အတွင်း ဂိုဏ်းကွဲပြားမှု
Vol. 40 Ch. 598
“ ကျေးဇူးပါ တီချယ်…”
“ ငါလည်း မင်းကို အချိန်ရရင် အင်ပါယာကတ်တစ်ခု လုပ်ပေးပြီးတော့ ဟွာချင်းရေကန်ရဲ့ အရသာကို ခံစားကြည်ခိုင်းမယ်….”
“အမ်…” ဝမ်ရန် ကြက်သေသေသွားခဲ့ပြီး “ မိန်းကလေးတွေကလည်း အဲ့လိုနေရာမျိုး သွားလို့ရတာလား…”
“ မင်းက အတော်လေး အမြင်ကျဉ်းမြောင်းတာပဲ… မင်းရဲ့ အစ်မရင်းတောင် အရင်တုန်းက ရောက်ဖူးတာကို မင်းက ဘာလို့ သွားမရမှာ…”
“ ဘော့စ်… မဟုတ်တာတွေ လျှောက်ပြောမနေနဲ့… ကျွန်မ အဲ့ဒီထဲ သွားတာက ဘော့စ်ကို တင်ပြဖို့လေ… တခြား ဘာမှမှ မလုပ်ပဲဟာကို…”
“ အသေးစိတ်လိုက်ပြီး စိတ်ပူမနေနဲ့..” လင်းရီ ပြောလိုက်ပြီး “ မင်း ကောင်လေး ရတဲ့အချိန်ကျရင်လည်း မင်းကို လစာကတ်အသစ် လုပ်ပေးမယ်…”
ချလပ်
သုံးယောက်သား စကားပြောနေစဉ် ကျီချင်းရန် ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ ဝင်ရောက်လာကြသည်။
သုံးယောက်ထဲတွင် လုရင်းနှင့် ကျန်သူများမှာ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်ကိုသာ မြင်ဖူးကြပြီး ကျီချင်းရန်နှင့်တော့ မရင်းနှီးသေးချေ။ သို့သော်လည်း သုံးယောက်ထဲတွင် ဝတ်စုံပြောင်တတ်ထားသည့် ကျီချင်းရန်၏ အရှိန်အဝါက အသန်မာဆုံး ဖြစ်နေသည်ကိုတော့ ခံစားမိလေသည်။
“ အိုး… နင်တို့တောင် ရောက်နှင့်နေကြပြီလား..” လုရင်းနှင့် ကျန်သူများကို မြင်တော့ ဟော်ယွမ်ယွမ်မှ အပြုံးလေးဖြင့် နှုတ်ခွန်းဆက်လိုက်လေသည်။
“ ဘော့စ်က ငါတို့ကို ခေါ်ပြီးတော့ တစ်ခုခုပြောစရာရှိတယ် ဆိုလို့လေ…” လုရင်း ယဉ်ကျေးစွာ တုံ့ပြန်လိုက်၏။
ကျီချင်းရန်မှလွဲ၍ ကျန်သူများမှာ စီးပွားရေးကိစ္စ ဆွေးနွေးရာတွင် တွေ့ဆုံဖူးသောကြောင့် အထူးတလှယ် မိတ်ဆက်ပေးနေရန် မလိုချေ။
သို့သော်လည်း လင်းရီမှာ ကျီချင်းရန်အပေါ် အလေးထားနေဆဲဖြစ်၏။
လုရင်းနှင့် ကျန်သူများလည်း ၎င်းတို့၏ လေသံမှ တစ်ဆင့် ဘာဖြစ်နေလဲဆိုတာကို ခန့်မှန်းနိုင်လေသည်။
ဒီရဲ့ သန်မာတဲ့ အရှိန်အဝါတွေနဲ့ အမျိုးသမီးက ဘော့စ်ရဲ့ ချစ်သူ၊ လင်းယွမ်အုပ်စုရဲ့ လေဒီဘော့စ်ပဲ ဖြစ်ရမယ်…
သူမကို ဒီနေ့ စတော်ကင်တွေ ဝတ်မလာခဲ့ခိုင်းတာ ဆန်းတော့ မဆန်းတော့ပါဘူး.. လက်စသတ်တော့ လေဒီဘော့စ် လာမှာမို့လို့ကိုး…
“ အားလုံးကလည်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးပြီးသားတွေဆိုတော့ ငါ မိတ်မဆက်ပေးတော့ဘူး…” လင်းရီ ပြောလိုက်ပြီး “ ငါတို့အားလုံးက တစ်လှေတည်း စီးနေသူတွေ… ဆိုတော့ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောကြ….”
