ဒါဘယ်လို နတ်ကုမ္ပဏီမျိုးလဲ
Vol. 22 Ch. 318
နောက်တစ်နေ့ ကျားရှင်းဖျော်ဖြေရေးက ဇာတ်ညွှန်းကို အတည်ပြုလိုက်သည်။
ဇာတ်ညွှန်းဆရာ ဘယ်သူမှ မကန့်ကွက်ခဲ့ကြပေ။
ဇာတ်ညွှန်းဆရာ အများစုက ဒီလောကထဲမှာ ထိပ်သီးများ ဖြစ်ကြသည်။
အားလုံးက အခုအလုပ်တူတူ လုပ်နေရခြင်း ဖြစ်၏။ လင်းဖန် ရေးထားတဲ့ ဇာတ်ညွှန်းဖြစ်နေရင်တောင် ပြစ်ချက်တွေ့ပါက ထုတ်ပြပါလိမ့်မည်။
သိုသော်လည်း တစ်ညလုံး အလုပ်လုပ်ပြီးတာတောင် ဇာတ်ညွှန်းဆရာ အားလုံး မှင်သက်သွားကြရ၏။
ဒီလို ဇာတ်ညွှန်းမှာ ဘယ်လိုလုပ် ပြစ်ချက်ရှာနိုင်မည်နည်း။
ဒါက… ပြစ်ချက်ကင်းသည့် လက်ရာတစ်ခုပဲ ဖြစ်သည်။
ဇာတ်ညွှန်းဆရာအဖွဲ့ခေါင်းဆောင် ထျန်ကျန်းမှာ ဇာတ်ညွှန်းကမ္ဘာထဲတွင် နစ်မြောနေဆဲ ဖြစ်သည်။
ထျန်ကျန်းက အစပျိုးကာ မတ်တပ်ရပ်လိုက်ပါသည်။ “ပြီးပြည့်စုံတယ်ကွာ”
“ဘော့စ်လင်းရဲ့ ဇာတ်ညွှန်းဇာတ်သိမ်းက ပြီးပြည့်စုံလွန်းတယ်”
“ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3ရဲ့ ဇာတ်လမ်းက နည်းနည်း ရင်နာဖို့တော့ ကောင်းတယ်။ အထူးသဖြင့် မောင်မောင်လေး သေသွားတော့ ရင်ထဲတောင် အရမ်းလေးသွားတာပဲ။ ကံကောင်းစွာနဲ့ လီရှောင်းယောင်နဲ့ ရွှဲ့ကျမ့်တို့က တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် အတူနေထိုင်သွားရတယ်။ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းလို့ ပြောလို့ရပါတယ်” ထျန်ကျန်းက ပြောလိုက်သည်။
“ဇာတ်ညွှန်းကို အတည်ပြုလိုက်ပြီ။ ဘာမှ ပြင်စရာ မရှိဘူးထင်တယ်။ ဘော့စ်လင်းရေးထားတဲ့ ဇာတ်ညွှန်းက ငါတို့လို သာမန်ဇာတ်ညွှန်းဆရာတွေ နားလည်နိုင်တာမျိုး မဟုတ်ဘူး” ထျန်ကျန်းက ပြောလိုက်သည်။
ဇာတ်ညွှန်းဆရာ နောက်တစ်ယောက်က ခေါင်းငြိမ့်လိုက်၏။ “ဟုတ်တယ်။ ကျားရှင်းဖျော်ဖြေရေးရဲ့ အတော်ဆုံး ဇာတ်ညွှန်းဆရာက လင်းဖန်ဆိုတာ ဒီနေ့မှ သိလိုက်ရတယ်။ ဒီဇာတ်ကောင်တွေ အကုန်လုံးကို ဘယ်လိုများ ဒီလောက်ကောင်းအောင် ပုံဖော်နိုင်ခဲ့သလဲ မသိဘူး”
ထျန်ကျန်းက ပြောလိုက်သည်။ “ဧကန္တ… ခွန်အားနဲ့ ပါရမီဆိုတာ ဒါမျိုးကိုခေါ်တာ ဖြစ်မယ်”
“ငါတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရိုက်ကူးဖို့ သရုပ်ဆောင် မှန်မှန်ကန်ကန်သာ ရှာနိုင်မယ်ဆိုရင် ဒီရှိုးလည်း ပေါက်မှာပဲ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 လောက် ရေပန်းစားလာလိမ့်မယ်”
ကုမ္ပဏီ အစည်းအဝေးတွင် လင်းဖန်က စားပွဲထိပ် နေရာယူလိုက်သည်။
ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်းတို့ အားလုံးလည်း ထိုင်နေကြပါသည်။
ထျန်ကျန်းတို့အပါအဝင် ယွဲ့ဟွာမှ ဇာတ်ညွှန်းဆရာ များစွာ ရှိနေပါသည်။
“ဘော့စ်လင်း ဇာတ်ညွှန်းက အဆင်ပြေပါတယ်။ ဘာမှ ပြောင်းလဲစရာ မလိုဘူး။ ဒီဇာတ်ညွှန်းက ပရိတ်သတ်ကို စိတ်လှုပ်ရှားအောင်လုပ်ဖို့ လုံလောက်မယ်လို့ ကျုပ်ယုံကြည်တယ်” ထျန်ကျန်းက ပြောလိုက်၏။
“ဟုတ်တယ်ဘော့စ်လင်း ရှင့်ရဲ့ ဇာတ်ညွှန်းက တကယ်ကောင်းတာ။ မနေ့ညက အကြာကြီး ထိုင်ဖတ်ခဲ့တယ်” ရွှယ်ခဲ့ရှင်းလည်း ပြုံးကာ လင်းဖန်ကို လက်မထောင်ပြလိုက်ပါသည်။
“မနေ့ညက ဇာတ်ညွှန်း ၃၇ ပိုင်းလုံးကို တစ်ညလုံး မအိပ်ဘဲ ကျွန်တော်တို့ ဖတ်ခဲ့ကြတယ်။ ဘာမှ ပြုပြင်စရာ မလိုဘူး။ ဘော့စ်လင်းရဲ့ ဖန်တီးနိုင်စွမ်းကို ကျွန်တော်တို့ အံ့သြသွားတာဗျာ။” ဇာတ်ညွှန်းဆရာ တစ်ယောက်က ပြောလိုက်ပါသည်။
ထိုဇာတ်ညွှန်းဆရာတွေလည်း လင်းဖန်ကို ထောက်ခံကြပြီး ရင်ထဲကနေ လေးလေးနက်နက် လေးစားကြပါသည်။
ဇာတ်ညွှန်းတစ်ခုကို ဖန်တီးရတာ ဘယ်လောက် ခက်ခဲမှန်း ဇာတ်ညွှန်းဆရာတစ်ယောက်သာ သိလိမ့်မည်။
လင်းဖန်က ရေပန်းစား တီဗီစီးရီး ၃ ခုအတွက် ဇာတ်ညွှန်းများကို ရေးသားပေးခဲ့ပြီးသား ဖြစ်သည်။ ဒါက ၄ ခုမြောက် ဖြစ်၏။ ဒီဇာတ်ညွှန်းကလည်း အရည်အသွေး မြင့်မားနေဆဲ ဖြစ်ပါသည်။
ဘယ်သူမှ မကန့်ကွက်တာကို မြင်သောအခါ လင်းဖန် ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပြီ ဒါဆို ကျွန်တော်တို့ ဒီဇာတ်ညွှန်းကို အတည်ပြုလိုက်ကြတာပေါ့”
“နောက်တစ်ဆင့်က သရုပ်ဆောင်ရွေးဖို့ပဲ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 သရုပ်ဆောင် စရွေးလို့ရပြီ။ စုမူချင်းနဲ့ လင်းချမ့်ဝေ။ ဒီတာဝန်ကို နင်တို့ဆီအပ်ထားလိုက်မယ်နော်။ အဓိက ဖျော်ဖြေရေး ကုမ္ပဏီကြီးတွေကို ဆက်သွယ်ပြီး မကြာခင် သရုပ်ဆောင် စရွေးလိုက်တော့” လင်းဖန်က ပြောလိုက်၏။
