← Chapters

ဒီမှာပဲ စားမယ်

Vol. 40 Ch. 586

ဒီမှာပဲ စားမယ်

Vol. 40 Ch. 586

" ဝေ့ ဝေ့ ဝေ့ ...အစ်မကျီ.. နင်တို့ နှစ်ယောက်လုံးက နေရထိုင်ရတာ ပျင်းလွန်းလို့ စိတ်လွတ်သွားကြတာလား..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ပိုက်ဆံရှိပြီးတော့ သုံးစရာ နေရာ မရှိတော့ရင်လည်း ဒီရဲ့ ဂျူနီယာညီမလေးကို စွန့်ကြဲလို့ ရတယ်နော်..."

"ယွမ်ယွမ်... တချို့ကိစ္စတွေက နင်နားမလည်ပါဘူး..."ကျီချင်းရန် ပြောလိုက်၏။

"နားမလည်တာ မဟုတ်ဘူး... ညီမက ဘော့စ်တို့လောက် ပိုက်ဆံ မရှိဘူးယေ..."

"အပိုတွေ ပြောမနေနဲ့ သွား.. အလုပ်သွားလုပ်တော့..."လင်းရီ ပြောလိုက်၏။

"ဟွန့်.. ဘယ်လိုတောင် လူမဆန်လိုက်လဲ.. ရှင်က တကယ်ကြီး ဒီရဲ့ ဂုဏ်သိမ်ကြီးတဲ့ CFO အလှလေးကို စားပွဲထိုး လုပ်ခိုင်းချင်နေတယ်ပေါ့လေ... ဘယ်လို လူတွေပါလိမ့်... စားပွဲထိုးလုပ်ခိုင်းဖို့ကို တစ်နှစ် ယွမ် ငါးမီလီယမ် သုံးရတယ်လို့..."

"အမ် နင်ဘာတွေ ပြောနေတာ... နင်က ဒီမှာ အချိန်ပိုင်း လုပ်ရမှာလေ... ဈေးကွက် ပေါက်ဈေးအတိုင်းဆိုရင် တစ်နာရီလုပ်အားခက ၁၂ ယွမ်ပဲ... ဒါပေမယ့် နင့်ကိုတော့ ၁၅ ယွမ် ပေးမယ်..."ကျီချင်းရန် ရက်ရောသည့် လေသံဖြင့် ဆိုလိုက်၏။

"ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်.."ဟော်ယွမ်ယွမ် မျက်လုံးလှန်လိုက်၏။

တစ်ဖက်ရှိ ကျီချင်းရန်ကတော့ အင်မတန်လေးနက်စွာဖြင့် သူမ ဇာတ်ကောင်နေရာနှင့် အလွန်လျင်မြန်စွာ နေသားကျသွားသည်။

လင်းရီနှင့် ဟော်ယွမ်ယွမ်ပင်လျှင် ၎င်းတို့မှာ ငွေကြေး မချမ်းသာတော့ပဲ တကယ့် လက်လုပ်လက်စား ဘ၀သို့ ရောက်ရှိနေသယောင် ထင်ယောင် ထင်မှား ဖြစ်ကုန်ကြတော့၏။

ကျီချင်းရန် ဥထမင်းကြော် တစ်ပွဲ၏ ကုန်ကျစရိတ်ကို တစ်ချက် တွက်ချက်ကြည့်လိုက်သောအခါ ၈၆ ယွမ်နီးပါး ကျသင့်လေသည်။

ဆန်နှင့် ကြက်ဥများမှာ ထိပ်တန်းအရည်အသွေးများ ရှိသော်လည်း၎င်းတို့မှာ ဈေးသိပ်မပေးရချေ။

သို့သော်လည်း အမဲသားနှင့် ဂုံးခရုကသာလျှင် ဈေးကြီးပြီး အနည်းငယ် ကုန်ကျစရိတ်ကို မြင့်တက်သွားစေသည်။

သို့သော်လည်း ယင်းက ဥထမင်းကြော် သပ်သပ်သာ။ အကယ်၍ ဧည့်သည်များ သုံးဆောင်မည်တိုလျှင်တော့ ဥထမင်းကြော် အပြင် ပင်လယ်သခွား စွပ်ပြုတ်ကိုလည်း အလိုက်ပေးရသေး၏။

ထိုသို့ဆိုလျှင် ကုန်ကျစရိတ်မှာ အနည်းဆုံး ယွမ် ၄၀ ကျသင့်မည်ဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ၁၂၆ ယွမ်သို့ ရောက်ရှိသွားလိမ့်မည်။

