သိပ်မများပါဘူး.. လေးမီလီယမ်တည်း
Vol. 40 Ch. 596
"ဘာလို့ မ၀ယ်လိုက်တာ..."
"အရမ်းဈေးကြီးတယ်လေ.... တစ်ခွက်ကို ၁၂ ယွမ်တောင် ပေးရတယ်.. ပြီးတော့ အဲ့လောက်လည်း အာဟာရရှိတာ မဟုတ်ဘူး.. သစ်သီး အနှစ်တွေနဲ့ လုပ်ထားတဲ့ ဟာကြီးကို.. အဲ့ဆိုင်ရှင်က လိမ်ညာပြီး စီးပွားရေးလုပ်နေတာ..."ကျီချင်းရန် စောဒက တက်လိုက်ပြ "ရေသန့်ပဲ ၀ယ်သောက်ကြတာပေါ့..."
"ဘာလို့ အဲ့လောက်ထိ အလေးအနက်ထားနေတာတုန်းဟ..."လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေတော့၏။
"အခြေအနေတွေက မတူတော့ဘူးလေ... ငါတို့ တစ်ပြားတစ်ချပ်ချင်းစီကို သေချာ တွက်ချက်ပြီးတော့မှ သုံးစွဲရမှာ... "
"ဟူး.. ငါ အတိတ်မှာတုန်းက တော်တော်လေး လက်ဖွာခဲ့တာပါလားနော်.... ခုက စပြီး ဂရုစိုက်မှ ဖြစ်တော့မယ်... "
"သဘော သဘော.. ငါကတော့ ချင်းရန်စကား နားထောင်ဖို့ အဆင်သင့်ပဲ.."
"ခစ်ခစ် အဲ့လိုမှပေါ့..."
"ငါ သေချာစဉ်းစားပြီးသွားပြီ.. အနာဂတ်ကျ ငါတို့ ဒီကို ထပ်လာဖြစ်ခဲ့ရင် ကိုယ့်အသီးကို ယူခဲ့ကြမယ်.. အဲ့တာဆို ပိုက်ဆံလည်း ပိုပြီးတော့ ချွေတာလို့ရတယ်... ငါတို့ အသေးစိတ်ကစ လိုက်ဂရုစိုက်ရမှာ... "
"တိုးတိုးပြောဟ.. လမ်းမှာရှိတဲ့ လူတိုင်း ငါ့ကို စိုက်ကြည့်နေကြတာ မမြင်ဘူးလား..."လင်းရီ ပြောလိုက်ပြီ "တကယ်လို့ မင်း အဲ့လို ဆက်လုပ်နေမယ်ဆိုရင် ငါတော့ တံတွေးခွက်ထဲ နစ်တော့မယ်..."
"ဘာဆိုင်လို့.. ဒါက ငါတို့ နှစ်ယောက်ရဲ့ ကိစ္စလေ.. သူများ ပိုက်ဆံ သုံးနေတာလည်း မဟုတ်ပဲနဲ့..."
"ငါက ဒီလောက်လှတဲ့ နတ်သမီးလေးကို ညဈေးတန်း ခေါ်လာပြီးတော့ နောက်ဆုံးကျ ဖျော်ရည်လေးတစ်ခွက်တောင် ၀ယ်မတိုက်နိုင်ဘူးဆိုတော့ ငါ့ကို ရိုက်သတ်ချင်နေကြလောက်ပြီ... ဒီလိုမျိုး နွမ်းပါးတဲ့ ကောင်လေးက နတ်သမီးလေးနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ ဟုတ်တယ်မလား..."
ကျီချင်းရန် သဘောကျစွာဖြင့် ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။
လင်းရီမှ သူမကို 'နတ်သမီးလေး'ဟု ခေါ်လိုက်သည်ကို အတော်လေး သဘောကျနေရှာသည်။
"ဘာမှ မဖြစ်ဘူး ဘာမှမဖြစ်ဘူး...တခြားသူတွေ ဘယ်လောက်ပဲ ချမ်းသာနေပါစေ .. ငါလုံး၀ ဂရုစိုက်မှာ မဟုတ်ဘူး... "
"အဲ့လိုဆိုရင်တောင်မှ ဒီတိုင်း အပြောသပ်သပ်ပဲ ရှိသေးတာလေ.. ငါ စိတ်ပူနေတုန်းပဲ..."
"ဒါဆို နင် စိတ်ချလက်ချဖြစ်သွားအောင် ငါက ဘယ်လိုလုပ်ပေးရမှာ..."
"ငါ့အတွက် ရင်သွေးလေး မွေးပေးလိုက်... အနာဂတ်ကျရင် အပြင်ထွက်တဲ့ အချိန်ကျ ကလေးကိုပါ ခေါ်သွားလေ... အဲ့တာဆို ကိုယ့်ရဲ့ ချင်းရန်လေးမှာ ပိုင်ဆိုင်သူ ရှိပြီးသားဆိုတာ ကြေညာပြီးသား ဖြစ်သွားရော.. မဟုတ်ဘူးလား..."
