အလုပ်သင်တပည့်
Vol. 22 Ch. 296
“အန်…မွန်းစတားအိုလား…။ ဘယ်သူမှ အဲ့စကားတွေ မပြောခဲ့ပါဘူး…”
မျက်နှာအပျက်ပျက်ဖြင့် မိန်းမပျိုသည် ရှေ့သို့ အားတင်းပြုံး၍ လှမ်းလာပြီး ခေါင်းငုံ့သွားသည်။ သူမသည် ဟန်လိနှင့် အကြည့်ချင်း မဆုံဝံ့တော့ပေ။
ဟန်လိက တဟားဟား ရယ်မောလေသည်။ သူက ထိုမိန်းမပျိုနှင့် ပတ်သတ်ပြီး အရေးမစိုက်သည့်နှယ်။ ထိုအစား သူသည် အဘိုးအိုဖြစ်သူကို အေးတိအေးစက် လှမ်းကြည့်သည်။ အဘိုးအိုသည် အကြောက်တရားကြောင့် စွံ့အနေလေပြီ။
သူသည် ဟန်လိအနေဖြင့် အစောပိုင်းတုန်းက သူတို့မြေးအဘိုး ပြောသည့် စကားမည်မျှများများကို ကြားခဲ့လေမှန်း မသိတော့ပါ။ ထို့ကြောင့် စိတ်ထဲကနေသာ အဆက်မပြတ် အထွန့်တက်နေမိပြီး သူ မူလတုန်းက ပြင်ဆင်ထားခဲ့သော ဆင်ခြေကို ထုတ်မပြောဝံ့တော့ပေ။
“စီနီယာက ဒီလောက် မြန်မြန်ကြီး ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ အနည်းဆုံးတော့ နောက်နာရီအနည်းငယ်လောက် ကြာမှ စီနီယာ ရောက်လာလိမ့်မယ်လို့ ကျနော် ထင်ထားခဲ့တာ။ စီနီယာအတွက် ဂျူနီယာ ဟိုစာအုပ်ကို ထုတ်ပေးပါ့မယ်…”
ရွေးချယ်စရာ မရှိလေတော့ဘဲ ထိုအဘိုးအိုသည် ထိုသို့ ပြောရလေတော့သည်။ သူ၏ လျှပ်တပြတ်ဉာဏ်ကတော့ ပြေးလှပါသည်။ သူသည် ဟန်လိ၏ ဒေါသကို တည်ငြိမ်သွားစေဖို့ငှာ စာအုပ်အကြောင်း ချက်ခြင်း ထုတ်ပြောလာခဲ့သည်။
“ကောင်းပြီ…ထုတ်လိုက်…” ထိုအဘိုးအိုကို ဓားသွားကဲ့သို့ အကြည့်ဖြင့် စိုက်ကြည့်နေပြီးနောက်မှာ ဟန်လိသည် အေးတိအေးစက်လေသံဖြင့် တလုံးချင်း ပြောသည်။
ထိုအခါ ယင်းအဘိုးအိုသည် သူ့စဉ်းစားဉာဏ် ပြရသွားလေသည်။ ကြည့်ရတာ တဖက်သူသည် သူ့ဒေါသကို ချက်ခြင်း ပုံချအုံးမည့်ပုံ မရပေ။
အဘိုးအိုက အလျင်စလို သဘောတူကာ ဘေးနားက အခန်းထံ လှမ်းသွားသည်။ မိန်းမပျိုက ဤသည်ကို မြင်သည့်အခါ သူ့ ခြေထောက်များကို လှုပ်ရှားပြီး သူမလည်း အဘိုးဖြစ်သူနောက် လိုက်လျှောက်လာသည်။ သို့သော် သူမ၏ အဘိုးက သူမကို အကြည့်ဖြင့် လှမ်းရပ်စေသည်။
ဤသည်မှာ မည်သို့သော ဟာသမျိုး ဖြစ်လေမည်နည်း။