ကျန်ရှိသည့် ၆၃ ယွမ်ကတော့ သူမတို့၏ အမြတ်ငွေပင်။

ကျိန်းရန်လမ်းတွင် ဆိုင်တစ်ဆိုင် ငှားယမ်းခက တစ်လလျှင် ယွမ် လေးသောင်း ပေးရ၏။ ထို့ကြောင့် ဆိုင်ခန်း တစ်ရက်ငှားခမှာ ယွမ် ၁,၃၀၀ ကျသင့်မည်ဖြစ်ပြီး ရေဖိုးနှင့် လျှပ်စစ်မီတာဖိုးကို ပျှမ်းမျှ တစ်ထောင် သတ်မှတ်လိုက်မည် ဆိုပါက စုစုပေါင်း ကုန်ကျစရိတ်မှာ ယွမ် ၁,၄၀၀ပင်။

အဆိုပါ ကုန်ကျစရိတ်များကို ကာမိစေရန် သူမတို့ဘက်မှ ‌တစ်နေ့လျှင် အနည်းဆုံး ဥထမင်းကြော် ၂၃ ပွဲ ရောင်းချရမည်ဖြစ်ပြီး နောက်ဆက်တွဲ ပိုရောင်းရသည်များကတော့ သူမတို့၏ အမြတ်ငွေများဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဥထမင်းကြော်၏ ဈေးနှုန်းမှာ ယခုလို တက္ကသိုလ်၀န်းကျင်တွင် အနည်းငယ် မြင့်မားနေပြီး လင်းရီ တစ်နေ့ ၂၃ ပွဲ ရောင်းရပါ့မလားဆိုတာကို မသေချာပေ။

ထို့ကြောင့် မားကတ်တင်းကိုလည်း သေချာလေး ထည့်တွက်ရမည် ဖြစ်၏။

"အစ်မကျီ.. နင် နေ့တစ်၀က်လုံး အလုပ်ရှုပ်နေတာကော.. ဘာတွေများ လုပ်နေတာ..."

တန်း၀န်လင်း ထွက်ခွာသွားပြီးနောက် မည်သူမျှ ရောက်မလာသောကြောင့် ဟော်ယွမ်ယွမ်မှာ သေအောင် ပျင်းရိနေသည်။

"ငါ ကုန်ကျစရိတ်ကို တွက်ချက်ကြည့်နေတာ.. ဥထမင်းကြော်တစ်ပွဲရဲ့ ကုန်ကျစရိတ်က ၁၂၆ ယွမ်.. တကယ်လို့ တစ်နေ့ ၂၃ ပွဲ ရောင်းနိုင်မယ်ဆိုရင် အရင်းကျေသွားပြီ.. ကျန်တာကတော့ ငါတို့ရဲ့ အမြတ်ပဲ..."

"အဲ့တာက ညီမရဲ့ လစာကိုကော ထည့်တွက်ပြီးပြီလား... တစ်နေ့ ငါးနာရီ အလုပ်လုပ်ရမယ်ဆိုရင် ထမင်း နှစ်နှပ်လည်း ကျွေးရမယ်နော်... အဲ့တာဆို ၃၂၇ ယွမ် ... နောက်ထပ် ငါးပွဲလောက် ပိုရောင်းရဦးမှာ..."

"နင်တကယ်ကြီး အဲ့လောက် တောင်းတယ်ပေါ့လေ....."ကျီချင်းရန် တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ တစ်နေ့ ၂၃ ပွဲရောင်းချနိုင်ရန်ပင် မသေချာလေရာ အကယ်၍ နောက်ထပ် ငါးပွဲ ရောင်းရဦးမည်ဆိုလျှင်တော့ အခြားကဏ္ဍများရှိ ကုန်ကျစရိတ်မှာလည်း အလိုအလျောက် တိုးမြင့်သွားပေလိမ့်မည်။

ယင်းက နွမ်းပါးသည့် မိသားစုလေးကို ပိုဆိုးအောင် လုပ်နေသည်နှင့် တူညီလေသည်။

"မရဘူး.. ငါတို့က တစ်နာရီ ၁၅ ယွမ်တောင် ပေးထားရတာ.. အဲ့တာက နည်းတာ မဟုတ်ဘူး... စားသောက်တာကိုတော့ ကိုယ့်ကိစ္စကိုရှင်း.. "လင်းရီ ပြောလိုက်၏။

