← Chapters

ချိန်းဆိုချက်

Vol. 22 Ch. 295

ချိန်းဆိုချက်

Vol. 22 Ch. 295

“မိစ္ဆာတာအိုဂိုဏ်းတွေနဲ့ ပတ်သတ်မှုလား…”

တာအိုသခင်အိုသည် ဟန်လိမှာ အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူတစ်ယောက်မှန်း ကြားသည့်အခါ သူသည် နည်းနည်းလေးမျှ အံ့အားသင့်သွားဟန် မပြပေ။ သူ ခန့်မှန်းမိထားပြီး ဖြစ်သည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းကလွဲ၍ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများသည် အမှန်တကယ် နည်းပါးလွန်းလှသည်။ သို့ပေမည့် သူ့တပည့်နှင့် အကြီးအကဲချုပ်ဝမ်တို့သည် မိစ္ဆာတာအိုဂိုဏ်းနှင့် ပတ်သတ်နိုင်ခြေ ရှိကြောင်း ကြားရသည့်အခါတွင်မူ သူ့မျက်နှာသည် ချက်ခြင်းပင် စိမ်းဖန့်ဖန့် ဖြစ်သွားလေသည်။

ယွဲ့ဒေသ၌ မိစ္ဆာတာအိုဂိုဏ်းများ အမည်မှာ သွေးနှင့်ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်စားပြုလုနီးပါး ဖြစ်လေသည်။ တာအိုသခင်အဘိုးအိုကဲ့သို့ ချီစုဆောင်းခြင်းကျင့်ကြံသူလေးပင် ဤသည်ကို သိထားပြီး ဖြစ်သည်။

“စီနီယာ…နားလည်မှု လွဲပါပြီ။ ကျုပ်က မင်းသားလေးရဲ့ ခန္ဓာကိုယ်ကို တကယ်ပဲ စစ်ဆေးကြည့်ပြီးပါပြီ။ သူ့မှာ မှော်စွမ်းအားနည်းနည်းလေးတောင် မပိုင်ဆိုင်ထားပါဘူး…”

ခဏစဉ်းစားပြီး သေချာတွေးကြည့်ပြီးနောက်မှာ သူသည် ယုံကြည်ရန် ခက်ခဲနေသည်။

တကယ်တော့ သူသည် မင်းသားငယ်နှင့် အချိန်တစ်ချို့ ကုန်ဆုံးခဲ့ပြီး ဖြစ်သော်လည်း မိစ္တာတာအိုဂိုဏ်းများ၏ ကောလဟာလများနှင့် ဆင်ဆင်တူ ပတ်သတ်တာ ဘာကိုမျှ ရှာတွေ့နိုင်စွမ်း မရှိခဲ့ပေ။ ဟန်လိ၏ စကားများကို ကြားသည့်အခါ သူက ‌မလိုလားအပ်သော စကားတို့ဖြင့် မတုန့်ပြန်ချေ။ သူက တည်ငြိမ်သောဟန်ဖြင့် ပြောလေ၏။

“သူတို့နှစ်ယောက်က မိစ္ဆာတာအိုနဲ့ ပတ်သတ်နိုင်ခြေ ရှိတဲ့အတွက် မင်းအနေနဲ့ အနာဂတ်မှာ သေချာ အာရုံစိုက်ပါ။ မင်းအနေနဲ့ မူမမှန်တာ တစ်ခုခုတွေ့တာနဲ့ ငါ့ကို ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာ မလိုဘူး။ သူတို့နှစ်ယောက်ကို အန္တရာယ်ပေးခိုင်းတဲ့ အပြုအမူတွေကိုလည်း ငါ မင်းကို လုပ်ခိုင်းမှာ မဟုတ်ဘူး။ မင်း သူတို့နှစ်ယောက်ကို စောင့်ကြည့်ပေးနေရုံပဲ။ ဒါ့အပြင် မင်းအနေနဲ့ ရန်စမိတဲ့ ဘာအပြုအမူကိုမှလည်း မလုပ်ရဘူး။ တဖက်သူကသာ မင်းဟာ သူတို့ရဲ့ အစစ်အမှန်ပုံရိပ်ကို သဘောပေါက်သွားမှန်း သိသားခဲ့ရင် မင်း အသက်ပါ ပေးဆပ်ရနိုင်တယ်…”