"နင် ကလေးလေး လိုချင်တယ်ဆိုလည်း ရတယ်... ဒါပေမယ့် ငါတို့ လက်ထပ်ပြီးတဲ့ အချိန်ကျမှ ပြောကြတာပေါ့.. ခုတော့ စဉ်းတောင် မစဉ်းစားနဲ့..."
လင်းရီ ကူကယ်ရာမဲ့သွားခဲ့၏။ အမျိုးသမီးများ ဉာဏ်ကောင်းလွန်းနေသည်ကလည်း သိပ် အဆင်မပြေချေ။ သူ ယခုလို အနေအထားထိရောက်အောင် ကလူကျီစယ်ထားပါလျက်နှင့် ထောင်ချောက်ထဲသို့ မကျရောက်သွားခဲ့ချေ။
ဒါကြီးက သောက်ရမ်း ခက်ခဲတာပဲ...
"သွားစို့လေ.. ဒီမှာပဲ ရပ်မနေနဲ့..."ကျီချင်းရန် ပြောလိုက်ပြီး
"ဟိုမှာ တာကိုရာကီ.. တစ်ခုလောက် ၀ယ်ရအောင်လား.. ငါ စားချင်နေတာကြာပြီ..."
"၀ယ်လိုက်..."
"ကင်းမွန်ဆန်ကိတ်လေးကောပဲ..."
"၀ယ်..."
"ဝိုး.. ဒီမှာ စကယ်လီယမ် ပန်ကိတ်တောင် ရောင်းတယ်လား.. အဲ့တာလေးလည်း တစ်ခုလောက်နော်..."
"၀ယ်..."
"ဒါဆို တစ်ခုပဲ ၀ယ်လိုက်မယ်နော.. ပြီးမှ တစ်ယောက်တစ်၀က် စားကြမယ်လေ.."
"တစ်၀က်တည်းဆို ဒီရဲ့ ဗိုက်ကလေးက ၀ပါ့မလား... နှစ်ခု ၀ယ်လိုက်လေ.."
"နှစ်ခုဆို ၁၄ ယွမ်တောင် ကျမှာ.. တစ်ခုပဲ ၀ယ်မယ်..."
"အင်း သဘောလေ..."
လင်းရီ စကယ်လီယမ် ပန်ကိတ်၀ယ်လာခဲ့ပြီး ကျီချင်းရန်နှင့် တစ်ယောက်တစ်၀က်ခြမ်းကာ လမ်းလျှောက်ရင်း စားလိုက်ကြ၏။
"ငါတို့မှာ ပိုက်ဆံ ဘယ်လောက် ကျန်သေးလဲ..."
"၅၅ ယွမ်..."
"ဝိုး...အများကြီး ကျန်သေးတာပဲ.. ဆက်ပြီးတော့ ဈေး၀ယ်ထွက်ကြမယ်လေ..."
အစမှ အဆုံးထိတိုင်အောင် နှစ်ယောက်မှာ အစားအသောက် အများအပြားကို ၀ယ်စားခဲ့ကြ၏။
ဖက်ထုပ် ၊ ဆန်ခေါက်ဆွဲ၊ အမဲတံစို့ကင် ၊ ပန်ကိတ်များနှင့် တုံပေမှ ခေါက်ဆွဲအေးများပါမကျန် သက်ဆိုင်ရာ ဒေသထွက်အစားအစာများကို မြည်းစမ်းခဲ့ကြလေသည်။
သူတို့ အင်မတန် ချိုးခြံနေရသည့် အကြောင်းပြချက်ကတော့ မုန့်တစ်ခုချင်းစီတိုင်းကို မြည်းစမ်းကြည့်ချင်သောကြောင့်ပင်။
ထို့ပြင် တစ်စိတ်တစ်ပိုင်းလေးသာ ၀ယ်ယူ၍ ရပါက တစ်စိတ်တစ်ပိုင်းလေးသာ ၀ယ်ယူပြီး တစ်ခုလုံး မ၀ယ်ယူချေ။ ၎င်းတို့ နှစ်ယောက် သုံးစွဲနေသည့် ပုံစံက ဆိုင်ပိုင်ရှင်တိုင်းကို မျက်ရည်နှစ်စက် ကျသွားစေခဲ့သည်။
ဒီကောင်ကွာ... ဒီလောက်လှတဲ့ မိန်းကလေးနဲ့ လျှောက်လည်နေတာတောင်မှ ပိုက်ဆံလေး နည်းနည်းလောက် ပိုမသုံးနိုင်ဘူးလား...
ငါ့လို အသက်လေးဆယ် အရွယ် အဘိုးကြီးတောင် မခံစားနိုင်ဘူး...
ဘယ်လိုတောင် နှမြောဖို့ ကောင်းလိုက်လဲ...
"လင်းရီ လင်းရီ.. ဟိုမှာ ဖန်စီပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ရှိတယ်..."