စုမူချင်းက မေးလိုက်ပါသည်။ “ဘော့စ်လင်းရဲ့ စံနှုန်းနဲ့ ကိုက်ညီမယ့် သရုပ်ဆောင်တွေကို တစ်ဆင့်ချင်း ရွေးနိုင်ဖို့ လူရွေးပွဲ ကျင်းပလိုက်ရမလား”
လင်းဖန်က ခေါင်းခါလိုက်သည်။ “လူရွေးပွဲ မလိုဘူး။ ငါတို့မှာ အချိန်အများကြီး မရဘူး။ ငါက လက်ရာမြောက်တဲ့ တီဗီစီးရီးတစ်ခုကို ဖန်တီးမှာဆိုတော့ အစွမ်းအစရှိပြီးသား သရုပ်ဆောင်တွေကိုပဲ လိုတယ်။ လူရွေးပွဲတွေက အချိန်ဖြုန်းတာပဲ”
“နောက်ပိုင်း မိန်းကလေးအဖွဲ့ ရှိုးတွေမှာ ပါဖို့ အသက် ၁၈ နဲ့ ၂၂ နှစ်အကြားက မိန်းကလေးတချို့ကို မြေတောင်မြှောက်ပေးနိုင်ဖို့အတွက် ကုမ္ပဏီ လူရွေးပွဲ ကျင်းပလို့တော့ ရပါတယ်။ တစ်ချိန်တည်းမှာပဲ ငါတို့ကုမ္ပဏီကို ပါရမီရှင်တွေ ထောက်ပံ့ပေးရာလည်း ကျတယ်”
စုမူချင်းက ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပါပြီ”
လင်းဖန်က ဆက်ပြော၏။ “လောလောဆယ် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် ဇာတ်ကောင်တွေက ခေါင်းဆောင်မင်းသား ကျင်းထျမ့်၊ ခေါင်းဆောင်မင်းသမီး ရွှဲ့ကျမ့်၊ မိန်းကလေး ဇာတ်ကောင်တွေက ကျစ်ရွှမ်၊ လုံခွေ့၊ ဟွာယင်၊ မီးတစ္ဆေဘုရင်၊ ရွှေ့ပီ၊ ယောက်ျားလေး ဇာတ်ကောင်တွေက ရှုချန်းချင်၊ ရှုမောင်ရှန်း၊ ချုံးလောင်၊ ယွင်ထျင်၊ မိစ္ဆာဓားအင်မော်တယ်၊ ထန်ခွန်း စတဲ့ ဇာတ်ကောင်တွေပါမယ်။
“ကျွန်တော်က ခေါင်းဆောင်မင်းသားနေရာက ပါဝင်ပြီး ရှားဝမ်ချွေ့က ခေါင်းဆောင်မင်းသမီး နေရာကနေပါဝင်မယ်ဆိုတာပါ တစ်ခါတည်း ကြေညာပါရစေ” လင်းဖန်က ပြုံးကာ ခပ်လှမ်းလှမ်းရှိ ကောင်မလေး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
လင်းဖန် ကြေညာလိုက်သောအခါ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း အားလုံးက ရှားဝမ်ချွေ့ကို ကြည့်လိုက်ကြသည်။
ရှားဝမ်ချွေ့ ပါးပြင်များက အနည်းငယ် နီရဲနေ၏။ သူမ မော့ကြည့်လိုက်ရာ လင်းဖန် မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံသွားပါသည်။
