ကျီချင်းရန် သူမရဲ့ ရပ်တည်ချက်ကို ဖော်ပြလာပြီ
Vol. 40 Ch. 599
“ စွန်းကြီး …. မင်းလည်း ကြားတဲ့ အတိုင်းပဲ.. မင်းအမြင်ကကော..” လင်းရီ ပြောလိုက်၏။
“ အမှန်အတိုင်း ဝန်ခံရရင် ဘော့စ်... ဒီပရောဂျက်ရဲ့ ကနေဦး အခြေအနေမှာ ကုမ္ပဏီကို အကျိုးကျေးဇူး ရရှိစေဖို့ အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော်လည်း နားလည်တယ်…”
စွန်းဖုယွီ ပြောပြီးနောက် သူ၏ မျက်မှန်ကို ပင့်တင်ကာ “ ဒါပေမယ့် အော်ပရေးရှင်း စစ်စတမ်အတွက်တော့ အသုံးပြုသူ user တွေရဲ့ အမြင်က အရေးကြီးဆုံးပဲ.. တကယ်လို့ ကျွန်တော်တို့ရဲ့ စစ်စတမ်က ပြီးပြည့်စုံတယ်လို့ ခံစားနေရရင်တောင် အဲ့တာက တစ်ဖက်သတ် အမြင်ပဲ… ဈေးကွက်ရဲ့ သဘောတူညီမှုကို ရရှိဖို့က အသုံးပြုသူတွေဆီကနေ ‘ Yes ‘ ဆိုတဲ့ အဖြေကို ကြားရဖို့လည်း လိုအပ်သေးတယ်…”
“ ဒါရိုက်တာစွန်း ကျွန်မတို့လည်း ရှင့်ကို ထောက်ခံပါတယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒါပေမယ့် ဒီလိုမျိုး အချိန်တိုလေးနဲ့ အများပြည်သူကို ချပြတာကတော့ သေချာပေါက် ဈေးကွက်ရဲ့ အသိအမှတ်ပြုမှုကို လက်ခံရလိမ့်မယ်လို့တော့ မထင်ဘူး… ကျွန်မတို့ဘက်က ပြီးပြည့်စုံတဲ့ အချိန်ရောက်တဲ့အထိ စောင့်တာက ကောင်းမယ်လို့ ထင်တာပဲ…”
“ ဒါပေမယ့် စစ်စတမ်က ဈေးကွက်ထဲ မဝင်ဘူးဆိုရင် တုံ့ပြန်ချက်တွေကို ဘယ်တော့မှ ရတော့မှာ မဟုတ်တော့သလို စစ်စတမ် ဖွံ့ဖြိုးမှုလမ်းကြောင်းအတွက် ရှင်းလင်းတဲ့ ဦးတည်ရာလည်း ရှိတော့မှာ မဟုတ်ဘူး…” စွန်းဖုယွီ ပြောလိုက်ပြီး “ ခုတောင် ငါတို့က တခြား မိုဘိုင်း ကုမ္ပဏီကြီးတွေနောက်မှ ကျန်နေရစ်ခဲ့ပြီ… ပိုပြီးတော့ အချိန်ဆွဲလေ… ကွာဟမှုက ပိုပိုပြီး ကြီးမားလာလေပဲ… လိုက်မှီဖို့ဆိုတာ လုံးဝ ခက်ခဲသွားတော့မှာ…”
ဟော်ယွမ်ယွမ်နှင့် စွန်းဖုယွီတို့ စစ်စတမ် အသစ်ကို ချပြခြင်းနှင့် စပ်လျဉ်း၍ အပြင်းအထန် ငြင်းခုန်ခဲ့ကြ၏။
ထိုအခါမှသာ လင်းရီလည်း စွန်းဖုယွီ၏ စကားပြောစွမ်းရည်မှာ မည်မျှ ကြွယ်ဝသည်ကို သိရှိသွားခဲ့တော့သည်။
ဟော်ယွမ်ယွမ်နှင့် ယခုလို အချေအတင် ငြင်းခုန်ဖို့ရာက လွယ်ကူသည်တော့မဟုတ်ပေ။
ဆိုရိုးစကားများအတိုင်း လက်မ အနည်းငယ် လွဲမှားသွားသည်ကပင် ကွဲပြားသည့် ဦးတည်ရာဘက်သို့ ရောက်ရှိသွားစေသည်။ ၎င်းတို့၏ ရာထူးမှာလည်း မတူညီပဲ တစ်ဖက်စီတွင် ကိုယ်ပိုင်အမြင်များရှိကြ၏။ ထို့ပြင် မည်သည့်ဘက်ကမျှလည်း လက်လျော့ရန် စိတ်ကူး မရှိကြပေ။
စွန်းဖုယွီမှာ အရေးနိမ့်နေသည့် အနေအထားတွင် ရှိနေသော်လည်း သူ၏ ခံယူချက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားကာ လုံးဝ အလျှော့မပေးချေ။
နှစ်ဦးနှစ်ဖက်မှ အလျော့မပေး တင်းမာသည့် အခြေအနေကို မြင်တော့ လင်းရီမှ သူဝင်ရောက်ရတော့မည့် အချိန်ဖြစ်သည်ဟု ခံစာမိလိုက်၏။
သို့သော်လည်း လင်းရီ စကားစပြောတော့မည့် အချိန်တွင် ကျီချင်းရန်၏ အသံကို ကြားလိုက်ရလေသည်။
“ ငါကတော့ ဒါရိုက်တာစွန်းရဲ့ အကြံဉာဏ်က အတော်လေးကောင်းတယ်လို့ ထင်တာပဲ..”
ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ နှစ်ဦးလုံး ကျီချင်းရန်ကို ကြည့်လိုက်ကြ၏။
သူမတို့၏ မျက်ဝန်းများထဲတွင် အံ့အားသင့်နေသည့် အရိပ်အယောင်များဖြင့် အနည်းငယ် ပြူးကျယ်နေလေသည်။
ဒါက လုံးဝကို အမြတ်မရနိုင်တဲ့ ပရောဂျက်ကြီးမှန် သိသာနေတာကို ဘာလို့ အစ်မကျီက ထောက်ခံနေရတာ…
သူမလည်း အဲ့ဒါကို မရိပ်မိဘူးဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ…
“ မိုဘိုင်းဖုန်း စစ်စတမ်အသစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက မသေချာမရေရာမှုတွေနဲ့ အနာဂတ်အလားအလာကလည်း မရှင်းလင်းသေးဘူးဆိုတာ အမှန်ပဲ…”
“ အသုံးပြုသူတွေရဲ့ တုံပြန်ချက် တစ်ခုတည်းကရင် အရှုံးပေါ်နိုင်ခြေကများတယ်… ဒါပေမယ့် လင်းယွမ်အုပ်စုရဲ့ တိုးတက်မှု ဖြစ်စဉ်ကို ခြုံငုံကြည့်မယ်ဆိုရင် မတူညီတဲ့ အဖွဲ့အစည်းအသီးသီးကို ပူးပေါင်းပြီးတော့ ရှေ့ကို ဆက်ပြီး တက်လှမ်းသွားရမှာ…”
“ ဒါရိုက်တာထျန်က DIDI ကနေလာခဲ့တာဆိုတော့ DIDI ရဲ့ အခြေအနေကို အသိဆုံး ဖြစ်မှာပါ… အရင်တစ်ခေါက် သုံးလတစ်ကြိမ် တစ်နှစ်တစ်ကြိမ် စာရင်းရှင်းတမ်းတွေမှာ DIDI က တည်ငြိမ်တဲ့ ဖွံဖြိုးမှုလမ်းကြောင်းကို ရောက်နေပြီလို့ ကောက်ချက်ချလို့ ရတယ် ဆိုပေမယ့် ဟွာရှလို ကြီးမားတဲ့ နေရာမျိုးမှာကျတော့ တည်ငြိမ်နေပြီလို့ ဆိုလို့မရသေးဘူး…”
“ စစ်စတမ်အသစ်က အထွေထွေမိုဘိုင်းအသုံးပြုဖို့အတွက်တော့ အထောက်အကူ သိပ်မဖြစ်သေးဘူးဆိုပေမယ့် smart travel, AI interaction နဲ့ တခြားဦးတည်ရာဘက်တွေမှာတော့ အရမ်းအသုံးဝင်တယ်..”
ကျီချင်းရန် သူမ၏ ပုံစံကို ပြောင်းလဲလိုက်ပြီး အကြည့်များ စုပုံနေသော်ငြား အတွေးတို့ တစ်ချက် ယိမ်းယိုင်ခြင်းမရှိ သူမ၏ အမြင်များကို ပကတိ တည်ငြိမ်သည့် လေသံဖြင့် “ငါက အင်တာနက် နယ်ပယ်အကြောင်းကို သိပ်နားမလည်ဘူး ဆိုပေမယ့် လုံရှင်းနဲ့ DIDI က မိုဘိုင်းဖုန်းဈေးကွက်ထဲဝင်ဖို့ အန္တရာယ်တွေကို အတူလက်တွဲ ရင်ဆိုင်ရင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ထင်တာပဲ… အဲ့တာက မိုဘိုင်းဖုန်းဈေးကွက်ထဲ ဝင်ရောက်ဖို့ ပြဿနာတွေကို ထေနိုင်ပြီးတော့ Didiအတွက် မိုဘိုင်းဖုန်းနယ်ပယ်ထဲမှာ ခြေကုပ်ယူဖို့ မဟာဗျူဟာကျတဲ့ နည်းလမ်းတစ်ခုလို့တောင် ပြောလို့ရတယ်…”
ကျီချင်းရန် စကားပြောပြီးနောက် ဆိုင်ထဲရှိ လေထုမှာ တစ်ဖန် ထူးဆန်းလာပြန်သည်။
၀မ်ရန် ကျီချင်းရန်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး သူမ၏ အကြည့်မှာလည်း လေးစား အားကျနေသည့် အကြည့်ပင်။
ဥက္ကဌကျီမှာ တီချယ်လင်း ပြောမည့် စကားလုံးများကို ပြောကြားသွားခဲ့သည်။ သူမက တီချယ်လင်းကိုယ်စား အမုန်းခံ၍ နှစ်ဖက် အငြင်းပွားနေသည်ကို ဖြန်ဖြေပေးလိုက်၏။ ထို့ပြင် တီချယ်လင်းကိုလည်း လူကောင်းအသွင် ဆောင်သွားစေခဲ့သည်။
ယင်းက အံ့ဩလောက်စရာကြီးပင်။
သူမလည်း ဘယ်အချိန်ကျမှ အဲ့လို ဖြစ်လာမှာလဲဟင်..
