၄၃ သန်း ရင်းနှီးမြှုပ်နှံမှု
Vol. 22 Ch. 319
“ဟယ်လို မစ္စ။ ကျွန်တော်ကော သရုပ်ဆောင်ရွေးပွဲထဲ ပါလို့ရမလား” ဖန်တုံတုံက စုမူချင်းဆီ လျှောက်သွားလိုက်ပြီး မေးလိုက်ပါသည်။
“ရတာပေါ့” စုမူချင်းက ခပ်ပါးပါးလေး ပြုံးလိုက်၏။ လူတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေကို ပျောက်ကွယ်သွားစေမည့် အပြုံးမျိုး ဖြစ်သည်။
“ကျွန်မနောက် လိုက်ခဲ့ပါ” စုမူချင်း ပြောလိုက်သည်။
“အမ် မစ္စ… ခင်ဗျားမှာ ကောင်လေး ရှိလား” ဖန်တုံတုံက ထပ်မေးလိုက်၏။
“မရှိပါဘူး” စုမူချင်းက ခေါင်းခါလိုက်သည်။
“ဒါဆို ကျွန်တော့်ကို… ဘယ်လို သဘောရလဲဟင်” ဖန်တုံတုံက ချစ်ရေးဆိုသည့်နေရာတွင် သိပ်မတော်ပါ။ အချစ်ရေးအချစ်ရာလည်း အတွေ့အကြုံမရှိပေ။
ချစ်ရေးဆိုချင်းက အလွန်ရဲတင်းစွာ ဆောင်ရွက်ရမည့် အရာမျိုးဖြစ်သော်လည်း ဖန်တုံတုံက အနည်းငယ် စိတ်လှုပ်ရှားနေပြီး ရှက်ရွံ့နေပါသည်။
“ကျွန်မ သဘောကျတဲ့လူ ရှိပြီးသားမို့လို့ပါ။ အရှေ့မှာ သရုပ်ဆောင်ရွေးခံလို့ ရတယ်နော်။ ဘော့စ်လင်းလည်း အဲ့မှာရှိတယ်” စုမူချင်းက ပြုံးကာ ဖန်တုံတုံကို ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်ပါသည်။
“သြော်ဟုတ်ကဲ့ပါ။ မစ္စ။ ခင်ဗျားက ဘော့စ်လင်းရဲ့ လက်ထောက်လား” ဖန်တုံတုံ မေးလိုက်သည်။
“ဟုတ်ကဲ့~” စုမူချင်းက ခေါင်းငြိမ့်လိုက်၏။
“ဘော့စ်လင်းမှာ ဒီလောက် လှတဲ့ လက်ထောက်လေး ရှိနေတာ အားကျတယ်ဗျာ” ဖန်တုံတုံ စကားပြောပြီးနောက် အခန်းထဲ ဝင်ကာ သရုပ်ဆောင်ရွေးခံဖို့ ပြင်ဆင်လိုက်ပါသည်။
ဒီမိန်းမလှလေး ကြိုက်နှစ်သက်တဲ့ ကောင်လေးက ဘယ်သူများလဲ သူတွေးနေမိသည်။
ဘော့စ်လင်းများ ဖြစ်နေမလား။
ဖန်တုံတုံ အခန်းထဲကို ဝင်လိုက်ပြီး လင်းဖန်ကို မြင်သွားတော့ မှင်သက်သွားရပါသည်။
လင်းဖန်က… ချောမောလွန်းပါသည်။
စုမူချင်း လင်းဖန်အကြောင်း ပြောသွားတာကို ပြန်စဉ်းစားမိပြီး ဖန်တုံတုံ ပိုအားကျသွားမိပါသည်။
သူ့မှာကော ဒီလောက်လှတဲ့ လက်ထောက် ဘာလို့ မရှိရတာလဲ။
အခန်းထဲတွင် လင်းဖန်လည်း အနည်းငယ် အံ့အားသင့်နေ၏။
ရုပ်သံစီးရီးတိုင်း၏ သရုပ်ဆောင်ရွေးချယ်မှုက သံသယဖြစ်ဖွယ်မရှိအောင် အလွန်အရေးကြီးသည်။
သို့သော်လည်း… ဒီနေ့ ဒီမှာ လူတွေ များပြားလွန်းပါသည်။
“ဟယ်လို ဘော့စ်လင်း။ ကျွန်မက လင်းယုယန်ပါ။ ကျွန်မ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ သရုပ်ဆောင်ရွေးချယ်မှုမှာ အထူးတလည် ပါဝင်ချင်လို့ပါ”
“မင်္ဂလာပါ ဘော့စ်လင်း။ ကျွန်တော်က ဝမ်ရှိပါ။ ကျွန်တော် ဒီ Role ကို ယူနိုင်မယ် ထင်လား”
“မင်္ဂလာပါ ဘော့စ်လင်း…”