မုန့်များ ရောင်းသည့် ဈေးလမ်းကို ကျော်လွန်လာခဲ့ပြီးနောက် နှစ်ယောက်မှာ ကုန်ပစ္စည်းများ ရောက်သည့် အတန်းသို့ ရောက်လာခဲ့ကြသည်။
ယခု သူတို့ရောက်ရှိနေသည့် နေရာတွင် နေ့စဉ်သုံး ပစ္စည်းများ ရောက်းချလျက် ရှိပြီး အများစုကတော့ မိန်းကလေး ပစ္စည်းများပင်။
အဘယ်ကြောင့်ဆိုသော် မိန်းကလေးများမှာ အဓိက ဖောက်သည်များဖြစ်ပြီး ယောက်ျားလေးများကတော့ တစ်ပြားကို နှစ်ပြား ခွာနေကြသောကြောင့် သိပ် ဈေးမကိုက်ပေ။
"လင်းရီ .. နင် ကြည့်.. ဒါက ငါနဲ့ဆို ကြည့်ကောင်းလောက်လား..."
ကျီချင်းရန် ငွေရောင် လည်ဆွဲတစ်ကုံးကို ယူ၍ ရင်ဘက်တွင် အပ်ကြည့်လိုက်သည်။
ဆွဲသီးမှာတော့ မြေခွေးတစ်ကောင်ပုံဖြစ်ပြီး ပလတ်စတစ် စိန်များကတော့ မြေခွေးလေး၏ မျက်လုံးများ အဖြစ် နေရာယူထားသည်။ အဆိုပါ ဒီဇိုင်းက အားလုံးထဲတွင် ဆန်းပြားနေလေသည်။
ယခုလို မေးခွန်းများက အမှတ်အလကားရသည့် မေးခွန်းများ ဖြစ်၏။
သိူ့သော်လည်း သာမန်ထက်ပိုပြီး တခြား နည်းလမ်းတစ်ခုဖြင့် ဖြေလိုက်မည်ဆိုပါက အမှန်ပြည့် ရနိုင်လေသညိ။
"ဒီ နားကပ်ရဲ့ ဒီဇိုင်းက တော်တော်လေး ဆန်းတယ်... ချင်းရန်နဲ့ ဆိုရင်တော့ တော်တော်လေး လိုက်ဖက်သလို ရှိတယ်ဆိုပေမယ့် သာမန်လူဆိုရင်တော့ ၀တ်ဖို့တောင် ခဲယဉ်းလိမ့်မယ်... "
တစ်နည်းအားဖြင့် ဆိုသော် အဆိုပါ နားကပ်အား ကျီချင်းရန်မှတစ်ပါး အခြားသူများ ဆင်မြန်းဖို့ရာ မထိုက်တန်ဟု သွယ်ဝိုက်ပြီး ပြောလိုက်ခြင်းပင်။
"တကယ်လား..."
ကျီချင်းရန် ထပ်မံ၍ ပြုံးလိုက်သည်။ အကယ်၍ သူမတို့သာ အိမ်တွင် ရှိနေပါက လင်းရီကို ပွေ့ဖက်၍ အနမ်းပေးလိုက်ပြီးဖြစ်၏။
သို့သော်လည်း ညဈေးတန်းတွင် လူအများကြီး ရှိနေသောကြောင့် ထိုသို့ ပြုလုပ်ရန် ရှက်ရွံ့နေလေသည်။
"မယုံရင် လူတိုင်းကို မေးကြည့်လိုက်.."လင်းရီ ပြောလိုက်ပြီး "ဒီမှ ပြထားတယ်ဆိုတာက မရောင်းရသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲမလား... ဘာလို့လဲဆိုတော့ လူတိုင်းက စမ်းကြည့်ပြီးတော့ ဒီရဲ့ ဆွဲသီးလေးနဲ့ မထိုက်တန်ဘူးလို့ ခံစားနေရလို့လေ.. ဒါကြောင့်မို့ ချန်ထားခဲ့ပြီးတော့မှ ထိုက်တန်တဲ့သူ လာ၀ယ်တာကို စောင့်နေတာ..."
"ခစ်ခစ်..."
သူမ၏ အပြုံးမှာ ပန်းတစ်ပွင့်နှယ် ပွင့်လန်းလာပြီး နှလုံးသားတစ်ခုလုံး ချိုမြိန်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
"သူဌေး.. ဒီရဲ့ ဆွဲသီးလေးက ဘယ်လောက်ကျလဲ..."
"ပုံမှန်ဆိုရင်တော့ ယွမ် ၃၀ ပဲ.. ဒါပေမယ့် ငါတူတို့ကို ၂ ယွမ် လျှော့ပေးလိုက်မယ်... ၂၈ ယွမ်ပဲပေး..."
"ကျေးဇူးပါ သူဌေး..."
ကျီချင်းရန် လင်းရီအနားသို့ တိုးကပ်သွားပြီး "ငါတို့မှာ ပိုက်ဆံ ဘယ်လောက် ကျန်သေးလဲ..."
လင်းရီ အကြွေများအားလုံးကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး တစ်ချက် ကြည့်လိုက်သောအခါ "ခြောက်ယွမ် ကျန်သေးတယ်..."
"ဒါက..."
