အနုပညာလောကရဲ့ ထင်ပေါ်ကျော်ကြားမှုကို တည်ထောင်ခြင်း
Vol. 22 Ch. 316
ယွဲ့ဟွာဖျော်ဖြေရေးတွင်…
ယွဲ့ဟွာဖျော်ဖြေရေးနဲ့ ရှားဝမ်ချွေ့တို့ စာချုပ်လည်း သက်တမ်းကုန်သွားပါပြီ။
“ဝမ်ချွေ့ နင်ထွက်တော့မှာလား” စီအီးအိုလီက ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးလိုက်၏။
“ဟုတ်ကဲ့” ရှားဝမ်ချွေ့က ညင်သာစွာ ခေါင်းငြိမ့်လိုက်ပါသည်။
“အရင်တစ်ခေါက်က ငါကမ်းလှမ်းတဲ့ စာချုပ်က သိပ်မကောင်းလို့လား။ နင့်စာချုပ်ကြေးကို ထပ်တိုးပေးလို့ရပါတယ်” စီအီးအိုလီက ရှားဝမ်ချွေ့ကို ကြည့်ကာ အနည်းငယ် တိတ်ဆိတ်သွားပါသည်။
“စီအီးအိုလီ ငွေရေးကြေးရေးကြောင့် မဟုတ်ပါဘူး”
“ဒီနှစ်တွေထဲမှာ ကျွန်မကို မြေတောင် မြှောက်ပေးခဲ့တဲ့အတွက် ယွဲ့ဟွာဖျော်ဖြေရေးကို အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို တစ်ချိန်ချိန်တော့ အဆုံးသတ်မှာပဲလေ။ မြေတောင်မြှောက်ပေးခဲ့တဲ့အတွက် စီအီးအိုလီကို ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ကူညီပေးခဲ့တဲ့အတွက် ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်”
“သြော် ဒါဆိုလည်း ကောင်းပါပြီ။ လင်းဖန် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု တည်ထောင်ပြီးသွားပြီလား” စီအီးအိုလီက ပြုံးကာ မေးလိုက်ပါသည်။
“ကျားရှင်းဖျော်ဖြေရေးလို့ နာမည်ပေးထားပါတယ်။ အရမ်းကြီးတော့ မဖွံ့ဖြိုးသေးပေမယ့် နောက်ဆုံးတော့ စလို့ ရပါပြီ” ရှားဝမ်ချွေ့က ပြောလိုက်၏။
ဖျော်ဖြေရေး ကုမ္ပဏီကြီးအား ပြန်လည် ပြုပြင်မှုများလည်း ပြီးမြောက်သွားပါပြီ။
ဒီဖျော်ဖြေရေး ကုမ္ပဏီအတွက် လင်းဖန် ရင်းနှီးမြှုပ်နှံထားရတာ သန်း ၅၀၀ နီးပါး ရှိပါသည်။
လက်ရှိ လင်းဖန်က ကျားရှင်းဖျော်ဖြေရေး၏ ဘော့စ်ဖြစ်သွားပါပြီ။
သူ့ဖာသာသူ ဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ခဲ့သည်။ သူသာ အနားမှာရှိနေလျှင် ရှားဝမ်ချွေ့ကို တခြား ဖျော်ဖြေရေး ကုမ္ပဏီတွေ အနိုင်မကျင့်အောင် ကာကွယ်ပေးနိုင်ပါလိမ့်မည်။
စီအီးအိုလည်း ရှားဝမ်ချွေ့ ထွက်သွားတာကို ကြည့်ရင်း သက်ပြင်းသာ ချမိပါတော့သည်။