ကျီချင်းရန် ယခင်တုန်းက ထျန်းရန်ကို အဘယ်ကြောင့် Didi မှ ရာထူးရွေ့ပြောင်းလိုက်လဲဆိုတာကို သံသယ ဖြစ်မိခဲ့၏။
ယခုတော့ သံသယရှိရန် မလိုပဲ ချိန်ရွှမ်းနှင့် ထျန်းရန်၏ အရည်အသွေးများကြောင့်ပင်။
Didi ကို အားလျော့သွားစေရန် ရည်ရွယ်ချက်ဖြင့် ထျန်းရန်ကို လင်းယွမ် အုပ်စု၏ ရင်းနှီးမြုပ်နှံရေး ဌာနသို့ ရွေ့ပြောင်းလိုက်လေသည်။ ယင်းကလည်း လင်းယွမ်အုပ်စုနှင့် Didi အကြားရှိ နှစ်ဖက် သဘောထား မတိုက်ဆိုင်မှုများကို ကာကွယ် တားမြစ်ရန်ပင်။
လင်းရီ စီစဉ်ထားသည့် အတိုင်း Didi နှင့် လင်းယွမ်အုပ်စုမှာလည်း ဘက်ညီညီနှင့် ရလဒ်ကောင်းများ ရရှိစေရန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ မျှော်လင့်မထားစွာဖြင့် အတွင်းသဘောထား မတိုက်ဆိုင်မှုများကို စတင်လာသည်က လုံရှင်းဖြစ်နေခဲ့၏။
ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့၏ စရိုက်မှာလည်း ရိုးရှင်းပြီး စွန်းဖုယွီနှင့် လုရင်းတို့မှာလည်း လူမှန်များ ဖြစ်ကြသည်။ သို့သော်လည်း ရှုထောင့်ကိုယ်စီမှ အချေအတင် ပြောဆိုမည်ဆိုလျှင်တော့ သေချာပေါက် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လာပေမည်။
ရေရှည်တွင် ထိုသို့ ကွဲလွဲမှုများ မကြာခဏ ဖြစ်ပေါ်နေမည်ဆိုပါက လင်းယွမ်အုပ်စု၏ အနာဂတ် တိုးတက်မှု အလားအလာအတွက် ကြီးမားသည့် အဟန့်အတားများ ဖြစ်ပေါ်လာစေနိုင်သည်။
"ဥက္ကဌကျီပြောတာ အဓိပ္ပာယ်ရှိတယ်.. Didi က တည်ငြိမ်တဲ့ တိုးတက်မှု လမ်းကြောင်းမှာ ရောက်နေတာ ဆိုတာထက် တစ်ဆို့နေတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်... ဥက္ကဌချိန်ကလည်း အောက်ခြေကနေ ပြန်လည် ဖွဲ့စည်းဖို့ကို စဉ်းစားနေတာ.. ခု ဥက္ကဌကျီ ပြောသလိုမျိုးပဲ အော်ပရေးရှင်း စစ်စတမ် အသစ်က Didi အတွက် အခွင့်အလမ်းအသစ် ဖြစ်လာနိုင်တယ်..."ထျန်းရန် ပြောလိုက်သည်။
"ငါက ဒီတိုင်း ငါ့ရဲ့ အတွေးတွေကို ပြောကြည့်ကြည့်တာ.. ဒါပေမယ့် ငါတို့က တကယ့်လက်ရှိ အခြေအနေတွေကို အာရုံစိုက်ဖို့ လိုနေသေးတုန်းပဲ.. ဒီကိစ္စကို ပိုပြီး အကျယ်တ၀င့် ဆွေးနွေးဖို့ လိုအပ်နေသေးတယ်."ကျီချင်းရန် ပြောလိုက်၏။
"ကောင်းပါပြီ..."စွန်းဖုယွီ ပြောလိုက်၏။
"ကဲ ငါတို့ ခုနလေးတင် ဆွေးနွေးခဲ့တာကို ပြန်ဆက်ကြရအောင်..."လင်းရီ ပြောလိုက်ပြီး "စွန်းကြီး .. မင်းက ဖုန်းစစ်စတမ် အသစ်ကို ဆက်ပြီးတော့ လုပ်နေ.. တိုးတက်နေတဲ့ အရှိန်ကို မရပ်တန့်လိုက်နဲ့.. ပြန်ပြီးတော့ smart travel systemကိုလည်း လေ့လာထားလိုက်... "
"နားလည်ပါပြီ ဥက္ကဌလင်း... "
"လုံရှင်းနဲ့ Sci-tech ပူးပေါင်းတဲ့ ကိစ္စကိုကျတာ့ မင်းရဲ့ လက်ထဲပဲ ထားခဲ့လိုက်မယ်..."လင်းရီ ၀မ်ရန်ကို ကြည့်၍ ပြောလိုက်သည်။
"ကျွန်မကိုလား..."၀မ်ရန် ရုတ်ချည်း လက်တို့ ကတုန်ကယင် ဖြစ်လာခဲ့၏။
သူမ ကျောင်းပေါက်၀က ထွက်လာခဲ့တာတောင် ဘယ်လောက်မှ မကြာသေးဘူးလေ.. ဒါကို တီချယ်က ခက်ခဲတဲ့ ၀န်တွေ ထမ်းခိုင်းနေပြီတဲ့လား...