ကျီချင်းရန် အနည်းငယ် ရှက်ရွံ့သွားခဲ့၏။ သူမ သူဌေးကို မည်မျှ ဈေးဆစ်စေကာမူ ဆိုင်ရှင်က ၆ ယွမ်နှင့် ရောင်းလိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။
ဆိုင်ရှင်မှာလည်း အတော်လေး အံ့အားသင့်သွားခဲ့၏။
ဘယ်လိုလူက ၂၈ ယွမ်တန် ဆွဲသီးလေးကို မတတ်နိုင်တာလဲဟ...
သူတို့ရဲ့ ပုံစံ ကြည့်ရသလောက် နွမ်းပါးတဲ့ပုံလည်း မပေါ်ပါဘူး...
"သူဌေး... နှောင့်ယှက်မိပြီ... ကျွန်မတို့ မယူတော့ဘူး... "
ကျီချင်းရန် ရှက်ရွံ့စွာဖြင့် ဆွဲသီးလေးကို ပြန်ချလိုက်ပြီး လင်းရီနှင့် ဈေးလည်း ဆက်မ၀ယ်ချင်တော့ပေ။ ညဈေးတန်းရှိ ပစ္စည်းတော်တော်များက ဈေးပေါသော်လည်း သူတို့၏ အိတ်ကပ်ထဲတွင် ခြောက်ယွမ်မျှသာ ရှိသောကြောင့် အိမ်သို့ ပြန်လိုက်သည်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။
လင်းရီတို့ ထွက်ခွာ သွားခဲ့ခြင်းက ဆိုင်နီးရှိ လူတိုင်းကို မယုံကြည်နိုင်မှုများ ဖြစ်ပေါ်သွားစေသည်။
မိန်းကလေး.. မင်းရဲ့ မိသားစုနောက်ခံက မကောင်းဘူးဆိုရင်တောင် နင့်ရဲ့ ပုံပန်းသွင်ပြင်နဲ့သာ ဆိုရင် ချမ်းသာတဲ့ သူဌေးသားတွေမှ ပါးရိုက်ရွေးလို့ရတယ်လေ... ဘာလို့ အဲ့ ငမွဲကောင်နားမှ ခိုနားချင်နေရတာလဲ...
ချီးပဲ.. ဂေါ်ဖီထုပ်အကောင်းစားကြီးတွေကို ၀က်စားသွားသလိုပဲ...
'ဒါနဲ့ အဲ့ဒီ ကြည့်ကောင်းတဲ့ ၀က်ကတောင် လှတဲ့ ဂေါ်ဖီထုပ်လေးတွေ ရနိုင်ရင် ငါတို့က ဘာလို့ မရနိုင်မှာလဲ....ဟုတ်တယ်မလား....'
"အလှလေး.. မင်း ဒီရဲ့ ဆွဲသီးကို သဘောကျနေတာမလား.. ငါ လက်ဆောင်ပေးလိုက်မယ်... ဘယ်လောက်မှ ကျတာလည်း မဟုတ်ဘူး...."
သူတို့ လှည့်ထွက်တော့မည့် အချိန်တွင် ကောင်လေးတစ်ယောက်မှ ပြောလာခဲ့၏။
လင်းရီ ကြည့်လိုက်သောအခါ ပြောလိုက်သူက သူ့လောက် နီးနီး ခန့်ညားပြီး အရပ်ခပ်မြင့်မြင့်နှင့် ကောင်လေး တစ်ယောက်ပင်။
ထိုသူက စစ်ရောင်ဂျင်း ဂျက်ကတ်နှင့် ကိုလီဘောင်းလီကို ၀တ်ဆင်ထားပြီး လည်ပင်းတွင် ငွေဆွဲကြိုး တစ်ကုံး ဆွဲထားသေးသည်။
"မလိုပါဘူး.. ကျေးဇူးပဲ..."
အရပ်ရှည်သည့် ကောင်လေးမှ ဘာမှ ပြန်မပြောပဲ QR code ကို စကန်ဖတ်ကာ ငွေ ၂၈ ယွမ်ကို ပေးချေလိုက်သည်။ ထို့နောက် မြေခွေးပုံ ဆွဲသီးလေးကို ကျီချင်းရန်ထံသို့ ကမ်းပေးလိုက်၏။
"အလှလေး .. မင်းရဲ့ ကောင်လေးက မတတ်နိုင်တော့ ငါကပဲ ၀ယ်ပေးလိုက်မယ်.. ယူလိုက်..."
၎င်းကိုကြားတော့ လင်းရီ ထောင်းကနဲ ဒေါသထွက်သွားခဲ့သည်။
ဒီနေ့ခေတ် တက္ကသိုလ်ကျောင်းသားတွေက ဒီလောက်တောင် ရဲတင်းနေကြပြီလား...
ချစ်သူ တစ်ယောက်လုံး ဘေးမှာရှိနေတာတောင် ပေါ်တင်ပြီး ဖွန်လာကြောင်နေတယ်ပေါ့လေ...