ဟန်လိ၏ နောက်ဆုံးစကားများသည် ထိုတာအိုသခင်အဘိုးအိုကို သတိပေးခြင်း ဖြစ်သည်။

အဘိုးအို၏ မျက်လုံးထဲရှိ သံသယဖြစ်ဟန်မှာ ဟန်လိ၏ စကားကို ကြားရပြီးနောက် ချက်ခြင်း ပျောက်ကွယ်သွားသည်။ ထို့အပြင် ခုခါ၌ သူသည် အလန့်တကြား ဖြစ်သည့်ဟန် ပေါက်နေသည်။

အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ သူက ထိတ်ထိတ်လန့်လန့်ဖြင့် ပြောသည်။

“ကျနော်က အဲ့နှစ်ယောက်ကို စောင့်ကြည့်ပေးနေတာကို သူတို့ကသာ သိသွားခဲ့ရင် ကျနော် ဘာလုပ်သင့်လဲ…။ ကျနော့် မှော်စွမ်းအားဟာ နိမ့်ပါးလှပါတယ်။ ဒါ့ကြောင့် စီနီယာရဲ့ ခက်ခဲလှတဲ့ တာဝန်ကို မကျေပွန်နိုင်မှာ စိုးရိမ်မိပါတယ်…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် မျက်မှောင်ကြုတ်သည်။

ထိုတာအိုသခင်အိုသည် စိတ်ပြောင်းသွားကာ လက်လျော့သွားချင်ပုံ ရသည်။ ဟန်လိက အကျိုးအမြတ်အနည်းငယ် သူ့ကို ထပ်ပေးရမည့်ပုံပင်။

ထိုသို့တွေးကာ ဟန်လိက သူ့သိုလှောင်အိတ်ကို ထိပြီး ပစ္စည်းတစ်ခုကို ထုတ်၍ စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်သည်။

“အဲ့နှစ်ယောက်ကို စောင့်ကြည့်နေပါ။ အန္တရာယ် တစ်ခုခု ဖြစ်တာနဲ့ ကျုပ်က မင်းကိုယ်မင်း ကာကွယ်ဖို့ ဒီအဆင့်မြင့်မှော်ပစ္စည်းကို ပေးလိုက်မယ်။ အဲ့ကိစ္စပြီးသွားရင်လည်း ဒီမှော်ပစ္စည်းက မင်း အပိုင်ပဲ…”

ဟန်လိသည် စားပွဲပေါ်ရှိ ခပ်ဖျော့ဖျော့အလင်း ဖြာထွက်နေသော ခရမ်းရောင်ပုတီးစေ့ထံ လက်ညှိုးထိုးပြလျက် ထိုတာအိုသခင်အိုကို ယင်းသို့ ပြောသည်။

“အဆင့်မြင့်မှော်ပစ္စည်း…” တာအိုသခင်အိုသည် ထိုစကားကို ကြားသည့်အခါ စိတ်ထဲ၌ အံ့ဩတုန်လှုပ်သွားသည်။

ပုံမှန်အားဖြင့် သူသည် ကျင့်ကြံခြင်းလောက၌ အသုံးပြုသော ငွေရေးကြေးရေး ပြတ်လပ်သူ ဖြစ်လေသည်။ သူ့မှာ အလယ်အဆင့် မှော်ပစ္စည်းတစ်ခုကိုပင် ဝယ်ဖို့ လုံလုံလောက်လောက် မရှိပေ။ အဆင့်မြင့်မှော်ပစ္စည်းဆို ပြောနေရန် မလိုတော့ပါ။