တစ်ချိန်က အထွတ်အထိပ်ကို ရောက်ရှိခဲ့သည့် ယွဲ့ဟွာကြီး တဖြည်းဖြည်းနဲ့ ပြန်လည် ကျဆင်းလာခဲ့ပါပြီ။
အဘယ့်ကြောင့်ဆိုသော်… ယွဲ့ဟွာက ပါရမီရှင်တွေကို ဆွဲခေါ်မထားနိုင်သောကြောင့် ဖြစ်သည်။
ယွဲ့ဟွာသာ ဆက်လက်ဖွံ့ဖြိုးတိုးတက်ချင်ပါက လင်းဖန်လို ပါရမီရှင်းမျိုးကို ဆွဲထားဖို့ ကြိုးစားရမယ်မှန်း စီအီးအိုလီ သိပါသည်။
သို့သော်လည်း ယွဲ့ဟွာ ရှယ်ယာဝင်တွေကတော့ မလုပ်ခဲ့ကြပေ။ ရှယ်ယာဝင်တွေက အကြောင်းမဲ့ လင်းဖန်ကို သူတို့ရှယ်ယာတွေ မပေးချင်ကြပါ။
ရှယ်ယာဝန်တွေက သူတို့ဖာသာသူတို့ပဲ အစုပေါ်အမြတ်တွေကို ယူချင်သောကြောင့် ဖြစ်ပါသည်။
ထိုအခြေအနေများအောက်တွင် ကုမ္ပဏီ၏ ရှယ်ယာဝင်များက လင်းဖန်ကို ခေါ်ယူဖို့ မလိုက်လျောခဲ့ကြပေ။
နောက်ဆုံးတော့ လင်းဖန် ထွက်သွားခဲ့သည်။
လင်းဖန်က ယွဲ့ဟွာရဲ့ ရှယ်ယာဝင် ဖြစ်လာဖို့ အတင်းလုပ်ယူလို့မရပါ။ လုပ်စရာလည်း မလိုပါ။
သူသာ ကိုယ်တိုင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပြီး ဘော့စ်ဖြစ်သွားပါက သေချာပေါက် ငွေအများဆုံး ရနိုင်ပါလိမ့်မည်။
လင်းဖန်က သူအလုပ်တွဲလုပ်ခဲ့ဖူးသည့် ကုမ္ပဏီကို သဘောကျသော်လည်း လက်တွေ့ကျကျ ကြည့်ရပါမည်။
သူ့ရဲ့ပထမဆုံးကုမ္ပဏီ ကျားရှင်းဖျော်ဖြေရေး နောက်ဆုံးတော့ တရားဝင် ဖွင့်လှစ်ခဲ့ပါပြီ။
ကျားရှင်းဖျော်ဖြေရေးကုမ္ပဏီကြီးက ထည်ဝါပြီး တန်ဖိုးလည်း ကြီးလှသည်။
ဒီနေ့က ဖွင့်ပွဲနေ့ ဖြစ်၏။
မီဒီယာနဲ့ ပရိတ်သတ်များစွာ စုစည်းနေကြပါသည်။
“ဝါး… လင်းဖန်က ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု တည်ထောင်လိုက်ပြီပဲ”
“ဒါဆို နောက်ပိုင်း လင်းဖန် ရုပ်သံဒရမ်မာသစ်တွေ ဆက်ရိုက်ကူးဖို့ မျှော်လင့်လို့ ရပြီပေါ့”
“လင်းဖန် ရုပ်ရှင်တောင် ရိုက်လို့ရတယ်။ သူ့ဒါရိုက်တာစွမ်းရည်ကို ပြောစရာ မလိုဘူး”
“လင်းဖန်ကို အားပေးကြ ရှားဝမ်ချွေ့ကို အားပေးကြ”
“လင်းဖန် ဘယ်မှာလဲ။ ဘာလို့ ပေါ်မလာသေးတာလဲ”
ပရိတ်သတ်တချို့ စကားပြောပြီးသွားကြသောအခါ ခပ်လှမ်းလှမ်းတွင် Bugatti ပြိုင်ကားကြီး တစ်စီး ရပ်တန့်သွားပြီး ကော်ဇော်နီပေါ် လင်းဖန် ဖြည်းဖြည်းချင်း ဆင်းလိုက်ပါသည်။