“ ဘော့စ်...ဒါရိုက်တာထျန်က ရင်းနှီးမြုပ်နှံမှု လိုအပ်နေတဲ့ ကုမ္ပဏီတွေကို အကြမ်းစာရင်း တစ်ခု လုပ်ထားတယ်...ကျွန်မကတော့ အနာဂတ်ဖြစ်နိုင်ချေတွေက မဆိုးဘူးလို့ ထင်တာပဲ… သူတို့ကို အချိုးအကွေ့ကနေ ကျော်လွန်နိုင်ဖို့ ဖြစ်နိုင်ချေရှိတယ်… လူတိုင်းပဲ.. တစ်ချက် ကြည့်ကြည့်ကြပါဦး…” ဟော်ယွမ်ယွမ် ပြောလိုက်၏။
သို့နှင့် ထျန်းရန်မှ ရင်းနှီးမြုပ်နှံသည့် စာရွက်စာတမ်းများကို လင်းရီထံ ကမ်းပေးလိုက်လေသည်။
တစ်ချိန်တည်းတွင် သူမအိတ်ထဲမှ Ipad ကိုထုတ်ကာ လုရင်းထံ ကမ်းပေးလိုက်၏။
“ နင်တို့လာမယ် မထင်ထားတော့ ကော်ပီတွေ ပိုမပြင်ထားလိုက်ရဘူး.. ဒါကြောင့်မို့ အီလက်ထရောနစ်ဗားရှင်းပဲ ရှိတော့တယ်.. တစ်ချက်ကြည့်လိုက်ပါဦး…”
လုရင်း လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး “ ကောင်းပြီလေ...ကျေးဇူးပါ ဒါရိုက်တာထျန်….”
ရင်းနှီးမြုပ်နှံသည့် စာရွက်စာတမ်းများကို လှန်လောကြည့်ပြီးနောက် လင်းရီ ဘေးသို့ ပစ်ချကာ “ ခုနကဟာ ဆက်ပြောပါဦး .. အချိုးအကွေ့မှာ ကျော်တက်မယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ…”
လင်းရီ၏ အမူအရာက ကျီချင်းရန်ကို ရင်ထိတ်သွားစေသည်။ လင်းရီ၏ ယခုကဲ့သို့ အပြုအမူကို ကျီချင်းရန် အတော်လေးရင်းနှီး၏။ ယင်းက သူ မပျော်မရွှင် ဖြစ်နေသည်ဆိုသည့် သဘောပင်။
ရင်းနှီးမြုပ်နှံတဲ့ စာရွက်စာတမ်းတွေထဲမှာ ပြဿနာတစ်စုံတစ်ရာ ရှိနေတာများလား…
ယုတ္တိကျကျ ပြောရပါက ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့၏ အရည်အချင်းဖြင့် ဆိုလျှင် အစီရင်ခံစာ၌ ပြဿနာတစ်စုံတစ်ရာ ရှိမနေသင့်ချေ။
အကယ်၍ ယခုလိုဖြစ်မည်မှန်း သူမကြိုသိပါက မလာခင် တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ပေမည်။ သို့သော်လည်း လင်းရီ၏ ပါးနပ်သည့်အပြုအမူကို မည်သူကမျှ သတိမမူမိလိုက်ပေ။
သူတို့အားလုံး လင်းရီ၏ အကျင့်စရိုက်ကိုသိထားကြသည်။ လင်းရီမှာ စစ်မှန်သည့် ရည်ရွယ်ချက်ကို ချပြခြင်းမရှိပဲ ခမ်းနားကြီးကျယ်သည့် ဖြစ်ရပ်များကို ဖန်တီးပြသွားလေသည်။ ထို့ကြောင့် ၎င်းနှင့်စပ်လျဉ်း၍ စိတ်ပူနေခြင်း မရှိခဲ့ချေ။
“ လီတိုဂရပ်ဖီစက်က ကျွန်မတို့ ထင်ထားတာထက်ကို ပိုပြီးတော့ ရှုပ်ထွေးတယ်… အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုကျ ဟွာရှကနေ ဝယ်ယူဖို့ တားမြစ်ခံထားရတယ်… ဘော့စ်လည်း ဘာကြောင့်ဆိုတာ နားလည်မှာပါ…”
“ အင်း .. ငါနားလည်တယ်…”