“ဒီခရမ်းရောင်အလင်းပုတီးစေ့ထဲ မင်းရဲ့ မှော်စွမ်းအား ထည့်သွင်းလိုက်ရင် မင်းကို ကာကွယ်ပေးနိုင်တဲ့ အလင်းအရံအတားတစ်ခုကို ချက်ခြင်း ဖန်တီးပေးလိမ့်မယ်။ ချီစုဆောင်းခြင်းကျင့်ကြံသူ တော်တော်များများက‌ ဒါကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူးလို့ ငါ ယုံတယ်။ ဒါက မင်း ရင်ဆိုင်ရမယ့် အန္တရာယ်အများစုကို ကာကွယ်ဖို့ လုံလောက်မှာပါ…”

ဟန်လိသည် အမူဟန်ပန် မပြောင်းလဲသွားဘဲ စိတ်ရှည်လက်ရှည် ပြောပြလေ၏။

“ဒါက အကာအကွယ်မှော်ပစ္စည်းတစ်ခုလား…” သည်မှော်ပစ္စည်းအကြောင်းကို ကြားသည့်အခါ တာအိုသခင်အဘိုးအို၏ မျက်လုံးထဲ လိုချင်တပ်မက်စိတ်တို့ ဖြစ်ပေါ်လာသည်။

အကာအကွယ်မှော်ပစ္စည်းများသည် အဖိုးတန်ဆုံး၊ ရှားပါးလှသော မှော်ပစ္စည်းအမျိုးအစားတစ်ခု ဖြစ်သည်။ သူသည် တဘဝလုံး စုဆောင်းထားသော စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးစွဲလျှင်ပင် အဆင့်မြင့်အကာကွယ်မှော်ပစ္စည်းတစ်ခုကို ဝယ်ယူရန် လုံလောက်မည် မဟုတ်ပေ။

“ကောင်းပါပြီ။ ဒီတာအိုသခင်ဟာ ဒီတာဝန်ကို အပြည့်အဝ အားစိုက်ထုတ်ပြီး ထမ်းဆောင်ပါ့မယ်…” တာအိုသခင်အဘိုးအို၏ မျက်နှာသည် တည်ငြိမ်လာသည်။ သူသည် အံတင်းတင်းကြိတ်လျက် သဘောတူသည်။

ငှက်များသည် အစာအတွက် အသေခံသည်၊ လူသားများသည် ပိုင်ဆိုင်မှုအတွက် သေသည် ဟူသော ဆိုရိုးစကား ရှိ၏။ ၎င်းစကားမှာ ကျင့်ကြံခြင်းလောက၌လည်း အတူတူသာ။

ဟန်လိက ထိုအဘိုးအိုသည် အန္တရာယ်တော်တော်များလှသော တာဝန်ကို သဘောတူသည်ကို မြင်သည့်အခါ သူ့မျက်နှာထက်၌ ပြုံးနေဆဲ ဖြစ်သော်လည်း စိတ်ထဲကနေမူ သက်ပြင်းချမိသည်။

“ဒီစိတ်ဝိညာဉ်အမှတ်ကို မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထားလိုက်ပါ။ ဒီနည်းနဲ့ဆို တစ်ခုခု ဖြစ်ခဲ့ရင် ငါ မင်းကို ချက်ခြင်း လာရှာနိုင်ပြီး မင်း အသက်ကို ကယ်ပေးကောင်း ကယ်ပေးနိုင်လိမ့်မယ်။ ဒါ့အပြင် ဒီကိစ္စပြီးရင် နဂါးဝါဆေးလုံးတစ်ပုလင်းလည်း ငါ မင်းကို အပိုဆုအနေနဲ့ ထပ်ပေးမယ်…”

ဟန်လိသည် ထိုတာအိုသခင်အဘိုးအို၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်ဝိညာဉ်အမှတ်အသား ချထားကာ အတင်းအကြပ်နည်းလမ်းကော၊ မက်လုံးပေးသည့်နည်းလမ်းကောကိုပါ အသုံးပြုသည်။

