အသက်ရှင်လျက် ဖမ်းတီးခြင်း
Vol. 22 Ch. 298
“မင်းတို့ ဘယ်ကို သွားဖို့ ရည်ရွယ်ထားလဲ ကျုပ်ကို ပြောနိုင်မလား…”
သူတို့၏ ပျံသန်းခြင်း မှော်ပစ္စည်းများ အသုံးမပြုရသေးခင်မှာပင် အေးစက်စက်အသံတစ်သံသည် ရုတ်တရက် ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။
အရိုးထဲထိ စိမ့်နေအောင် အေးစက်လေမည့် ထိုအသံကြောင့် သည်ဝတ်ရုံနက်များနှင့် လေးယောက်အုပ်စုတို့မှာ အလန့်တကြား ဖြစ်ကုန်ကြသည်။ သူတို့အားလုံးသည် လူစုခွဲကာ အကာအကွယ်မှော်ပညာရပ်များကို အသုံးပြုရန် ဟန်ပြင်ကြပြီး ခေါင်းလှည့်၍ပင် မကြည့်ဝံ့ကြချေ။ ကောင်းကင်ထက်ရှိ မီတာတစ်ရာလောက်တွင် ဟန်လိသည် သူ၏ နတ်လေလှေပေါ်တွင် ရပ်နေလျက် ရှိသည်။ သူက ထိုလေးယောက်ကို အပေါ်စီးကနေ အေးစက်စက် စိုက်ကြည့်နေလေသည်။
ထိုဝတ်ရုံနက်လေးယောက်တို့မှာ တူညီသောအရာတစ်ခုကို တွေးမိသွားသည်။
“ဒီလူ ဘယ်အချိန်တုန်းက ပြန်ရောက်လာတာလဲ။ ကျုပ်တို့က နည်းနည်းလေးမှ သူ့ကို အာရုံမခံမိလိုက်ပါလား…”
“ လူခွဲကြ…” ထိုလေးယောက်၏ ခေါင်းဆောင်၊ အစ်ကိုကြီးဖြစ်သူသည် နှေးဖင့်မနေဘဲ အော်ပြောသည်။ ထို့နောက်တွင် သူက နောက်သို့ အကြမ်းပတမ်း ဆုတ်သည်။ တချိန်တည်းမှာ သူ့ရင်ဘက်ထဲကနေ မှော်ပစ္စည်းအဝိုင်းတစ်ခုကို ထုတ်ကာ ပစ်လွှတ်၍ ၎င်းပေါ်သို့ ခြေလှမ်းပြီး အဝေးသို့ ထွက်ပြေးသည်။
တခြားသုံးယောက်သည်လည်း မတူညီသော အရပ်မျက်နှာများထံ ပျံသန်းထွက်ပြေးကုန်သည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်ကို ခုခံဖို့ မဖြစ်နိုင်မှန်း ကောင်းကောင်း နားလည်၏။ သူတို့အတွက် ထွက်ပြေးခြင်းကသာ ရှင်သန်နိုင်ဖို့ အခွင့်အရေး ပိုရှိလာနိုင်သည်။ ထွက်ပြေးတာကသာ သူတို့အတွက် အကောင်းဆုံး။
သည်လေးယောက်တွင် မိန်းမပျိုသည် မှော်စွမ်းအား အားအနည်းဆုံး ဖြစ်လေ၏။ ထို့ကြောင့် သူမသည် သူမ၏ ပျံသန်းခြင်းမှော်ပစ္စည်းအပေါ် တက်၍ ပျံသန်းထွက်ပြေးစဉ် ကောင်းကင်ထက်ရှိ ဟန်လိထံ ခေါင်းမလှည့်ကြည့်ဘဲ မနေနိုင် ဖြစ်မိသည်။ ရလဒ်ကား သူမတွေ့မြင်လိုက်ရသည့်အရာကြောင့် အံ့အားတသင့် ဖြစ်သွားရခြင်းပင်။