သူတို့မြေးအဘိုးနှစ်ယောက်လုံးကသာ ဘေးအခန်းထဲ ဝင်သွားခဲ့ပါက သူတို့သည် တဖက်သူ၏ ဒေါသကို အဘယ်သို့ ပြေလျော့အောင် လုပ်နိုင်ပါတော့မည်နည်း။ ဟန်လိသည် သူတို့မှာ လှည့်ကွက်များ လုပ်လိမ့်မည်ဟု ထင်သွားဖို့များသည်။ အခုအခါ အဘိုးအိုသည် ဟန်လိ အထင်လွဲသွားမှာကို စိုးရိမ်ကြောက်လန့်နေပြီ ဖြစ်သည်။ မိန်းမပျိုသည် အခန်းထဲ၌သာ ဆက်၍ နေနေရုံသာ ရှိ၏။ သူမသည် မူလနေရာတွင်သာ ရပ်နေလျက် ဟန်လိနှင့်အတူ ဆက်ရှိနေလေသည်။
အဘိုးအို၏ လှုပ်ရှားသွားလာမှုက မြန်လှပါသည်။ မျက်စိတမှိတ်အတွင်း သူသည် သေတ္တာငယ်တစ်ခုကို ကိုင်ကာ ပြန်ရောက်လာသည်။ ၎င်းသစ်သားသေတ္တာထဲ၌ တာအိုစာအုပ် ပါဝင်နေပုံ ပေါ်သည်။
“စီနီယာ….ကျနော်တို့ အသုံးပြုခဲ့တဲ့ ချီထိန်းချုပ်ခြင်းပညာရပ်နဲ့ စာအုပ်ရဲ့ တခြားသင်ကြားမှုတွေက ဒီစာအုပ်ထဲမှာပါ။ ကျေးဇူးပြုပြီး ဒါကို တချက်လောက် ကြည့်ကြည့်ပေးပါ။ စီနီယာအတွက် အသုံးတည့်တာ တစ်ခုခုများ ရှိလေမလားပေါ့…”
အဘိုးအိုသည် ဟန်လိထံ ခြေလှမ်းလာပြီး တလေးတစားဖြင့် ထိုသို့ ပြောပြသည်။ သူသည် သေတ္တာကို ညင်သာစွာ ဖွင့်၏။ ထိုအခါ အဝါရောင်သားရေဖြင့် အနက်ရောင် မသိမသာတောက်နေသော စာအုပ်တစ်အုပ် လှစ်ဟပေါ်လာပြီး ၎င်းကို ဟန်လိထံသို့ လှမ်းပေးသည်။
တချက်ကြည့်ရုံဖြင့် အနှီစာအုပ်သည် ရှေးကာလတည်းက စာအုပ်တစ်အုပ်မှန်း ပြောနိုင်သည်။
ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး အဘိုးအိုလက်ထဲမှ စာအုပ်ကို သုံးလေးကြိမ်လောက် လှမ်းကြည့်သည်။ ထို့နောက်မှာ သူက ခေါင်းညိတ်ပြ၍ ၎င်းကို လက်ခံသည်။
ထိုစာအုပ်သည် အချိန်ကာလ တိုက်စားမှုကြောင့် အရောင်လွင့်နေသော်လည်း ဟန်လိက ၎င်း၏ အဖုံးကို ထိမိသည့်အခါ အလွန်အမင်း ချောမွေ့မှုကို ခံစားမိသည်။ ထို့အပြင် ၎င်းစာအုပ်သည် အလွန်တရာ တာရှည်ခံခဲ့ပုံ ပေါ်သည်။
သည်စာအုပ်ကို တွေ့နေကြ၊မြင်နေကြ အမျိုးအမည် ပစ္စည်းများနှင့် ပြုလုပ်ထားတာမဟုတ်၊ ထိုအစား နတ်ဆိုးသားရဲတစ်ကောင်ကောင်၏ သားရေနှင့် ပြုလုပ်ထားပုံ ရသည်။ မဟုတ်ပါက သည်စာအုပ်သည် ခုလောက်အချိန်ကြာသည့်အထိ မပျက်မစီးဘဲ ဘယ်ရှိနေပါတော့မည်နည်း။
ဟန်လိသည် စာအုပ်ကို ပေါ့ပေါ့ပါးပါး ကိုင်လှုပ်ကြည့်သည်။ တစ်ကိုယ်တည်း ခပ်တိုးတိုး ခပ်ဖွဖွ ရေရွတ်ပြီးနောက်မှာ သူက စာအုပ်ကို ဖြည်းဖြည်းချင်း လှန်လှောကြည့်သည်။ ယေဘုယျအားဖြင့် ခဏ ဖတ်ကြည့်ပြီးနောက်မှာ ဟန်လိသည် မျက်မှောင်ကြုံ့သွားသည်။
