ငါ့လို အဘွားကြီးကို မနောက်ပါနဲ့လား
Vol. 40 Ch. 594
“ နင်က လင်းရီကို စိတ်ဝင်စားနေတာလား…”
“ ဒီလောက်ချောတဲ့ကောင်လေးကို ဘယ်သူက မစွဲလန်းပဲ နေနိုင်မှာ..” ဝမ်မေ့ယွင် ပြောလိုက်ပြီး “ ငါက နင့်လောက် မလှဘူး ဆိုပေမယ့် နင့်ဘေးမှာ အဲ့လောက် ကောင်ချောချောလေး ရှိနေတာကို ဘာမှ မလုပ်ပဲ ပစ်ထားတာကြီးကတော့ ဖြုန်းတီးရာ ကျလွန်းပါတယ်အေ…”
“ နင့် ကုမ္ပဏီက ကောင်လေးတွေ မရှိဘူးလား… ဘာလို့ သူ့ကိုမှ ပစ်မှတ်ထားချင်နေရတာ….”
နှစ်ပေါင်းများစွာ ခင်မင်လာသည့် သူငယ်ချင်းတစ်ယောက်အနေနှင့် ရန်ရွှေ ဝမ်မေ့ယွင်၏ ယုံကြည်ချက်များကို မပြိုလဲသွားစေချင်ပေ။
လင်းရီ၏ ပိုင်ဆိုင်မှုမှာ ပမာဏ မည်မျှရှိမှန်း သူမ အတိအကျမသိသော်လည်း ဝမ်မေ့ယွင်၏ မီဒီယာကုမ္ပဏီကို တစ်ဦးတည်း ဝယ်ယူဖို့ရာတော့ လုံလောက်မည်ဖြစ်ကြောင်း သေချာလေသည်။
ထိုမျှ ကြွယ်ဝသည့် လင်းရီကို သကြားပေပီလေးအဖြစ် သိမ်းပိုက်ချင်နေသည်လော။ ထိုအတွေးက လုံးဝ လက်တွေ့မဆန်ချေ။
သို့သော်လည်း သူမသူငယ်ချင်း၏ မာနကို ငဲ့ကွက်သောအားဖြင့် ရန်ရွှေ ထိုစကားများကို ရင်ထဲ၌သာ သိမ်းထားလိုက်ပြီး မသိမသာလေးပဲ အရိပ်အမြွက်ပေးရန်သာ ဆုံးဖြတ်လိုက်တော့၏။
“ အဲ့ဒီ ဆယ်လီ လက်သစ်လေးတွေက အရမ်းကို မိန်းမသား ဆန်လွန်းတယ်…. ကလေးကလားလိုလို ဘာလိုလိုနဲ့ ဖန်တွေကို လှည့်ကွက်လေးတွေနဲ့ ဆွဲဆောင်နေတဲ့သူတွေက ငါ့ ကြိုက်တဲ့ အမျိုးအစားမဟုတ်ဘူး…”
“ အဲ့ကောင်လေးရဲ့ ဘော်ဒီကို ကြည့်ကြည့်လိုက်… သေချာပေါက် gym ပုံမှန် ဆော့တဲ့ အမျိုးအစားပဲ… အဲ့လိုမျိုးကမှ ငါ့အကြိုက်နဲ့ လုံး၀ အံကိုက်…”
ရန်ရွှေ အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့၏။ လင်းရီ၏ ဆွဲဆောင်မှုက အရွယ်သုံးပါးမရွေး ထိန်းချုပ်ရန် ခက်ခဲလှလေသည်။
“ ဒါပေမယ့် နင့်အသက်ကိုလည်း ပြန်ကြည့်လိုက်ဦးလေဟယ်… သူက သဘောတူပါ့မလား..”
