သတင်းဆိုးကို ချိုးဖျက်ခြင်း
Vol. 22 Ch. 297
ဟန်လိသည် ထိုမိန်းကလေး၏ စိတ်အားငယ်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသော အမူအရာကို မြင်သည့်အခါ ရုတ်တရက် ပြုံး၍ ညင်သာစွာ ပြောသည်။
“ကျုပ်က မင်းကို တပည့်အဖြစ် လက်မခံနိုင်ပေမယ့်လို့ စိတ်မကောင်း မဖြစ်ပါနဲ့။ မင်းကို ကျုပ်ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာအစ်ကိုနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒါပေမဲ့ မင်းအနေနဲ့ သူ့တပည့်ဖြစ်၊မဖြစ်ကတော့ သူ့အပေါ်ပဲ မူတည်လိမ့်မဘ်။ ဒါဆိုရင် မင်း ကျေနပ်တယ်မလား…”
“ တကယ်လား…” မိန်းမပျိုဩ စိတ်ပျက်လက်ပျက်ဟန် အမူအရာမှာ ပပျောက်သွားလေသည်။ သူမသည် ထိုစကားများကို ကြားသည့်အခါ စိတ်အားပြန်တက်ကြွလာသည်။ အပိုစကားတွေ ထပ်ပြောမနေတော့ဘဲ ဟန်လိသည် အသံပို့လွှတ်ခြင်းအဆောင်တစ်ခုကို ထုတ်ကာ ယင်းအဆောင်ထဲသို့ စကားအနည်းငယ် ထည့်ပြောသည်။ ထို့နောက်တွင် သူက ၎င်းအဆောင်နှင့် ကျောက်စိမ်းအမိန့်ပြားတစ်ခုတို့အား မိန်းမပျိုကို ပေးသည်။
“ဒီအဆောင်နဲ့ ကျောက်စိမ်းတံဆိပ်ပြားတို့ကို ယူလိုက်ပါ။ ဒါနဲ့ အဝါရောင်မေပယ်တောင်ကြားကို သွားပြီး မာမျိုးရိုးနဲ့ စီနီယာကို သွားရှာပါ။ အဲ့အချိန်ကရင် သူက မင်းကို တပည့်အဖြစ် လက်ခံ၊မခံကတော့ မင်းရဲ့ ကံပဲ…”
ဟန်လိသည် မထူးခြားနားဟန်ဖြင့် ထပ်ပြောသည်။
မိန်းမပျိုသည် ဟန်လိက သူမကို တပည့်အဖြစ် လက်မခံချင်သော်လည်း သူသည် သူမကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးခဲ့ပေသည်။ သူမက စိတ်အားပြန်တက်ကြွလာခြင်းနှင့်အတူ ဟန်လိကို မဆိုင်းမတွ ဂါဝရပြုကာ ကျေးဇူးအခါခါ တင်သည်။ သူမ၏ အဘိုးဖြစ်သူမှာလည်း အလားတူသာ။
“သူက မင်းကို တပည့်အဖြစ် လက်ခံ၊ မခံက မသေချာတဲ့အတွက်ကြောင့် ကျုပ်အနေနဲ့ မင်းတို့ကို အဆင့်မြင့်မှော်ပစ္စည်းနှစ်ခု ပေးလိုက်မဘ်။ ဒါကို မင်းတို့ရဲ့ တာအိုစာအုပ်အတွက် ကျုပ်ရဲ့ လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ…”
ဟန်လိသည် ထိုသို့ ပြောနေရင်းဖြင့် အစိမ်းရောင်ပိုးသားစနှင့် အပြာရောင်ဓားငယ်တို့ကို ထုတ်ကာ အဘိုးအိုထံ လှမ်းပေးသည်။
ထိုအဘိုးအိုက ဤသည်ကို မြင်သည့်အခါ ကျေနပ်အံ့ဩဟန် ဖြစ်ပေါ်သွားသည်။
ဟန်လိက သူ့မြေးမကို ဆရာတစ်ယောက်နှင့် မိတ်ဆက်ပေးမည် ဆိုသည်ကပင် အတော်လေး ကံကောင်းလှပြီဟု ထင်နေခဲ့ပြီး ဖြစ်သည်။ ဟန်လိက ထိုထက်ပိုသော အကျိုးအမြတ်များကို ပေးလိမ့်အုံးမည်ဟု သူ မထင်ထားမိခဲ့ပေ။ သူသည် အလွန်တရာ ကျေးဇူးမတင်မိဘဲ မနေနိုင် ဖြစ်ရလေ၏။