သူက ထိုစာအုပ်ကို ဖွင့်ကြည့်ချိန် သူ့မျက်လုံးထဲ အလွန်အမင်း အစိမ်းသပ်သပ် ဖြစ်နေသော ရှေးဟောင်းစာလုံးစာသားများ တိုးဝင်လာသည်။ ဟန်လိသည် သည်စာသား၊အမှတ်အသားများကို သူ မသိမှန်း သေချာနေသည်။ ထို့အပြင် အဝါရောင်မေပယ်တောင်ကြား၏ ရှေးဟောင်းစာပေစုဆောင်းမှုတွင်လည်း ယင်းကဲ့သို့ စာလုံးအရေးအသားမျိုးကို သူ မမြင်ဖူးခဲ့ပေ။
သူက ၎င်းတို့ကို မသိနေသော်လည်း အချိန် ထပ်မဖြုံးတော့၊ စာရွက်များကို ထပ်မံ၍ အလျင်အမြန် လှန်လှောကြည့်သည်။ စာအုပ်၏ နောက်ဆုံးစာမျက်နှာနှစ်ခုတွင် သူသည် တစုံတစ်ယောက်က ထပ်ဖြည့်ထားသော အမည်မဲ့ မန္တာန်စာသားများကို တွေ့ရလေသည်။
ထိုမန္တာန်စာသားများကိုမူ ကျင့်ကြံခြင်းလောကတွင် ပိုသုံးလေ့သုံးထရှိသော ရှေးဟောင်းစာလုံးများဖြင့် ရေးသားထားသည့်အတွက် ဟန်လိအဖို့ အလွယ်တကူ ဖတ်နိုင်လေသည်။ ၎င်းမှာ သူ သိချင်နေသော ချီထိန်းသိမ်းခြင်းပညာရပ်မှန်း ဟန်လိ သိသည်။ သို့ဖြစ်၍ သူက ၎င်းမန္တာန်စာသားများကို သေချာ စူးစမ်းကြည့်သည်။
မိနစ်နှစ်ဆယ်လောက် ကြာပြီးနောက်မှာ ဟန်လိသည် စာအုပ်ကို ဖြည်းဖြည်းချင်း ပြန်ပိတ်သည်။ သူ့မျက်နှာထက်တွင် အတွေးများနေဟန် ပေါ်နေသည်။
ဘေးတွင် ရှိနေသော အဘိုးအို၏ စိတ်နှလုံးမှာ မတည်မငြိမ်ဖြစ်ကာ ခုန်ပေါက်နေလေသည်။ သို့သော် သူက အသက်ကျယ်ကျယ် မရှုဝံ့ပေ။ အခုအခိုက်အတန့်သည် သူနှင့်သူ့မြေးမတို့၏ အသက်နှင့်ဘဝကို ဆုံးဖြတ်ပေးမည်မှန်း သူ သိသည်။ ဟန်လိသည် သူတို့မြေးအဘိုးကို မည်သို့ စိတ်သဘောဖြင့် ဆက်ဆံလေမည်နည်း။
ဟန်လိက အဘိုးအို၏ စိတ်ပူပန်နေမှုကို အရေးမစိုက်ချေ။ ထိုအစား သူက သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်ခုကို တည်တည်ငြိမ်ငြိမ် ထုတ်၍ စာအုပ်ကို ၎င်းအတွင်းသို့ ထည့်သည်။
ထို့နောက်မှာ ဟန်လိက အဘိုးအိုဘက်သို့ မျက်နှာလှည့်လာပြီး မထူးခြားနားဟန်ဖြင့် ပြောသည်။
“ကျုပ် ဒီစာအုပ်ကို ယူသွားမယ်။ မင်းတို့နှစ်ယောက် ဒီစာအုပ်အတွက် ဘာလိုချင်လဲ ပြောပါ။ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ တောင်းဆိုမှုတွေကို ကျုပ် တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်…”