တစ်နေကုန် အလုပ်ရှုပ်ခဲ့ပြီးနောက် သရုပ်ဆောင်ရွေးချယ်မှုတွင် ဖန်တုံတုံ၏ အလှည့်ကို ရောက်လာခဲ့ပါသည်။
လင်းဖန်လည်း ခေါင်းခဲနေ၏။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တွင် လူဝ တစ်ယောက် သရုပ်ဆောင်ဖို့ လိုအပ်သည့် မောင်မောင်ဟူသည့် ဇာတ်ကောင်တစ်ကောင် ပါဝင်ပါသည်။
ပိုအရေးကြီးတာက ထို Role ကို သရုပ်ဆောင်ဖို့က အလွန်ခက်ခဲ၏။
အလွန်သင့်တော်သည့် သရုပ်ဆောင် တစ်ယောက်ကိုလိုအပ်သည်။ သူ့သရုပ်ဆောင် စွမ်းရည်တွေကလည်း အလွန်ပြီးပြည့်စုံနေရပါမည်။
သူတို့ သရုပ်ဆောင်စွမ်းရည်က ဆိုးရွားပါက ပရိတ်သတ်ကို ခွကျသွားစေလိမ့်မည်။
လင်းဖန်က သူ့ဒရမ်မာတွေကို စည်းကမ်း တင်းကြပ်မှုလည်း ရှိသဖြင့် သရုပ်ဆောင်ရွေးချယ်မှုကို သူကိုယ်တိုင်ပဲ ပြုလုပ်ခဲ့ပါသည်။
“အမည် : ဖန်တုံတုံ။ အသက် : ၂၄ နှစ်။ တက်ရောက်ခဲ့တဲ့ကျောင်း : ပေကျင်းရုပ်ရှင် တက္ကသိုလ်။” ဖန်တုံတုံက သူ့နာမည်ကို ပြောလိုက်ပြီး အရွေးချယ်ခံဖို့ ပြင်လိုက်ပါသည်။
သရုပ်ဆောင်ရွေးချယ်ပွဲများတွင် သရုပ်ဆောင်များရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပုံပန်းသဏ္ဌာန်များကို စစ်ဆေးကြပါသည်။
သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ သရုပ်ဆောင်စွမ်းရည်နဲ့ ပုံပန်းသဏ္ဌာန်က အလွန်အရေးကြီးသည်။ ဖယ်ထားလို့ မရနိုင်ပါ။
ဒါက လင်းဖန်ရိုက်မည့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ ဖြစ်သည်။ သူသာ ဒီလက်ရာကို ကောင်းကောင်း ထုတ်လုပ်ချင်ပါက သရုပ်ဆောင်တွေကလည်း အထူး အရေးပါသည်။
“စတင် သရုပ်ဆောင်လို့ရပါပြီ။ သရုပ်ဆောင်ရမယ့် ခေါင်းစဉ်က ပေါက်စီစားခြင်းတဲ့”
လက်ထောက်ဒါရိုက်တာဖြစ်သည့် လုပမ်ခိုင်းလည်း သရုပ်ဆောင်များ၏ ရွေးချယ်မှုကို လာကြည့်ပါသည်။
ပေါက်စီစားပြရမည့် သရုပ်ဆောင်မှုက အလွန် ရိုးရှင်းသည်။ သို့သော်လည်း မေးခွန်းတစ်ခုက ပိုရိုးရှင်းလေလေ ပိုခက်ခဲလေလေ ဖြစ်သည်။
လူတိုင်း ပေါက်စီစားတတ်၏။
ပေါက်စီစားတာကို သရုပ်ဆောင်ပြဖို့က အတော်လေး ခက်ခဲပါသည်။
“တစ်ဆိတ်လောက်ဗျ… ပေါက်စီတွေက ဘယ်နားမှာလဲ” သူ့ခေါင်းစဉ်က ပေါက်စီစားဖို့ ဖြစ်မှန်း ကြားလိုက်ရသောအခါ ဖန်တုံတုံ၏ မျက်လုံးများ အရောင်လက်သွားသည်။
သူ မနက်စာကော နေ့လည်စာကော မစားရသေးဘဲ အင်တာဗျူးလာဖြေခြင်း ဖြစ်၏။ ယခုတော့ သူ အလွန်ဗိုက်ဆာနေပါပြီ။
ပေါက်စီစားရမည့် သရုပ်ဆောင်မှုက သရုပ်ဆောင်တစ်ယောက်၏ အခြေအနေနဲ့ သရုပ်ဆောင်စွမ်းရည်အပေါ် မူတည်နေပါသည်။
“မရှိဘူး။ ဒီတိုင်းပဲ သရုပ်ဆောင်လိုက်ပါ၊။ မင်းလက်ထဲမှာ ပေါက်စီကိုင်ထားတယ်လို့ပဲ တွေးထားလိုက်” လုပမ်ခိုင်းက ပြောလိုက်သည်။