အနီးရှိ လူအုပ်ကြီးကတော့ ရှိုးပွဲကို စိတ်၀င်တစားဖြင့် ကြည့်နေကြလေသည်။
"ငါ ခုလေးတင် အဲ့စုံတွဲ ပန်ကိတ်၀ယ်နေတာကိုမြင်လိုက်တယ်... ကောင်လေးက ခပ်ချောချောလေး ဆိုပေမယ့် တော်တော်လေး ချို့တဲ့တယ်နဲ့ တူပါတယ်ကွာ... သူ့ကောင်မလေးအတွက် ပန်ကိတ်၀ယ်ပေးတာတောင် ၀က်ပေါင်ခြောက်လေး မထည့်ပေးနိုင်ရှာဘူး..."
"ဘုရားက မျှတပြီးသားပဲလေ.. သူ့ကို ကြည့်ကောင်းတဲ့ ရုပ်ရည်သွင်ပြင်ကို ပေးသနားထားပြီးတော့ ကြွယ်၀ခြင်း တံခါးကိုကျတော့ ပိတ်ထားပေးတယ်..."
"ဟင်း.. သူသာ အလုပ်ကြိုးစားပြီး ပိုက်ဆံရှာထားမယ်ဆိုရင် ဒီလိုမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး... ခုတော့...."
"ငါတော့ တော်တော်လေး ချောတဲ့ ကောင်တွေက ဘာလက်ကြောမှ မတင်းတဲ့ ကောင်တွေလို့ ထင်တာပဲ.. သူတို့ ကိုယ်သူတို့ ရုပ်လေးချောတာနဲ့ ဘာမှ လုပ်စရာ မလိုတော့ဘူးလို့ ထင်နေကြတာ... ဒါပေမယ့် အဲ့လိုမျိုးကောင်တွေမှ တမ်းတမ်းစွဲ ဖြစ်နေကြတဲ့ မိန်းကလေးတွေကိုလည်း ငါတကယ် အံ့ဩတယ် သိလား.. မစားနိုင် မသောက်နိုင် ကိုယ့်ချစ်သူကို ဘာမှလည်း ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတဲ့ကောင်တွေနဲ့ အတူနေမယ့်အစား ကြည့်ပျော်ရှုပျော် ချမ်းသာတဲ့ ကောင်လေးတစ်ယောက်လောက် ရှာလိုက်ပါလားကွာ... ဒီကလေးမတွေ ဘာစဉ်းစားနေလဲ ဆိုတာ ငါတကယ် နားမလည်နိုင်တော့ဘူး... "
"သနားဖို့ကောင်းလိုက်တာနော်.. အဲ့ဒီ အချောလေးတာ အလုပ်ပိုကြိုးစားပြီး တည်ငြိမ်တဲ့ ၀င်ငွေတစ်ခု ရှိရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး..."
"အွန်း.. ငါလည်း အဲ့ အစ်ကိုလေးက တော်တော်ချောတယ်လို့ ထင်တယ်... ဒါပေမယ့် သူ့ရဲ့ စီးပွားရေးအုတ်မြစ်က သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာပဲလေ.. ယွမ် ၂၀ တန် လည်ဆွဲလေးတောင် မတတ်နိုင်တာကြီးကတော့ မဖြစ်သေးပါဘူးဟယ်..."
"ဟင်း... သနားစရာလေး.. အဲ့လောက် ချောတဲ့ အစ်ကိုလေးက လူပုံအလယ်မှာ အရှက်ကွဲနေရပြီ..."
ယောက်ျားလေးအများစုက လှောင်ပြောင်နေကြချိန် မိန်းကလေး အများစုကတော့ လင်းရီကို သနားနေကြလေသည်။
"ငိုးပဲ.. မိန်းမလှလေးတွေကို ပိုးပန်းချင်တယ်ဆိုရင် အိတ်ကပ်ဖောင်းနေမှ ရတာကွ... ခုတော့ သူ့အိတ်ကပ်ထဲမှာ စောက်ဆံက ၆ယွမ်တည်း ရှိတာတဲ့လား.. ကြည့်နေ.. မကြာခင် သူ့ကောင်မလေးကို ဘောစိတစ်ယောက်က ဝိုက်သွားတော့မှာ..."
"ဟားဟား.. တစ်ယောက်ယောက်တော့ လှုပ်ရှားလာပြီ.. ငါ အဲ့ကောင်လေးကို သိတယ်.. သူ့နာမည်က ဟူဟိုင်ရန် ဆိုလားပဲ.. သူက ကျိုးဟိုင် နည်းပညာ တက္ကသိုလ်က.. မိသားစုကလည်း တော်တော်လေး ချမ်းသာတယ်..ကျောင်းကိုတောင် BMW 5 နဲ့ လာတက်တာနော်... အဲ့ကောင်က ညနေ ညနေဆို ကျိုးဟိုင် ဒရာမာ အကယ်ဒမီက ကောင်မလေးတွေကို ညစာဖိတ်ကျွေးနေကြပဲ... "
"ခုခေတ် မိန်းကလေးတွေက ပိုပြီး လက်တွေ့ ဆန်လာကြပါပြီကွာ.. ဒီရဲ့ မိန်းကလေးလည်း တော်တော်လေး ရိုးသားတဲ့ပုံ ဆိုပေမယ့် ငွေရဲ့ ဖျားယောင်းမှုဒဏ်ကိုတော့ လွန်ဆန်နိုင်မယ် မထင်ဘူး..."