ဟန်လိ၏ အသံက မကျယ်လှပါ။ သို့သော် ထိုအဘိုးအိုနှင့်မိန်းမပျိုတို့သည် သည်စကားများကို ကြားသည့်အခါ ပျားသကာကဲ့သို့ ချိုလှပါတကားဟု ခံစားမိကြသည်။
ထိုအခိုက်တွင် သူတို့နှစ်ယောက်လုံး အသက်ဘေးအန္တရာယ်ကင်းရုံသာမက အကျိုးအမြတ်များပါ ရနိုင်ပြီဟု သိလိုက်ပြီ မဟုတ်လား။ သူတို့သည် ကျေနပ်အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်ရသည်။
“စီနီယာ…ကျနော်တို့ မြေးအဘိုး ခဏလောက် ဆွေးနွေးတိုင်ပင်ခွင့် ရနိုင်မလား…”
အခုအခါ သေရေးရှင်ရေး ကိစ္စ ကျော်လွန်သွားပြီဖြစ်၍ ထိုအဘိုးအိုသည် ဟန်လိထံမှ စာအုပ်အတွက် အကျိုးအမြတ် ရနိုင်သမျှ အများဆုံး ရချင်လာပေပြီ။ သူက ပြုံး၍ ဟန်လိကို ထိုသို့ မေးသည်။
ဟန်လိ ရောက်မလာခင်တုန်းက သူတို့မြေးအဘိုးသည် အကြောက်လွန်နေခဲ့ကာ စာအုပ်နှင့် မည်သည့်ပစ္စည်းကို လဲလှယ်ရမည်ဟု မတွေးနိုင်ခဲ့ကြပေ။ သူတို့ ကြိုမစဉ်းစားရသေးပေ။
ထို့အပြင် အခုအခါ၌ ဟန်လိသည် ကြမ်းကြုတ်ရက်စက်သော စရိုက်ရှိသူ မဟုတ်မှန်း သဘောပေါက်သွားသည့်အတွက် ထိုအဘိုးအိုသည် သတ္တိမွေးကာ ထိုမေးခွန်းကို မေးခဲ့ခြင်း ဖြစ်သည်။
“မင်း သဘောပဲ။ ဒါပေမဲ့ အချိန် သိပ်မကြာစေနဲ့…”
ဟန်လိသည် အလွန်အသုံးတည့်သော လျှို့ဝှက်ပညာရပ်များနှင့် ဆန်းကြယ်သော ရှေးစာအုပ်ကို ရခဲ့သည့်အတွက်ကြောင့် စိတ်အခြေအနေ ကောင်းနေပေသည်။ သို့ဖြစ်၍ သူက ထိုမြေးအဘိုးနှစ်ယောက်ကို အခုကဲ့သို့ အခွင့်အရေး ပေးလိုက်တာပင်။
“စီနီယာရဲ့ မျက်နှာသားပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော်တို့ အချိန်ခဏလောက်ပဲ တိုင်ပင်လိုက်ပါ့မယ်…”
အဘိုးအိုသည် အပျော်လွန်ကာ အံ့အားတသင့်ဖြင့် ထိုသို့ ပြောသည်။
သူသည် မြေးမဖြစ်သူကို အခန်းအပြင်ဘက်သို့ ချက်ခြင်း ခေါ်သွားလေ၏။ မြေးအဘိုးနှစ်ယောက်သည် လေသံတိုးတိုးဖြင့် စတိုင်ပင်ကြသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိက မသိမသာ ပြုံးမိသည်။
ဟန်လိသည် ထိုနှစ်ယောက်ကို အလွယ်တကူ ရှင်းပစ်၍ ရသော်လည်း သူ့မှာ အဲ့လောက်ထိ ကြမ်းကြုတ်ရက်စက်ကာ မကောင်းသော စိတ်သဘောထား ရှိမနေပေ။ သူသည် မလိုအပ်ပါက သူ့စကားများကို ပြန်ရုတ်သိမ်းလိမ့်မည် မဟုတ်ပါ။
