမှ အလွန်ကြီးမားသော ဓားတိုင်လုံးကြီးတစ်လုံး ထွက်ပေါ်လာသည်။
ဝဲကတော့ဓားချက်
ဓားအလက်ရှစ်ထောင်က ဝဲကတော့သဖွယ် လည်လျက် ပျံထွက်သွား၏။ လှုပ်ရှားမှုတိုင်းက တူညီသော်လည်း ဓားတစ်လက်ချင်းစီ၏ ပုံသဏ္ဍာန်က ကွဲပြားနေသည်။
ဓားတိုင်လုံးကား သုံးပေထူပြီး ကိုက်ငါးဆယ် ရှည်သည်။ ၎င်း တစ်ချက် ဝိုက်ချလိုက်သည့်အခါ ကောင်းကင်ယံရှိ လရောင်ဓားရိပ်များ ပြိုကွဲသွား၏။
“ငါက မင်းကို သေအောင် မရိုက်သတ်နိုင်ဘူး ထင်လား”
ချင်မူ ရှေ့တစ်လှမ်းတိုး၍ လောကသခင်ခန္ဓာအမြုတေ သုံးသွယ်ကျင့်စဉ်အား လှည့်ပတ်လိုက်သည်။ ရှေးဟောင်းနဂါးသံရှစ်ချက်မှ ထူးဆန်းသောအသံရှစ်သံ ထွက်ပေါ်လာ၏။ သူက လက်ချောင်းများကို ဓားသဖွယ် အသုံးပြု၍ ရှေ့သို့စိုက်ချလိုက်သည့်အခါ ဓားတိုင်လုံးသည် ယွဲ့ကွမ်၏ခေါင်းနောက်ရှိ လမင်းကြီးအား ထိုးဖောက်သွား၏။ ဓားအလက်ရှစ်ထောင်က ထိုလမင်းကြီးကို အစိတ်စိတ်အမြွှာမြွှာ ခုတ်ထွင်ပစ်လိုက်သည်။
ဓားတိုင်လုံး အောက်သို့ ရိုက်ချလိုက်သည့်အချိန်တွင် ယွဲ့ကွမ်အိမ်ရှေ့မင်းသား၏ ခန္ဓာကိုယ်မှာ ပြားကပ်သွားတော့သည်။
မင်ရှင်းကိုယ်တော်မှာ အလန့်တကြား ထခုန်ပြီး ဇက်ပုသွားသည်။ ‘ဂိုဏ်းသခင်ချင်ကတော့ သတ်လိုက်ပြန်ပြီ... မကောင်းတော့ဘူး... တထာဂတက ဘာလို့ သူ့ကို လွှတ်လိုက်တာပါလိမ့်... ဒီလိုအခြေအနေမျိုးကို ငါ ဘယ်လိုဝင်ထိန်းပေးရမှာလဲ...’
ချင်မူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ့အကြည့်သည် ဗုဒ္ဓသားတော်များအား ဖြတ်ကျော်သွားသည်။ သူက လက်မြှောက်၍ ဓားစက်လုံးကို ပြန်ဖမ်းကာ မှင်သေသေ ပြောလိုက်၏။ "ငါ့သတ်ဖြတ်လိုစိတ် နိုးထလာရင် ငါ့ကိုယ်ငါ မထိန်းနိုင်တော့ဘူး... ငါ့ရင်ထဲက မကောင်းတဲ့အတွေးတွေ ထွက်လာတတ်တယ်... ငါ့မှာ သတ်ဖြတ်ချင်တဲ့စိတ်ပဲ ရှိလာလိမ့်မယ်... အဆွေတော်တို့၊ ငါ့ရင်ထဲက မိစ္ဆာကို အတူလာနှိမ်နင်းပေးရင် မင်းတို့အားလုံး ကုသိုလ်အများကြီး ရမှာပါ”