“ဟုတ်ကဲ့” ဖန်တုံတုံ ခေါင်းငြိမ့်လိုက်ပါသည်။
ထို့နောက် ချက်ချင်းဆိုသလို ဖန်တုံတုံ၏ ပေါက်စီစားပြသည့် သရုပ်ဆောင်မှု စတင်ပါသည်။
ဖန်တုံတုံ ပေါက်စီစားပြတာကို မြင်ပြီးနောက် လင်းဖန် မျက်လုံးများ အရောင်လက်သွားသည်။
နောက်ဆုံးတော့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ မောင်မောင် Role အတွက် သင့်တော်တဲ့ သရုပ်ဆောင်ကို ရှာတွေ့သွားပါပြီ။
သူ့နာမည်က ဖန်တုံတုံဟု ခေါ်သည်။
ပေါက်စီစားနေပုံကို ဒီလောက် ကောင်းမွန်စွာ သရုပ်ဆောင်ပြနိုင်သဖြင့် ဖန်တုံတုံ၏ သရုပ်ဆောင်စွမ်းရည်များက တကယ် မဆိုးလှပါ။
သူ့အရွယ်အစား၊ စိတ်ဓာတ်တို့နဲ့ ပေါင်းလိုက်ပါက လင်းဖန်ရှာဖွေနေသည့် Role အတွက် အလွန်သင့်တော်ပါသည်။
“ဟုတ်ပြီ။ မင်းက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ မောင်မောင် Role အတွက် သရုပ်ဆောင်ရမယ်” လင်းဖန် ပြောလိုက်သည်။ သူဖန်တုံတုံကို ကြည့်လိုက်ပြီး ပြုံးလိုက်၏။
“ကျေးဇူးတင်ပါတယ် ဘော့စ်လင်း” ဖန်တုံတုံလည်း အံ့အားသင့် ပျော်ရွှင်သွား၏။
သူ့ခန္ဓာကိုယ် အရွယ်အစားနဲ့ အင်တာဗျူး အောင်လိမ့်မည်ဟု တကယ်ထင်မထားခဲ့ပေ။
သူလည်း လင်းဖန်ရဲ့ တီဗီရှိုးတွေကို အလွန် သဘောကျပါသည်။ သူ့အမြင်မှာတော့ အားလုံးက ဂန္တဝင်လက်ရာများ ဖြစ်ကြ၏။
လင်းဖန်က ဖန်တုံတုံရဲ့ အိုင်ဒေါဖြစ်နေတာ ကြာပါပြီ။
“ဘော့စ်လင်း ကျွန်တော်က ခင်ဗျားရဲ့ ပရိတ်သတ်ပါ။ ကျွန်တော် ကျားရှင်းဖျော်ဖြေရေးရဲ့ အနုပညာရှင် လုပ်လို့ ရမလား” ဖန်တုံတုံ မေးလိုက်ပါသည်။
“ရတာပေါ့။ စာချုပ်လက်မှတ်ထိုးဖို့အတွက် ငါ့လက်ထောက်နဲ့ စီစဉ်လို့ရပါတယ်” လင်းဖန်က ပြုံးကာ စုမူချင်းကို ကြည့်လိုက်သည်။
စုမူချင်းကို မြင်တော့ ဖန်တုံတုံ တံတွေးမျိုချလိုက်ပြန်သည်။
အဘယ့်ကြောင့်ဆိုသော်… စုမူချင်းက အလွန်ကြည့်ကောင်းသောကြောင့် ဖြစ်ပါသည်။
ခုနက သူချစ်ရေးဆိုတာ စနောက်ခြင်းသာ ဖြစ်သည်။ စုမူချင်းရှေ့မှာ ဘာပြောရမှန်း မသိခဲ့သောကြောင့် ဖြစ်၏။
“မြောင်မြောင်” ရှားဝမ်ချွေ့က တံခါးနားတွင် လင်းဖန်ကို စောင့်နေပြီ ဖြစ်သည်။ သူမ ကုမ္ပဏီ နေ့လည်စာကိုတောင် ယူလာပါသည်။
“ဆရာ နေ့လည်စာစားချိန်ရောက်ပြီ~” စုရှောင်းယွီလည််း နေ့လည်စာဗူးနဲ့ အထဲ ဝင်လာခဲ့၏။
ကောင်မလေး ၂ ယောက်က လှပလွန်းသဖြင့် အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
နေ့လည် ၂ နာရီထိုးနေပြီဖြစ်သော်လည်း လင်းဖန် နေ့လည်စာ မစားရသေးပါ။
“ဒီနေ့အတွက်တော့ ပြီးပါပြီ။ ဒီနေ့နေ့လည်ပဲ စာချုပ် အပြီးချုပ်ကြမယ်။ ပြီးရင် ရုပ်သံစီးရီး ရိုက်ကူးရေး စဖို့အတွက် ပြင်ဆင်လို့ရပြီ” လင်းဖန်က စီစဉ်မှုများ ပြုလုပ်ကာ ပြောလိုက်ပါသည်။