အချိန်ခဏ ကြာပြီးနောက်မှာ အဘိုးအိုနှင့်သူ့မြေးမတို့သည် အခန်းထဲ ပြန်ဝင်လာသည်။ သူတို့မျက်နှာအမူအရာမှာ ထူးခြားနေသည့်ဟန် ပေါက်နေသည်။ သူတို့က နည်းနည်း စိုးရိမ်သောက ရောက်နေသည့်အလား။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် စဉ်းစားရ ကြပ်သွားသည်။ သို့သော် သက မေးလိုက်လေ၏။
“မင်းတို့နှစ်ယောက် ဆုံးဖြတ်ပြီးပြီလား…”
“စီနီယာ…ကျနော်တို့မြေးအဘိုး ဆွေးနွေးပြီးပါပြီ။ ကျနော့်ရဲ့ မြေးမဟာ ဘာပိုင်ဆိုင်မှုကိုမှ မလိုချင်ပါဘူး။ အဲ့အစား ကျနော်တို့က စီနီယာကို ရဲတင်းတဲ့ တောင်းဆိုမှုတစ်ခု ပြုလုပ်ချင်ပါတယ်…”
ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ အဘိုးအိုသည် အံတင်းတင်းကြိတ်လျက် ထိုသို့ ပြောသည်။ ဟန်လိလည်း သူ့စကားကြောင့် နည်းနည်းတော့ အံ့အားသင့်မိသွားသည်။
“ဘာတောင်းဆိုမှု မလို့လဲ…” ဟန်လိသည် မျက်မှောင်ကြုတ်ကာ ဖြေးဖြေးမှန်မှန် မေးသည်။
မည်သည့်အတွက်ကြောင့်မှန်းတော့ မသိရပါ။ သို့သော် အခုအခိုက်တွင် ဟန်လိသည် သူ့အပေါ် ပြဿနာတစ်ခုခု တက်လာတော့မည်ဟူသော ခံစားချက်မျိုးကို ရုတ်တရက် ရမိသည်။ ထပ်ပြီးတော့ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာမူ အဘိုးအိုသည် အကူအညီမဲ့ဟန်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ဆက်ပြောသည်။
“တကယ်…တကယ်တော့ ကျနော့်ရဲ့ မြေးမလေးဟာ စီနီယာရဲ့ လေးနက်နက်ရှိုင်းတဲ့ ကျင့်ကြံခြင်းနဲ့ ပညာရပ်တွေအပေါ် အလွန်ပဲ လေးစားအားကျနေပါတယ်။ သူ…သူမဟာ စီနီယာရဲ့ တပည့် ဖြစ်…ဖြစ်ချင်နေပါတယ်ဗျ။ စီနီယာရဲ့ တပည့်လက်သားတစ်ယောက်အဖြစ် ထမ်းရွက်ပေးဖို့ ဆန္ဒ ရှိနေပါတယ်။ ဒီအဘိုးအိုနဲ့ မြေးမလေးရဲ့ ဆန္ဒကတော့ စီနီယာအနေနဲ့ သူမကို တပည့်အဖြစ် လက်ခံပေးဖို့ မျှော်လင့်မိပါတယ် ခင်ဗျ…”
ထိုအဘိုးအိုသည် သည်စကားများကို အထစ်ထစ်အငေါ့ငေါ့ ပြတ်တောင်းပြတ်တောင်းဖြင့် ပြော၍ ပြီးသည်နှင့် လိမ္မာပါးနပ်သော မိန်းမပျိုမှာ ဟန်လိကို ချက်ခြင်းပင် လေးစားသမှု ပေးကာ သူ့ရှေ့တွင် ဒူးထောက်၍ ကြမ်းပြင်နှင့် ဦးတိုက်လေတော့သည်။ ဟန်လိသည် ထိုသို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ အတော်လေး အံ့အားတသင့် ဖြစ်သွားပြီးနောက်မှာ သူသည် ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်ရသည်။