ဟွာရှ၏ မြင့်တက်လာမှုက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအတွက်တော့ ရင်လေးစရာပင်။ ဟွာရှနှင့် ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသော နိုင်ငံကလည်း အမေရိကန်သာရှိ၏။ ၎င်းကသာ အရာအားလုံး၏ နောက်ကွယ်မှ တရားခံ ဖြစ်နေပေလိမ့်မည်။
လင်းရီ မေးစေ့ ပွတ်၍ စဉ်းစားလိုက်၏။ အကယ်၍ သူ Cymer ၏ အလင်းအရင်းအမြစ်ကို ရရှိပြီး ချစ်ပ် 3.0 ကို ထုတ်လုပ်နိုင်ရင်တောင် လီတိုဂရပ်ဖီစက် ဖန်တီးနိုင်ရန် ပြဿနာများကို ကျော်လွန်နိုင်လိမ့်ဦးမည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် တခြားအစိတ်အပိုင်းများကလည်း ပရောဂျက်အတွက် အရေးကြီးနေသောကြောင့်ဖြစ်၏။ ၎င်းတို့မရှိပဲနှင့် ဖိုတိုလီတိုဂရပ်ဖီစက်ကို ဖန်တီဖို့ရာ လွန်စွာ ခက်ခဲပေတော့မည်။
ဟော်ယွမ်ယွမ်နှင့် ကျန်သူများ၏ အကြံဉာဏ်က ရိုးရှင်း၏။ ယင်းက ဒုတိယအလွှာအဆင့် ကုမ္ပဏီများကို ရင်းနှီးမြုပ်နှံရန်ပင်။
အကြောင်းပြချက်မှာတော့ အဆိုပါကုမ္ပဏီများက ကမ္ဘာကြီး၏ ထိပ်တန်း ကုမ္ပဏီများဖြစ်လာရန် နီးကပ် နေသောကြောင့် ဖြစ်ပြီး အကယ်၍ ၎င်းတို့ကိုသာ ဘဏ္ဍာငွေအမြောက်အများ ထောက်ပံ့နိုင်မည်ဆိုပါက လက်ရှိ နယ်ပယ်တွင် ထိပ်တန်းရောက်နေသည့် ကုမ္ပဏီများကို တာတစ်ပတ်ကျော်၍ ထိပ်တန်းဦးဆောင်သူများအဖြစ် ရောက်ရှိသွားပေလိမ့်မည်။
“ ဆက်ပြောပါဦး…” လင်းရီ ဖျော့တော့စွာ ပြောလိုက်သည်။
“ ကျွန်မတို့ စာရင်း လုပ်ထားပြီးသွားပြီ… လီတိုဂရပ်ဖီစက်ရဲ့ အဓိက အစိတ်အပိုင်းတွေက ၁၇ ခု ရှိတယ်.. U.Sက အဓိက အစိတ်အပိုင်း ကိုးခုထုတ်လုပ်ပြီးတော့ ထိုင်ဝမ်းကျွန်းက လေးခု၊ ဂျပန်က သုံးခု ၊ ပြီးတော့ ဂျာမနီက တစ်ခု …ကျွန်မတို့ရဲ့ ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်ကလည်း ဒီရဲ့ အဓိက အစိတ်အပိုင်း ၁၇ခုကို မဏ္ဍိုင်ပြုထားတယ်…”
“ အခြေအနေတွေက ကျွန်မတို့ တွေးထားသလောက်လည်း မဆိုးပါဘူး…” ထိုစဥ် လုရင်း ကြားဖြတ် ပြောဆိုလိုက်ပြီး “ ဟွာရှ ကုမ္ပဏီကနေပြီးတော့မှ အဓိက အစိတ်အပိုင်းလေးခုကို ထုတ်လုပ်နိုင်တယ်… ပြီးတော့ ကျွန်မတို့ရဲ့ ဓာတ်ခွဲခန်းကလည်း တခြား အဓိကအစိတ်အပိုင်းတွေနဲ့ ဆက်စပ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ကြိုးစားနေတယ်… ကျွန်မတို့ ဖြေရှင်းလိုက်နိုင်တာနဲ့ တစ်ပြိုင်နက်တည်း ကမ္ဘာ့အဆင့်ကို ရောက်ရှိသွားပြီးတော့မှ ဩဇာလွှမ်းမိုးမှုတွေကို အသုံးချပြီးတော့ ASML လို တခြား အစိတ်အပိုင်း ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတယ်….”