တာအိုသခင်အဘိုးအိုက ဟန်လိထိုကဲ့သို့ ပြုလုပ်တာကို မြင်သည့်အခါ နည်းနည်းတော့ မင်သက်သွားသေးသည်။ သို့သော် သူက ဟန်လိ၏ အစစ်အမှန် ရည်ရွယ်ချက်ကို မသိဟန်ဆောင်ကာ ကျေးဇူးတင်ကြောင်း အခါခါ အထပ်ထပ် ပြောလေ၏။

ထိုအဘိုးအိုသည် ယင်းသို့ အကင်းပါးတာကို မြင်သည့်အခါ ဟန်လိသည် မပြုံးမိဘဲ မနေနိုင် ဖြစ်မိပြီး သူ ထွက်သွားရန် ဟန်ပြင်သည်။ ထို့နောက်တွင် သည်တာအိုသခင်အဘိုးအိုက သူ့ကို တလေးတစား လိုက်ပါပို့ဆောင်ပေးပြီးနောက်မှာတော့ ဟန်လိသည် မင်းသားနေအိမ်ကနေ တိတ်တဆိတ် ပြန်ထွက်ခွာလာတော့သည်။

ဟန်လိသည် ချင်းနေအိမ်သို့ ချက်ခြင်း ပြန်ဖို့ စိတ်မကူးထားပေ။ ထိုအစား သူက လဘ္ဘက်ရည်ဆိုင်တစ်ခုကို ရှာကာ လဘ္ဘက်ရည်ကို အရသာခံနေလျက် အေးဆေးတည်ငြိမ်စွာ စဉ်းစားခန်း ဝင်နေသည်။ သူသည် ပြီးခဲ့သော ရက်ပိုင်းများက သူ တွေ့ကြုံခဲ့ရသော အခြေအနေများ၊ သူ ပြုလုပ်ခဲ့သော အရာများနှင့် ပတ်သတ်ပြီး မသင့်တော်တာ ရှိမရှိ၊ မျက်စိလျှမ်းကာ လစ်လျူရှုမိတာ ရှိမရှိ စ၍ စဉ်းစားနေလေသည်။

ထိုအလေ့အကျင့်သည် ဟန်လိထံ၌ ရှိလာခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့လေပြီ။ သူ၏ ကျရှုံးမှုများ အားနည်းချက်များကို ပြင်ဆင်နေလျက် ဟန်လိသည် ခြေလှမ်းတိုင်းမှာ ကျင့်ကြံခြင်းလောက၏ ဘေးဒုက္ခများကနေ လွတ်မြောက်လာနိုင်ခဲ့သူ မဟုတ်လား။

ထို့ကြောင့်လည်း ဟန်လိသည် လဘ္ဘက်ရည်ဆိုင်တွင် အချိန်အတော်ကြသည့်အထိ ထိုင်နေခဲ့ပေသည်။ ကောင်းကင်မှာ တဖြည်းဖြည်း စမှောင်လာခဲ့သည့်အချိန်ကျမှ ဟန်လိလည်း စားပွဲထိုးလေး ထူးခြားစွာ ကြည့်နေသည့်ကြားကနေ လဘ္ဘက်ရည်ဆိုင်ကနေ ပြန်ထွက်လာခဲ့တော့သည်။

သူသည် လဘ္ဘက်ရည်အိုးတစ်အိုးမှာကာ နေ့တဝက်လောက် စဉ်းစားခန်း ဝင်နေခဲ့သည်။ ဆိုင်ရှင် စားပွဲထိုလေးအနေဖြင့် ထိုကဲ့သို့သော ဧည့်သည်မျိုးကို ခုမှ ပထမဆုံး မြင်ဖူးတာ ဖြစ်လေသည်။ နောက်ပိုင်း၌ သူက သည်အကြောင်းကို သူ့ သူငယ်ချင်းများကို ပြန်ပြောပြခဲ့ကာ သေမျိုးကြား၌ မထင်မှတ်စွာဖြင့် ဟန်လိသည် ဟာသပြက်လုံးတစ်ခု ဖြစ်ခဲ့လေတော့၏။

...