သူ့အတွက် တပည့်တစ်ယောက် လက်ခံဖို့၊ လာနောက်နေသလား။ သူသည် ကျင့်ကြံခြင်းလောက၏ အကြောက်တရားကို ရင်ဆိုင်နေရခြင်းကြောင့် တုန်လှုပ်နေရဆဲ သူသည်ပင် သူ့ကိုယ်သူ ကာကွယ်နိုင်၊ မနိုင် မသေချာဘဲ ဖြစ်နေဆဲသာ။ အခု တာဝန်ကြီးတစ်ခုက သူ့အပေါ် ရောက်လာရသလား။ သည်ကိစ္စကို သူ သဘောမတူမှာ သေချာသည်။
မည်သို့ပင်ဖြစ်စေ ဟန်လိသည် သည်ကိစ္စကို ရှင်းပေးရလိမ့်မည်။ ထိုမိန်းကလေး၏ ပါရမီကား မနိမ့်လှဟု သူ့အနေဖြင့် ပြောနိုင်သည်။ သူသည် သူမကို သေချာ မစစ်ဆေးကြည့်ရသေးလျှင်ပင် ထိုသို့ ပြောနိုင်လေ၏။ မဟုတ်ပါက သည်မိန်းကလေးကား ခုလောက် အသက်ငယ်ငယ်နှင့် ချီစုဆောင်းခြင်းအဆင့်ခြောက်ထိ ရောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဟန်လိကိုယ်တိုင် ထိုအသက်အရွယ်၌ ရှိနေချိန်တွင်ပင် ဆေးလုံးများစွာ၏ အကူအညီကြောင့်သာ ယင်းအဆင့်ကို ရောက်နိုင်ခဲ့တာ ဖြစ်သည်။
သည်မိန်းကလေးက ကျင့်ကြံခြင်းလောက၌ သူမ၏ ဘဝကို ကပေါက်တိကပေါက်ချာ ကုန်ဆုံးရမှာကတော့ သနားစရာ ကောင်းသည်။ သူသည် ဒီမိန်းကလေးကို တပည့်အဖြစ် လက်မခံနိုင်သော်လည်း ဆရာတစ်ယောက်နှင့်တော့ မိတ်ဆက်ပေးနိုင်သည်။
ဟန်လိသည် အခုထိ တပည့်လက်မခံရသေးသော သူ၏ စီနီယာအစ်ကိုမာ(ဝါ) လူကောင်သေးသေး အဘိုးအိုကို အမှတ်ရသွားတာ သိသာသည်။
ထို့အပြင် စီနီယာအစ်ကိုမာသည် ဟန်လိ ဆေးဥယျာဉ်ကနေ ထွက်သွားချိန်မှစ၍ ဒေါသတကြီး ပြန်ဖြစ်လာခဲ့သည်။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်ရသည့်အချိန် မဟုတ်ပါက သူကိုယ်တိုင် သူ၏ ဆေးဥယျာဉ်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ရလိမ့်မည် ဖြစ်သည်။ ဟန်လိ သိသော ထိုလူကောင်သေးသေး အဘိုးအိုမှာ ဥယျာဉ်ကနေ ထွက်သွားသည်နှင့် နာခံသော တပည့်တစ်ယောက်ကို ဥယျာဉ်ကို ထိန်းသိမ်းဖို့ ထားခဲ့လိမ့်မည်သာ။