ထိုအဘိုးအိုက ကျေးဇူးတင်ကြောင်း အခါခါ ထပ်ပြော၍ မှော်ပစ္စည်းများကို တလေးတစား ယူ၏။ သူ့အသွင်မှာ ကျေနပ်ဟန် အထင်းသား။
သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးဖြစ်၏။ သို့တိုင်အောင် သူ့၌ အဆင့်မြင့် မှော်ပစ္စည်းတစ်ခုကိုသာ ပိုင်ဆိုင်ခဲ့ဖူးသည်။ အခု သူ့မှာ နောက်ထပ် နှစ်ခု ထပ်ရလာခဲ့ပြီ။ သူ မကျေနပ်ဘဲ ဘယ်နေပါ့တော့မည်နည်း။
ဟန်လိက ဒီမှာ ကြာကြာနေမည် မဟုတ်ပေ။ သို့သော် သူ မထွက်သွားခင် သည်မြေးအဘိုး၏ ခန္ဓာကိုယ်များပေါ်တွင် နေရာချထားခဲ့သော စိတ်ဝိညာဉ်ချီကို ပြန်ရုတ်သိမ်းပေးခဲ့သေးသည်။ သူတို့မြေးအဘိုး၏ တလေးတစား အကြည့်အောက်မှာပင် ဟန်လိက ပျံသန်း ထွက်ခွာလာခဲ့တော့၏။
သူတို့က ဟန်လိ အဝေးသို့ ထွက်သွားတာ မြင်ရပြီးနောက်မှာ အဘိုးအိုသည် ပိုးသားစကို သူ့မြေးကို ပေး၏။ ဓားငယ်ကိုမူ သူ သိမ်းထားသည်။ သူက အားပါးတရ ရယ်မောလေ၏။ ထို့နောက်တွင် သူတို့သည် နောက်နေ့တွင် ဒီက ထွက်သွားပြီး အဝါရောင်မေပယ်တောင်ကြားသို့ သွားရန် ပြင်ဆင်ကြသည်။ သူ့မြေးက ဂိုဏ်းကြီးခုနစ်ဂိုဏ်းတွင် ပါဝင်သော အဝါရောင်မေပယ်တောင်ကြားမှ တပည့်တစ်ယောက် ဖြစ်လာနိုင်၊ မဖြစ်လာနိုင်ကို သိရတော့မည် မဟုတ်လား။
သို့ပေမည့် အဘိုးအိုရှောင်းက ဟန်လိ ဘာကြောင့်များ ချင်းမျိုးနွယ်၌ ရောနှောနေထိုင်နေသည်ကိုတော့ စဉ်းစားမရ ဖြစ်နေသေးသည်။ ထိုသူများမှာ သေမျိုးများ ဖြစ်သည် မဟုတ်လား။
……
အဘိုးအိုရှောင်း၏ အတွေးများ သိမနေတော့ဘဲ ဟန်လိကမူ ချင်းအိမ်တော်ထံ ကျေနပ်အားရမှုအပြည့်ဖြင့် အလျင်အမြန် ပြန်လာခဲ့တော့သည်။ သူက သူ၏ မှော်ပစ္စည်းကို သုံးကာ သူ့ကိုယ်ပိုင်နေအိမ်ထံ သက်ဆင်းလိုက်သောကြောင့် သူ ပြန်လာတာကို မည်သူမျှ အာရုံမစိုက်မိကြပေ။ ထို့နောက်တွင် သူသည် သူ့အခန်းထဲ မည်သူမျှ မသိလေဘဲ ပြန်ရောက်လာတော့သည်။
အခု သူ အသစ်ရရှိခဲ့သော ချီထိန်းချုပ်ခြင်းမန္တာန်စာသားများက လွန်စွာ လက်တွေ့ကျတာ မြင်ခဲ့ရ၍ ထိုညမှာပင် ယင်းရှေးဟောင်းစာအုပ်ကို ဖွင့်ကာ ၎င်းပညာရပ်ကို ကျင့်ကြံတော့သည်။
ထိုပညာရပ်မှာ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် အသုံးပြုရသော ပညာရပ်ငယ်တစ်ခုသာ ဖြစ်၏။ ဟန်လိ၏ နက်ရှိုင်းသော မှော်စွမ်းအား အထောက်အပံ့ဖြင့် သူ့အဖို့ ၎င်းကို ဖမ်းဆုပ်နိုင်ဖို့မှာ အခက်အခဲ မရှိလေပါ။ ထိုတညဖြင့်ပင် သူသည် ၎င်းပညာရပ် အားလုံးနီးပါးကို ဖမ်းဆုပ်နိုင်ခဲ့ပေသည်။