အဘိုးအိုရှောင်းနှင့် သူ တွေ့ရမည့် အချိန် မတိုင်သေး၊ သို့ပေမည့် ဟန်လိသည် ချိန်းဆိုသည့်အချိန်ကျမှ သွားတတ်သည့်သူမျိုး မဟုတ်လေပေ။ သူသည် အမြဲတမ်း အချိန်မှန် တိကျသူ ဖြစ်သော်ငြားလည်း သူ့အပေါ် တခြားသူများ လှည့်ကွက်များ မလုပ်နိုင်အောင် ကာကွယ်သည့်အနေဖြင့် စောစီးစွာ ကြိုသွားခြင်းက ပိုကောင်းလေသည် မဟုတ်လား။

ခဏ လမ်းလျှောက်လာပြီးနောက်မှာ ရုတ်တရက် ဟန်လိ မျက်မှောင်ကြုတ်သွားသည်။

အဘိုးအိုရှောင်းတို့ မြေးအဘိုးအပေါ် သူ ချန်ထားခဲ့သော အမှတ်အသားများက မြို့အနောက်ဘက်ကို ရောက်နေလေ၏။ သဘောတူထားသည့်အတိုင်းဆို သူတို့ ရှိနေသင့်တာက မြို့အရှေ့ဘက်သာ။ သို့ဖြစ်၍ ဟန်လိသည် ဒေါသနည်းနည်း ထွက်သွားသည်။

အေးတိအေးစက် လှောင်ပြောင်သံ ပြုကာ ဟန်လိသည် ဘေးတွင် မည်သူမျှ ရှိမနေတာကို အခွင့်ကောင်းယူပြီး သူ၏ နတ်လေလှေငယ်ကို ကောင်းကင်ထက်သို့ ပစ်တင်သည်။ သူနှင့်လှေတို့သည် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ကို တဟုန်ထိုး ဖြတ်သန်းပြီး ယင်းမြေးအဘိုးရှိနေသော အရပ်ထံ ဦးတည်လေတော့သည်။

လူအများကို ခြေယာခံလိုက်ရန် စိတ်ဝိညာဉ်ချီအသုံးပြုသော မှော်ပညာရပ်သည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ အသုံးများလေ့ရှိသော နည်းလမ်းတစ်ခုပင်။ သို့သော် အများစုသည် အမှတ်အသားပြုထားသော ပစ်မှတ်ကို ကီလိုမီတာတစ်ဆယ်နှစ်ဆယ်အတွင်းလောက်၌သာ အာရုံခံနိုင်သည်။ သို့ပေမည့် ဟန်လိကမူ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို လေ့ကျင့်ထားသူ ဖြစ်၍ ကီလိုမီတာငါးဆယ်လောက်ထိ ပစ်မှတ်ကို အာရုံခံနိုင်ပေသည်။ အံ့အားသင့်ဖွယ် ကောင်းလေစွ။

သို့အတွက်ကြောင့်လည်း ဟန်လိသည် မဟာဖွံ့ဖြိုးခြင်းပညာရပ် ဒုတိယအဆင့်ကို ကျင့်ကြံချင်နေတာ ဖြစ်၏။

တအောင့်အကြာ၌ ဟန်လိသည် နတ်လေလှေပေါ်တွင် ရပ်ကာ မီတာတစ်ရာကျော် ကျယ်ဝန်းသော မထင်မရှား ခြံဝန်းတစ်ခုထံ ငုံ့ကြည့်နေသည်။ ယင်းခြံဝန်းထဲတွင် စုတ်တီးစုတ်ပြတ် နေအိမ်သုံးခုလောက် ရှိသည်။

သူ့နတ်လှေငယ်ပေါ်တွင် ရပ်လျက် ရှိနေသေးပြီး ဟန်လိသည် အလျင်စလို အောက်သို့ မဆင်းသေးပေ။ သူက တည်ငြိမ်စွာဖြင့် တိတ်တဆိတ် ရှိနေလေသည်။ သူသည် တစ်ခုခုကို စဉ်းစားနေသည့်အလား။