ဒီနေ့ လင်းဖန် Suit တစ်စုံ ဝတ်ဆင်ထား၏။
ကော်ဇောနီပေါ်တွင် လင်းဖန်က တကယ့် စူပါစတား တစ်ယောက်လို ဖြစ်နေပြီး အားလုံးက လေးစားအားကျကြသည်။
လင်းဖန်က Bugatti ၏ တခြားတစ်ဖက်ကို သွားလိုက်ပြီး ကားတံခါးဖွင့်ပေးလိုက်ပါသည်။ လက်ကလေးတစ်ဖက်ကို သူကိုင်လိုက်၏။
ကားရှေ့ခန်းမှာ ထိုင်နေတဲ့ ကောင်မလေးက ရှားဝမ်ချွေ့ပဲ ဖြစ်သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဘေးချင်းကပ်လျက် စင်မြင့်အလယ်ကို လျှောက်လှမ်းလာခဲ့ကြ၏။
ကျားရှင်းဖျော်ဖြေရေး၏ ဝင်ပေါက်လည်း ဖြစ်သည်။
လင်းဖန်က ထိုနေရာတွင် မတ်တပ်ရပ်နေပြီး အာရုံစိုက်မှု အားလုံးရဲ့ ဗဟို ဖြစ်နေပါသည်။
လင်းဖန်ဘေးမှာ လှပသည့် မိန်းကလေးတချို့လည်း ရှိနေပါသည်။
စုရှောင်းယွီ၊ လင်းခဲ့ရှင်းနဲ့ စုမူချင်းတို့ ဖြစ်၏။
စုမူချင်းက လူသစ်တစ်ယောက်သာဖြစ်ပြီး လင်းဖန်ရဲ့ လက်ထောက်ဖြစ်သော်လည်း သူမနဲ့ စာချုပ်ချုပ်ထားပြီးသား ဖြစ်သည်။
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က လင်းဖန်ပါ” လင်းဖန် ပြုံးလိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်ပါသည်။
လင်းဖန် ပြောလို့ မပြီးသေးခင်မှာပင် ဘေးပတ်လည်က ပရိတ်သတ်တွေ အော်ဟစ်အားပေးကြကာ သူ့နာမည်ကို အော်နေကြပါသည်။
“လင်းဖန်”
“လင်းဖန်”
“လင်းဖန် “
လင်းဖန်က အားလုံးကို အသံတိတ်ပေးဖို့အတွက် လက်မြှောက်ကာ အချက်ပြလိုက်သည်။ မိုက်ခရိုဖုန်းကို ကိုင်လျက် သူ ဆက်ပြောလိုက်ပါသည်။
“ဒီနေ့က ကျားရှင်းဖျော်ဖြေရေး ဖွင့်ပွဲနေ့ပါ။ ဒီလို အခိုက်အတန့်ကို ရှုစားဖို့အတွက် နယ်ပယ်ပေါင်းစုံက မိတ်ဆွေတွေကို ကျားရှင်းဖျော်ဖြေရေးကနေ ကြိုဆိုလိုက်ပါတယ်”
“ဒါရိုက်တာတစ်ယောက်၊ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနာဂတ်မှာလည်း ပရိတ်သတ်တွေအတွက် လက်ရာကောင်းတွေ ဖန်တီးပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်”
“ကျားရှင်းဖျော်ဖြေရေးရဲ့ ပိုင်ရှင်တစ်ယောက် အနေနဲ့ နယ်ပယ်ပေါင်းစုံက ရင်းနှီးမြှုပ်နှံသူနဲ့ ကြော်ငြာကုမ္ပဏီ အားလုံးကိုလည်း လုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကြိုဆိုဖိတ်ခေါ်လိုက်ရပါတယ်”