သူ၏ရှေ့တွင် ရှိနေသော ထိုမိန်းကလေးငယ်သည် ဉာဏ်ရည်ထက်မြက်သူလေး ဖြစ်သည်။ သူမ၏ ပါရမီသာ မကင်းမဲ့ပါက စီနီယာအစ်ကိုမာအတွက် တပည့်အဖြစ် လက်ခံပေးဖို့ မိတ်ဆက်ပေးဖို့ ဘာမှ ပြဿနာ မရှိနိုင်ပေ။ စီနီယာအစ်ကိုမာက သူမကို တပည့်အဖြစ် လက်ခံ၊မခံကမူ သူနှင့် လားလားမျှ မဆိုင်ပါ။
ထိုအတွေးဖြင့် ဟန်လိသည် အတွေးများနေဟန် ပေါ်နေသည်။ သူ၏ ယင်းအမူအရာကြောင့် မြေးအဘိုးတို့သည် ဟန်လိသည် သူမကို တပည့်အဖြစ် လက်ခံ၊မခံ စဉ်းစားနေတာ ဖြစ်မည်ဟု ထင်နေကြသည်။ သူတို့မြေးအဘိုး စိတ်လှုပ်တရှား ဖြစ်နေလေ၏။
“ကဲ…ဒီနားကို လာခဲ့။ နင့်ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်ကို တချက်လောက် ကြည့်မယ်…”
အချိန်တစ်ခုကြာ စဉ်းစားပြီးနောက်မှာ ဟန်လိသည် ထိုမိန်းကလေးထံ လက်ဝေ့ယမ်းပြီး ထိုသို့ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ…စီနီယာ…”
ထိုမိန်းကလေးသည် အလွန်အကင်းပါးလှသည်။ တလေးတစား ပြန်ဖြေပြီးနောက်မှာ သူမက ဟန်လိရှေ့သို့ နာနာခံခံ လျှောက်လာပြီး သူမ၏ ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်လေး၌ မသိမသာ ရှက်ရွှံနေဟန် ပေါ်လွင်နေသည်။ ဟန်လိသည် ထိုမိန်းကလေး၏ ကျောက်စိမ်းကဲ့သို့ ခါးလေးကို သူ့လက်ဖြင့် ပေါ့ပေါ့ပါးပါး ထိကိုင်ပြီး သူမ၏ခန္ဓာကိုယ် တလျှောက်တွင် စိတ်ဝိညာဉ်ချီကို ဖြည်းဖြည်းချင်း လှည့်ပတ်စီးဆင်းစေသည်။ တအောင့်အကြာတွင် သူက လက်ပြန်လွှတ်ပေးသည်။
“စိတ်ဝိညာဉ်ရင်းမြစ်နှစ်ခု၊ တကယ်ကောင်းတဲ့ ပါရမီအခံ ပိုင်ဆိုင်ထားတာပဲ…”
ဟန်လိက ထိုမိန်းမပျို၏ မျက်နှာကို စိုက်ကြည့်လျက် ထိုသို့ ခပ်တိုးတိုး ရေရွတ်သည်။ မိန်းကလေးနှင့်သူမ၏ အဘိုးတို့မှာ ဟန်လိ၏ စကားကို ကြားသည့်အခါ သူတို့၏မျက်နှာထက်တွင် အပျော်လွန်သွားကြလေပြီ။ သူတို့သည် ဟန်လိက သူမကို တပည့်အဖြစ် လက်ခံမည်ဟု ယုံကြည်သွားသည်။
သို့ပေမည့် ဟန်လိက ရုတ်တရက် ဆက်ပြောလိုက်သည်။
“ကံမကောင်းစွာနဲ့ ကျုပ်က တပည့် လက်ခံလေ့ မရှိဘူး။ မဟုတ်ရင် မင်းရဲ့ ပါရမီနဲ့ဆို ကျုပ်အနေနဲ့ ကျိန်းသေပေါက် တပည့်အဖြစ် လက်ခံပေးမှာပဲ…”
ဟန်လိ၏ နောက်ဆက်တွဲစကားများကြောင့် မြေးအဘိုးသည် သူတို့၏ ခေါင်းများပေါ် ရေအေးဖြင့် လောင်းချခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သည် အကြောင်သား မဖြစ်မိဘဲ မနေနိုင် ဖြစ်သွားရလေသည်။