နောက်တနေ့ မနက်၌ ဟန်လိက ချီသန့်စင်ပြီးသည်နှင့် သူ့ကံမှာ သိပ်မဆိုးလှဟု ခံစားမိနေရုံ ရှိသေး ရုတ်တရက် သူ၏ သိုလှောင်အိတ်ထဲမှ ‘ ဘန်း’ ခနဲ ပေါက်ကွဲသံကို ကြားရလေ၏။ တစ်ခုခု ချိုးဖျက်သည့်နှယ် ထင်ရသည်။
ဟန်လိ၏ အမူအရာမှာ ချက်ခြင်း သုန်မှုန်သွားလေသည်။ တအောင့်အကြာ၌ သူက သူ့သိုလှောင်အိတ်ထံ လက်ဆန့်ထုတ်ကာ ခရမ်းရောင်ပုတီးစေ့တစ်ခုကို ထုတ်ယူသည်။ ၎င်းပုတီးစေ့မှာ သူ တာအိုသခင်အဘိုးအိုကို ပေးခဲ့သော ပုတီးစေ့နှင့် ချွတ်ဆွတ်တူသည်။ သို့ပေမည့် ပုတီးစေ့သည် အခုအခါ၌ အက်ကြောင်းများစွာ ထနေလေပြီ။
ခဏ ငြိမ်သက်နေပြီးနောက်မှာ ဟန်လိက သူ့အခန်းထဲကနေ ရုတ်တရက် ခြေလှမ်းထွက်သည်။ ခြံဝန်းထဲ၌ မည်သူမျှ မရှိတာကို စစ်ဆေးကြည့်ပြီးသည်နှင့် သူ့နတ်လေလှေငယ်ကို ချက်ခြင်း ထုတ်ယူသည်။ ဖြတ်ခနဲ သူသည် လှေပေါ် ရောက်သွားပြီး ချင်းအိမ်တော်ကနေ တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။
ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် သူသည် ယွဲ့ကျင်းမြို့တော် အပြင်ဘက်ရှိ ရွာငယ်တစ်ခု၌ ပြန်ပေါ်လာသည်။ သူက ကောင်းကင်ထက်ကနေ ထိုရွာဝန်းကျင်ကို စစ်ဆေးကြည့်သည်။ သည်ရွာနှင့် ကီလိုမီတာ အနည်းငယ်အကွာတွင် လူသူကင်းမဲ့သော တောင်ကုန်းများ၌ ဟန်လိသည် လှေငယ်ပေါ်ကနေ ဆင်းသက်ကာ အတော်အတန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
အချိန်အတော်ကြာပြီးသည့်နောက်မှာ ဟန်လိက သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေပြီး ထုတ်ယူခြင်း ဟူသော စကားတစ်ခုကို ခပ်တိုးတိုး ရေရွတ်သည်။ ထိုသစ်ပင်ကြီး၏ အမြစ်မျးထံမှ အစိမ်းရောင်အလင်းတစ်ခုသည် ပုတီးစေ့တစ်ခုကို သယ်ဆောင်လျက် ပျံသန်းထွက်လာသည်။ ထိုပုတီးစေ့သည် ခရမ်းရောင်တောက်နေပြီး ၎င်းပေါ်မှာ အက်ကြောင်းများ ရှိနေလေသည်။ ထိုအက်ကြောင်း အသွင်အရွယ်အစားတို့မှာ ဟန်လိ လက်ထဲရှိ ပုတီးစေ့နှင့် ချွတ်ဆွတ်တူနေပေသည်။
ဟန်လိ သက်ပြင်းချ၏။ ထိုအလင်းလုံးကို ဆင့်ခေါ်၏။ ၎င်းက သူ့လက်ထဲ ပျံသန်းလာသည်။ ထိုအလင်းလုံး သူ့လက်ထဲ ကျရောက်လာသည့်အခါ ၎င်းသည် ဟန်လိထံတွင် ချက်ခြင်း ကွယ်ပျောက်သွားလေသည်။
သူ့လက်ထဲ၌ ပုတီးစေ့သပ်သပ်သာ ကျန်ခဲ့တော့သည်။
ဟန်လိသည် တကိုယ်တည်း တီးတိုးရေရွတ်နေသေးသည်။ ထို့နောက်တွင် သူ့လက်ချောင်းမှ မီးလုံးတစ်လုံးက ရုတ်တရက် ထိုးထွက်ကာ သစ်ပင်ကြီး၏ အမြစ်ထံ ဦးတည်ဝင်ရောက်သွားသည်။ ချက်ခြင်းပင် ၎င်းသစ်ပင်သည် ပြာဖြစ်သွားပြီး မြေပေါ်တွင် ချိုင့်ခွက်တစ်ခု ကျန်ခဲ့သည်။ ဟန်လိ ရှေ့သို့ လှမ်းကာ ၎င်းချိုင့်ခွက်ကို သေချာ စစ်ဆေးကြည့်သည်။ သို့သော် သူ ဘာကိုမျှ ရှာမတွေ့ပေ။