"ဘာပြောလိုက်တယ်.. ကျွန်မက ဒီမှာ အလုပ်လာလုပ်တာကိုတောင် ကိုယ့်စားစရိတ်ကို ပေးရမယ်...ဟွန့်... ရှင်တို့လို နှလုံးသားမည်းညစ်နေတဲ့ သူဌေးလင်မယားကို တစ်ခါမှ မမြင်ဖူးပါဘူး... "

"ယွမ်ယွမ် မင်းကတော့... တစ်နေကုန် မင်းရဲ့ဘော့စ်ကို ဘယ်လို အခွင့်ကောင်း ယူရမလဲဆိုတာပဲ စဉ်းစားနေတယ်.. ငါတို့မင်းကို အလုပ်တစ်ခု ပေးထားတာတောင် တော်တော်လေး ဟုတ်လှပြီ.."လင်းရီ ပြောလိုက်ပြီး "ငါတို့က ဘာလုပ်ပေးရမယ်ဆိုတာကြီးပဲ စဉ်းစားမနေနဲ့ .. ငါတို့ကို ဘာပြန်လုပ်ပေးနိုင်မလဲ ဆိုတာပဲ စဉ်းစား..."

ကျီချင်းရန် ခေါင်းညိမ့်လိုက်၏။ "အဓိပ္ပာယ်ရှိတယ်... စကားမစပ် တံခါးနားက မီးလေး လှမ်းပိတ်စမ်းပါဦး.. မီတာခတွေ ပိုကုန်နေဦးမယ်..."

ဟော်ယွမ်ယွမ် နှုတ်ခမ်းစူပြီး မီးခလုတ်ပိတ်လိုက်၏။

ငါဘာလို့ ဒီလို ဘော့စ်မျိုးနဲ့ စီနီယာအစ်မကို လာဆုံပါလိမ့်... အရင်ဘ၀တုန်းက အရမ်းကို နှလုံးသား ကင်းမဲ့ခဲ့လို့များလား...

"ကောင်းပြီ.. မင်းတို့ နှစ်ယောက် ကြည့်စီစဉ်ထားလိုက်ကြကွာ.. ငါ မီးဖိုချောင်ထဲ သွားတော့မယ်..."

ဆိုင်မှာ တရား၀င် ဖွင့်လှစ်ထားပြီဖြစ်သောကြောင့် ဟင်းအမယ်များကို ကြိုတင်ပြင်ဆင်ထားဖို့ရာ လိုအပ်လေသည်။ ထို့ကြောင့် လင်းရီ မီးဖိုချောင်ထဲသို့ ၀င်သွားခဲ့တော့၏။

"အင်း.. နင် လုပ်စရာရှိတာသာလုပ်.. ရှေ့ဘက်ခြမ်းက ကိစ္စတွေ ငါတို့နဲ့ လွှဲထားလိုက်..."

ထိုအခိုက်အတန့်တွင်ပဲ ငယ်ရွယ်သည့် ကောင်လေးတစ်ဦးနှင့် ကောင်မလေးတစ်ဦး ဆိုင်ထဲသို့ ၀င်ရောက်လာလေသည်။

မိန်းမငယ်လေးမှာ ဂါ၀န်ရှည်တစ်ထည်ကို ၀တ်ဆင်ထားပြီး ဆံပင်ကို အရှည်အတိုင်း ချထားကာ သူမဘေးရှိ ကောင်လေးကတော့ ဘောင်းဘီတို အဖြူရောင်တီရှပ်နှင့် sneaker ကို စီးနင်းထား၏။

နှစ်ယောက်လုံးမှာ နှစ်ဆယ်ကျော်လေးများ ဖြစ်ကြကာ အနီးတစ်ဝိုက်ရှိ တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြလေသည်။

"သပေါင် .. ဒီဆိုင်ရဲ့ နာမည်ကို တစ်ချက် ကြည်ကြည့် အရမ်း စိတ်၀င်စားဖို့ကောင်းတာပဲ... "

မိန်းမငယ်လေးမှ ကောင်လေး၏ လက်ကို ကိုင်ပြီး ရွှင်မြူးသည့် လေသံဖြင့် ပြောလိုက်၏။

မိန်းမငယ်လေး၏ နာမည်မှာ ထုံဖေးဖြစ်ပြီး ကောင်လေး၏ နာမည်ကတော့ လျိုကျီးယွမ်ပင်။ နှစ်ယောက်လုံးမှာ စုံတွဲများဖြစ်ကြပြီး အချင်းချင်း အမြတ်တနိုးဖြင့် 'သပေါင်' ၊ 'ရှောင်ပေါင်' ဟုသာ ခေါ်ဆိုကြ‌လေသည်။

"စားကောင်းတယ်..."