“မင်းရဲ့ စကားကို ထပ်ပေါင်းပြောရမယ်ဆိုရင် ငါတို့လုပ်နေတဲ့ ခေတ်မီဆန်းပြားတဲ့ ပရောဂျက် နောက်တစ်ခုက ဖွံ့ဖြိုးဆဲ အခြေအနေမှာပဲ ရှိနေမှာပဲ ရှိသေးတယ်.. ဆိုတော့ အဲ့ဒီပရောဂျက်ကသာ အောင်မြင်သွားပြီဆိုတာနဲ့ ASMLရဲ့ နည်းပညာကိုတောင် ကျော်လွန်သွားဦးမယ်…အဲ့အကြံကို ဒါရိုက်တာရှန်း ပြောထားတာမလား…..” လင်းရီ မေးလိုက်၏။
လုရင်း ခေါင်းညိမ့်လိုက်ပြီး “ အဲ့ဒါ ဒါရိုက်တာရှန်းရဲ့ အကြံပဲ.. ဒါပေမယ့် သေချာသုံးသပ်ကြည့်ပြီးတော့ အဲ့ဒီအကြံက ထည့်သွင်းစဉ်းစားရမှာတွေ အများကြီးရှိတာဆိုတော့ ဒါရိုက်တာရှန်းက ဘော့စ်ဆီ မတင်ပြပဲ နေလိုက်တာ….”
“ ပြီးတော့ လီတိုဂရပ်ဖီစက်ရဲ့ သဘောသဘာဝကိုက နိုင်ငံတစ်နိုင်ငံတည်းကနေပြီးတော့ ကိုယ်ပိုင် ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… တစ်ကမ္ဘာလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပဲ… ဒါပေမယ့် လက်ရှိအခြေအနေအရတော့ နိုင်ငံအသီးသီက ဟွာရှရဲ့ နည်းပညာ ဖွံ့ဖြိုးမှုအပေါ် ကန့်သတ်ချက်တွေ ထားရှိထားတာဆိုတော့ ကျွန်မတို့ဘက်က ပူးပေါင်းဆောင်ရွက်ချင်တောင် အခွင့်အရေးပေးမှာ မဟုတ်ဘူး… ဒါကြောင့်မို့ အနုကြမ်းနည်းနဲ့ ခြိမ်းခြောက်ပြီးတော့မှ လုပ်ရတော့မှာ…”
ထိုသို့ ပြောပြီးနောက် လုရင်း ခေတ္တရပ်တန့်၍ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်ကို သဘာဝမကျသည့် အမူအရာဖြင့် ကြည့်လိုက်၏။
သို့သော်လည်း တည့်တိုးဆန်ပြီး စိတ်ထဲမထားတတ်သူတစ်ယောက်ဖြစ်သည်နှင့် အညီ သူမ၏ အတွေးများကိုတော့ ထုတ်ဖော်ပြောလိုက်သေးသည်။
“ ဒါရိုက်တာရှန်းရဲ့ အမြင်အရတော့ တကယ်လို့ ကျွန်မတို့ နည်းပညာနယ်ပယ်မှာ ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင် ဟွာရှမှာ ရင်းနှီးမြုပ်နှံတာက အကောင်းဆုံးပဲ…” လုရင်း ဆက်လက်၍ “ သူက U.S ရဲ့ လုပ်ရပ်တွေကို