ဟန်လိသည် လှေပေါ်တွင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။ သူသည် သူတို့လေးယောက်နောက်သို့ လိုက်လံမည့်ဟန် ရှိမနေလေပေ။ အမျိုးသမီးငယ်မှာ အံ့အားတသင့် ဖြစ်သွားခြင်းနှင့်အတူ စိတ်ထဲကနေလည်း ကြိတ်၍ ပျော်ရွှင်သွားလေသည်။ သူမအတွက် ထွက်ပြေးနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခု ရှိလာပြီ မဟုတ်လား။ သို့သော် ထိုအခိုက်အတန့်တွင် သူမသည် စူးရှသော လေတိုးသံတစ်သံကို သူမ၏ ရှေ့ကနေ ကြားလိုက်ရသည်။
အလန့်တကြားဖြစ်ကာ သူမက အလျင်စလို ခေါင်းလှည့်ကြည့်သည်။ ကောင်းကင်ထက်မှ အနီရောင်မြားအလင်းတန်းတစ်ခုက သူမထံ တည့်တည့်ကြီး တိုးဝင်လာတာကို မြင်ရလေသည်။ ထိုအခါ သူမက လက်ပင့်မြှောက်ပြီး ရေခဲလှံပညာရပ်ကို အချိန်မိ ထုတ်ဖော်၍ ပစ်သွင်းတိုက်ခိုက်သည်။
ရေခဲလှံသည် အနီရောင်အလင်းနှင့် ထိမိချိန်တွင် အဖြူရောင်မြူများအဖြစ်သို့ တစစီ ဖြစ်သွားရသည်။ ၎င်းမှာ အနီရောင်မြားအလင်းတန်းကို ရပ်တန့်နိုင်စွမ်း မရှိပါ။ မြားသည် သူမခန္ဓာကိုယ်ကို ကာကွယ်ထားသော ရေဓာတ်အရံအတားကို လာရောက်ထိမှန်သည်။ ထို့နောက်မှာတော့ သူမ၏ အမြင်တွင် အနီနှင့်အပြာ အလင်းများ ပြည့်လျှံသွားလေသည်။
သူမ၏ခန္ဓာကိုယ်သည် တုန်ခါလျက် ဆယ်မီတာကျော်လောက်ထိ လွင့်ထွက်သွားလေသည်။ သို့သော် သူမ၏ အရံအတားကမူ မပျက်စီးသွားတာကိုမြင်သည့်အခါ စိတ်သက်သာရာ ရပြီး သက်ပြင်း လေးပင်စွာ ချမိတော့သည်။
ထိုအခိုက်တွင် သူမသည် ရှေ့သို့ အလန့်တကြား တချက် လှမ်းကြည့်မိသည်။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူက သူမတို့လေးယောက်ကို အလစ်တိုက်ခိုက်လာတာများလား။
သူမသည် သူမရှေ့၌ မြင်ရသည်ကို မယုံကြည်နိုင်ဟန် ဖြစ်သွားတော့သည်။ သူမ၏ရှေ့တွင် ချပ်ဝတ်တို့ဖြင့် တပ်သားနှစ်ယောက် ရှိနေသည်။ တစ်ယောက်မှာ လေးကြီးကို ကိုင်ထားပြီး အနီရောင်မြားအလင်းတန်းနှင့် လေးညှို့ကို ဆွဲတင်ထားလျက် ရှိသည်။ တခြားတစ်ယောက်ကမူ အဝါရောင်အလင်း ထုတ်လွှတ်နေသော ရှည်လျားသည့် ဓားမော့ကြီးကို ကိုင်ထားလျက် သူမထံ ဖြည်းဖြည်းချင်း ပျံသန်းလာနေသည်။
သူမသည် ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူမကသာ သည်ရုပ်သေးလူနှစ်ယောက်၏ တိုက်ခိုက်မှုများကို ရင်မဆိုင်နိုင်ပါက ချောချောမွေ့မွေ့ လွတ်မြောက်နိုင်စွမ်း မရှိမှာကို သိသည်။
ထိုအတွေးကြောင့် သူမက အံတင်းတင်းကြိတ်သည်။ သူမ၏ သိုလှောင်အိတ်ထဲမှ အပြာလဲ့လဲ့ ဓားတိုတစ်လက်ကို ထုတ်သည်။