“ ဒီနေ့ခေတ်ကြီးမှာ အသက်ဆိုတာက ကိန်းဂဏန်းတစ်ခုလို ဖြစ်နေပါပြီ…” ဝမ်မေ့ယွင် ပြောလိုက်ပြီး “ ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က နင့်လောက် မထွားဘူးဆိုရင်တောင် အဲ့ကောင်လေးကို ဖမ်းစားနိုင်ဖို့ ယုံကြည်ချက်အပြည့်ရှိတယ်…”
“ ပိုက်ဆံကြောင့်မို့လား…”
“ ဒါပေါ့…” ဝမ်မေ့ယွင် ပြောလိုက်ပြီး “ ငါ့ အသက်က အခု လေးဆယ်ကျော်နေပြီ.. ခန္ဓာကိုယ်ကို သေချာလေး ဂရုစိုက်တယ်ဆိုရင်တောင် အဲ့ဒီ နှစ်ဆယ်ကျော်လေးတွေနဲ့တော့ ဘယ်ယှဉ်နိုင်တော့မှာ… ပိုက်ဆံက ငါ့ရဲ့ တစ်ခုတည်းသော အားသာချက်ပဲ…”
သူမပြောရင်း ဝမ်မေ့ယွင်၏ အမူအရာမှာ အလွန်အမင်းတည်ငြိမ်နေကာ အောင်ပွဲမှာ လက်တစ်ကမ်းအလိုတွင် ရှိနေသကဲ့သို့ ပြုမူနေလေသည်။
“ ငါသူ့ကို အိမ်တွေ ပေးနိုင်တယ်.. ကားတွေ ပေးနိုင်တယ်.. အနာဂတ်ကျရင် ဆိုင်တောင် ဖွင့်စားစရာ လိုတော့မှာ မဟုတ်ဘူး… နင်လည်း ကျိုးဟိုင်က အိမ်ဈေးတွေအကြောင်း ကောင်းကောင်းသိပါတယ်… ငါက သူ့ကို အနှစ်နှစ်ဆယ်ကျော် အစာငတ်ခံ ပိုက်ဆံစုရမယ့် ဒဏ်ကနေ ကယ်တင်လိုက်မှာလေ… သူငြင်းမယ် မထင်ပါဘူး…”
ရန်ရွှေ ပြောသမျှကို တိတ်ဆိတ်စွာဖြင့် နားထောင်နေလိုက်၏။ ဝမ်မေ့ယွင် ပြောသွားသည်မှာလည်း အတော်လေး အဓိပ္ပာယ်ရှိသည်။ အကယ်၍ အခြားကောင်လေး တစ်ယောက်ဆိုလျှင်တော့ သူမ၏ ကမ်းလှမ်းချက်ကို လက်ခံဖို့ရာ ၈၀ ရာခိုင်နှုန်း သေချာလေသည်။ သို့သော်လည်း ပြဿနာက လင်းရီမှာ သာမန်မဟုတ်ပေ။ သူ၏ ကြွယ်ဝမှုနဲ့ ဆိုလျှင် အိမ်ကို မဆိုထားဘိ၊ အဆောက်အအုံကြီး တစ်ခုလုံးကိုပင် အေးဆေး ဝယ်ပစ်လိုက်နိုင်သည်။
အဆိုပါ ကမ်းလှမ်းချက်က လုံး၀ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။
လက်တွေ့မကျသည့် အကြံဉာဏ်ကို လက်လျော့သွားအောင် ရန်ရွှေ မကြိုးစားပေ။ အကယ်၍ အလုပ်မဖြစ်လျှင် ဝမ်မင့်ယွမ် သူမဘာသူမ လက်လျော့လိုက်လိမ့်မည်။
ထိုအခိုက်အတန့်တွင် လင်းရီ အစားအသောက်များကို သယ်ဆောင်လာပြီး ရန်ရွှေနှင့် ဝမ်မေယွမ်တို့ရှေ့ ချပေးလိုက်၏။
“ မြည်းကြည့်ပြီးတော့ မှတ်ချက်လေး ပြန်ပြောပေးဦး…”
ရန်ရွှေ လင်းရီကို ပြုံးပြလိုက်ပြီး “ အစ်မတို့က မိတ်ဟောင်းတွေ… ဒါပေမယ့် အခွင့်အရေးတော့ ယူလို့ မရဘူး… တကယ်လို့ အစားအသောက်တွေက အရသာမရှိဘူးဆိုရင် အစ်မတို့က ပိုက်ဆံ မပေးဘူးနော်…”
“ ပြဿနာ မရှိဘူး…”