“ကျားရှင်းဖျော်ဖြေရေးမှာ အလုပ်လုပ်ချင်တဲ့ အနုပညာရှင်မှန်သမျှကိုလည်း ကြိုဆိုပါတယ်။ ရိုးရိုးသားသားပြောရရင် တရုတ်နိုင်ငံရဲ့ ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်စျေးကွက်တွေက ဘယ်တုန်းကမှ မကောင်းခဲ့ဘူး”
“ဟောလိဝုဒ်က ကျွန်တော်တို့ တရုတ်ရုပ်ရှင်တွေကို အနိုင်ယူနိုင်တယ်လို့ ပြောကြတဲ့လူတွေရှိတယ်။ တချို့ကလည်း ကျွန်တော်တို့ တရုတ်ရုပ်ရှင်တွေက အကုန်လုံး ဆိုးရွားကြတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ရဲ့ ရုပ်သံရှိုးတွေမှာတောင် လက်ရာကောင်းဆိုတာ မရှိဘူးလို့ ပြောကြတယ်”
“တရုတ်နိုင်ငံမှာ အခုတောင် ပြောင်မြောက်တဲ့ လက်ရာတွေ ဘာမှ မရှိတော့ဘူးလို့ ပြောကြတဲ့ လူတွေရှိကြတယ်။ အနုပညာလောကထဲမှာ ကျွန်တော်တို့ တော်တော်ကို အရေးနိမ့်နေတာပါ”
“အဲ့ဒီအထင်အမြင်တွေကို ကျွန်တော် တစ်ဝက်လောက်ပဲ လက်ခံတယ်။ ကျွန်တော်တို့ရဲ့ တရုတ်အနုပညာလောကက တကယ်ပဲ အရေးနိမ့်နေတာပါ”
“ဒါပေမယ့်… တရုတ်အနုပညာလောကကို ထင်ပေါ်ကျော်ကြားလာစေဖို့ အတူတူ ကြိုးစားကြရအောင်လား”
လင်းဖန် ပြောပြီးသွားသောအခါ သူ့မျက်လုံးထဲမှာ ယုံကြည်ချက်များ ပြည့်ဝလျက် ရှိသည်။
သူသေချာပေါက် အလုပ်ပိုကြိုးစားမည်ဖြစ်ပြီး လက်ရှိ သူ့အလုပ်အပေါ်မှာ စိတ်တစ်ခုလုံးကို နှစ်မြှုပ်ထားပါမည်။
ထင်ပေါ်ကျော်ကြားမည့် ခေတ်တစ်ခုကို သူဖန်တီးမည်။
အပြင်လောကက တရုတ်ရုပ်မြင်သံကြားနဲ့ ရုပ်ရှင် စျေးကွက်တွေကို အထင်မသေးတော့အောင် လုပ်မည်။
ဒီလမ်းက ဘယ်လောက်ပဲ ခက်ခဲနေပါစေ လင်းဖန်က လျှောက်လှမ်းနေပြီးသား ဖြစ်ပါသည်။
လင်းဖန်ရဲ့ စကားတွေကို ကြားသည့်အခါ မီဒီယာနဲ့ ပရိတ်သတ်များစွာ မခံမရပ်နိုင် ဖြစ်စွာဖြင့် သွေးများ ဆူပွက်လာကြသည်။
သူတို့အားလုံး လင်းဖန်ရဲ့ အစွမ်းအစကို မြင်ခဲ့ဖူးပါပြီ။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ခု၏ အကြီးအကျယ် အောင်မြင်မှုက လင်းဖန်ရဲ့ အားကောင်းသည့် အစွမ်းအစကို သက်သေပြခဲ့သည်။
တစ်နေ့လုံး အလုပ်များခဲ့ပြီးနောက်…
လင်းဖန်၏ ဧရာမ ဖျော်ဖြေရေး ကုမ္ပဏီကြီးတွင် လူများများစားစား မရှိသေးပါ။