“ကြည့်ရတာ သူတော့ မကောင်းတဲ့အကြံရှိတဲ့သူတွေ လက်ထဲ ဖမ်းမိခံရဖို့ များသွားပြီ ထင်တယ်…” ဟန်လိသည် ခေါင်းယမ်းကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အမှန်တကယ်တွင်မူ ဟန်လိ တာအိုသခင်အဘိုးအိုကို ပေးခဲ့သော ခရမ်းအလင်းတုန့်ပြန်မှု ပုတီးစေ့၏ အမည်မှန်မှာ ခရမ်းအလင်းပုတီးစေ့သာ ဖြစ်လေသည်။ ၎င်းမှော်ပစ္စည်းများသည် အစုံလိုက် သန့်စင်ရတာ ဖြစ်သည်။ ၎င်းတို့သည် အကာအကွယ်အလင်းအရံအတားကို ထုတ်ဖော်နိုင်ရုံသာမက ပုတီးစေ့တစ်ခု၏ အလင်းအကာ ပျက်စီးသည်နှင့် မီတာငါးရာအတွင်းရှိ တခြားပုတီးစေ့မှာလည်း အလားတူ ထိခိုက်ပျက်စီးသွားပေမည်။
ထိုပုတီးစေ့များသည် မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းမှ တာအိုလက်တွဲဖော်များ ဆောင်ထားလေ့ ရှိသော အကာအကွယ်မှော်ပစ္စည်းများ ဖြစ်သည်။ ယွဲ့ဒေသ၏ နယ်စပ် တိုက်ပွဲများ၌ ဟန်လိသည် ထိုပုတီးစေ့များစွာကို ရရှိခဲ့တာ ဖြစ်သည်။ ၎င်းတို့မှာ ထူးခြားသည်ဟု ခံစားမိခဲ့သောကြောင့် သူက မရောင်းချခဲ့တာ ဖြစ်လေ၏။
သူသည် ထိုမှော်ပစ္စည်း ပုတီးစေ့ကို တာအိုသခင်အဘိုးအိုထံ ပေးခဲ့သည့်အချိန်တုန်းက ထိုအဘိုးအိုသာ ဘေးဒုက္ခတစ်ခုခု ကြုံခဲ့ရလျှင် ဟန်လိသည် ချက်ခြင်း သိနိုင်မည် ဖြစ်သည်။ တာအိုသခင်အဘိုးအိုသည် ၎င်းမှော်ပစ္စည်းကို တစ်ညကြာပြီးနောက်မှာ အသုံးပြုရလိမ့်မည်ဟုတော့ ဟန်လိ မထင်ထားမိခဲ့ပေ။
ဤသည်မှာ ဟန်လိ မျှော်လင့်ထားတာထက် ကျော်လွန်နေပြီး သူ့အဖို့ ဘာမျှ ကြိုပြင်ဆင်ချိန် မရခဲ့ပေ။ ဟန်လိသည် ချိုင့်ခွက်ဘေး၌ မလှုပ်မယှက် ရပ်နေလေ၏။ သူက တစ်ခုခုကို အလေးအနက် စဉ်းစားနေသည့်အလား။
ဆယ့်ငါးမိနစ်လောက် ကြာပြီးသည့်နောက်မှာ ဟန်လိ၏ အမူအရာသည် ဂနာမငြိမ် ဖြစ်လာသည်။ သူက နတ်လှေကို လေထဲသို့ ပစ်လွှတ်ကာ ၎င်းပေါ်သို့ တက်ဆီး၍ အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းပြီး အဝေးသို့ ပျံသန်းလာခဲ့တော့သည်။
“ဟူး…”