"တီ တီချယ်.. ကျွန်မက တီချယ့် အစီအစဉ်တွေကို ဖျက်သလို ဖြစ်သွားနိုင်တယ်နော..."
လင်းရီ ၀မ်ရန်ကို စူးစိုက်ကြည့်လိုက်ပြီး "မင်း သေချာပြီလား...."
"ကျ....."
လုရင်း တိတ်တဆိတ် ၀မ်ရင်း၏ နောက်ကျောကို တစ်ချက်တို့လိုက်၏။
"ကျွန်မ လုပ်နိုင်ပါတယ်..."
"အင်း.. မင်း ယုံကြည်တယ်ဆိုရင် သေချာပေါက် လုပ်နိုင်တယ်.. လိုအပ်ရင် ဒါရိုက်တာ ဟော်နဲ့ ဒါရိုက်တာထျန်တို့ရဲ့ အကူအညီကို ယူလို့ရတယ်.... "
"ဟုတ်ကဲ့ ကျေးဇူးပါ တီချယ်လင်း..."
လုရင်း လျို့ဝှက်စွာဖြင့် သက်ပြင်းချလိုက်၏။ ကံကောင်း၍ ၀မ်ရန်မှ အချိန်မှီ တုံ့ပြန်ခဲ့သောကြောင့်ပင်။
မဟုတ်ပါက ဘော့စ်၏ စိတ်နှင့် ဆိုပါက အလုပ်ထုတ်ခံရနိုင်ချေရှိလေသည်။
"ကောင်းပြီ.. ဒီနေ့ အစည်းအဝေးကို ဒီမှာတင် ရပ်ကြမယ်..."လင်းရီ မတ်တပ်ရပ်လိုက်ပြီး "မင်းတို့ကောင်တွေလည်း မစားရလောက်သေးဘူးဆိုတော့ ဒီနေ့တော့ ငါ့ရဲ့လက်ရာကို မြည်းစမ်းကြည့်ခိုင်းမယ်..."
ထိုအခိုက်အတန့်တွင်ပဲ ဆိုင်ခန်းထဲရှိ လေးလံသိပ်သည်းနေသည့် လေထုမှာ ပုံမှန် အခြေအနေသို့ တစ်မဟုတ်ချင်း ကူးပြောင်းသွားခဲ့လေသည်။
သို့သော်လည်း ဟော်ယွမ်ယွမ်၏ ရင်ထဲတွင်တော့ မငြိမ်းချမ်းနိုင်သေးချေ။
သူမ တစ်ချက်ကို နားမလည်နိုင်ဖြစ်နေခဲ့၏။
ချလပ် ...
ထိုစဥ် ဆိုင်တံခါးမှာ ပွင့်ဟလာပြီး မိန်းကလေး လေးယောက် ၀င်ရောက်လာခဲ့၏။
လင်းရီ နှစ်ယောက်ကိုတော့ မှတ်မိလေသည်။ သူမတို့မှာ မနေ့ နေ့လည်က လာစားသွားကြသည့် လီချန်နှင့် ကျောက်ယွဲ့ထုံတို့ ဖြစ်ကြ၏။
ကျန်သည့် မိန်းကလေး နှစ်ယောက်မှာလည်း သူမတို့နှင့် အသက်အတူတူပင်။ ထိုကြောင့် အတန်းဖော် သူငယ်ချင်းများ ဖြစ်ဟန်တူသည်။
ကျန်ရှိသည့် တစ်ဦးကသာလျှင် အနည်းငယ် အသက်ကြီးနေပြီး အသက် သုံးဆယ်အရွယ်မျှ ရှိနေသည်ဟု ထင်ရ၏။ သူမကတော့ ထိုမိန်းကလေးများ၏ သူငယ်ချင်း မဟုတ်လောက်ပေ။
သို့သော်လည်း လင်းရီအတွက်ကတော့ ထိုအရာများက အရေးမပါပဲ အဓိက အချက်ကတော့ ပိုက်ဆံရဖို့ပင်။
“ ဟယ်လို သူဌေး…”
ဆိုင်ထဲတွင် လူအများအပြား ရောက်ရှိနေသော်လည်း လီချန်တို့မှာ လုံးဝ ကြောက်ရွံ့မနေချေ။ လင်းရီကို ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ နှုတ်ဆက်လိုက်ကြ၏။
“ သူဌေးကို ထောက်ပံ့ပေးဖို့ ငါတို့ရဲ့ ပရော်ဖက်ဆာကိုတောင်မှ ခေါ်လာခဲ့တာနော်…”
အဆိုပါ အမျိုးသမီးမှာ သူမတို့၏ ပရော်ဖက်ဆာ ဖြစ်ကြောင်း လင်းရီ နားလည်လိုက်၏။
“ အိုကေ .. ခဏနေကျရင် တစ်ယောက်ကို အချိုရည် တစ်ဘူးဆီပေးမယ်..”