နောက်ဆုံး၌ ဟန်လိသည် ခြေလှမ်းခပ်ဖွဖွ လှမ်းပြီး လှေငယ်သည် ကောင်းကင်ထက်ကနေ ကြယ်ပျံတစ်စင်းနှယ် ပြုတ်ကျလာသည်။

သို့ပေမည့် မြေပြင်နှင့် ဆယ့်ငါးမီတာလောက် အကာတွင် ၎င်းလှေသည် ရုတ်တရက် ရပ်သွားသည်။ ဟန်လိကမူ လှုပ်ရှားကာ ၎င်းပေါ်ကနေ ခုန်ထွက်ပြီး ခြံဝန်းထဲ ဆင်းသက်သည်။ တချိန်တည်းမှာ သူက ကောင်းကင်ထက်သို့ လက်ဖြင့် ဆင့်ခေါ်၏။ ထိုအခါ လှေငယ်သည် ကြုံ့သွားပြီး ဟန်လိလက်ထံ ပျံသန်းလာသည်။

ထိုဖြစ်စဉ်တို့မှာ ချောမွေ့လှကာ ဆူသံညံသံ စိုးစိမျှ မကြားခဲ့ရပေ။

ထိုသို့ဖြင့် ဟန်လိသည် အိမ်ခန်းတစ်ခုရှေ့တွင် ရပ်ကာ အခန်းထဲရှိ လှုပ်ရှားမှုများ၊ ပြောဆိုမှုများကို သူ့ စိတ်ဝိညာဉ်အာရုံဖြင့် တည်ငြိမ်စွာ အာရုံခံကြည့်သည်။

ဟန်လိသည် အခန်းတွင်းကို ရှင်းလင်းစွာ ခံစားမိသည်။ သူ့ကိုယ်ပိုင်စိတ်ဝိညာဉ်ချီနှင့်အတူ တခြားစိတ်ဝိညာဉ်ချီနှစ်ခုတို့ ရေးတေးတေး ရှိနေလေသည်။

ထင်ထားသည့်အတိုင်းပင် ဟန်လိ၏ စိတ်ဝိညာဉ်အာရုံက အခန်းထဲ ဝင်လာပြီးနောက်မှာ သူသည် မိန်းမပျိုတစ်ယောက်၏ အသံကို ကောင်းစွာ ကြားရလေသည်။

“အဘိုး…ကျမတို့လုပ်ရပ်က သူ့ကို ဒေါသထွက်သွားစေနိုင်တယ် မလား။ သူသာ ကျမတို့ကို တကယ် ရှာတေါ့နိုင်သွားရင် ကျမတို့ ပြင်ဆင်ထားတဲ့ ဆင်ခြေဆင်လက်တွေက အလုပ် ဖြစ်ပါ့မလား…”

မိန်းမပျို၏ အသံ၌ စိုးရိမ်ပူပန်မှုတို့ ပြည့်နေလေသည်။ သူမအတွက် ဟန်လိသည် အထင်ကြီးအားကျစရာ လူတစ်ယောက် ဖြစ်သွားခဲ့ပုံ ပေါ်သည်။

“ဟားဟား…အရူးမလေး။ သူက စိတ်ဝိညာဉ်ချီနည်းနည်းလောက်ပေါ် မှီခိုပြီး အဘိုးတို့ကို ဘယ်လိုလုပ် ရှာဖွေနိုင်ပါ့မလဲ။ နင့်ရဲ့ အဘိုးဟာ ထမင်းစားခဲ့တာ ကြာလှနေပြီ။ ချိန်းခြောက်မှုတွေ၊ လှည့်ဖြားတဲ့စကားတွေကို နင့်ရဲ့ အဘိုးက ဖြတ်မြင်ပြီးသားပဲ။ သူ့စကားတွေက အမှန်တကယ် မဟုတ်လောက်ဘူးလို့ ငါ ထင်တယ်။ ဒါ့အပြင် သူဟာ အဲ့မှော်ပညာရပ်ကို အသက်သွင်းနိုင်တယ်ဆိုရင်တောင် အဘိုးတို့ဟာ ခုလောက်ထိ အဝေးကို ရောက်နေမှတော့ အဲ့အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူဟာ အဘိုးတို့ကို အတိအကျ အာရုံခံနိုင်လိမ့်မှာ မဟုတ်ဘူး…။ အဘိုးတို့ကို ရှာဖို့ဆို အဲ့လူဟာ မြို့အရှေ့ပိုင်းကိုပဲ သွားလိမ့်မယ်…”