‘ဘော့စ်လင်း ခဏလေးပါ…” ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို မြင်သောအခါ ဖန်တုံတုံ ပို၍ပင် သဘောကျသွားပါသည်။
သူတို့တွေက ဒီလောက်လှရသလား။
သူတွေ့ခဲ့သည့် စုမူချင်းကတောင် အတော်လှနေပြီ ဖြစ်သော်လည်း ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က ပို၍ပင် လှပပါသေးသည်။
“ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ နှစ်ယောက်စလုံးက အရမ်းကြည့်ကောင်းတာပဲ။ ဘော့စ်လင်း… ကျွန်တော့်ကို သူတို့ ဖုန်းနံပါတ် ပေးလို့ရမလား” ဖုန်တုံတုံက မျှော်လင့်တကြီးမေးလိုက်၏။
“ဘယ်ရမလဲ။ မိန်းကလေးတစ်ယောက်ရဲ့ ဖုန်းနံပါတ်ရဖို့ ကိုယ်တိုင်ကြိုးစားရမှာပေါ့။ ပြီးတော့ ရှားဝမ်ချွေ့က ငါ့ကောင်မလေးကွ” လင်းဖန်က ပြောလိုက်သည်။ ဖန်တုံတုံကို ပခုံး ပုတ်ပေးလိုက်ပြီး ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ထံသို့ လျှောက်သွားလိုက်ပါသည်။
“ကောင်မလေးတဲ့လား…” ဖန်တုံတုံ ရေရွတ်လိုက်၏။၊
သူက အနုပညာသတင်းများကို မဖတ်သလောက် ရှားပါးသည်။ အခုမှ ရှားဝမ်ချွေ့မှာ ရည်းစားရှိနေပြီဖြစ်ကြောင်း သိလိုက်ရပါသည်။
သူမ၏ ကောင်လေးက လင်းဖန် ဖြစ်၏။
နောက်ဆုံးတော့ သရုပ်ဆောင် အားလုံးကို ရွေးချယ်ပြီးသွားပါပြီ။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် ရင်းနှီးမြှုပ်နှံသူများကို စတင်ခေါ်ယူနိုင်ပါပြီ။
ထိုနေ့က လင်းဖန်ထံသို့ ရင်းနှီးမြှုပ်နှံသူများစွာ ရောက်လာပါသည်။
“ဘော့စ်လင်း ကျွန်တော်က ဝူလျန်ယဲ့ အုပ်စုက ချမ့်ယောင်ယဲ့ပါ။ ခင်ဗျားရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် ရင်းနှီးမြှုပ်နှံချင်လို့ပါ။ ဘယ်လို သဘောရလဲ”
“ကျွန်တော်တို့ ကုမ္ပဏီက ၄၃ သန်း ကမ်းလှမ်းပါတယ်” ချမ့်ယောင်ယဲ့က လင်းဖန်ကိုကြည့်လျက် ပြောလိုက်ပါသည်။
ဝူလျန်ယဲ့ကလည်း နာမည်ကျော်ဘရန်းတစ်ခု ဖြစ်၏။ ချမ့်ယောင်ယဲ့က လင်းဖန်ကို စစချင်းမှာပင် အလွန်မြင့်မားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏကို ကမ်းလှမ်းလိုက်ပါသည်။
“ဘော့စ်ချမ့် အလုပ်တူတူလုပ်ရတာ ဝမ်းသာပါတယ်” လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ ချမ့်ယောင်ယဲ့နဲ့ လက်ဆွဲနှုတ်ဆက်ကာ လုပ်ငန်းပူးတွဲမှုအကြောင်း အသေးစိတ် ဆွေးနွေးပြီးမှ စာချုပ်ချုပ်လိုက်ကြပါသည်။
သူတို့ သရုပ်ဆောင်တွေ ရွေးပြီးခါစ ရှိသေးသည်။ ရင်းနှီးမြှုပ်နှံသူတစ်ယောက်က ကိုယ်တိုင် ရောက်ရှိလာခဲ့၏။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် ရင်းနှီးမြှုပ်နှံငွေက ၄၃ သန်းလောက်အထိ မြင့်မားသွားပါသည်။