ခိုအောင်းမည့်စိတ်ကူးများ
Vol. 22 Ch. 299
“အန်…ဘာကြောင့်များလဲ…” အဘိုးအိုသည် အံ့အားတသင့် ဖြစ်ကာ ထိုသို့ ပြောသည်။
“ကျုပ်ရဲ့ မှော်စွမ်းအားဟာ တန်ပြန်ဒဏ်ခံစားခဲ့ရတယ်။ ကျုပ်အနေနဲ့ ခန္ဓာကိုယ်ထဲက အစစ်အမှန်အနှစ်သာရကို ဖိနှိပ်ဖို့အတွက် ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးကို အလောတကြီး လိုအပ်ခဲ့တယ်။ ခင်ဗျားအပြင် ဒီအနားအနားမှာ ကျင့်ကြံသူဆိုလို့ အဲ့ဒီတာအိုသခင်အဘိုးကြီးဝူပဲ ရှိတာလေ။ ကျုပ်က ခင်ဗျားကို အသုံးပြုလို့ မရတဲ့အတွက် သူ့ကိုပဲ အသုံးပြုခဲ့ရတယ်။ အဲ့အချိန်တုန်းက တန်ပြန်ဒဏ်ဟာ ပြင်းထန်လွန်းလှတယ်။ ကျုပ် ထင်ထားတာထက် နှစ်ရက်လောက် စောပြီး ဖြစ်လာခဲ့တာ။ ကျုပ်အနေနဲ့ ဒါကို မဖိနှိပ်နိုင်လုနီးပါး ဖြစ်ခဲ့ရတယ်…”
လူငယ်သည် ခါးသီးစွာ ရယ်မောကာ ထိုသို့ ပြောပြနေစဉ် သူ့ထံ၌ ထိတ်လန့်မှု ငြိတွယ်နေဆဲပင်။
“အော်…အဲ့လိုကို။ ဒါဆို မင်းရဲ့ အမှား မဟုတ်ပါဘူး။ မင်းအနေနဲ့ အထက်ပုဂ္ဂိလ်တွေကို ဒီကိစ္စကို အကျိုးအကြောင်းတော့ ရှင်းပြရလိမ့်မယ်။ ဒါပေမဲ့ ငါ့အထင်တော့ ဒီလိုဖြစ်ရတာဟာ မင်းက မိစ္ဆာနက်အဇူရာပညာရပ်ကို အလျင်စလို ကျင့်ကြံလွန်းလို့ပဲ။ မင်းအနေနဲ့ ခုချိန်မှာ သွေးအကျဉ်းထောင်ကို ကျင့်ကြံဖို့ မသွားသင့်သေးဘူး။ အဲ့အစား မင်းရဲ့ အခြေခံကိုပဲ ပိုသေချာအောင် အချိန်တစ်ခု ပေးပြီးမှ ရှေ့ထပ်ဆက်သင့်တယ်…”
အဘိုးအိုသည် ခဏ စဉ်းစားနေပြီးနောက်မှာ ဖြည်းဖြည်းချင်း ပြောသည်။
“စိတ်ချနေပါ။ ကျုပ်က တာအိုသခင်အိုရဲ့ သွေးအနှစ်သာရကို စုပ်ယူပြီးတဲ့နောက် တန်ပြန်ဒဏ်ကို လုံးဝ ရုတ်သိမ်းနိုင်ခဲ့တယ်။ နောင်ကျ ကျုပ် ပိုပြီး ဂရုစိုက်နေသရွှေ့တော့ ဒီလို မတော်တဆမှုတွေ ထပ် ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး။ မကြာသေးခင်က ကျုပ်ရဲ့ ကျင့်ကြံမှုနှုန်းက အတော်လေး မြန်ဆန်လာတယ်လို့ ခံစားမိတယ်။ ဒါ့ကြောင့် ကျုပ်က အဲ့နေရာကို ထပ်မသွားသေးဖို့ပဲ စဉ်းစားထားတာပါ…”
လူငယ်သည် မထူးခြားနားစွာဖြင့် ထိုသို့ ပြောသည်။
“ကောင်းတယ်။ မင်း အဲ့လို သိပြီးသားဆိုလည်း ပြီးတာပဲ။ ဒါပေမဲ့ အဲ့တာအိုသခင်အိုကို ရှင်းထုတ်ခဲ့ပေမယ့်လည်း အဲ့လူခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်ချီ ချိပ်တံဆိပ်ကို ထည့်ထားခဲ့တဲ့သူကတော့ အတော်လေး ပြဿနာ ရှိနေနိုင်တုန်းပဲ။ မင်း သူ့ကိုတော့ လစ်လျူရှုမထားနဲ့။ တကယ်တော့ ဘာသဲလွန်စမှ မကျန်ခဲ့တာဟာ အကောင်းဆုံးပဲ…”