ဖျော်ရည်မှာ မီနူးပေါ်တွင် မပါရှိပဲ သီးသန့်ရောင်းချခြင်းဖြစ်၏။ သူမတို့ကို ပေးပြီးနောက် သူ၏ အမြတ်ငွေများမှာ လျော့နည်းသွားနိုင်သော်လည်း သူ၏ မစ်ရှင် ပြီးမြောက်မှုကို ထိခိုက်ခြင်း မရှိချေ။
“ ဟီးဟီး ကျေးဇူးပါ သူဌေး…”
ထိုသို့ ပြောပြီးနောက် လီချန် သူမဘေးရှိ အမျိုးသမီးနည်းပြကို ကြည့်ကာ “ တီချယ်စွန်း… သူက သမီးပြောဖူးတဲ့ ကွန်ပျူတာနတ်ဘုရားလေ… သူရေးထားတဲ့ code တွေဆိုတာ သမီးတို့ ဘယ်လိုမှ ဖတ်လို့ကို နားမလည်ဘူး..ကောင်းကင်ဘုံစာလိပ်လားပဲ…
“ အေးပါ.. ခု ငါတို့က ဒီကို စားဖို့ ရောက်လာတာလေ…” စွန်းကျား ပြောလိုက်၏။
“ ဟီးဟီး.. ဟုတ် တီချယ်စွန်း…”
“ ဘာလဲ သုံးဆောင်ကြမှာ…” လင်းရီ မေးလိုက်၏။
“ ဥထမင်းကြော်ပဲ ချပေးလိုက်.. လေးယောက်လုံး ဥထမင်းကြော်ပဲ …” လီချန်ပြောလိုက်ပြီး” သူဌေး နင် ထမင်း နည်းနည်းလေး ပိုထည့်ပေးလို့ရလား.. စားမဝလို့..”
“အိုကေ ရတယ်…”
လင်းရီအတွက်တော့ ကတ်စတန်မာမှာ မီနူးပေါ်ရှိ ဈေးအတိုင်း ပေးချေမည်ဆိုပါက အရာအားလုံး အဆင်ပြေလေသည်။
ဟော်ယွမ်ယွမ်တို့ကို မဧည့်ခံမီ စားသုံးသူများ ရောက်ရှိလာသောကြောင့် လင်းရီ သူတို့ကိုအရင်လုပ်ပေးလိုက်၏။
မည်သို့ပင်ဆိုစေ စီးပွားရေးက အရေးကြီးသည်။
“ တီချယ်… ကျွန်မလည်း မီးဖိုချောင်ထဲမှာ လိုက်ကူပေးမယ်..” ဝမ်ရန် ပြောလိုက်၏။
သူမ ဒိတ်ဒိတ်ကျဲများ ဘေးတွင် ထိုင်ပြီး ၎င်းတို့ လွှတ်ထုတ်နေသည့် အရှိန်အဝါလှိုင်းလုံးများကြားတွင် သူမမှာ အသက်ရှူမဝ ဖြစ်နေပြီး ခဏတာ တိမ်းရှောင်ဖို့ရာ လိုအပ်လာလေသည်။ တီချယ်လင်း ဘေးနားတွင် နေသည်က ပို၍ သက်တောင့်သက်သာ ရှိ၏။
“ တွေ့လား.. ငါပြောတဲ့အတိုင်း ဘော့စ်က အရမ်းချောတယ်မလား.. ဥထမင်းကြော်တစ်ပွဲကို 189 ယွမ် ပေးရတာက တကယ်ကြီး ထိုက်တန်ပါတယ်ဆို…” လီချန်ပြောလိုက်၏။
“ တန်တာထက် ပိုတာပေါ့… ဒီကိုလာလိုက်တာ အရမ်းမှန်သွားတယ်.. အနာဂတ်ကျ ပိုက်ဆံရှိရင် အဆင်လေးတွေ ပိုငမ်းလို့ရတယ်ဆိုပြီး စာကြိုးစားဖို့ မိုတီရသွားပြီလေ…” အဖော် မိန်းကလေး တစ်ဦးမှ ပြောလိုက်သည်။
“ 189 ယွမ်ကို မပြောနဲ့ဦး… 298 ယွမ်ဆိုရင်တောင်မှ ငါက လာပြီး အားပေးဦးမှာ… သူဌေးလေးက အရမ်းချောပြီး စကားပြောလည်း အရမ်းညင်သာတယ်… ဒီလိုအဆင်လေးက ရတနာလို ရှားမှရှားပဲ…”
ဟော်ယွမ်ယွမ် ကျီချင်းရန်ကို ကြည့်လိုက်ပြီး တီးတိုးလေသံဖြင့် “ အစ်မကျီ… ဒီရဲ့ မိန်းကလေးတွေက အစ်မကျီကို လုံးဝ အလေးထားတဲ့ပုံတောင် မပေါ်ဘူးနော်…”
“ ငါကလည်း ဂရုစိုက်မနေပါဘူး…” ကျီချင်းရန် ခေါင်းကို မော့လိုက်ပြီး “
“ အဲ့ကလေးမလေးတွေက ဒီတိုင်း အချစ်ရူးနေတဲ့ ကောလိပ်ကျောင်းသူလေးတွေပဲကို … ဘာမှ ကြီးကျယ်နေတာမျိုးလည်း မဟုတ်ဘူး…”
“ အဲ့တာဆို စိတ်မချလေးတောင် မဖြစ်ဘူးလား… ဘာပဲ ပြောပြော ဒီနေရာက ကျိုးဟိုင် တက္ကသိုလ်လေ... အလှလေးတွေဆိုတာ နေရာတိုင်းမှာ လက်ညိုးထိုး မလွဲပဲ….”
ကျီချင်းရန် သူမ ရင်ဘက်ကို မြှောက်ပြလိုက်ပြီး “ တကယ်လို့ ငါ့မှာ ယုံကြည်ချက်မရှိဘူးဆိုရင် ဘာမှလုပ်စရာတောင်မလိုဘူး… လင်းရီ အဲ့လိုလုပ်တာကိုပဲ ထိုင်ကြည့်နေလိုက်မယ်…”
“ ဟမ့်…. အစ်မကျီက ဘော့စ် ယုန်အကြီးစားတွေ ကြိုက်တာသိတော့ သေးတဲ့သူတွေကို အနိုင်ကျင့်နေတယ်ပေါ့…”
“ အဲ့ဒါက ငါ့အားသာချက်ပဲလေ.. မသုံးပဲ ထားရင် ဖြုန်းတီးရာကျတာပေါ့…”
နှစ်ယောက်သား ရယ်မောလိုက်ကြရင်း တခြားအကြောင်းအရာများကို ဆက်လက်ဆွေးနွေးကြလေသည်။
ကျီချင်းရန်မှ အနှီမိန်းကလေးများ၏ လင်းရီအပေါ် သဘောထားများကို ဂရုမစိုက်ကြောင်း သိသာလေသည်။ သို့သော်လည်း ဟော်ယွမ်ယွမ်ကိုတော့ မျက်လုံးတို့ မှေးကျင်းသွားစေခဲ့၏။
ရတနာလို အဖိုးတန်ကောင်လေး… ဟုတ်လား…
အစွန်းနှစ်ဖက်ဓားလို ကောင်လေးလို့ ခေါ်သင့်တာ…
( TL : 宝藏 , 宝剑 bao zang နဲ့ bao jian ကွဲသွားတာပါ )
“ဒီမှာ .. နင်တို့က ကျောင်းသူတွေဆိုတာ မေ့မနေကြနဲ့ဦး.. စာလေ့လာတာက ပို အရေးကြီးတယ်.. ဒီလိုမျိုး အသုံးမဝင်တဲ့ဟာတွေကို ခေါင်းထဲ ထည့်မနေကြနဲ့…”
စွန်းကျား ပြောလိုက်သည်။
“ တီချယ်စွန်းကော သူဌေးက အရမ်းချောတယ်လို့ မထင်ဘူးလား..”
“ အဲ့တာတွေက နင်တို့ လေ့လာနေတာနဲ့ ဘာမှမဆိုင်ဘူတာတွေ.. အရေးမပါတာတွေကို ခုလောလောဆယ် အရာမပေးသေးနဲ့ဦး….”