"အဲ့တာက သောက်ရမ်းမှန်တယ် ညီကို.. ဒီလို ညဈေးတန်းလေးမှာ တစ်ခု ၀ယ်ဖို့တောင် အဲ့လောက်ထိ တွက်ချက်နေရတာကို ဘယ်မိန်းကလေးမျိုးက အဲ့လို ဘ၀မျိုးမှာ ပျော်မွေ့နိုင်မှာ.. ဒီလိုမျိုးသာ ဆက်ဖြစ်နေလို့ကတော့ အနာဂတ်ကျ သူဌေးတစ်ယောက်ယောက်ကနေပြီး အထာတွေ ပေးလာပြီဆိုရင် သူတို့တွေ မကြာပါဘူး ... လမ်းခွဲသွားရလောက်တယ်..."
"ငါလည်း အဲ့လို ရုပ်ချောတိုင်း မိန်းမလှလေး မှန်သမျှ ရနေတဲ့ကောင်တွေကို ကြည့်မရဆုံးပဲ... အရင်တုန်းက ငါကြိုက်တဲ့ ကောင်မလေးတစ်ယောက်လဲ ဒီလို ရုပ်ချောပြီး ဘာမဟုတ်တဲ့ကောင်နောက် လိုက်သွားတယ်လေ... ဒီလို ဖြစ်တာ မြင်လိုက်ရတော့ အရသာရှိလိုက်တာကွာ... "
ကျီချင်းရန် သူမ၏ ဆံပင်ကို ပြုပြင်လိုက်ပြီး "စိတ်မရှိပါနဲ့.. ကျွန်မက သူများပေးတဲ့ ပစ္စည်းတွေဆို လက်မခံတတ်ဘူး..."
"ရပါတယ်.. ဒီတိုင်း လည်ဆွဲလေး တစ်ကုံးတည်းဟာကို.. ငါ့ စီးကရက် တစ်ဘူးဖိုးတောင် မရှိဘူး..."
ဟူဟိုင်ရန် ပြောလိုက်ပြီး "ပြီးတော့ ငါ့မှာ ဘာမှ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေလည်း မရှိဘူး.. မင်း က ဒီရဲ့ လည်ဆွဲလေးကို ကြိုက်တယ်.. ဒါပေမယ့် မင်းရဲ့ ကောင်လေးက မ၀ယ်ပေးနိုင်ဘူး.. ငါက မင်းကို ဒီတိုင်း ပေးချင်လို့ပဲ..."
"အဲ့လိုဆိုရင်တောင် မယူဘူး..."
"အမှန်အတိုင်းဆို သူ ၀ယ်ဖို့ တတ်နိုင်တယ်.. ဒီနေ့ ငါတို့ရဲ့ အသုံးစရိတ်က ကန့်သတ်ထားတာမို့လို့ သိပ်မသုံးချင်တာ..."
"၂၈ ယွမ်တန် လည်ဆွဲလေး ၀ယ်ဖို့ကို ဘတ်ဂျက်က မလောက်ဘူးတဲ့လား.. ယွမ် ထောင်ကျော်နေတာမျိုးလည်း မဟုတ်..."ဟူဟိုင်ရန် ပြောလိုက်ပြီး "တကယ်လို့ သူ့မှာသာ အဲ့လိုမျိုး အစွမ်းအစရှိရင် ဘာလို့ ညဈေးတန်း ခေါ်လာလည်နေမှာ..."
"အဲ့တာ ကျွန်မတို့ သောက်ကြောင်းလေ.. "
ကျီချင်းရန် စကားဆက်မပြောတော့ပဲ လင်းရီ၏ လက်မောင်းကို ဖက်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
"ဒီလိုပဲ သွားတော့မှာလား.. အဲ့ဒီ လည်ဆွဲကို မ၀ယ်တော့ဘူးလား..."လင်းရီ မေးလိုက်၏။
"လိုချင်တာပေါ့.. ဒါပေမယ့် သူများက ၀ယ်သွားပြီလေ.. "ကျီချင်းရန် ပြောပြီးနောက် နှုတ်ခမ်းကိုက်လိုက်ကာ "ပြီးတော့ ငါတို့လက်ထဲမှာ ပိုက်ဆံကလည်း ခြောက်ယွမ်ပဲ ကျန်တော့တာ.."
"ကောင်းပြီလေ.. အဲ့တာဆိုလည်း မ၀ယ်ကြစို့..."
လင်းရီ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်၏။ သူပြန်ရောက်လျှင် ပန်းထိမ်ကျွမ်းကျင်သူ တစ်ယောက်ကိုရှာ၍ ယခုလို ဆွဲသီးနှင့် ချွတ်စွပ်တူသည့် လည်ဆွဲတစ်ကုံးကို ပြုလုပ်ခိုင်းမည်။ မည်သို့ပင်ဆိုစေ သူသုံးမည့် ပစ္စည်းများကတော့ စိန်အစစ်များသာ ဖြစ်၏။
"ဟေ့ ညီကို..."