အစားအသောက်များမှာ သူမတို့ရှေ့ ရောက်နေပြီး ရန်ရွှေမှ မြည်းစမ်းကြည့်တော့မည့် အချိန်တွင် ဝမ်မေယွမ်မှ နေ၍ “ မောင်ငယ်လေး … အစ်မကိုယ့်ဘာကိုယ် မိတ်ဆက်ပေးမယ်… အစ်မက တုန်းလိုင် ရုပ်ရှင်နဲ့ ဗွီဒီယိုထုတ်လုပ်ရေး ကုမ္ပဏီက အထွေထွေမန်နေဂျာ ဝမ်မေယွမ်… အစ်မတို့က ရုပ်ရှင် ဒရာမာတွေနဲ့ ဇာတ်ကားတွေ အများကြီးကို ထုတ်ဝေပြီးသွားပြီ… ရလဒ်တွေကလည်း တော်တော်လေး ကောင်းတယ်.. ဒါကြောင့်မို့ ခု စာရင်းထဲဝင်ဖို့ စဉ်းစာနေတာလေ… မောင်လေး အစ်မတို့ ကုမ္ပဏီအကြောင်း ကြားဖူးမှာပါ…”
“ အာ… ကျွန်တော်ကတော့ တစ်ခါမှ မကြားဖူးဘူးဗျ…”
ရန်ရွှေ ကူကယ်ရာမဲ့စွာဖြင့် နဖူးကို ဖိထားလိုက်သည်။ လင်းရီမှာ ယခင်က အတိုင်း တည့်တိုးဆန်နေဆဲဖြစ်ပြီး သူစိမ်းများနှင့် ပြောဆိုဆက်ဆံရန်ပင် ပျင်းရိနေလေသည်။
ဝမ်မေ့ယွမ် လုံးဝ မရှက်သွားပဲ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာကာ “ မကြားဖူးလည်း ကိစ္စမရှိပါဘူး… အစ်မသိစေချင်တာက အစ်မတို့ ကုမ္ပဏီက လုံးဝ မသေးဘူးဆိုတာပဲ.. တကယ်လို့ အများပိုင် ကုမ္ပဏီ ဖြစ်လာပြီဆိုရင် ဈေးကွက်တန်ဖိုးက အနည်းဆုံး ယွမ် ၅၀၀ မီလီယမ်ပဲ….”
“ ဆိုတော့… ကျွန်တော်က ဘာလုပ်ပေးရမှာ…”
ဝမ်မေ့ယွမ် လင်းရီကို ပြုံးပြလိုက်ပြီး “ မောင်လေးရီဘက်ကတောင် မေးလာပြီဆိုမှတော့ ဒီအစ်မလည်း မဖုံးကွယ်ထားတော့ဘူး…”
ဝမ်မေ့ယွမ် သူမ၏ စီးပွားရေးကတ်ကို ထုတ်ပေးကာ လင်းရီထံ ကမ်းပေးလိုက်ပြီး “ နင့်ရဲ့ ဆိုင်က ကြီးတာလည်း မဟုတ်ဘူး.. နောက်ပြီး ဈေးကလည်း အရမ်းကြီးတယ်ဆိုတော့ သေချာပေါက် ရောင်းကောင်းမှာ မဟုတ်ဘူး… တကယ်လို့ ဒီလိုမျိုး ပင်ပင်ပန်းပန်းနဲ့ မရုန်းကန်ချင်တော့ဘူးဆိုရင် အစ်မဆီ အချိန်မရွေး ဖုန်းဆက်လိုက်… အနည်းဆုံးတော့ မောင်လေးရဲ့ အနှစ်နှစ်ဆယ်ကျော်လောက် ရုန်းကန်ရမယ့် ခက်ခဲမှုတွေ လျော့နည်းသွားအောင် လုပ်ပေးမယ်…”
“ ကျွန်တော့်ကို စပွန်ဆာ ပေးချင်နေတာလား…”
ဝမ်မေ့ယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ လင်းရီမှာ ထိုမျှ တည့်တိုးဆန်လိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ သို့သော် ယင်းကလည်း ကောင်းသည့် အချက်ပင်။ သူမ ခြုံပတ်လည် ရိုက်နေမည့် ဒုက္ခများကို လျော့ပါးသွားစေသည်။
“ အစ်မက ဒီတိုင်း စဉ်းစားကြည့်တာပါ… နင်လည်း အစ်မရဲ့ အနေအထားကို သိပါတယ်… အစ်မမှာ ကုမ္ပဏီရှယ်ရာ 70 ရာခိုင်နှုန်း ရှိတယ်…အဲ့တာတွေရဲ့ တန်ဖိုးက အနည်းဆုံး 350 မီလီယမ် တန်ကြေးရှိတယ်.. သေချာလေး စဉ်းစားကြည့်ကြည့်ပေါ့…”