စွန်းကျား ဤဆိုင်သို့ လာခဲ့သည်က လူချောလေးကို တွေ့ချင်သောကြောင့် မဟုတ်ပဲ ဆိုင်၏ အခြေအနေကို လေ့လာရန်ပင်။ ယနေ့ လူ့အသိုင်းအဝိုင်းကြီးမှာ အတော်လေး ပရမ်းပတာဆန်လှပြီး လူတို့မှာလည်း စရိုက်အမျိုးမျိုးနှင့် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။
ကျောက်ယွဲ့ထုံ၊ လီချန်နှင့် ကျန်သူများမှာ အတွေ့အကြုံ နုနယ်သေးသည့် တက္ကသိုလ်ကျောင်းသူလေးမျှသာ ဖြစ်ကြပြီး အမျိုးသားများအတွက် ဖျားယောင်းသွေးဆောင်ရန် အင်မတန်လွယ်ကူလှလေသည်။ ထို့ကြောင့် တီချယ်တစ်ဦးဖြစ်သည်နှင့် အညီ သူမတပည့်များကို သေချာလေး စောင့်ရှောက်ပေးရပေမည်။
ကွန်ပျူတာနတ်ဘုရားဟူသည့် ဘွဲ့နှင့် စပ်လျဉ်း၍ကတော့ စွန်းကျား လုံးဝစိတ်မဝင်စားချေ။
ကွန်ပျူတာသိပ္ပံဘာသာရပ်မှ ရှုပ်ထွေးနက်နဲလှပြီး အခြေခံကောင်းတို့ မရှိပဲနှင့် ကိုယ်တိုင်လေ့လာရန် ခက်ခဲလှ၏။ အကယ်၍ လင်းရီသာ ထိုမျှ ထူးချွန်နေမည်ဆိုပါက ယခုလိုနေရာမျိုးတွင် စားဖိုမှူး လာလုပ်နေလိမ့်မည် မဟုတ်ချေ။
ကျပန်း ဆော့ဝဲရေးသားသူ တစ်ဦးကပင် စားသောက်ဆိုင်ပိုင်ရှင်ထက် ဝင်ငွေပိုကောင်းလေသည်။
ယင်းကား စွန်းကျား ယခုနေရာသို့ လာခဲ့ရခြင်း အကြောင်းပြချက်ဖြစ်၏။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ဝမ်ရန်မှ ဥထမင်းကြော်လေးပွဲ ယူလာခဲ့ကာ လီချန်နှင့် ကျန်သူများထံ ချပေးလိုက်သည်။
“ ဖြည်းဖြည်း သုံးဆောင်ကြပါရှင်…”
“ ကျေးဇူးပါ…” လီချန် တုံ့ပြန်ပြီးနောက် ကျန်သူများကို ဆော်ဩကာ “ မြန်မြန်လေး စားကြည့်ကြည့်ကြ… ဒါ သူဌေးရဲ့ ပြိုင်ဘက်ကင်း ဥထမင်းကြော်… အရမ်းအရသာရှိတယ်..”
“ အရသာ ရှိတာ မရှိတာက အရေးမကြီးဘူး.. ဒီလောက်ထိ ခန့်ညားတဲ့ သူဌေးလေး လုပ်ထားမှတော့ အရသာ မရှိတောင် ပေးရတာတန်တယ်..”
လူတိုင်း၏ အကြည့်များမှာ ကျီချင်းရန်ထံ ကျရောက်သွားကြသည်။
လေဒီဘော့စ်က ဒီမှာ ရှိနေတာကို နင်တို့က ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေကြတာတုန်း… .ဘော့စ်ကို ညကျ ကြမ်းပြင်ပေါ်မှာ အိပ်စေချင်နေကြတာလား..
ကျီချင်းရန်မှာလည်း အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့၏။ တစ်ခွန်းစ နှစ်ခွန်းစ ပြောသည်က ပြဿနာ မရှိသော်လည်း အဘယ်ကြောင့် သူတို့၏ နှုတ်က အမြုပ်ထွက်သည်အထိ ချီးမွမ်းနေကြပါသနည်း။
“ သူဌေး… နင်က တစ်ယောက်တည်း ဒီဆိုင်ကို ဦးစီးနေတာလား..” ကျောက်ယွဲ့ထုံ မေးလိုက်၏။
“ အင်း…ဟုတ်တယ်…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ငါ့မိတ်ဆွေတွေက လာကူပေးကြတယ်လေ…”
“ ဒါဆို အချိန်ပိုင်း စားပွဲထိုးလေးများ မလိုဘူးလား..” ကျောက်ယွဲ့ထုံ မေးလိုက်၏။
“ အွန်း အွန်း အွန်း…. အချိန်ပိုင်း အလုပ်သမား မခေါ်ချင်ဘူးလား သူဌေး…” လီချန်လည်း ညုတုတုလေသံဖြင့် ပြောလိုက်၏။
“ ကျွန်မတို့ကို လစာ မပေးလည်း ရတယ်နော်… အလကားလုပ်ပေးမယ်… သူဌေး ကျေးဇူးပြုပြီး ခေါ်ပါလားဟင်…”
“ ဒါက…” လင်းရီ ရုတ်ချည်း အေးစက်လာသလို ခံစားလိုက်ရပြီး ရုတ်ချည်း ကျောချမ်းသွားခဲ့၏။
“ နင်တို့က ဒီမှာ အလုပ်လုပ်ကြမလို့လား…” စွန်းကျား မေးမြန်းလိုက်၏။
“ အွန်း လုပ်ကြည့်မလို့လေ..” ကျောက်ယွဲ့ထုံ ပြောလိုက်ပြီး “ ကျောင်းက သမီးတို့ကို အပြင်မှာ အတွေ့အကြုံရအောင် အလုပ်ထွက်လုပ်ခိုင်းနေတာမလား.. ဒီမှာ လုပ်လိုက်တာက ပိုအဆင်ပြေတယ် ထင်တာပဲ….”