ကောင်းကောင်းနားလည်တယ်.. တကယ်လို့ တစ်နေ့ ကျွန်မတို့ နိုင်ငံခြားမှာ ရင်းနှီးမြုပ်နှံထားတဲ့ သုတေသနကုမ္ပဏီတွေက တစ်ခုခု အောင်မြင်လာပြီဆိုတာနဲ့ U.S က သူ့ရဲ့ လက်ကို ဆန့်ထုတ်လာတော့မှာ… အဲ့ခါကျရင် ကျွန်မတို့က ဟွာရှ ဖြစ်တာနဲ့အညီ ခုံရုံးသွားမယ်ဆိုရင်တောင် သူတို့ရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး.. တစ်နည်းပြောရမယ်ဆိုရင် ကျွန်မတို့က ကိုယ်တိုင် ကြိုးစားပမ်းစားနဲ့ စိုက်ပျိုးထားပြီးတော့မှ အသီးအပွင့်တွေကိုကျတော့ သူများတွေကို ပေးလိုက်ရသလိုမျိုးပဲ…”
ကျီချင်းရန် မျက်မှောင်ကုပ်သွားခဲ့၏။ သူမ အဘယ်ကြောင့် လင်းရီ ထိုသို့ အမူအရာဖြစ်သွားလဲဆိုတာ နားလည်လိုက်လေသည်။
ယခုလို တင်းမာနေသည့် အခြေအနေမျိုးတွင် ယင်းက အဓိက ကျော်လွှားရမည့် အခက်အခဲဖြစ်၏။ ပြည်တွင်းမှ ထုတ်လုပ်သူများက နိုင်ငံခြား ကုမ္ပဏီများလောက် မကျွမ်းကျင်စေကာမူ လက်ခံနိုင်လောက်သည့် အရည်အချင်းရှိနေသရွေ့ ရင်းနှီးမြုပ်နှံရန် ထိုက်တန်လေသည်။
ထျန်းရန်၏ အဆိုပြုချက်အတိုင်း ဆိုလျှင်တော့ သူမတို့ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများမှာ အမေရိကန်နှင့် ဂျပန်ကုမ္ပဏီများ ဖြစ်ကြ၏။ သို့သော်လည်း ယင်းက လုရင်း ပြောသည့်အတိုင်း တစ်ဖက်သူကို အကျိုးအမြတ်အလကားပေးလိုက်သည်နှင့် အဆုံးသတ်သွားပေမည်။
လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်ပြီး ဟော်ယွမ်ယွမ်နှင့် ထျန်းရန်ကို ကြည့်လိုက်၏။
“ မင်းတို့ နှစ်ယောက်ကော ဒီကိစ္စ ဘယ်လိုမြင်လဲ…”
ထျန်းရန်မှာ မလွယ်ကူသည့် ပုံစံပေါက်နေပြီး “ ဥက္ကဌလင်း.. ကျွန်မ အဲ့ဒီဘက်ခြမ်းက ပြဿနာတွေကို မစဉ်းစားမိလိုက်ဘူး….”
“ ကျွန်မမှာလည်း တာဝန်ရှိတယ်… ဒီရဲ့ ရင်းနှီးမြုပ်နှံမှုအစီအစဉ်က ကျွန်မနဲ့ ဒါရိုက်တာထျန်တို့ သေချာလေ့လာပြီးတော့မှ အဆုံးသတ်ထားတာပါ..”