ဝမ်မေ့ယွမ်မှ သူမ၏ ကတ်ကို စားပွဲပေါ် လှန်ပြီးသည်ကို မြင်တော့ ရန်ရွှေ ကြားဝင် ရင်ကြားစေ့ပေးရန် ဟန်ပြင်လိုက်၏။
350 မဆိုထားနှင့်3.5 ဘီလီယမ် ရှိနေလျှင်ပင် လင်းရီက စိတ်ဝင်စားလိမ့်မည်မဟုတ်ချေ။
ချလပ်
ရန်ရွှေ စကားပြောတော့မည့် အချိန်တွင် စားသောက်ဆိုင်ထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာလေသည်။ လင်းရီ လှည့်ကြည့်လိုက်သောအခါ ကျီချင်းရန် သူမ၏ အိတ်ကို လွယ်လျက် အထဲသို့ ဝင်လာခဲ့ကြောင်း မြင်တွေ့လိုက်ရ၏။
ကျီချင်းရန်၏ ဝတ်စုံမှာ မနေ့ကကဲ့သို့ တောက်ပနေခြင်း မရှိတော့ပဲ လင်းရီ ပြောထားသည့် အတိုင်း အပြာရောင် ဂျင်းဘောင်းဘီ.. ခြေစွပ်ညှပ် အနက်ရောင်နှင့် အနီရောင် Air Jordan sneaker ကို စီးနင်းထား၏။ အပေါ်ထပ်ကိုတော့ ရိုးရှင်းသည့် အဖြူရောင် Nike တီရှပ်သာ ဝတ်ဆင်ထားလေသည်။ ထို့ပြင် ပန်းနုရောင် mask ကိုလည်း တပ်ထားသေး၏။
အကယ်၍ အကန့်အသတ်နှင့် ထုတ်သည့် Hermes အိတ်ကြောင့်သာ မဟုတ်ပါက သူမ၏ ပုံစံမှာ အနီးရှိ တက္ကသိုလ်ကျောင်းသူလေးများနှင့် မခြားနားချေ။
ကျီချင်းရန်ကို မြင်တော့ ရန်ရွှေနှင့် ဝမ်မေ့ယွမ်တို့နှစ်ဦးလုံးကြက်သေသေသွားကြသည်။
သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ အတော်လေး ကောင်းမွန်လှ၏။
ခြေတံများမှာလည်း ဝါးတူတစ်ချောင်းထက်ပင် ဖြောင့်စင်းနေပြီး ပိန်ပါး၍ ပြားကပ်နေသည်လည်း မဟုတ်ချေ။ အထူးသဖြင့် သူမ၏ ရေအိုးကဲ့သို့ လုံးဝန်းနေသော တင်ပါးကြီးများပင်။ သူမကဲ့သို့ အမျိုးသမီးပင် မနာလိုဖြစ်မိလေသည်။
သို့သော်လည်း ကျီချင်းရန်မှ mask ချွတ်လိုက်သည့် အခိုက်အတန့်တွင် နှစ်ယောက်မှာ ရှော့ခ်ရသွားခဲ့တော့၏။
သူမ၏ မျက်နှာသွင်ပြင်မှာလည်း ရင်သပ်ရှုမောဖြစ်ရလောက်သည်အထိ လှပတင့်တယ်နေကာ ပြီးပြည့်စုံစည့် ခန္ဓာကိုယ်အချိုးအစားနှင့်ဆိုပါက အနုပညာ နယ်ပယ်ထဲသို့ ဝင်လိုက်သည်နှင့် လက်ရှိ အနုပညာ ကြယ်ပွင့်များကို နှစ်အနည်းငယ်အတွင်း ကျော်တက်သွားနိုင်လေသည်။
“ ခဏနေမှ လာမယ်ထင်နေတာ..” လင်းရီ ပြုံးလိုက်၏။
“ ဒီအချိန်ကို ရွေးပြီးလာလိုက်တာလေ… ခုချိန်ဆို ယာဉ်ကြောတွေလည်း မပိတ်ဘူး.. ဆိုတော့ နင့်ကို အစောကြီး ကူပေးလို့ရတယ်လေ…”
၎င်းတို့၏ လေသံမှ တစ်ဆင့် နှစ်ယောက်မှာ အသိအကျွမ်းများဖြစ်ကြောင်း ပြောနိုင်လေသည်။