ဟူဟိုင်ရန် နောက်မှ လှမ်းခေါ်လိုက်သည်။
"ဘာတုန်း..."လင်းရီ မေးငေါ့လိုက်၏။
"မင်း ၀ယ်ချင်ရင် ဒီလည်ဆွဲ ပြန်ရောင်းပေးမယ်... မူရင်းဈေး ၂၈ ယွမ်နဲ့ပဲ.. မင်း တတ်နိုင်လား..."
"ဟားဟား...."
၎င်းကိုကြားတော့ လူတိုင်း ပွဲကျသွားကြသည်။
ဒီလူက ခပ်ချောချောကောင်လေးကို အရှက်ခွဲနေတာပဲ...
၂၈ ယွမ် မပြောနဲ့ဦး .. ၇ ယွမ်နဲ့ ဆိုရင်တောင် အဲ့ကောင်က ၀ယ်နိုင်မှာ မဟုတ်ဘူး..
တကယ်လို့ သူသာ တတ်နိုင်တယ်ဆိုရင် အစောကြီးကတည်းက ဝယ်ပြီးရောပေါ့.. ဒီလို ဇာတ်လမ်းမျိုးတွေတောင် ဖြစ်လာစရာ အကြောင်းမရှိဘူး...
"မေ့လိုက်တော့.. ငါတို့က ဒီတိုင်း အပျင်းပြေလျှောက်လုပ်နေကြတာ... ဒီရဲ့ ယွမ် ၂၀ တန် လည်ဆွဲလေးက ငါ့ကောင်မလေးနဲ့ ဘယ်လိုက်ဖက်မှာ.. ပြန်ရောက်ရင် ပလက်တီနမ်စိန်တွေနဲ့ ပုံစံတူ ပြုလုပ်ပေးဖို့ စီစဉ်ပေးထား.. မင်းဟာမင်းပဲ သိမ်းထားလိုက်... "
"ဟမ်... ပလက်တီနမ်စိန်..."
၎င်းကိုကြားတော့ လူတိုင်း ကြက်သေသေသွားကြတော့၏။
ဒီကောင် ရှက်ရမ်းရမ်းပြီး လျှောက်ပြောနေတာလားကွ...
လက်ထဲ မူးလို့ ရှူစရာဆိုလို့ ၆ ယွမ်တည်း ရှိတာကို ကောင်မလေးကို စိန်ဆင်ပေးမယ် ပြောနေတယ်...
မင်း ကြွားမယ်ဆိုလည်း အကန့်အသတ်လေးတော့ ရှိဦးမှပေါ့ဟ...
ဟူဟိုင်ရန် မနေနိုင်ပဲ တဟားဟား ရယ်မောလိုက်သည်။
"ညီကို .. မင်း သူဌေး စတိုင် ဖမ်းစရာ မလိုပါဘူးကွာ.. ငါ့မှာ တခြား ရည်ရွယ်ချက်တွေလည်း မရှိဘူး.. မင်းကို အရှက် မကွဲစေချင်ရုံတင်ပဲ.. ဘာလို့ ဒီလိုတွေ လုပ်နေတာ.. မင်းရဲ့ လုပ်ရပ်က မင်းကောင်မလေးကို အရှက်ခွဲနေတာပဲ..."
"ဘာဆိုင်လို့ အရှက်ကွဲရမှာ.. စိန်လေးပဲ မဟုတ်ဘူးလား.. ဘယ်လောက်ရှိမှာမို့လို့.. ကြွားဖို့တောင် မတန်ဘူး..."
ဟူဟိုင်ရန် ပခုံးတွန့်လိုက်ပြီး "ဒါပေမယ့် မင်းက ၂၈ ယွမ်ပဲ တန်ကြေးရှိတဲ့ လည်ဆွဲလေးတောင် မ၀ယ်နိုင်ဘူးလေ.. ပြီးတော့ ညဈေးတန်းလို နေရာမှာတောင် ချိန်ကိုက်ပြီး သုံးနေရတာကိုတောင် စိန်၀ယ်မယ်ဆိုတော့ မင်းရှိတာ အကုန်ပြောင်သွားမယ် မဟုတ်ဘူးလား..."