လျိုကျီးယွမ် အသံထွက်ဖတ်ကြည့်လိုက်ပြီး "အင်း ရိုးရှင်းသလိုလိုနဲ့ ဆန်းတော့ ဆန်းသားဟ... ကြည့်ရတာ အသစ်နေမှာ.. အရင်က တစ်ခါမှ မမြင်ဖူးသေးဘူး.. ကိုယ်တို့ သွားစားကြည့်ကြမလား..."

"ဟင့်အင်း... ဆိုင်အပြင်အဆင်ကို ကြည့်လိုက်တာနဲ့ သေချာပေါက် ဈေးပေါမှာ မဟုတ်ဘူး.. မာလာမောက်ချိုက်ပဲ သွားစားကြမယ်လေ.. တန်လည်းတန်တယ်.. များများလည်း စားလို့ရတယ်..."

" ဒီနားမှာ ဖွင့်ထားမှတော့ ဘယ်လောက်ထိ ဈေးကြီးနိုင်မှာမို့တုန်း ရှောင်ပေါင်လေးရဲ့...ဆိုင်ရှင်က အရူးမှ မဟုတ်တာ... အရမ်းကြီး ဈေးကြီးနေရင် ဘယ်သူက ၀ယ်စားနိုင်တော့မှာ..."လျိုကျီးယွမ် ပြောလိုက်ပြီး "ပြီးတော့ အမေက ငါ့ကို မုန့်ဖိုး အများကြီးပေးထားတယ်လေ.. နဲနဲလောက် ပိုဖြုန်းပစ်လိုက်လဲ ကိစ္စမရှိဘူး..."

"အဲ့တာဆို မြည်းစမ်းကြည့်ကြမလား..."

"အင်း .. သွားစို့..."

စိတ်ပိုင်းဖြတ်ပြီးနောက် နှစ်ယောက်သား တံခါးကို တွန်းဖွင့်၍ ၀င်လာခဲ့ကြလေသည်။

အထဲရှိ အပြင်အဆင်များကို မြင်လိုက်တော့ နှစ်ယောက်မှာ ပိုပြီး ရှော့ခ်ရသွားခဲ့ကြ၏။

စားပွဲမှာ ခြောက်လုံးမျှသာ ရှိသော်လည်း ဆန်းပြားသည့် ပုံစံနှင့် အငွေ့အသက်က အလွန်အမင်း အထက်တန်း ဆန်လွန်းလှသည်။

ထို့ပြင် ရှားပါးသည့် အနုပညာ လက်ရာများ ၊ သစ်သား ပန်းပုများ ၊ အကန့်အသတ်နှင့်သာ ရရှိနိုင်သည့် အရုပ်များ အစသရှိသဖြင့် ၎င်းတို့၏ ဆင်ယင်ထုံးဖွဲ့မှုမှာ ဈေးကြီးသည့် ဟိုတယ်များ ထက်ပင် သာလွန်နေတော့သည်။

ဆိုင်၏ အပြင်အဆင်ကို မြင်တွေ့ပြီးနောက် ထုံးဖေး စားသောက်မည့်အကြံကို စွန့်လွှတ်လိုက်တော့၏။ ယခုလို ခမ်းနားသည့် စားသောက်ဆိုင်ကြီးများမှာ သူမတို့လို တက္ကသိုလ်ကျောင်းသားများ စားသောက်နိုင်လောက်သည်အထိ ဈေးမပေါချေ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် လျိုကျီးယွမ်၏ အကြည့်မှာ ဟော်ယွမ်ယွမ် ထံသို့သာ ကျရောက်နေလေသည်။

အောင်မယ်လေးဗျ လှလိုက်တဲ့ ပျိုကညာ..

သူမ၏ အ၀တ်အစားတို့မှာ ဖက်ရှင်ကျနနေပြီး အထူးသဖြင့် ဆွဲဆောင်မှု ရှိလှသည့် ခြေတံများပင်။

ငိုးပဲ စားသောက်ဆိုင်ရဲ့ စားပွဲထိုးကတောင် ဒီလောက်လှနေမှတော့ လုံး၀ သာမန် မဖြစ်နိုင်ဘူး..

"သပေါင်... ငါတို့ တခြားဆိုင် သွားကြမလား..."