ထို့ပြင် နှစ်ယောက်၏ ဆက်ဆံရေးမှာလည်း အတော်လေး ရင်းနှီး၏။ သမီးရည်းစားများပင် ဖြစ်ကောင်း ဖြစ်နေနိုင်သည်။
“ အမှန်အတိုင်းပြောရရင် ငါဒီနေ့ အရမ်းအားနေတာလေ… ဒါပေမယ့် ဒီမနက် နင့်ရဲ့ လင်းယွမ်အုပ်စုဆီသွားတော့ ဟော်ယွမ်ယွမ်နဲ့ ကျန်တဲ့သူတွေက အစည်းအဝေး ထိုင်နေကြတယ်…”
“ ကျောက်မိုရဲ့ ကိစ္စကိုလည်း ငါတို့ဘက်က ကိုင်တွယ်ပြီးသွားပြီ… ချေးထားတဲ့ ငွေတွေကိုလည်း အကုန်ပြန်ပေးပြီးတော့ နောက်ဆုံး ယွမ် ၈၀ ဘီလီယမ်လောက် ပြန်ရလိုက်တယ်… နောက်ပြီးတော့ လျော်ကြေးငွေ ယွမ် ၃၀ ဘီလီယမ်ကိုလည်း Cisco က လင်းယွမ်အုပ်စုရဲ့ အကောင့်ထဲကို လွှဲလာခဲ့ပြီ…ခုဆို နင့်လက်ထဲမှာ ငွေကြေး စီးဆင်းမှုက ယွမ် ၁၂၀ ဘီလီယမ် ရှိပြီးတော့ ဟွာရှရဲ့ အချမ်းသာဆုံးတွေထဲက တစ်ယောက်လို့တောင် ပြောလို့ရနေပြီ…”
၎င်းတို့၏ စကားဝိုင်းကိုကြားတော့ ရန်ရွှေနှင့် ဝမ်မေ့ယွမ်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။
၁၂၀ ဘီလီယမ်….
နှစ်ယောက်မှာ လူချမ်းသာများ ဖြစ်သော်လည်း အဆိုပါ ပမာဏကြီးက သူမတို့အတွက်ပင် ပြောမပြနိုင်အောင် များပြားသည့် ပမာဏကြီးပင်။
ရန်ရွှေ မနေနိုင်ပဲ ပါးစပ်အုပ် ရယ်မောလိုက်၏။ သူမ လင်းရီ ချမ်းသာမှန်း သိသော်လည်း ထိုမျှ ချမ်းသာနေလိမ့်မည်လို့တော့ ထင်မထားချေ။
ဝမ်မေ့ယွမ်မှာ အရှက်ရလွန်း၍ တွင်းတစ်တွင်းတူး၍ ပုန်းအောင်းချင်နေလေသည်။
ဒီပါးစပ်ကလည်း ဘာလို့ ပေါက်တတ်ကရတွေ ပြောခဲ့မိပါလိမ့်..
သူမရဲ့ သန်း ၃၅၀ လေးနဲ့ ဘီလီယမ်နာ တစ်ယောက်ကို စပွန်ဆာပေးချင်နေတယ်တဲ့လား….
တကယ်လို့ ဒီကိစ္စသာ လူတွေသိသွားရင် သူမကို ဝိုင်းရယ်ကြတော့မှာပဲ….
“ အင်း မဆိုးပါဘူး…” လင်းရီ ခေါင်းညိမ့်လိုက်၏။
“ ရင်းနှီးမြုပ်နှံရေး ဌာနကိုကော မေးကြည့်ပြီးပြီလား… ဟိုရဲ့ ပရောဂျက် ( ဖိုတိုလီတို ဂရပ်ဖီ) အတွက် ပြင်ဆင်ရင်းနဲ့ အလားအလာကောင်းတဲ့ နည်းပညာကုမ္ပဏီတစ်ချို့ပေါ်မှာ ရင်းနှီး မြုပ်နှံထားမလို့…”
“ ငါ ဒါရိုက်တာထျန်နဲ့ သီးသန့်စကားပြောပြီးသွားပြီ… သူတို့ဘက်က ကုမ္ပဏီအချို့ တွေ့ထားတယ်လို့တော့ ပြောတာပဲ…” ကျီချင်းရန် သူမနဖူးပေါ် ကျနေသည့် ဆံစများကို သပ်ရင်း ပြောလိုက်ပြီး “ ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်က အရင်တစ်ခေါက်နဲ့တော့ မတူညီတော့ဘူး…အများစုက တစ်ဘီလီယမ်ကနေ စတယ်ဆိုတော့ ငါတို့ရဲ့ ခြေလှမ်းတွေကို သတိထားပြီး လှမ်းနေရတာ.. မဟုတ်ရင် အကုန်လုံးက သဲထဲရေသွန် ဖြစ်ကုန်သွားမှာလေ..”