အဆင့်မြင့်မှော်ပစ္စည်းကို လက်ထဲတွင် ကိုင်လျက် သူမ၏ အသက်အတွက် အစွမ်းကုန် လုပ်ဆောင်ရတော့မည်။ ပုံမှန်ဆို သူမသည် ဒီဓားတိုကို အသုံးပြုရတာ မုန်းတီးလေသည်။ သို့သော် ခုချိန်တွင်မူ သူမမှာ လွတ်မြောက်ရန် အလျင်လိုနေသည်။ ရွေးချယ်စရာ များများစားစား ရှိမနေလေပေ။
“သွား…”
ထိုမိန်းကလေးက အော်ဟစ်သည်။ ထိုအခါ ဓားတိုသည် အပြာရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ သူမထံ ချဉ်းကပ်လာသော ဓားမော့နှင့် ရုပ်သေးထံ ဦးတည်ဝင်လာသည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းဓားတိုသည် ရှေ့ရှိ ရုပ်သေးထံ ရောက်သွားပြီး ၎င်း၏ ဓားကို အကြမ်းပတမ်း ထိုးစိုက်လေသည်။ ထိုအမျိုးသမီးငယ် မျှော်လင့်ထားသည့်အတိုင်းပင်။ ‘ ဒင်’ ခနဲ မည်သံသာ ထွက်ပေါ်လာသည်။ ထိုရုပ်သေးကား ၎င်း၏ ဓားမော့ရှည်ကို အံ့ဩဖို့ကောင်းလောက်သည့် အမြန်နှုန်းဖြင့် ပင့်မြှောက်ကာ အပြာရောင်ဓားတိုကို လှမ်းခုတ်သည်။ ယင်းနောက်မှာ ၎င်းရုပ်သေးသည် အမျိုးသမီးငယ်ထံ ဆက်၍ ပျံသန်းလာသည်။
အမျိုးသမီးငယ်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူမ၏ မှော်လက်နက်ထံ လက်ညွှန်ကာ အမိန့်ထပ်ပေးသည်။ ထိုအခါ ဓားတိုသည် တပတ်လည်ကာ ရုပ်သေးကို တိုက်ခိုက်ပြန်သည်။
သို့သော် ထပ်မံ ဖြစ်လာသော အဖြစ်အပျက်က သူမကို ပါးစပ်ဟောင်းလောင်း ဖြစ်သွားစေသည်။ ထိုရုပ်သေးကား နောက်စေ့တွင် မျက်လုံး ရှိနေသည့်နှယ် နောက်မှ ဝင်လာသော ဓားတိုကို လှည့်၍ တိုက်ခိုက်လိုက်သောကြောင့်ပင်။ သည်တစ်ကြိမ်တွင်မူ အမျိုးသမီးငယ်သည် အမှန်တကယ် အလန့်တကြား ဖြစ်ရလေပြီ။
ထိုစဉ် စူးရှသော လေတိုးသံတစ်သံကို ကြားရကာ လေးညှို့မှ မြားတစ်စင်း တိုးဝင်လာပြန်သည်။ ပိုကောင်းသော ရွေးချယ်စရာ မရှိလေတော့သည့်အခါ ထိုအမျိုးသမီးငယ်သည် မြားကို ရှောင်နိုင်ဖို့အတွက် ဘေးသို့ အလျင်အမြန် ရှောင်ထွက်ရသည်။
သို့သော် သူမကို များစွာ အံ့အားတသင့် ဖြစ်သွားစေတာကတော့ ထိုအနီရောင်မြားအလင်းတန်းသည် အသိဉာဏ် ရှိလေသည့်အလား သူမ၏ လှုပ်ရှားမှုများအတိုင်း နောက်မှ ထပ်ကြပ်မကွာ လိုက်လံလာသည်။ သူမသည် နောက်ထပ် ထိခိုက်မှုကို ခံရတော့မည်။ သူမ၏ အရံအတားက ထပ်မံ၍ ထိန်းထားနိုင်ပါစေဟုသာ မျှော်လင့်ရတော့မည်။ ထိုအခိုက်မှာပင် ဓားမော့နှင့် ရုပ်သေးသည် သူမရှေ့သို့ ရောက်လာခဲ့ပြီး ၎င်း၏ ဓားရှည်ကို အသုံးပြုကာ သူမ၏ အရံအတားကို ချိုးဖျက်ပစ်လေတော့သည်။