ထိုအချိန်မှ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်မှာ သူမတို့ လက်ရှိ အခြေအနေကို အထင်သေးမိသွားကြောင်း နားလည်လိုက်၏။
ဒါရိုက်တာလင်းမှာ ဟွာရှတွင် ဆက်လက် မကစားချင်တော့ပေ။ ထို့ကြောင့် ပြဿနာများကို သုံးသပ်ရာ၌ နိုင်ငံတကာ ပတ်ဝန်းကျင်ကိုပါ ထည့်သွင်းစဉ်းစားရပေတော့မည်။
“ ဒီရဲ့ ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်ကို ပြန်ယူသွား… ပြီးတော့ အသစ်ပြန်လုပ်ခဲ့… တကယ်လို့ နောက်ထပ် အမှားပါလာခဲ့ရင်တော့ မင်းတို့ နှစ်ယောက်လုံးကို ရာထူးလျှော့ရလိမ့်မယ်…”
“ နားလည်ပါပြီ ဥက္ကဌလင်း…”
ထို့နောက် လင်းရီ စွန်းဖုယွီကို ကြည့်လိုက်ပြီး “ ဖုန်း အော်ပရေးရှင်း စစ်စတမ်အခြေအနေ ဘယ်လိုရှိလဲ… “
“ နှစ်တွေကြာအောင် ဟွာရှရဲ့ မိုဘိုင်းဖုန်းထုတ်လုပ်သူတွေက အော်ပရေးရှင်းစနစ်အသစ်ကို ထုတ်လုပ်ချင်တယ်ဆိုပေမယ့် သူတို့ ကျရှုံးနေရတဲ့ အကြောင်းပြချက်က မိုဘိုင်းဖုန်း စစ်စတမ်အတွက် အရေးကြီးတဲ့ ecosystem (ဂေဟစနစ်)က ပြီးပြည့်စုံခြင်း မရှိလို့ပဲ…”
“ အင်း.. ဆက်ပါဦး..”
“ ဒါကြောင့်မို့ ကျွန်တော်တို့က ecosystem ဘက်ကို အဓိက အာရုံစိုက်နေပါတယ်… အောင်မြင်မှု တစ်ချို့တစ်ဝက်ကိုလည်း ရရှိနေပါပြီ.. ဒါပေမယ့် အချိန်တိုအတွင်း ရှာမတွေ့နိုင်တဲ့ တစ်ချို့ ပြဿနာလေးတွေလည်း ရှိနေသေးတယ်…”
“ ဘာပြဿနာလဲ…”
“ phone app “ စွန်းဖုယွီ ပြောလိုက်ပြီး “ အဲ့ဒါကလည်း ecosystem ရဲ့ တစ်စိတ်တစ်ပိုင်းပဲ.. တကယ်လို့ ကျွန်တော်တို့က ပြီးပြည့်စုံတဲ့ အော်ပရေးရှင်းစစ်စတမ်တစ်ခုကို ဖန်တီးနိုင်တယ် ဆိုရင်တောင် စစ်စတမ်နဲ့ လိုက်ဖက်ညီတဲ့ ဆော့ဖ်ဝဲ အက်ပ်တစ်ခု မရှိဘူးဆိုရင် အသုံးမဝင်ဘူး…”
( TL : Play store တို့ App store တို့လိုမျိုး.. app ecosystem )
၎င်းကို ပြောပြီးနောက် ဆိုင်ငယ်လေးထဲရှိ လေထုမှာ တိတ်ဆိတ်သွားတော့၏။ ကျီချင်းရန်နှင့် ကျန်သူများပင် အဆိုပါ နယ်ပယ်မှ ကျွမ်းကျင်သူများ မဟုတ်သော်လည်း ယခုပြဿနာက မည်မျှ ဖြေရှင်းရခက်လဲ ဆိုတာကို နားလည်ပေသည်။
အသစ်ဖန်တီးထားသည့် စစ်စတမ်ကို မဆိုထားဘိ ၊ Apple နှင့် Androidတို့ပင် များပြားသည့် အက်ပ်လီကေးရှင်းတို့နှင့် ထောက်ပံ့ထားခြင်း မရှိပါက အလကားပင်။