လင်းဖန် နှုတ်ခမ်းထောင့်များ ကွေးသွား၏။
“လင်းကျင်းကျင်းကို ကျစ်ရွှမ်နေရာကနေ သရုပ်ဆောင်ခွင့်ပေးမယ်။ ရှုယန်က ရှုချန်းချင်း၊ စုရှောင်းယွီက လုံခွေ့၊ လင်းခဲ့ရှင်းက ဟွာယင် အသီးသီး သရုပ်ဆောင်ရမယ်။ တခြာ Role တွေအတွက်တော့ မနက်ဖြန် သရုပ်ဆောင်ရွေးပွဲကျမှ ဆုံးဖြတ်ကြမယ်”
“ပြီးတော့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် လက်ထောက်ဒါရိုက်တာတွေအဖြစ် လုပမ်ခိုင်းနဲ့ လျို့မောင်၊ နောက်ဆက်တွဲ ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ရွှယ်ခဲ့ရှင်း၊ အသံသရုပ်ဆောင် လင်းကျင်းကျင်းတို့ ပါဝင်မယ်”
လင်းဖန်က နေရာအားလုံးကို အမြန် စီစဉ်ပေးလိုက်ပါသည်။ ဆိုလိုတာက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို မကြာခင် တရားဝင် ရိုက်ကူးရေး စလို့ ရပါပြီ။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ သတင်းကို အတည်ပြုပြီးနောက် အနုပညာလောကတစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။
“တကယ်လား လင်းဖန်က ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ရိုက်ကူးရေးစတော့မှာလား”
“ပြီးတော့ အဓိက သရုပ်ဆောင်တချို့ကိုတောင် ရွေးပြီးသွားပြီ ဟုတ်လား ငါတို့မနက်ဖြန် တရားဝင် သရုပ်ဆောင်ရွေးခံရတော့မှာလား”
“ဘုရားရေ မြန်လိုက်တာ။ လင်းဖန်က နောက်ထပ် တီဗီစီးရီးတစ်ခု ရိုက်ကူးတော့မယ်တဲ့”
“ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3ကို မျှော်နေတာ ကြာပြီ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 ကြောင့် ငါသေမလိုတောင် ဖြစ်ခဲ့တာ။ Season 3 ကော ဘယ်လိုလာဦးမလဲ မသိဘူး”
“ငါတို့ဖျော်ဖြေရေးကုမ္ပဏီမှာ ကြယ်ပွင့်တွေ အများကြီးလည်း ရှိတယ်။လင်းဖန်ရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 မှာ ငါတို့ကော ပါလို့ရမလားမသိဘူး”
“ဘယ်လိုပဲဖြစ်ဖြစ် ငါကြိုးစားကြည့်ရမှာပဲ။ ဒီတီဗီစီးရီးမှာ ငါပါခွင့်ရသွားရင် ဘယ်လိုလုပ်မလဲ”
နောက်တစ်နေ့….