ထုံးဖေး အကြောင်းပြချက် နှစ်ခုကြောင့် အနည်းငယ် ဖိအားများနေလေသည်။

ပထမအချက်ကတော့ ဆိုင်၏ ခမ်းနားမှုပင်။ ယင်းက သူမ မတတ်နိုင်သည့် နေရာတစ်ခုကဲ့သို့ ခံစားနေရ၏။

အခြားတစ်ခုကတော့ ဟော်ယွမ်ယွမ်ပင်။ အနှီ အမျိုးသမီး၏ ကိုယ်နေဟန်ထားမှာ စားပွဲထိုးတစ်ဦးနှင့် လားလားမျှ မအပ်စပ်ပဲ သန်မာသည့် အရှိန်အဝါတို့ကို လွှတ်ထုတ်နေလေသည်။

ဒီလောက်လှတဲ့ အမျိုးသမီးက ဘာလို့ စားပွဲထိုး လုပ်နေရတာ.. မော်ဒယ်လုပ်ရင်တောင် ပိုက်ဆံ ပိုရဦးမယ် မဟုတ်ဘူးလား..

"အင်း.. နောက်တစ်ဆိုင်သွားတာ ကောင်းမယ်ထင်တယ်..."

လျိုကျီးယွမ်လည်း မသေချာပေ။ ဆိုင်၏ အပြင်အဆင်မှာ ကြီးကျယ်ခမ်းနားလှပြီး စားပွဲထိုး အမျိုးသမီးမှာလည်း အထက်တန်းကျသည့် မိန်းမပျိုလေး အလား လှရက်လွန်းလှ၏။ ထိုမျှ မြင့်မားသည့် ၀န်ဆောင်မှုတို့ဖြင့်ဆိုလျှင် သာမန် ဟင်းပွဲတစ်ခုဆိုလျှင်တောင် ယွမ်ရာချီ ကုန်ကျမည်ဖြစ်ပြီး ၎င်းတို့နှစ်ယောက်အတွက် ဧရာမ များပြားသည့် ပမာဏဟု ပြောပြန်လျှင်လည်း မမှားချေ။

"အမ်.. တစ်ယောက်ယောက် ရှိနေတာလား.. ထိုင်ကြပါဦးရှင်.."

အစကတော့ ထိုသို့ ကြိုဆို ဧည့်ခံရမည်မှာ ဟော်ယွမ်ယွမ်၏ တာ၀န်ဖြစ်၏။

သို့သော်လည်း သူမ၏ အထောက်အထား အသစ်နှင့် နေသားမကျသေးသောကြောင့် ဧည့်သည်များကို မည်ကဲ့သို့ နှုတ်ဆက်ရကောင်းနိုး စဉ်းစားရင်းဖြင့် အချိန်ကြာသွားလေသည်။ ထို့ကြောင့် ကျီချင်းရန်မှ နှုတ်ဆက်လိုက်ရတော့၏။

ကျီချင်းရန် ရောက်လာသည့် အခိုက်အတန့်တွင်ပဲ ထုံးဖေးနှင့် လျိုကျီကျွင်းတို့မှာ အသိစိတ်တို့ ကင်းလွတ်သွားသည့်အလား တွေဝေ ငေးမောသွားကြသည်။

သူတို့ရှေ့က စားပွဲထိုးမလေးကတောင် အတော်လေး လှနေပြီးသားလေ.. ဘာလို့ သူ့ထက်လှတဲ့ နောက်တစ်ယောက်က ရှိနေပြန်တာတုန်း...

ဒါ.. ဒါ နတ်သမီးသမျှ လှပတယ်ဆိုတာများလား...

ဒီလိုမျိုး ပြစ်မျိုးမဲ့မထင် ကိုယ်လုံးကိုယ်ပေါက်

ကျောရှင်းတဲ့ ရုပ်ဆင်းသွင်ပြင်

အရိုးထဲကနေ ထွက်ပေါ်နေတဲ့ ကျက်သရေရှိမှု

ဒါ ဒါ.. လူ့လောကမှာ ရှိသင့်တဲ့ အလှတရားမျိုး မဟုတ်တော့ဘူး

"ဘာများ သုံးဆောင်ကြမလို့ပါလဲ..."