“ အဲ့လောက်ကြီးလည်း စိုးရိမ်မနေပါနဲ့.. ရင်းနှီးမြုပ်နှံတယ်ဆိုတာက အဲ့လိုမျိုးပဲလေ… Buffett ဆိုရင်တောင် ရင်းနှီးမြုပ်နှံမှုတိုင်းကို အောင်မြင်မယ်လို့ အာမ မခံနိုင်ပဲကို..တကယ်လို့ မင်းသာ သေချာလေး လောင်းကြေးထပ်နေသရွေ့ ပိုက်ဆံရဖို့ဆိုတာ ပြဿနာ မရှိပါဘူး…”
“ နင်ပြောတာ ဟုတ်တယ်… ဒါပေမယ့် အစီအစဉ်တော့ သေချာလေး ဆွဲရဦးမှာ.. အချိန်ကျမှပဲ နင့်ကို ဖုန်းခေါ်လိုက်မယ်လေ..”
“ လွယ်ပါတယ်.. အဲ့ခါမှ သေချာသုံးသပ်ကြည့်ကြတာပေါ့…”
“အွန်း အွန်း..”
လင်းရီနှင့် စီးပွားရေးကိစ္စများကို ခဏတာ ဆွေးနွေးပြီးနောက် ကျီချင်းရန် mask ပြန်တပ်၍ ဘားကောင်တာထံ၌ မိန့်မိန့်ကြီး ထိုင်နေကာ လေဒီဘော့စ်အလား ပြုမူနေလေသည်။
“ လင်းရီ ငါတို့စားပြီးသွားပြီ… ဘယ်လောက်ကျလဲ…”
နှစ်ယောက်မှာ အစားအသောက်များစွာ မှာထားသော်လည်း ကုန်အောင် မစားသွားကြချေ။
ယခုလို ကိုးရို့ကားယားနိုင်သည့် အခြေအနေမျိုးတွင် ဝမ်မေ့ယွမ် စားချင်စိတ် မရှိတော့ပဲ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးချင်နေတော့သည်။
“ အမ်… မြန်လှချည်လားဗျ.. အစ်မ သူငယ်ချင်းက ကျွန်တော့်ကို စပွန်ဆာပေးမယ့် အကြောင်း ဆွေးနွေးနေတာ မဟုတ်ဘူးလား… ကျွန်တော်လည်း သကြားပေပီ မလုပ်ဖူးတာနဲ့ အတော်လေး စိတ်၀င်စားနေတာ …. ဆက်ပြောကြမယ်လေ…”
ဝမ်မေ့ယွမ်မှာ မျက်နှာချင်း မဆိုင်ဝံ့လောက်အောင် အရှက်ရနေလေသည်။
‘ နင်က ဘီလီယမ်နာကြီးလေ… ငါ့လို အဘွားကြီးတစ်ယောက်ကို အဲ့လိုမျိုး မစနောက်စမ်းပါနဲ့….
ဒီအဘွားကြီးရဲ့ နှလုံးသားလေးက တောင့်မခံနိုင်တော့ဘူး…”
“ ပေါက်တတ်ကရ… သူမက နင့်ကို လျှောက်စနေတာပါဟယ်… နင်ကော နင့်ကောင်မလေးက ဒီည ဆိုဖာပေါ် အိပ်ခိုင်းမှာ မကြောက်ဘူးလား…” ရန်ရွှေမှ စရင်းနောက်ရင်းဖြင့် သူမ သူငယ်ချင်းကိုယ်စား ပြောပေးလိုက်လေသည်။
“ စကားမစပ် ဘယ်လောက်ကျလဲ… အစ်မ ကျူအာပေးနဲ့ ပေးလိုက်မယ်..”