ဆယ်လီများစွာ လင်းဖန်ရဲ့ ကျားရှင်းဖျော်ဖြေရေးထံသို့ ရောက်ရှိလာကြသည်။
ဒီနေ့က သရုပ်ဆောင်ရွေးချယ်မှုအတွက် အရေးကြီးသည့် နေ့တစ်နေ့ ဖြစ်သည်။
ဒီကို ရောက်လာသည့်လူတိုင်းက ခြွင်းချက်မရှိ ကြယ်ပွင့်များ ဖြစ်ကြသည်။
မိန်းမလှလေးများစွာ ရှိပြီး ကြည့်ကောင်းပြီး အစွမ်းအစရှိသည့် သရုပ်ဆောင်များစွာလည်း ရှိနေပါသည်။
လူတွေ ဝင်လာသောအခါ ကျားရှင်းဖျော်ဖြေရေး၏ အလုပ်ပတ်ဝန်းကျင်ကို မြင်လိုက်ကြရ၏။
သီးသန့် ရုံးခန်းအပြင်အဆင်၊ တန်ဖိုးကြီးသည့် အလှဆင်မှုများနဲ့ ကြယ်ပွင့်တိုင်း၏ အလုပ်ခန်းကလည်း ကျယ်ဝန်းလှပါသည်။
ထူးခြားသည့် စားသောက်ဆိုင်မှာလည်း ကြယ်ငါးပွင့် ဟိုတယ်များမှ စားဖိုမှူးများ ရှိကြသည်။ နားနေခန်းများ၊ ဖျော်ဖြေရေး အခန်းများနဲ့ မုန့်ပဲသရေစာခန်းမျိုးစုံလည်း ရှိပါသည်။
ဒီလိုနေရာမျိုးက ကမ္ဘာပေါ်က ကောင်းကင်ဘုံ တစ်ခုလို ဖြစ်သည်။
ကျားရှင်းဖျော်ဖြေရေးမှာ အလုပ်လုပ်သည့် ဝန်ထမ်းတိုင်းက တက်ကြွနေကြသည်။
ဖန်တုံတုံဟု ခေါ်သည့် ရိုးရိုးအေးအေး လူဝ တစ်ယောက်က ကုမ္ပဏီ ဝင်ပေါက်တွင် မတ်တပ်ရပ်နေပါသည်။
သူ့ကုမ္ပဏီက ကျားရှင်းဖျော်ဖြေရေးကို သွားပြီး ကြိုးစားကြည့်ဖို့ အတင်းလွှတ်ခဲ့သည်။ သို့သော်လည်း သူ့လို ပုံစံမျိုးနဲ့ အရွေးမခံရနိုင်မှန်း သိပြီးသား ဖြစ်ပါသည်။
ဖန်တုံတုံ အထဲဝင်လာပြီး ကျားရှင်းဖျော်ဖြေရေး၏ အလုပ်ပတ်ဝန်းကျင်ကို မြင်သွားတော့ မှင်သက်သွားရပါသည်။
“ဒီက အလုပ်ပတ်ဝန်းကျင်က ငါတို့ထက် အများကြီး ပိုကောင်းတယ်။ အားကျလိုက်တာကွာ…” ဖန်တုံတုံက ပြောလိုက်ပါသည်။
“ကျန်တာအားလုံးထက် မုန့်ပဲသရေစာနေရာတွေ အများကြီးရှိတယ်ဟ” မုန့်ပဲသရေစာများစွာ၊ အာလူးကြော်၊ Coke များ၊ ကိတ်မုန့်များ၊ ဝက်ပေါင်ခြောက်များ၊ အကင်များနဲ့ အာဟာရရှိသည့် အစားအစာမျိုးစုံကို မြင်လိုက်ရုံနဲ့ ဖန်တုံတုံ ပါးစပ်မှ သွားရည်တွေ ကျနေမိပြီဖြစ်သည်။
လင်းဖန်ရဲ့ လက်ထောက် စုမူချင်းကို မြင်တော့ ဖန်တုံတုံ မျက်လုံးမခွာနိုင်တော့ပါ။
စုမူချင်းက နူးညံ့သိမ်မွေ့ လှပပြီး သန့်စင်သည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ဆံပင်ကို စုစည်းထားပြီး မိတ်ကပ်ပါးပါးလေးဖြင့် မိတ်ကပ်ပြာနေအောင် လိမ်းထားသည့် မိန်းကလေးများထက် အများကြီး ပိုလှနေပါသည်။
ကျားရှင်းဖျော်ဖြေရေးမှာ ဒီလောက်လှပသည့် မိန်းကလေးလည်း ရှိနေသည်။
ဒါ ဘယ်လို နတ်ကုမ္ပဏီမျိုးပါလိမ့်။