ထို့ကြောင့် ယင်းကလည်း အရေးကြီးဆုံး ပြဿနာတစ်ရပ် ဖြစ်နေရခြင်းဖြစ်၏။
“ အဲ့ဒီ ပြဿနာနေတွေကို ငါ့လက်ထဲလွှဲထားလိုက်…” လင်းရီ စွန်းဖုယွီကို ကြည့်လိုက်ပြီး “ အဲ့တာအပြင် တခြား ပြဿနာတွေကော ရှိသေးလား…”
“ သုတေသနပိုင်းမှာတော့ ပြဿနာတွေ သိပ်မတွေ့ပါဘူး… ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နည်းနာလို့ရတဲ့ အတွေ့အကြုံတွေက ရှေ့မှာ အများကြီး ရှိထားတယ်လေ… “ စွန်းဖုယွီ ပြောပြီးနောက် တစ်ခဏမျှ တုံ့ဆိုင်းသွားကာ “ ဒါပေမယ့် ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုတော့ရှိတယ်… ဥက္ကဌလင်း သဘောတူနိုင်လိမ့်မည်လို့ မျှော်လင့်တယ်…”
“ ဘာလဲပြော…”
“ စစ်စတမ် အသစ်ကို မချပြခင် ကျွန်တော့်ကို နောက်ထပ် အချိန်သုံးလပဲပေး… အဲ့ကာလအတွင်းမှာ ဖုန်း ထုတ်ကုန်အသစ်တစ်ခုကို ဖန်တီးပြီးတော့ ရောင်းချချင်ပါတယ်…”
လင်းရီ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်ကို ကြည့်လိုက်ပြီး “ မင်းတို့ အဲ့အကြံကို ဘယ်လိုထင်လဲ…”
နှစ်ယောက်လုံး ပြိုင်တူ ခေါင်းရမ်းလိုက်ကြပြီး ဟော်ယွမ်ယွမ်မှ နေ၍ “ ဒါရိုက်တာစွန်း.. ကျွန်မ ရှင့်ရဲ့ အရည်အသွေးနဲ့ အစွမ်းအစတွေကိုတော့ ယုံကြည်ပါတယ်… ဒါပေမယ့် ပြည်တွင်းရဲ့ ဖုန်းဈေးကွက်ကို IOS နဲ့ Android စစ်စတမ်နှစ်ခုက သိမ်းပိုက်ထားတာလေ… ကျွန်မလည်း လင်းယွမ်အုပ်စုရဲ့ မိုဘိုင်းဖုန်း စီးပွားရေးကို ထောက်ခံပါတယ်… ဒါပေမယ့် အချိန်သုံးလတည်း ယူတာကတော့ နည်းနည်းလေး အလျင်လိုလွန်းတယ်.. ဒီရဲ့ ပရောဂျက်ကို အသက်သွင်းလိုက်တာနဲ့ သေချာပေါက် ပိုက်ဆံတွေ ဆုံးရှုံးတော့မယ်ဆိုတာ ကြိုပြီးတော့ မြင်ယောင်နေသေးတယ်…”
လင်းရီ ထျန်းရန်ကို ကြည့်လိုက်ပြီး “ မင်းရဲ့ အမြင်ကကော…”
“ ကျွန်မအတွေးတွေကလည်း ဒါရိုက်တာဟော်နဲ့ အတူတူပဲ…” ထျန်းရန်ပြောလိုက်ပြီး “ ဂျွန်လက အဓိက ဖုန်းကုမ္ပဏီတွေရဲ့ ထုတ်ကုန်အသစ် မိတ်ဆက်တဲ့ အချိန်ပဲ.. သုံးလအတွင်းမှာ ဟွာရှနှစ်သစ်ကူးလည်း ရှိသေးတယ်.. ထုတ်ကုန်အသစ်ကို မိတ်ဆက်ပြီးတာနဲ့ သူ့ရဲ့ ကျော်ကြားမှုက အထွတ်အထိပ်ကို ရောက်မယ်ဆိုရင်တောင် ပြိုင်ဆိုင်မှုတွေနဲ့ မရေရာတဲ့ အခြေအနေကများတယ်…”