“အင်း…ခင်ဗျားရဲ့ စကားက အကျိုးအကြောင်းသင့်ပါတယ်။ ဒါပေမဲ့ ကျုပ်ကတော့ တာအိုသခင်ဝူနဲ့ မိတ်ဆွေဖြစ်တဲ့ သူတိုင်းရဲ့ ကျင့်ကြံမှုအဆင့်ဟာ နိမ့်ကျလိမ့်မယ်လို့ ထင်တယ်။ ထောင်ချောက်ပြင်ဆင်ပြီးတာနဲ့ ကျုပ်လည်း မြူတောင်တန်းက မိတ်ဆွေငါးယောက်ကို အလစ်တိုက်ခိုက်ဖို့ စီစဉ်ခိုင်းခဲ့တယ်။ ဒါပေမဲ့ ငါးကြီးကြီးတစ်ကောင်က တကယ်ကြီး ပေါ်လာလိမ့်မယ်လို့ ဘယ်သူက သိပါ့မလဲ။ ခင်ဗျားကကော အဲ့ဒီ ငါးကြီးကြီးဟာ အဆင့်နိမ့်ကျင့်ကြံသူအုပ်စုလို့ထင်ထား၊ ဒါမှမဟုတ် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်လို့ ထင်လား…”
လူငယ်သည် သူ၏နောက်မှ အဘိုးအိုကို ထိုသို့ မေးလိုက်သည်။
“ဟားဟား…ကျုပ် အထင်ကတော့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်။ တကယ်တော့ ချီစုဆောင်းခြင်း ကျင့်ကြံသူ အများအပြား ဖြစ်နေခဲ့ရင်တောင် အဲ့လေးယောက် ထွက်ပြေးဖို့ ကြံခဲ့ရင် သူတို့ကို ဖမ်းဖို့ဟာ လွယ်လိမ့်မှာ မဟုတ်ဘူး…”
ထိုအဘိုးအိုသည် ရှည်ရှည်ဝေးဝေး တွေးမနေဘဲ ထိုသို့ပြောသည်။
“ဒီလိုဆိုမှတော့ ကျုပ်တို့အနေနဲ့ အန္တရာယ်ရှိနိုင်တာကို ယာယီ မရှောင်သင့်ဘူးလား။ ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အခါကျမှ ကျုပ်တို့အနေနဲ့ တခြားအစီအစဉ်အချို့ကို ဆက်လုပ်နိုင်တယ်လေ။ တကယ်တော့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေဟာ ရန်စဖို့ လွယ်လှတဲ့သူတွေတော့ မဟုတ်ဘူး…”
လူငယ်သခင်လေးသည် တွေးတွေးဆဆဖြင့် ထိုသို့ ပြောသည်။
“ယာယီရှောင်တိမ်းဖို့လား။ အဲ့လိုမျိုး ကျုပ် ခုထိ မလုပ်ဖူးသေးဘူး။ ဂိုဏ်းခေါင်းဆောင်က သွေးစတေးဖို့အတွက် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ တချို့ ခုလက်ရှိမှာ လိုအပ်တယ်လို့ အကြောင်းကြားစာ ပို့ထားတယ်။ ဒီလူဟာ သူ့ဟာသူ ပေါ်လာမှတော့ ကျုပ်တို့လည်း ဒီအခွင့်အရေးကို လက်မလွှတ်သင့်ဘူး ထင်တယ်။ တကယ်တော့ ချီစုဆောင်းခြင်း ကျင့်ကြံသူတွေဟာ အရေအတွက် များပြီး ဖမ်းရဆီးရတာ ပိုလွယ်တယ်။ ဒါပေမဲ့ သီခြားနေထိုင်တတ်တဲ့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေကိုတော့ မြင်ရတွေ့ရခဲတယ်လေ…”
အဘိုးအိုသည် အေးတိအေးစက် ရယ်မောကာ ထိုသို့ ပြောသည်။
လူငယ်သည် ထိုစကားကို ကြားသည့်အခါ နည်းနည်းတော့ မင်သက်သွားလေသည်။ သို့သော် ခဏအကြာ သူက စိတ်ထဲကနေ ပြောလိုက်မိတုန်းပင်။
“ဒါပေမဲ့ ခုချိန်မျာ ဂိုဏ်းချုပ်ရဲ့ မဟာသွေးအစေခံလေးယောက်ကလွဲလို့ ဒီမြို့တော်မှာ ကျုပ်တို့ဂိုဏ်းရဲ့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ ဘယ်သူမှ မရှိဘူးလေ…။ သူတို့အားလုံးဟာ မတူညီတဲ့ နေရာမှာ ရှိနေပြီး အမျိုးမျိုးကိစ္စတွေ ရှိနေကြတယ်။ ဒါအတွက်နဲ့တော့ ကျုပ်တို့က သူတို့ကို မြို့တော်ဆီ ပြန်ခေါ်လို့ မရနိုင်ဘူး….”
“ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစရာ မလိုပါဘူး။ ခုချိန်မှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ကို ဂိုဏ်းချုပ်က လိုအပ်နေတယ်။ မင်းအနေနဲ့လည်း သူ့ရဲ့ မဟာသွေးအစေခံလေးယောက်လိုမျိုး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခု ရချင်ရလာနိုင်တာပဲ…”
အဘိုးအို၏ မျက်လုံးထဲတွင် လောဘတကြီးဟန်အမူအရာ တဖြတ်ဖြတ် ဖြစ်ပေါ်သည်။
လူငယ်မှာ သည်စကားကို ကြားသည့်အခါ သူ့စိတ် လှုပ်ခါသွားမိသည်။
“ကောင်းပြီ။ ကျုပ် ပြန်ပြီး သွားပြင်ဆင်လိုက်ပါ့မယ်။ ကျုပ်တို့ အဲ့လူကို သေချာပေါက် ဖမ်းနိုင်မှာပါ…”
သူသည် ရက်စက်မည့် လေသံဖြင့် ထိုသို့ ပြောလေ၏။
ထို့နောက်မှာတော့ သူတို့နှစ်ယောက်သည် အချိန်တခုကြာ လေသံတိုးတိုးဖြင့် တစုံတစ်ခုကို ဆွေးနွေးနေကြပြီး သည်တောင်ကုန်းများထံမှ ထွက်ခွာလာကာ အမည်မသိနေရာတစ်ခုခုထံ ဦးတည်သွားကြသည်။
ထူးခြားသည်မှာ သူတို့နှစ်ယောက်သည် ကျယ်ပြောလှသော ယွဲ့ကျင်းမြို့တော်၌ ဟန်လိ၏ တည်နေရာကို မည်သို့ရှာဖွေမည်နည်းနှင့် ပတ်သတ်ပြီး တခွန်းတပါဒမှ မဟသွားခဲ့ကြပေ။ ဟန်လိ ရှိနေသော နေရာကို သိရဖို့က သူတို့အတွက် ကိစ္စမရှိလေသည့်အလား။
ထိုစဉ် ထိုတောင်ကုန်းများနှင့် ကီလိုမီတာရာချီလောက် အကွာရှိ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ဟန်လိသည် သူ့နတ်လေလှေကို သက်ဆင်းသည်။ သူ ဖမ်းလာသော ဝတ်ရုံနက်လေးယောက်ကိုလည်း အောက်သို့ အတင်းအကြပ် ဆင်းခိုင်းသည်။
ထိုလေးယောက်သည် သူတို့အတွက် ကောင်းတာ ဖြစ်လာနိုင်ခြေ မရှိလောက်တာ သိကြသော်လည်း ပုန်ကန်သည့် စိတ်သဘောကို လုံးလုံး မပြကြ၊ ဟန်လိ၏ အမိန့်များကိုသာ နာနာခံခံဖြင့် နားထောင်ကြပြီး လှေငယ်ပေါ်ကနေ ဆင်းလျှောက်လာသည်။
ဟန်လိက လက်နှစ်ဖက်နောက်ပစ်လျက် ထိုလေးယောက်ရှေ့တွင် ရပ်ကာ သူတို့ကို အေးတိအေးစက် စိုက်ကြည့်နေသည်။ အချိန်အတော်အတန် ကြာပြီးနောက်မှာ သူက စကားပြောလာသည်။
“မင်းတို့ရဲ့ မျက်နှာဖုံးတွေကို ချွတ်လိုက်။ ခုချိန်မှာ မင်းတို့ မျက်နှာတွေကို ဖုံးထားတာဟာ ဘာမှ အသုံးမဝင်တော့ဘူး…”
ဟန်လိ၏ စကားကြောင့် သူတို့လေးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်မိသွားကြသည်။