ကျီချင်းရန် ယခုလို ၀န်ဆောင်မှု မပေးဖူးသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေပြီး သူမ၏ ကံကို စမ်းကြည့်ရုံသာ တတ်နိုင်လေသည်။

သူမ အပြင်ဆိုင်များတွင် စားသောက်လျှင်လည်း ယခုကဲ့သို့သာ မေးမြန်းလာလေ့ရှိသောကြောင့် သူမလည်း ၎င်းတို့နည်းတူ မေးမြန်းလိုက်၏။

"အားနာလိုက်တာရှင် ကျွန်မတို့ ဆိုင်မှား ၀င်လာမိတာ..."ထုံဖေး လျိုကျီးယွမ်၏ လက်မောင်းကို ဆွဲလိုက်ပြီး အတူထွက်ခွာရန် ဟန်ပြင်လိုက်၏။

ယခုလိုဆိုင်မျိုးမှာ သေချာပေါက် ဈေးနည်းလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထွက်ခွာသွားသည်က ပိုကောင်း၏။

" ရှောင်ပေါင်ကလည်း ...၀င်လာလက်စနဲ့ စားလိုက်ကြမယ်လေ.. ကိုယ့်အထင်တော့ ဒီဆိုင်က တော်တော်လေး မဆိုးဘူးလို့ ထင်တာပဲ..."လျိုကျီးယွမ် တည်ငြိမ်ဟန်ဆောင်၍ ပြောလိုက်သည်။

"မဟုတ်ဘူး.. ဒီဆိုင်က သေချာပေါက် ဈေးကြီးမှာ.. ရှောင်ပေါင်တို့က ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲလို့..."

ဦးစွာ အနေနှင့် စားသောက်ဆိုင်မှာ သေချာပေါက် ဈေးကြီးလိမ့်မည်ဟု ခံစားနေရပြီး ဒုတိယကတော့ ကဗျာစာပေတို့ဖြင့် ညွှန်းဖွဲ့လို့ မမှီအောင် လှပလွန်းလှသည့် အနှီ မိန်းမပျိုလေး နှစ်ယောက်ကြောင့်ပင်။ ထိုအမျိုးသမီးများ၏ ရှေ့မှောက်တွင်တော့ သူမ၏ ယုံကြည်ချက်များမှာ ၀ပ်ဆင်းသွားရတော့၏။

အထူးသဖြင့် မိန်းကလေးချင်းပင် ကြွေဆင်းရလောက်သည့် ဒုတိယ အမျိုးသမီးပင်။ သူမ၏ ခြေတံတို့မှာ သွယ်လျနေပြီး ခါးမှာလည်း စက္ကူတစ်ပတ်စာမျှသာ ရှိ၏။ ထို့ပြင် တင်နှင့် ရင်ဘက်တို့မှာလည်း မက်မွန်သီးကြီးအလား ကိတ်လွန်းလှပေသည်။ ထိုမိန်းကလေး၏ ရှေ့မှောက်တွင်တော့ သူမ၏ အချိုးအစားမှာ အမျိုးသမီးဟု ခေါ်ဆိုရန်ပင် မထိုက်တန်တော့ချေ။

"ရောက်လာလက်စနဲ့ စားလိုက်ကြရအောင်လေနော်.. ကိုယ်တို့ ၀င်လာပြီးတော့မှ ဘာမှမစားပဲနဲ့ ထွက်သွားရင် အားနာစရာကြီး ဖြစ်နေမှာပေါ့..."

လျိုကျီးယွမ် လက်မလျော့ချင်သေးပေ။

"မရဘူး.. ထွက်သွားမှကို ဖြစ်မှာ..."ထုံဖေး မယိမ်းယိုင်သည့် လေသံဖြင့် ပြောလိုက်ပြီး လျိုကျီးယွမ်ကို ငြင်းဆန်ရန် အခွင့်အရေး မပေးချေ။

"ဒါဆိုလည်း ကောင်းပြီလေ..."

ထိုအခိုက်အတန့်တွင် လင်းရီ မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး "ခုနတုန်းက ဘာမှာလိုက်တာ..."

အဖြူရောင် စားဖိုမှူး၀တ်စုံ နှင့် လင်းရီကို မြင်တော့ ထုံးဖေးမှာ ကြက်သေသေသွားခဲ့တော့၏။

ဒီရဲ့ စားဖိုမှူးကြီးက အရမ်း ချောလွန်းမနေဘူးလား...

"သပေါင်.. ငါတို့ လမ်းလျှောက်ထားတော့ နည်းနည်းလေးပဲ ပင်ပန်းလာသလိုပဲ.. မသွားတော့ဘူး.. ဒီမှာပဲ စားလိုက်ကြတာပေါ့..."ထုံးဖေး တည်ငြိမ်စွာ ပြောလိုက်သည်။

All Chapters