လင်းရီ တစ်ခုခု ပြန်ပြောချင်နေသော်လည်း ကျီချင်းရန်မှ မပျော်မရွှင် ဖြစ်သွားခဲ့၏။
"နင် ဘာမှ ဆက်မပြောရင် ကောင်းမယ်.. ငါ့ကောင်လေးက နင်ထက်ပိုပြီး ချမ်းသာတယ်.. ငါတို့ မ၀ယ်ဘူးဆိုတာက မလိုချင်လို့ပဲ.. ၀ယ်ဖို့ မတတ်နိုင်တာ မဟုတ်ဘူ... "
"အလှလေး.. စိတ်မဆိုးပါနဲ့.. ငါက သူ့ကို အနိုင်ကျင့်နေတာ မဟုတ်ပါဘူး.. "ဟူဟိုင်ရန် တောင်းပန်စကား ပြောလိုက်သော်လည်း သူ၏ အမူအရာကတော့ ပုံမှန်ပင်။
ပိုးပန်းရာတွငိ အတွေ့အကြုံရင့်ကျက်သူ တစ်ဦး ဖြစ်သည့် အလျောက် ထိုကဲ့သို့သော မိန်းမလှလေးမျိုးကို ရရှိရန် မလွယ်ကူကြောင်း သူကောင်းမွန်စွာ နားလည်ထားလေသည်။
သူ တစ်ဆင့်ချင်း ဖြည်းဖြည်းသွား၍ သူမကို သိမ်းပိုက်ပစ်ရမည်။
ထို့ကြောင့် ယခု အချိန်တွင် သူ၏ ပထမဦးစားပေးက သူမစိတ်ထဲတွင် ကောင်းမွန်တို့ ပုံရိပ်တို့ ချန်ထားရစ်နိုင်ရန်ပင်။
အကယ်၍ သူမကို ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ပါ ရနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်၏။
ထို့ကြောင့် ယခု အရေးကြီးဆုံးက သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်ပြီး အထာပေးရန်ပင်။ မည်သို့ပင်ဆိုစေ ယခု အနီးတွင် လူအများကြီး ရှိသောကြောင့် သူမဘက်က စည်းကျော်လာ၍ မဖြစ်သေးချေ။ ထို့ကြောင့် သူ့ဘက်မှ စိတ်ရှည်ရပေမည်။
"ဘာမှ ဆက်မပြောနဲ့တော့.. ငါတို့ သွားပြီ..."ကျီချင်းရန် ပြောလိုက်၏။
"မင်းတို့ သွားမှာကို ငါလည်း မတားပါဘူး.. ဒါပေမယ့် ချစ်သူတစ်ယောက်အနေနဲ့ မင်းက ကိုယ့်ကောင်လေးကို အလုပ်ကြိုးစားဖို့ တိုက်တွန်းသင့်တယ်လို့ ထင်တာပဲ.. သူ့ကို ငဲ့ညှာထောက်ထားနေလို့ မဖြစ်သေးဘူးလေ..."
"ငါ့ကောင်လေးက ချမ်းသာပြီးသား.. ဘာမှ လုပ်စရာ မလိုဘူး... "
ကြည့်နေကြသူများမှ မနေနိုင်ပဲ ရယ်မောလိုက်ကြပြီး တစ်ချိန်တည်းတွင် မနာလိုသည့် အမူအရာများ ဖြစ်နေကြလေသည်။
ဘယ်လိုတောင် ရှားပါးလိုက်တဲ့ မိန်းမလှလေးလဲ...
"တကယ်လို့ အဲ့လို မိန်းကလေးမျိုးသာ ရနိုင်လို့ကတော့ ဆယ်ဘ၀လောက် စင်ဂယ်ဖြစ်မယ်ဆိုရင်လည်း ဖြစ်ပါစေ.. ပေးဆပ်ပစ်လိုက်မယ်..."
"အလှလေး... မင်းငါ ပေးတဲ့ လက်ဆောင်ကို ငြင်းလိုက်တာက လက်ခံလို့ရသေးတယ်.. ဒါပေမယ့် ဒီလိုမျိုး ဟန်ဆောင်နေတာကတော့ မဟုတ်သေးဘူးနော..."
"ဘာလို့ ဟန်ဆောင်နေတယ်လို့ ပြောတာ..."ကျီချင်းရန်၏ အမူအရာ အနည်းငယ် ကွက်သွားခဲ့ပြီး မပျော်မရွှင် ဖြစ်သွားခဲ့၏။
လင်းရီမှာ သူမ တန်ဖိုးအထားရဆုံးသူတစ်ဦး ဖြစ်သည့် အပြင် သူမ၏ နှလုံးသားထဲတွင် နေရာယူထားသူမှာလည်း လင်းရီ တစ်ဦးတည်းသာ။ ထိုအရာကလည်း မည်သူတွေ ပြောလို့မျှ ပြောင်းလဲသွားမည့် အရာမဟုတ်ချေ။
"ငါ နားမလည်တာက ယွမ် ၂၈ ယွမ်လေးတောင် မတတ်နိုင်တဲ့ကောင်ကို ဘာလို့ ချမ်းသာတယ်ဆိုပြီး ပြောနေတာ... ဒီမှာ ရှိတဲ့သူတိုင်းကလည်း အရူးတွေမဟုတ်ဘူး.. ဘာဖြစ်နေလဲဆိုတာ အကုန်နားလည်တယ်..."
ကျီချင်းရန် ဘာမျှ ပြန်မပြောပဲ လင်းရီ ဘက်သို့ လှည့်လိုက်ပြီး "နင့်ရဲ့ ဝီချက်အကောင့်ထဲမှာ ပိုက်ဆံ ကျန်သေးလား..."
"အင်း... ဒါပေမယ့် သိပ်တော့ မများပါဘူး..."
"မများဘူးဆိုတော့ ဘယ်လောက်လဲပဲရှိတာ..."
"လေးမီလီယမ်ကျော်လောက်ပေါ့…”