အမျိုးသမီးငယ်မှာ အလျင်စလို လွတ်မြောက်နိုင်ရန် လှုပ်ရှားရတော့သည်။ ရုပ်သေးနှစ်ကောင်၏ ညှပ်ပူးညှပ်တိုက် တိုက်ခိုက်မှုကြောင့် သူမ လှုပ်ရှားနိုင်သည့် အဝန်းအဝိုင်းမှာ ကျဉ်းလာခဲ့သည်။ နောက်သို့ ဆက်တိုက်ဆုတ်နေရသဖြင့် ထိုအမျိုးသမီးငယ်၏ ကျင့်ကြံမှုအခြေခံကြောင့် မောပန်းလာရတော့သည်။ လွတ်မြောက်နိုင်၊ မနိုင်ကမူ မေးနေရန်ပင် မလိုတော့ပါ။
သို့သော် သူမက ရုပ်သေး၏ တိုက်ခိုက်မှုကို သူမ၏ ဓားတို ပစ်လွှတ်ကာ ခက်ခက်ခဲခဲ ခုခံသည်။ ထိုစဉ်မှာပင် သူမကို အနီးကပ် တိုက်ခိုက်နေသော ရုပ်သေးက ရုတ်တရက် သူမထံကနေ ခုန်ထွက်သွားသည်။ တချိန်တည်းမှာ လေးသမားရုပ်သေးကလည်း ၎င်း၏ လေးကို ပြန်ချကာ ဆက်၍ မတိုက်ခိုက်လေတော့ပေ။ ဤသည်ကို မြင်သည့်အခါ ထိုအမျိုးသမီးငယ်သည် တုန်လှုပ်အံ့အား မသင့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ ထို့နောက်တွင် သူမသည် နောက်ဘက်မှ သက်ပြင်းချသံ သဲ့သဲ့ကို ကြားရသည်။
“ဟူး…ညီမ(ငါး) နင် လက်လျော့လိုက်တော့…”
ထိုစကားကို ကြားသည့်အခါ သူမက တိုက်ခိုက်နေဟန် ပြင်နေရာကနေ ရပ်၍ နောက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။ ထိုအခါ သူမ၏နောက်တွင် ရပ်နေသော သူမ၏ အဖော်သုံးယောက်ကို မြင်သည်။ သူတို့တစ်ယောက်ချင်းစီကို ရုပ်သေး သုံးလေးရုပ်က ဝန်းရံထားသည်။ တပ်သားရုပ်သေးများအပြင် ၎င်းတို့ကြား၌ ကျားသားရဲရုပ်သေးများပါ ရှိနေလေသည်။
သူမ၏အစ်ကိုဖြစ်သူ သုံးယောက်မှာ စိတ်အားငယ်သော အကြည့်များဖြင့် ရှိနေကြသည်။ သူတို့သည် ထိန်းချုပ်ခံလိုက်ရသည့်နှယ်။ အမျိုးသမီးငယ်သည် ခေါင်းမော့ကာ ကောင်းကင်ထက်ရှိ ဟန်လိကို လှမ်းကြည့်ကာ သူမ၏ ဓားတိုကို အောက်သို့ ဘာမျှမတတ်နိုင်တော့ဟန်ဖြင့် ပစ်ချသည်။ သူမသည် ဆက်၍ မခုခံနိုင်တော့ပေ။
ဤသည်ကို မြင်သည့်အခါ ဟန်လိက အားနာမနေဘဲ သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ အစိမ်းရောင်အလင်းတန်းသုံးလေးခုကို သူမ၏ခန္ဓာကိုယ်ထံ စေလွှတ်သည်။ ထိုအခါ သူမသည် တစ္ဆေတစ်ကောင်က သူမကို ပိုင်စိုးသွားသကဲ့သို့ ခံစားသွားရသည်။ သူမခန္ဓာကိုယ်၏ အစစ်အမှန်အနှစ်သာရသည် ပိတ်ဆို့ခြင်း ခံရကာ သူမသည် ဆန္ဒရှိသလို လှုပ်ရှားနိုင်ခြင်း မရှိလေတော့ပေ။