အေးတိအေးစက် နှာခေါင်းရှုံ့ကာ ထိုအဘိုးအိုသည် မြေးဖြစ်သူကို နှစ်သိမ့်ပေးသည်။

“ဒီလိုဆိုမှတော့ ကျမတို့ ဒီညအတွင်း ယွဲ့ကျင်းမြို့ကနေ ဘာကြောင့် မထွက်သွားရတာလဲ။ ကျမတို့က မြို့အနောက်ပိုင်းကိုပဲ ပြောင်းလာခဲ့တာလေ…”

မိန်းမပျိုသည် ထိုသို့ အထွန့်တက်သည်။

“နင် ခုထိ နားမလည်သေးဘူးလား။ အဘိုးအစောပိုင်းတုန်းက ပြောခဲ့တာဟာတွေက အဘိုးရဲ့ ခန့်မှန်းချက် သပ်သပ်ပဲ။ အဲ့တာ မှန်၊မမှန်က မသေချာသေးဘူး။ ငါ ခန့်မှန်းတာ မှန်ခဲ့ရင်လည်း သူ့ချိန်းခြောက်မှုတွေကို အဘိုးတို့ ရင်ဆိုင်ဖို့ မလိုတော့ဘူး။ အဲ့ကျမှ တခြားနေရာတစ်ခုခုကို လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပြီ။ ဘာပဲဖြစ်ဖြစ် သူဟာ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ တစ်ယောက် မဟုတ်လား။ သူ့မှော်ပညာရပ်နဲ့ အဝေးကနေ အဘိုးတို့ရဲ့ သဲလွန်စကို ရှာနိုင်စွမ်း ရှိချင် ရှိနေမှာ။ အဘိုးတို့ကသာ ယွဲ့ကျင်းမြို့ကနေ ထွက်သွားခဲ့ပြီး သူသာ အဘိုးတို့ကို ရှာတွေ့သွားခဲ့ရင် ဘာဆင်ခြေမှ ပေးစရာ ရှိမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ မြို့အနောက်ပိုင်းကို လာခဲ့တာကတော့ ထွက်ပြေးတာနဲ့ မတူဘူးလေ။ ဒါ့ကြောင့် အဘိုးတို့အနေနဲ့ ဆင်ခြေတစ်ခုခု အသုံးပြုပြီး သူ့ကို ရှင်းပြနိုင်သေးတယ်…”

ထိုအဘိုးအိုသည် သူ့မြေးမဖြစ်သူကို အလွန်ချစ်ခင်သူ ဖြစ်သည်။ ထို့ကြောင့် သူက သူ့အကြံ အသေးစိတ်ကို ရှင်းပြပေးသည်။

“ဟားဟား…အဘိုးက တကယ်ပဲ ဉာဏ်များလှတာပဲ။ ဒါပေမဲ့ ကျမတော့ အဲ့လူက ဆိုးသွမ်းတဲ့သူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်မိဘူး။ ကျမတို့ သူ့ထံကနေ ပုန်းကွယ်ဖို့ လိုအပ်လို့လား။ ကျမအတွေးနဲ့ဆို တာအိုစာအုပ်နဲ့ သူ့ရှိကနေ အဖိုးတန်အရာတွေနဲ့ အလဲအလှယ် လုပ်ပစ်မိမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီတာအိုစာအုပ်ဟာ ကျမတို့အတွက် နားလည်သဘောပေါက်ဖို့ ခက်ခဲလွန်းတယ်မလား…”