“ နင်တို့က ခု တတိယနှစ်ကျောင်းသူတွေလေ.. စာတွေက များလာပြီ…. ကိုယ့်စာကိုယ်ပဲ အာရုံစိုက်ကြစမ်းပါ…”
စွန်းကျားမှ သူမတပည့်များ ဝံပုလွေခံတွင်းထဲ ရောက်မည်စိုး၍ ကိုယ်တိုင်လိုက်လာခဲ့သော်လည်း သူမ၏ တပည့်မလေးများက ကိုယ်တိုင်ဆင်းသက်နေချင်ကြလိမ့်မည်လို့တော့ ထင်မထားချေ။ ကျောင်း၏ အလှနတ်သမီးလေး ကျောက်ယွဲ့ထုံပင် ယစ်မူးနေပုံ ရ၏။
“ သူဌေးက ကွန်ပျူတာ နတ်ဘုရားလေ.. တကယ်လို့ ကျွန်မတို့သာ ဒီမှာ အလုပ်လုပ်မယ်ဆိုရင် နားမလည်တာ ရှိလည်း သူဌေးဆီ မေးလို့ ရတာပေါ့… အဲ့နည်းလမ်းက စာလေ့လာဖို့ ပိုတောင် အဆင်ပြေသေး…”
“ နင်တို့နဲ့တော့.... ကွန်ပျူတာသိပ္ပံဆိုတာ အရမ်းကို အဆင့်မြင့်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု … အဲ့ဘာသာရပ်ကို နတ်ဘုရားဆန်ဆန် ကျွမ်းကျင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
“ ဒါပေမယ့် သူဌေးက ထူးခြားတယ်လေ…. အရမ်းချောတယ်ဆိုတော့ တော်မှာ သေချာတယ်..” ထို့နောက် လီချန် ပါပီမျက်လုံးလေးများနှင့် လင်းရီကို ကြည့်၍ “ သူဌေး… ငါတို့ကို ခေါ်ပါလားဟင်…. အလကား လုပ်ပေးပါ့မယ်…”
“ ဒါက … အဲ့ဒါက နည်းနည်းတော့ ခက်တယ်.. ငါ့ရဲ့ ဆိုင်မှာ လုပ်ချင်ရင် လိုအပ်ချက်က အရမ်းမြင့်တာ… ကိုယ့်စာကိုယ်ပဲ အရင်ဆုံး ကြိုးစားကြစမ်းပါ…” လင်းရီ ယဉ်ကျေးစွာ ငြင်းလိုက်၏။
စွန်းကျား ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်လေသည်။ သူမလိုက်ပါလာခဲ့ခြင်းက ထူးခြားစွာ အကျိုးသက်ရောက်သွားသည့် ပုံပင်။ မဟုတ်ပါက ဆိုင်ရှင်မှာ မိန်းမငယ်လေးများကို သေချာပေါက် လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
ကျီချင်းရန်လည်း လင်းရီ၏ အဖြေကို အားရကျေနပ်သွားခဲ့၏။
ဟွန့်… ကောင်စုတ် ... လက်ခံရဲလို့ကတော့ ဒီည မလှုပ်နိုင်အောင် သင်ခန်းစာ ပေးပစ်လိုက်မယ်…
“ လိုအပ်ချက်က အရမ်းမြင့်တယ်ဆိုတော့… ငါတို့က ပန်းကန်တွေဆေးဖို့ကို ဘွဲ့ရဖို့ လိုသေးတာလား…”
“ ဒါက… အဲ့တာတောင် နည်းနည်းလေး လိုနေသေးတယ်..” လင်းရီ လုရင်းနှင့် ကျန်သူများကို လက်ညိုးညွှန်လိုက်ပြီး “ ဒီလူတွေအားလုံးကလည်း ဒီမှာ အလုပ်လာလျှောက်နေကြတာလေ… သူတို့တောင် အလုပ်ရဖို့ မသေချာသေးဘူး…”
လီချန်၊ ကျောက်ယွဲ့ထုံနှင့် ကျန်သူများမှာ ကြက်သေသေသွားခဲ့ကြ၏။ သူတို့အားလုံး ဤဆိုင်ငယ်လေးမှာ အရမ်းထူးခြားသည်ဟု ခံစားမိနေကြသော်လည်း စားပွဲထိုး ငှားသည်ကိုပင် ခြိမ့်ခြိမ့်သဲသဲကြီး လုပ်နေလိမ့်မည်လို့တော့ ထင်မထားချေ။ ထို့ပြင် လာလျှောက်သူမိန်းကလေးများမှာလည်း ဘော်ဒီ အချိုးအစား ပြည့်၀စွာဖြင့် မော်ဒယ်လ်ပင် လုပ်လို့ရနေလေသည်။
“ မမ.. နင်က ဘာဘွဲ့ရလဲဟင်..” လီချန် သိချင်စိတ်ပြင်းပြစွာဖြင့် လုရင်းကို မေးမြန်းလိုက်၏။
“ ချင်းဟွာတက္ကသိုလ် သိပ္ပံနဲ့ နည်းပညာ PhD. ဒေါက်တာဘွဲ့…”