နောက်တစ်ဆင့်က ကုမ္ပဏီကို ပါရမီရှင်တွေ ကူညီ ခန့်အပ်ပေးဖို့ ဖြစ်ပါသည်။
သူတစ်ယောက်တည်း ရုပ်သံစီးရီးကောင်းတစ်ခု ထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။
လင်းဖန် ဖျော်ဖြေရေး ကုမ္ပဏီကို တည်ထောင်ပြီးနောက် လူ ၂ ယောက် ချက်ချင်း ရောက်လာကြပါသည်။
တစ်ယောက်က ရှုယန်၊ နောက်တစ်ယောက်က လင်းကျင်းကျင်း ဖြစ်သည်။
ထို့နောက် ကုမ္ပဏီက ပရော်ဖက်ရှယ်နယ် ဝန်ထမ်းများကို အမြန်ဆုံး အလုပ်ခန့်အပ်လိုက်သည်။
ဒါရိုက်တာအဖွဲ့၊ နောက်ဆက်တွဲထုတ်လုပ်ရေး အဖွဲ့၊ နောက်ခံအသံသွင်းအဖွဲ့နဲ့ ဇာတ်ညွှန်းဆရာများစွာတို့ ဖြစ်သည်။
လင်းဖန် ယွဲ့ဟွာက ထွက်လာပြီးနောက် ယွဲ့ဟွာ ဝန်ထမ်း တစ်ဝက်ကျော်ကျော်လောက်က လင်းဖန်ဆီ ရောက်လာကြပါသည်။
ထို့အပြင် ဘဝရဲ့ပျော်ရွှင်မှုမှာ ပါဝင်ခဲ့သည့် သရုပ်ဆောင်တွေလည်း လင်းဖန်၏ ကုမ္ပဏီကို တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။
သူတို့လည်း လင်းဖန်နဲ့ စာချုပ်ချုပ်ကာ ကျားရှင်းဖျော်ဖြေရေးရဲ့ အနုပညာရှင်တွေ ဖြစ်လာချင်ကြပါသည်။
ရက်အနည်းငယ်အတွင်းမှာပဲ ဆယ်လီ ၃၀ ကျော်က လင်းဖန်ရဲ့ ကျားရှင်းဖျော်ဖြေရေးကို ရောက်ရှိလာကြသည်။
ထိပ်တန်း ဇာတ်ညွှန်းဆရာကြီး ထျန်ကျန်းတောင် ကျားရှင်းဖျော်ဖြေရေးကို ဝင်ရောက်ခဲ့ပါသည်။
နောက်ဆက်တွဲ ထုတ်လုပ်ရေးအဖွဲ့က လှပသည့် ရွှယ်ခဲ့ရှင်းလည်း လင်းဖန်တို့ ကုမ္ပဏီကို ရောက်လာခဲ့သည်။
ဒါရိုက်တာအဖွဲ့က လျို့မောင်နဲ့ လုပမ်ခိုင်းတို့လည်း လာရောက်ပူးပေါင်းကြ၏။
လင်းခဲ့ရှင်းရဲ့ သူငယ်ချင်း ချူးယောင်ယောင်တောင် ကျားရှင်းဖျော်ဖြေရေးကို ရောက်လာခဲ့ပါသည်။
လျှပ်တပြတ်အချိန်အတွင်းမှာပဲ ကျားရှင်းဖျော်ဖြေရေးကြီး ရွှေခေတ်ကို ရောက်သွားခဲ့သည်။
လင်းဖန်ရဲ့ ဖျော်ဖြေရေးကုမ္ပဏီကြီးကို တည်ထောင်လိုက်ပါပြီ။
ထိုမြင်ကွင်းကို မြင်သောအခါ လင်းဖန် တည်တည်ငြိမ်ငြိမ်ပဲ ပြုံးလိုက်ပါသည်။
သူက အနုပညာလောကထဲမှာ အလွန်ရေပန်းစားသဖြင့် လူများစွာက သူ့ဆီ ရောက်လာကြခြင်းဖြစ်သည်။
အခုတော့ ဖျော်ဖြေရေး ကုမ္ပဏီကြီး လည်ပတ်နိုင်ပါပြီ။
သူနောက်ထပ် လုပ်ဖို့လိုတာဆိုလို့ ငွေအလုံးအရင်း ရှာဖို့သာ ရှိတော့သည်။