ထိုမိန်းမပျိုသည် တခစ်ခစ်ရယ်မောကာ အပူအပင်ကင်းသွားဟန်ဖြင့် ထိုသို့ပြောသည်။

“ဟူး…ဒီလောကဟာ အန္တရာယ်များလွန်းလှတယ်။ မြေးလေးအနေနဲ့ သိထားရမှာက မျှတတဲ့ အရောင်းအဝယ် လုပ်မယ်ဆို နှစ်ဘက်လုံးဟာ ခွန်အားခြင်း သိပ်မကွာဖို့ လိုတယ် ဆိုတာပဲ။ တစ်ဖက်က အားနည်းပြီး တစ်ဖက်က အားကောင်းနေခဲ့ရင် မျှတမှု ရှိတယ်လို့ ဘယ် သတ်မှတ်နိုင်တော့ပါ့မလဲ…”

“ဒါ့အပြင် အဲ့တာအိုစာအုပ်ဟာ အဘိုးတို့အတွက် အဖိုးမတန်ပေမယ့် သူ့လက်ထဲမှာတော့ ရတနာတစ်ခု ဖြစ်ချင်ဖြစ်နေနိုင်တယ်။ ရတနာတစ်ခုကို ပိုင်ဆိုင်ပြီးသွားရင် သူဟာ အဘိုးတို့ကို ချက်ခြင်း ရှင်းထုတ်ပစ်ချင် ပစ်နိုင်တယ်။ နင့်ရဲ့ အဘိုးဟာ ဘဝတလျှောက်လုံး ဒီလိုဖြစ်ရပ်မျိုးတွေကို မြင်ခဲ့ဖူးပြီးပြီ။ တကယ်တော့ သူနဲ့ အဘိုးတို့ကြားက ကျင့်ကြံမှုအဆင့် ကွာဟချက်ဟာ ကြီးမားလွန်းတယ်လေ…”

ထိုအဘိုးအိုသည် ထိုသို့ ပြောပြနေရင်း သူ့အသံက သုန်မှုန်လာသည်။

“အဘိုး…တအားလည်း မကြောက်ပါနဲ့။ အဲ့လူဟာ ငယ်ရွယ်တဲ့ ပုံပေါက်ပေမယ့်လို့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ မွန်းစတားအိုတစ်ယောက် ဖြစ်နိုင်တယ်လို့လည်း အဘိုး ပြောခဲ့ဖူးတယ်မလား…”

မိန်းမပျိုသည် အဘိုးဖြစ်သူ၏ အကူအညီမဲ့ဟန်ကို မြင်သည့်အခါ ထိုသို့ အားပေးစကား ပြောသည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် အေးတိအေးစက်အသံတစ်သံသည် အခန်းအပြင်ဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဘာ…ကျုပ်က မွန်းစတားအိုတစ်ယောက်နဲ့ ဘယ်နေရာမှာများ တူနေသလဲ…”

ထိုအသံကြောင့် မြေးအဘိုးနှစ်ယောက်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားပြီး မူလတုန်းက တင်းကြပ်စွာ ပိတ်ထားသော အခန်းတံခါးမှာ တိတ်တဆိတ် ပွင့်သွားကာ ဟန်လိသည် အထဲသို့ တည်ငြိမ်စွာ လှမ်းဝင်လာလေသည်။

အခန်းထဲ ဝင်လာပြီးသည့်နောက်မှာ ဟန်လိသည် ဧည့်သည်ထိုင်ခုံတစ်ခုပေါ် အေးအေးဆေးဆေး ထိုင်ချကာ စကားတခွန်းမှမဆိုလေဘဲ မြေးအဘိုးနှစ်ယောက်ကို အလွန်အမင်း တည်ငြိမ်စွာ လှမ်းကြည့်နေသည်။

All Chapters