တစ်နေရီလောက် ကြာပြီးသည့်နောက်မှာ အသက်ရှုထုတ်သံ ခပ်ပြင်းပြင်းကို ကြားရလေသည်။ အစောပိုင်းတုန်းက သစ်ပင်ကြီး ပြာကျသွားရာကနေ ဖြစ်ပေါ်လာသည့် ချိုင့်ခွက်နှင့် မီတာသုံးဆယ်လောက် အကွာ၌ လူတစ်ယောက်သည် ချုံတစ်ခုထံမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။ သူသည် ခေါင်းအစခြေအဆုံး ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည်။ သူ့ကိုလည်း အဝါရောင်အလင်းအရံအတားတစ်ခုက ခြုံလွှမ်းထားသေးသည်။ သို့သော် သူ တကိုယ်လုံး ကိုယ်ထင်ပြလာသည့်အခါ ၎င်းအဝါရောင်အလင်းအကာသည် ချက်ခြင်း အားနည်းသွားကာ တအောင့်အကြာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။
ထိုပုံရပ် ပေါ်ထွက်လာပြီးနောက်မှာ သူသည် ကောင်းကင်ထက်သို့ တချက် လှမ်းကြည့်ပြီး လေးလေးနက်နက်လေသံဖြင့် ပြောလိုက်သည်။
“ထွက်လာခဲ့တော့…သူ ထွက်သွားပြီ…”
သူ ထိုသို့ ပြောပြီးသည့်နောက်မှာ အနီးအနားရှိ နေရာများထံမှ လှုပ်ရှားမှု အရိပ်အယောင်ကို မြင်ရပြီး ဝတ်ရုံနက်များဖြင့် လူသုံးယောက်သည် သူတို့၏ ကိုယ်ပိုင်အဝါရောင်အလင်းအကာများနှင့်အတူ ထွက်ပေါ်လာကြသည်။ ထိုအနက်ရောင်ဝတ်ရုံနှင့် သူများထဲ၌ တစ်ယောက်ကမူ သေးသေးသွယ်သွယ်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်ပုံရသည်။
“အစ်ကိုကြီး…ကျုပ်တို့ ဘာလုပ်ကြမလဲ။ ကျုပ်တို့ကို ဒီနေရာဆီ ရောက်လာတဲ့သူ မှန်သမျှကို ဖမ်းရင်ဖမ်း ဒါမှမဟုတ် သတ်ရင်သတ်ပစ်ရမယ်လို့ အမိန့်ပေးထားတယ်မလား။ အကျိုးဆက် တစ်ခုခုများ ဖြစ်လာနိုင်လား…”
ခုလေးမှ ထွက်ပေါ်လာသော သုံးယောက်ထဲမှ တစ်ယောက်က ပူပန်တကြီးဖြင့် ထိုသို့မေးသည်။ သူ့လေသံအရ လူငယ်တစ်ယောက် ဖြစ်ပုံရသည်။
ပထမဆုံး ထွက်လာသည့်သူမှာ ထိုစကားကို ကြားသည့်အခါ မတုန်ယင်ဘဲ မနေနိုင် ဖြစ်သွား၏။ သူသည်လည်း စိုးရိမ်ပူပန်နေသည်ပင်။ သူတို့အားလုံးသည် သူတို့ကို အမိန့်ပေးခဲ့သူများမှာ အလွန်ရက်စက်ကြမ်းကြုတ်သူများ ဖြစ်မှန်း သိထားကြပြီး ဖြစ်လေ၏။
“ပြဿနာ မရှိလောက်ပါဘူး။ သူတို့က ကျုပ်တို့ကို ညွှန်ကြားချက်ပေးခဲ့တုန်းက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ပါ ရောက်လာနိုင်တယ်ဆိုတဲ့ဟာ မပြောပြခဲ့ဘူးလေ။ ဒါက ကျုပ်တို့ စွမ်းရည်နဲ့ ကိုင်တွယ်နိုင်တဲ့ ကိစ္စ မဟုတ်တော့ဘူး။ ကျုပ်တို့ လှုပ်ရှားမယ်ဆိုရင်တောင် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူနဲ့ ရင်ဆိုင်တာဟာ ကိုယ့်သေလမ်းကိုယ် ရှာတာပဲ…”
အစ်ကိုကြီးဆိုသူမှာ ယုံကြည်မှု သိပ်မရှိလေဘဲ ထိုသို့ ပြောသည်။
“ဟက်…အစ်ကိုကြီး ပြောတာ မှန်တယ်။ ကျမတို့က ဘယ်လိုလုပ် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်ပါ့မလဲ။ ကျမလည်း အဲ့လူတွေကို အယုံအကြည် မရှိဘူး။ သူတို့က ကျမတို့ကို နည်းနည်းပါးပါးတောင် ရှင်းပြကြတာ မဟုတ်ဘူး…”