ဤကဲ့သို့ သည်လေးယောက်ကို ဖမ်းဆီးထားပြီးနောက်မှာ ဟန်လိသည် ဘာမျှ မေးမြန်းခြင်း မရှိသေးပေ။ ထိုအစား သူက လက်ဝေ့ယမ်းပြီး သူတို့လေးယောက်ကို သူ ထိုင်နေသော နတ်လေလှေပေါ်သို့ ဆွဲခေါ်လိုက်လေသည်။ သူသည် ဒီနေရာတွင် ကြာကြာ မနေနိုင်ပေ။ သူသာ မထွက်သွားပါက သူသည် ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်နိုင်ရခြေ ရှိသည်။ ထိုအခါ သူ့အတွက် ပြဿနာကြီးကြီး တက်သွားနိုင်သည်။
သူသည် ယွဲ့ကျင်းမြို့တော်မှ တနေရာထံ ရွေးချယ်ကာ ပျံသန်းလာသည်။ ထို့နောက်တွင်မူ ဟန်လိနှင့် သည်လူလေးယောက်တို့သည် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ပျံသန်းထွက်လာတော့သည်။
သိပ်မကြာခင်တွင် လူနှစ်ယောက်သည် ဟန်လိနှင့် ထိုလေးယောက်တို့ ရှိနှင့်ခဲ့သော နေရာ၌ ပေါ်လာကြသည်။ ထိုသူများ၏ ဝတ်စုံများက သွေးနီရောင် ရှိပြီး မြင်ရတွေ့ရသူတို့ကို စိတ်မသက်မသာ ဖြစ်သွားစေနိုင်သည်။
ထိုနှစ်ယောက်သည် ဟန်လိ မီးရှို့ပြာတိုက်ခဲ့သော သစ်ပင်မှ ဖြစ်ပေါ်သော ချိုင့်ခွက်ရှေ့တွင် ရပ်နေလေသည်။ ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက်မှာ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်သည် သက်ပြင်းချကာ ပြောလာသည်။
“ကြည့်ရတာ မြူတောင်တန်းက မိတ်ဆွေငါးဖော်ဟာ အရေးနိမ့်သွားတဲ့ပုံပဲ…”
ထိုသို့ ပြောလာသူ၏ အသံမှာ အသက်ကြီးနေသူ၏ လေသံ ဖြစ်ပုံ ရသည်။ လေသံအရ သူ့အသက်မှာ မငယ်လောက်တော့ပေ။
“ဟက်…ဘာအကြွင်းအကျန်မှ မရှိဘူး။ သူတို့က အရေးနိမ့်သွားရုံတင်မဟုတ်ဘူး အသက်ရှင်လျက်ကို အဖမ်းခံလိုက်ရတာ။ ဒီမှာ ဘာသွေးစသွေးနမှ မရှိမှတော့ အသစ်ရောက်လာတဲ့သူက သူတို့လေးယောက်ကို လွယ်လွယ်လေး ဖမ်းသွားတာ နေမယ်….”
နောက်တစ်ယောက်က အထင်အမြင်သေးဟန်ဖြင့် ထိုသို့ ပြောသည်။ ထိုသူမှာ အသက်ကြီးသေးပုံ မပေါ်ပေ။ သူ့လေသံအရ အသက်နှစ်ဆယ် ဝန်းကျင်လောက်သာ ရှိလိမ့်အုံးမည်။
“နည်းနည်းတော့ ပြဿနာ ရှိပြီ။ မြူတောင်တန်းရဲ့ မိတ်ဆွေငါးဖော်ဟာ အသုံးဝင်သေးတယ်လေ။ မဟုတ်ရင် သူတို့ရဲ့ အသက်ကို ဘယ်ချမ်းသာပေးပါ့မလဲ။ သူတို့ဟာ သွေးစတေးခံတွေ ဖြစ်နေလောက်ပြီ။ ကျုပ်အထင်တော့ သူတို့ကို ဖမ်းဆီးသွားတဲ့သူဟာ ချီစုဆောင်းခြင်းကျင့်ကြံသူတွေ အများကြီး မဟုတ်လောက်ဘူး။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်တည်းကပဲ ဖမ်းသွားတာနေမယ်…”
နှစ်ယောက်ထဲမှ ဦးဆုံး စကားပြောခဲ့သူသည် အနည်းငယ် စိတ်ပူပန်နေဟန်ဖြင့် ထိုသို့ ထပ်ပြောလာသည်။