“ ၁၁၈၀ ယွမ် “
“ အိုကေ…”
“ နင်တို့က အချင်းချင်း သိကြတယ်လား….” ကျီချင်းရန် အံ့အားသင့်နေဟန်ဖြင့် မေးလိုက်သည်။
“အင်း… သူမ နာမည်က ရန်ရွှေတဲ့… ငါ အီရန်ဘွိုင်းလုပ်တုန်းက ရင်းနှီးသွားတာ… ဒီနေ့ မထင်ထားပဲ လာဆုံတာလေ…”
“ လင်းရီရဲ့ မိတ်ဆွေတွေဆိုမှတော့ ကျွန်မက 20 ရာခိုင်နှုန်း ဒစ်စကောင့် ပေးလိုက်ပါ့မယ်..” ကျီချင်းရန် ပြောလိုက်၏။
“ ရတယ် ရတယ်… ဆိုင်သစ်ဆိုတော့ အစ်မတို့က လာအားပေးတာလေ… နောက်တစ်ခေါက်လာမှပဲ ဒစ်စကောင့်ပေးလိုက်တော့…” ရန်ရွှေ ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။
ကျီချင်းရန် လင်းရီနှင့် ရန်ရွှေတို့ နှစ်ဦး၏ ဆက်ဆံရေးကို အထူးတလှယ် စဉ်းစားမနေချေ။ အဘယ်ကြောင့်ဆိုသော် အသက်ကွာခြားမှုကြောင့် သူမ စိတ်ချလက်ချ ဖြစ်နေသည်။
ပိုက်ဆံရှင်းပြီးနောက် ရန်ရွှေ လင်းရီကို နှုတ်ဆက်ကာ သူမ သူငယ်ချင်းနှင့်အတူ ဆိုင်ထဲမှ ထွက်ခွာသွားတော့၏။
ဖူး….
ကျီချင်းရန် မအောင့်အီးနိုင်တော့ပဲ ရယ်မောမိလိုက်တော့၏။
“ မစ္စတာလင်း.. ရှင်က တကယ်မဆိုးဘူးပဲ... ရှင့်ရဲ့ ဆွဲဆောင်မှုအားက သူများကိုတောင် တကူးတက လာပြီးထောက်ပံ့ပေးရအောင် ပြင်းထန်နေတယ်ပေါ့…”
“ ဘယ်တတ်နိုင်မှာ.. ငါ့လို လူချောလေးကို အရွယ်သုံးပါးလုံးက နှစ်သက်ကြတယ်လေ…”
“ အပိုတွေ လျှောက်ပြောမနေနဲ့… ခုနက ယွမ် ၁၁၈၀ ကို မြန်မြန်ပေး… ပြီးတော့ နေ့လည်က ရောင်းရတဲ့ ဥထမင်းကြော် သုံးပွဲ ရောင်းရတဲ့ ပိုက်ဆံ ၁၇၄၇ ယွမ်ကောပဲ… အကုန်ထုတ်လာခဲ့စမ်း…”
“ မဖြစ်နိုင်တာ… ငါ ဒီနေ့ နည်းနည်းလေးပဲ ရတာကို မင်းက အကုန်သိမ်းတော့မယ်ပေါ့…”
ကျီချင်းရန် ခါးထောက်လိုက်ပြီး မျက်နှာထား တင်းတင်းဖြင့် “ ဒါပေါ့ဟဲ့…ခုကစပြီး မိသားစုရဲ့ ပိုက်ဆံကို ငါကပဲ ကိုင်မယ်… နင့်ရဲ့ အသုံးစရိတ်ကလည်း နင်ဘယ်လောက်ကြိုးစားလဲဆိုတဲ့ အပေါ် မူတည်နေတယ်….”
“ မင်း ငါ့ကို ငွေကြောင့် လက်ထပ်တာလားလို့တောင် သံသယဝင်လာပြီ…” လင်းရီ တွန့်ဆုတ်စွာဖြင့် ရောင်းရငွေများကို လွှဲပေးလိုက်၏။
“ အဲ့တာကလွဲပြီး ဘာရှိဦးမှာ… နင်ထင်နေတာ ငါက နင့်ရဲ့ ရန်ချိန်က မြေတွေကို တပ်မက်နေတယ်များ ထင်နေတာလား…”