“ ဘာလို့လည်းဆိုတော့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပြီးတာနဲ့ ဖုန်းဈေးနှုန်းတွေက အထွတ်အထိပ်မှာရှိနေမှာ.. သာမန်သုံးစွဲသူတွေက ချက်ချင်း ဝယ်ကြမှာ မဟုတ်ဘူး.. နောက်ပြီး ဟွာရှ နှစ်သစ်ကူးကြရင်လည်း ဒီရဲ့ ထုတ်ကုန်အသစ်တွေအတွက် ဧရာမ ပရိုမိုးရှင်းကြီး ပေးရဦးမှာ… တကယ်လို့ ကျွန်မတို့က အဲ့လိုအချိန်ကာလမှာမှ ထုတ်ကုန်အသစ်ကို မိတ်ဆက်လိုက်မယ်ဆိုရင် ဆုံးရှုံးမှုတွေက ကျွန်မတို့ မျှော်မှန်းထားတာထက်ကို ကျော်လွန်သွားနိုင်တယ်…”
လင်းရီ ဝမ်ရန်ကို ကြည့်လိုက်ပြီး “ ရန်ရန် မင်းရဲ့ အမြင်ကော…”
“ ကျ .. ကျွန်မကတော့ ဘာမှ ငြင်းဆိုစရာမရှိဘူး. ဒါပေမယ့် ကုမ္ပဏီက ဖုန်းအသစ်ထုတ်မယ်ဆိုရင်တော့ သေချာပေါက် ဝယ်သုံးမှာပဲ.. ပြီးတော့ ကျွန်မရဲ့ ဆွေမျိုး သူငယ်ချင်းတွေကိုလည်း ဝယ်ဖို့ တိုက်တွန်းပေးမယ်…”
ဝမ်ရန်မှာလည်း အတွေးတို့ ယောက်ယက်ခပ်နေလေသည်။ တစ်ဖက်မှာ သုတေသန စင်တာရှိ ဒိတ်ဒိတ်ကျဲကြီးများဖြစ်ပြီး တစ်ဖက်မှာတော့ လင်းယွမ်အုပ်စုရှိ ထိပ်သီးပိုင်းကြီးများ ဖြစ်လေသည်။ ယင်းက အုပ်စု နှစ်ခု ကွဲပြားနေသကဲ့သို့ ဖြစ်ပြီး သူမ၏ အတွေးအမြင်များကို မထုတ်ဖော်ဝံ့ချေ။
သူမအတွက် တစ်ဖက်သီးသန့် ရွေးချယ်လိုက်သည်က မကောင်းမွန်သောကြောင့် မေမေတစ်ယောက်ကဲ့သို့ ဘက်မလိုက်ပဲ ကြားနေရန်သာ ဆုံးဖြတ်လိုက်လေသည်။
လင်းရီ ပြုံးလိုက်၏။ ဝမ်ရန်၏ အဖြေမှာ သူမျှော်လင့်ထားသည့် အတိုင်းပင်။ သူမမှာ ရင့်ကျက်လာခဲ့ပြီး ဖြစ်သော်လည်း လုံလောက်အောင် အရွယ်မရောက်သေးချေ။ ယခုလို အစည်းအဝေးပွဲမျိုးတွင် သူမ စကား အများကြီး မပြောဆိုရဲသည်က သာမန်သာဖြစ်လေသည်။
လင်းရီ သူ၏ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်၏။
နှစ်ဖက်မှာ မတူကွဲပြားသည့် အမြင်ကိုယ်စီ ရှိကြပြီး အကယ်၍ သူသာ တစ်ဖက်ကို ကူညီပေးလိုက်မည်ဆိုပါက သေချာပေါက် တစ်ဖက်အုပ်စုကို မကျေမနပ် ဖြစ်သွားစေမည်။
အနည်းငယ် ခက်ခဲမည်ဆိုသော်လည်း ယခု အချိန်က သူ၏ ခေါင်းဆောင်မှု စွမ်းရည်ကို စမ်းသပ်ရမည့် အချိန်ပင်တည်း။