“ဘာလဲ။ ခင်ဗျားက ဒီလူတွေဟာ ကျုပ်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လိမ့်မှာကို စိုးရိမ်နေတာလား။ ဒီနားဝန်းကျင်မှာ အသစ်စုဆောင်းထားတဲ့ ကျုပ်တို့ ကျောင်းတော်ရဲ့ ကျင့်ကြံသူဟာ အနည်းအကျဉ်းလောက်ပဲ ရှိတာ။ သူတို့ဟာ ကျုပ်တို့ ကျောင်းတော်ရဲ့ လျှို့ဝှက်ချက်တွေကို ဘာမှ သိကြမှာ မဟုတ်လောက်ဘူး။ ဒါ့အပြင် သူတို့ကို တာဝန်မစေခိုင်းခင် ကျုပ်က သူတို့ရဲ့ ချိပ်တံဆိပ်တွေကို လျှို့ဝှက် အသက်သွင်းထားပြီးပြီ။ သူတို့က နေ့တစ်ဝက်ထက် ပိုပြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး…”
လူငယ်ဖြစ်သူသည် ပေါ့ပေါ့ပါးပါး ရယ်မောကာ အရေးမစိုက်ဟန်ဖြင့် ထိုသို့ ပြောသည်။
“အို…ဒါဆို ကောင်းတာပေါ့။ နေ့တစ်ဝက်ပဲ အသက်ရှင်ရတော့မယ်ဆို သူတို့ဟာ ဘာကိုမှ ပေါက်ကြားအောင် လုပ်နိုင်ကြတော့မှာ မဟုတ်ဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းထားတဲ့ သွေးမန္တာန်အတားအဆီးနဲ့ဆို သူတို့ တစ်ခုခု မူမမှန်တာ ရှာတွေ့သွားခဲ့ရင်တောင် သူတို့ ဘာကိုမှ ပြောနိုင်လိမ့်မှာ မဟုတ်ဘူး…”
အဘိုးအိုက စိတ်အေးသွားပြီး ထိုသို့ ပြောလာသည်။
သို့ပေမည့် ထိုအဘိုးအိုသည် တခြားအကြောင်းအရာတစ်ခုကို ပြောင်းကာ သုန်မှုန်စွာဖြင့် ထပ်ပြောသည်။
“ဒါပေမဲ့လို့ ဘယ်လိုဖြစ်ခဲ့ရတာလဲ။ ကျုပ်တို့ ဒီအကြောင်းကို မဆွေးနွေးခဲ့ကြဘူ မလား။ ကျုပ်တို့က တာအိုသခင်အိုကြီးဝူကို ကျုပ်တို့ရဲ့ ရုပ်သေးအဖြစ် ပြောင်းပြီး သူ့ကို မင်းရဲ့ ဆရာအဖြစ် လှုပ်ရှားဆောင်ရွက် စေခိုင်းခဲ့တယ်လေ။ ဒီလိုနည်းနဲ့ မင်းဟာ ကျင့်ကြံခြင်းလောကမှာ တဖြည်းဖြည်း မျက်နှာ ပြနိုင်မှာလေ။ အဲ့လိုနည်းနဲ့ဆို ကျုပ်တို့ ကျောင်းတော်ဟာ ကျုပ်တို့ရဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ပြီး ကျင့်ကြံခြင်းလောကမှာ ပင်မတပည့်တွေအဖြစ် ပွင့်ပွင့်လင်းလင်း ထွက်ပေါ်လာနိုင်ကြပြီ။ မင်းက တာအိုသခင်အိုရဲ့ အခန်းကဏ္ဍကို ဘာကြောင့် ရုတ်တရက် ပြောင်းလဲလိုက်ပြီး သူ့သွေးအနှစ်သာရကို စုပ်ယူခဲ့ရတာလဲ။ မင်းအနေနဲ့ မှော်စွမ်းအား အထောက်အပံ့ ကင်းမဲ့သွားတာတော့ မဟုတ်လောက်ဘူးမလား…”
အဘိုးအို၏ ထိုစကားများကို ကြားသည့်အခါ မျက်နှာဖုံးတပ်ထားသော လူငယ်သည် ခါးသီးစွာ ရယ်မောပြီး ပြောလာသည်။
“ကျုပ်က အထောက်အပံ့အတွက် ဒီလိုလုပ်ခဲ့တယ်လို့ ခင်ဗျား ထင်တယ်ပေါ့။ ကျုပ်မှာ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး…”