အမျိုးသမီးတစ်ယောက်၏ ကိုယ်လုံးကိုယ်ပေါက် ပိုင်ဆိုင်ထားသော အနက်ရောင်ဝတ်ရုံဖြင့် ပုံရိပ်ကလည်း ထိုသို့ မကျေမချမ်း ပြောလေသည်။
ယင်းစကားများကို ကြားသည့်အခါ တခြားသုံးယောက်သည် ခါးသီးစွာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရလေ၏။ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်သည်။ သူတို့၏ ညီမလေးမှာ ထူးဆန်းသော ရန်သူများ၏ လက်ထဲ သူတို့ဘဝကို အပ်ထားရသည့်အပေါ် အမြဲတမ်း မကျေမနပ် ဖြစ်နေသည် မဟုတ်လား။ ထိုသူများက သူတို့ကို ဘာကြောင့်များ ရှင်းပြချက် ပေးနေပါ့မည်နည်း။
“ဒါပေမဲ့ သူတို့က ငါတို့ကို မရှင်းပြခဲ့တာလို့တော့ ငါ မထင်ဘူး။ သူတို့ကိုယ်တိုင်လည်း ဒီမှာ ငါးကြီးကြီး လာမိနေလိမ့်မယ်လို့ မမျှော်လင့်ထားလောက်ဘူးလို့ ငါ ထင်တယ်။ မဟုတ်ရင် သူတို့က ဒီကိစ္စကို တို့လက်ထဲ ဘယ်ထည့်ပါ့မလဲ။ အနည်းဆုံးတော့ ကျုပ်တို့ကို ကူညီဖို့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်ကို သူတို့ စေလွှတ်ခဲ့မှာ မဟုတ်လား…”
နောက်ဆုံးတစ်ယောက်က ထိုသို့ ပြော၏။ သူ့ပုံစံအသွင်မှာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ဖြစ်၏။
“အမှန်ပဲ။ ကျုပ်တို့ကသာ သူတို့ကို ကောင်းကောင်း ရှင်းပြခဲ့ရင် သူတို့လည်း ဆိုးဆိုးဝါးဝါးတော့ အပြစ်ပေးမှာ မဟုတ်လောက်ပါဘူး…”
ဒုတိယမြောက် စကားပြောခဲ့သူက ခပ်သွက်သွက် သဘောတူသည်။
သို့ပေမည့် သည်စကားများသည် သူတို့ကိုယ်သူတို့ နှစ်သိမ့်သည့် သဘောမျှသာ။
“ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ထူးဆန်းတယ်။ ကျုပ်တော့ စောနက အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ လူငယ်ကို မြင်ဖူးသလိုလို ခံစားမိနေတယ်…”
သူက စဉ်းစားမရဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်သည်။ သူ့စကားများကြောင့် တခြားသုံးယောက်မှာ မင်သက်သွားကြသည်။
အထူးသဖြင့် အမျိုးသမီးငယ်ပင်။ သူမ၏မျက်လုံးထဲ သိချင်စိတ်တို့ တဖြတ်ဖြတ် ဖြစ်ပေါ်ကာ သည်ကိစ္စကို ထပ်မေးချင်နေသည်။
သို့သော် သူတို့က အစ်ကိုကြီး ဟု ခေါ်ကြသော တစ်ယောက်က ရုတ်တရက် သူ့လက်ကို ဝေ့ယမ်းကာ ကြားဖြတ် ပြောလာသည်။
“တော်လောက်ပြီ။ ကျုပ်တို့ မြန်မြန်ဆန်ဆန် ဒီက ထွက်ကြရအောင်။ နောက်ကိစ္စတွေကို နောက်မှ ရှင်းကြတာပေါ့…”
ထိုစကားကို ကြားသည့်အခါ အမျိုးသမီးငယ်သည် သူမ၏ မေးချင်စိတ်ကို ပြန်မြိုသိပ်ကာ သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။