“မျက်နှာဖုံးတွေ ချွတ်လိုက်ပါ…” လေးယောက်ထဲမှ အစ်ကိုကြီးဖြစ်သူက ဘာမျှမတတ်နိုင်သည့်သဘောဖြင့် ထိုသို့ ပြောသည်။
သူ့စကားကို ကြားသည့်အခါ တခြားသုံးယောက်သည်လည်း တစ်ယောက်ပြီးတစ်ယောက် မျက်နှာဖုံးများ ချွတ်ကြသည်။ သူတို့၏ အစစ်အမှန်ရုပ်သွင်များ ပေါ်လာသည်။
ဟန်လိသည် ထိုလေးယောက်ကို တချက် လှမ်းကြည့်သည်။ သူ့အပြင်ပိုင်း အမူအရာကမူ ပြောင်းလဲမသွားခဲ့ပေ။ သို့သော် စိတ်ထဲ၌မူ သက်ပြင်းချမိသည်။ ထင်ထားသည့်အတိုင်းပင်။ ထိုလေးယောက်မှာ သူ စားသောက်ဆိုင်၌ မြင်ခဲ့ဖူးသော မြူတောင်တန်းမှ မိတ်ဆွေငါးဖော် ဖြစ်နေလေသည်။
သူသည် လေထဲကနေ ထိုလေးယောက် ပြောဆိုဆွေးနွေးနေတာကို နားထောင်နေခဲ့ချိန်က သူတို့၏ အသံများကို ကြားဖူးသလို ခံစားမိခဲ့ပြီး ဖြစ်သည်။ သူတို့၏ ကျင့်ကြံမှုအဆင့််များကိုပါ ထည့်တွက်သည့်အခါ ထိုလေးယောက်ကို လွန်ခဲ့သော နှစ်လခန့်က စားသောက်ဆိုင်၌ သူ တွေ့ကြုံခဲ့ဖူးသော မြူတောင်တန်းမှ မိတ်ဆွေငါးဖော်နှင့် ချိတ်ဆက်မိခဲ့သည်။
အခုသည်လူများသည် သူ ခန့်မှန်းမိထားသော သူများ ဖြစ်နေမှန်း သေချာ သိသွားခဲ့ပြီ ဖြစ်သော်လည်း ဟန်လိမှာ ခေါင်းကိုက်မိရလေပြီ။ စဉ်းစားနေဖို့ပင် မလိုတော့။ မင်းသားရှင်းနေအိမ်တော်ရှိ မင်းသားငယ်နှင့် အကြီးအကဲချုပ်ဝမ်တို့မှာ ကျင့်ကြံသူများ ပျောက်ကွယ်သွားစေသည့် နောက်ကွယ်မှ ပြစ်မှုကျူးလွန်သူများ ဖြစ်မှန်း ဟန်လိ သိသည်။
အစတုန်းက သူသည် သည်ပြဿနာကို တတ်နိုင်သမျှ ရှောင်ချင်ခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ၎င်းပြဿနာက သူ့ထံ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့လေပြီ။ သူသာ ထိုသို့ ဖြစ်မယ်မှန်း သိခဲ့ပါက တာအိုသခင်အိုကို မင်းသားငယ်နှင့်အကြီးအကဲဝူတို့အား စောင့်ကြည့်ခိုင်းခဲ့မည် မဟုတ်လေပေ။
မည်သို့ပင်ဖြစ်ပါစေ တာအိုသခင်အိုဝူသည် ခုလောက်ထိ အသုံးမကျဖြစ်လိမ့်မည်ဟု ဟန်လိအနေဖြင့် မမျှော်လင့်ထားခဲ့ချေ။ သူကား ထိုနှစ်ယောက်ကို တညလောက် စောင့်ကြည့်ရုံဖြင့် တဖက်သူ၏ သိရှိသွားတာကို ခံခဲ့ရသည်။ သူ့ဘဝကိုပင် ကာကွယ်နိုင်စွမ်း မရှိခဲ့ရှာပေ။ သို့အတွက် ဟန်လိမှာ စွံ့အမိရသည်။ အကယ်၍ တာအိုသခင်အိုသည် တမလွန်ကနေ ဟန်လိ သူနှင့် ပတ်သတ်ပြီး အခုကဲ့သို့ ထင်မြင်နေတာကိုသာ ကြားသိရပါက သူ့အနေဖြင့် လက်ခံနိုင်လိမ့်မည် မဟုတ်လောက်ပေ။ သူသည် မင်းသားငယ်၏ အခန်းထဲ ဝင်လာခဲ့ပြီး မစောင့်ကြည်ရသေးခင်မှာပင် မင်းသားငယ်က အကြောင်းရင်းမရှိလေဘဲ သူ့သွေးအနှစ်သာရများကို စုပ်ယူပစ်တာကို ခံခဲ့ရသူ မဟုတ်လား။ သူ၏ သေဆုံးခြင်းကား အမှန်တကယ်ကို တရားမျှတမှု မရှိခဲ့ပါ။
ဟန်လိသည် တာအိုသခင်အိုဝူ၏ သေဆုံးခြင်းနှင့် ပတ်သတ်ပြီး အထင်အမြင် မှားနေခဲ့သော်လည်း သူက မင်းသားငယ်နှင့် အကြီးအကဲချုပ်ဝမ်တို့မှာ တာအိုသခင်အိုသည် သူတို့ကို ထောက်လှမ်းစောင့်ကြည့်မည့် အစီအစဉ် ရှိကြောင်းကိုမူ မသိနေပါ။ သည့်အပြင် မင်းသားငယ်နှင့် အကြီးအကဲချုပ်ဝမ်တို့မှာလည်း ဟန်လိက သူတို့၏ နောက်ခံအမှန်ကို သိသွားခဲ့ပြီကို မသိနေကြပါ။
ခုချိန်၌ ဟန်လိ၏အတွေးများမှာ လေးလံဖိစီးနေသည်။
တကယ်တော့ မကြာသေးခင်က ပျောက်ကွယ်သွားခဲ့သော ကျင့်ကြံသူများထဲ၌ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ အနည်းငယ်ပင် ပါဝင်ခဲ့သည် မဟုတ်လား။ သူ ရန်စမိခဲ့သော ရန်သူကသာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေခဲ့ပါက သူ့အနေဖြင့် ပေါ့ဆမိ၊ သတိလွတ်မိခဲ့လျှင် တခြားကျင့်ကြံသူများ၏ ခြေလှမ်းအတိုင်း လိုက်သွားရနိုင်သည်။
ပုံမှန်အားဖြင့် သည်နေရာမှာ အန္တရာယ်များနေပြီ ဖြစ်၍ သူ အဝေးသို့ ထွက်သွားတော့မှာ သဘာဝသာ။ ထိုအုပ်စုနှင့် အသေအကြေ တိုက်ခိုက်နေရန်လည်း မလိုအပ်ပေ။ သူ ဒီနေရာကနေ အဝေးသို့ ထွက်သွားနိုင်လေလေ ပိုကောင်းလေပင်။ သို့သော် သူ့အတွက် ထိုသို့ ထွက်သွားဖို့ ခက်ခဲနေသည်မှာ ချင်းမျိုးနွယ်ကို ကာကွယ်ပေးရမည့် တာဝန်ရှိနေတာ ဖြစ်သည်။
ချင်းမျိုးနွယ်မှ လူများသည် သူ မရှိချိန်တွင် ကံဆိုးသွားပါက လီဟွာယွမ်ကို ပြန်တင်ပြချိန်၌ ပြောစရာ စကားမရှိ ဖြစ်ရလိမ့်မည်။ ယွဲ့ကျင်းမြို့တော်မှာ ရုတ်တရက် အန္တရာယ် ကြီးလာပြီဟု ခံစားမိသောကြောင့် သူ ထွက်သွားတော့မည်ဟု မဆိုလိုပါ။
ထိုသို့တွေးနေစဉ် ဟန်လိ၏ အမူအရာမှာ မပြတ်မသား ဖြစ်နေလေ၏။ သူ့ရှေ့မှ လေးယောက်တို့သည် အလွန်မသက်မသာ ခံစားနေရသည်။
သူတို့က လူသူကင်းမဲ့သော နေရာသို့ ခေါ်လာခြင်း ခံရသည့်အခါ တဖက်သူသည် သူတို့ကို သတင်းအချက်အလက်အတွက် အတင်းအကြပ် ဖိအား ပေးတော့မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် ထိုအခြေခံတည်ဆောက်ခြင်းကျင့်ကြံသူက အတွေးများနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့မိပေ။ သူ့အမူအရာက ထူးခြားနေသည်။ သူက သူတို့ကို နှိပ်စက်ဖို့ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို စဉ်းစားနေတာများလား။
ကြုံရာလျှောက် ခန့်မှန်းကြည့်နေပြီးနောက်မှာ ထိုလေးယောက်သည် နောက်ကျော၌ ချွေးပြန်လာပြီး သူတို့၏ စိတ်အခြေအနေများလည်း မတည်မငြိမ် ဖြစ်လာကြသည်။
“ရှင်က ကျမတို့ကို ဘာလုပ်ဖို့ စီစဉ်ထားတာလဲ…”
အသက်နှစ်ဆယ်ဝန်းကျင်လောက်ရှိမည့် အမျိုးသမီးငယ်က အောင့်အီးမထားနိုင်တော့ဘဲ ရုတ်တရက် ထိုသို့ မေးလာသည်။ သူမ၏ စကားများကိုကြားမှ ဟန်လိလည်း အတွေးများနေခြင်းကနေ ပြန်သတိဝင်လာပြီး ထိုအမျိုးသမီးငယ်ကို တချက်လှမ်းကြည့်ကာ အေးတိအေးစက် ပြောသည်။
“ကျုပ်က မင်းတို့ကို စီမံဖို့ လိုလို့လား။ ကျုပ်သာ ပျောက်သွားကြတဲ့ ကျင့်ကြံသူတွေရဲ့ မိသားစုတွေဆီ မင်းတို့ကို လွှဲပေးပြီး ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က ကျူးလွန်သူတွေဟာ မင်းတို့လို ပြောလိုက်ရင် သူတို့က မင်းတို့ကို ကောင်းကောင်းကြီး ပြုမူဆက်ဆံလိမ့်မယ်လို့ ငါ ယုံတယ်…”
ဟန်လိသည် စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ထိုသို့ ပြော၏။ သူတို့လေးယောက်သည် ဟန်လိ ပြောသည့်စကားများကို သံသယမရှိလေပေ။ သူတို့သည် ထိတ်လန့်ကြောက်ရွှံ့ဟန်များ မဖြစ်ပေါ်မိဘဲ မနေနိုင် ဖြစ်ရလေသည်။
“ကျုပ်တို့က အဲ့ကျင့်ကြံသူတွေကို ဘယ်တုန်းကမှ ပြန်ပေးမဆွဲ့ခဲ့ဘူး။ လုံးဝပဲ။ ကျုပ်တို့က…”
“ဂျူနီယာညီမလေးငါး…မပြောတော့နဲ့။ သူက နင့်ကို စကားနဲ့ ချုပ်ဖို့ ကြိုးစားနေတာပဲ…”
မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ရုတ်တရက် ထိုသို့ ထအော်ကာ အမျိုးသမီးငယ်၏ စကားကို ဖြတ်ပြောသည်။ ညီမငါးဖြစ်သူမှာ စိတ်ထဲ၌ တုန်လှုပ်သွားပြီး ဟန်လိကို ရန်လိုစွာ လှမ်းကြည့်မိသည်။
“ငါက မင်းတို့ကို စကားနဲ့ ချုပ်ဖို့ ကြိုးစားနေတာ ဟုတ်လား။ မင်းတို့က မင်းတို့ကိုယ်မင်းတို့ အထင်ကြီးလွန်းနေပြီ…” ဟန်လိသည် တဟားဟား ရယ်လေ၏။ သူ့နှုတ်ခမ်းထက်တွင်မူ ထေ့လှောင်သော ဟန်အမူအရာက အထင်းသား။