← Chapters

သွေးကျိန်စာ

Vol. 22 Ch. 300

သွေးကျိန်စာ

Vol. 22 Ch. 300

“ဟက်…ကျုပ်တို့ရဲ့ စီနီယာတစ်ယောက်အနေနဲ့ ခင်ဗျားက ဒီနည်းနဲ့ ကျုပ်တို့ကို နှိပ်စက်ဖို့ မလိုပါဘူး။ ခင်ဗျားက ကျုပ်တို့ကို နှိပ်စက်မယ့်နည်းလမ်း ဘာပဲရှိရှိ…အသုံးပြုလိုက်စမ်းပါ…”

မြူတောင်တန်းမှ မိတ်ဆွေငါးဖော်ထဲမှ အရပ်ရှည်ရှည်နှင့် ဒုတိယမြောက်အစ်ကိုသည် သေရမှာကို မကြောက်မလန့်သည့်အလား ရုတ်တရက် ထိုသို့ ထပြောသည်။

သူ့စကားကြောင့် ကျန်သုံးယောက်မှာ တုန်လှုပ်သွားသည်။ သူတို့၏ စိတ်ထဲတွင်မူ သည်ဒုတိယအစ်ကိုမှာ မပြောခင် ကြိုစဉ်းစားသောသူ၊ အဆင်အခြင်မမဲ့သောသူဟု ထင်ထားကြပေသည်။

ထိုအခိုက်တွင် ဟန်လိကို သိသလို ခံစားမိခဲ့ဖူးသော အသက်သုံးဆယ်ဝန်းကျင်လောက်ရှိမည့် လူငယ်က ရုတ်တရက် သူသည် တစုံတစ်ခုကို စဉ်းစားမိသွားပြီး ထိုအရပ်ရှည်ရှည်သူထံ လှည့်ကာ ဒေါသသံ၊ အလန့်တကြားသံတို့ဖြင့် ပြောလာသည်။

“ဒုတိယအစ်ကို။ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ခင်ဗျားက ဒီစီနီယာ ဒေါသထွက်သွားပြီး ကျုပ်တို့အားလုံးကို သတ်ပစ်အောင်လို့ ကြိုးစားနေတာလား…”

သူ့ပါးစပ်ကနေ ထိုစကား ထွက်လာသည့်အခါ ဟန်လိသည်ပင် အနည်းငယ်မျှ အံ့အားသင့်သွားရသည်။ မျက်နှာမည်းမည်းအဘိုးအိုနှင့် အမျိုးသမီးငယ်တို့ဆို ပြောနေရန်ပင် မလိုတော့ပေ။ သူတို့သည် ထိုလူငယ်က ဘာကြောင့် သည်စကားများ ပြောခဲ့သနည်းအပေါ် စဉ်းစားမရ ဖြစ်သွားကြသည်။

ဒုတိယအစ်ကို၏ မျက်နှာသည် ချက်ခြင်း သေလောက်အောင် ဖြူရောသွားသည်။ သူသည် သူ့ကိုယ်သူ ကာကွယ်နိုင်မည့် ဘာစကားကိုမျှ မပြောနိုင် ဖြစ်သွားရသည်။

“အစ်ကိုလေး…။ နင် ရူးသွားပြီလား။ ဒုတိယအစ်ကို…နင်က တို့ကို သေစေချင်နေတာလား…”

အမျိုးသမီးငယ်သည် ဒေသတကြီးဖြင့် အရပ်ရှည်ရှည်နှင့် ဒုတိယအစ်ကိုအား ထိုသို့ ပြောချသည်။

ထို့နောက်တွင် သူမသည် မျက်နှာမည်းမည်းနှင့် အစ်ကိုကြီးဆိုသူ အဘိုးအိုဘက် လှည့်ကာ တစ်စုံတစ်ခုကို ပြောပြသည်။ ထိုအဘိုးအိုမှာလည်း သုန်မှုန်နေသည်။

“ညီနှစ်၊ တတိယညီမလေးက သူတို့ရဲ့ လက်ထဲမှာ ရှိနေသေးတဲ့အတွက် မင်းက လူတိုင်းကို သေစေချင်နေတာလား။ ဒါမှ တတိယညီမလေးက အသက်ရှင်ချင် ရှင်နိုင်လိမ့်မယ်လို့ တွေးနေတာလား…”

မျက်နှာမည်းမည်းနှင့် အဘိုးအိုက အေးတိအေးစက်ဖြင့် ထိုသို့ မေးသည်။

“ကျနော့်ကို ခွင့်လွှတ်ပေးပါ…အစ်ကိုကြီး။ ဒါပေမဲ့ ခင်ဗျားတို့အားလုံးဟာ သူ့ရဲ့ နည်းလမ်းတွေကို သိသင့်တယ်။ သူ့စကားရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်အရဆို သူ့လက်ချက်နဲ့ တတိယညီမလေးဟာ ရာချီပြီး နှိပ်စက်မှုတွေကို ခံစားရနိုင်တယ်။ သေတာထက် ဆိုးတဲ့ ဘဝပေါ့။ အဲ့လိုမျိုး ကံကြမ္မာကို ခံစားနေရတာထက်စာရင် လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်လွင့်ပါးသွားတာကမှ ပိုကောင်းအုံးမယ်…”

ပိန်ရှည်ရှည်နှင့်သူသည် အရှက်ရဟန်ဖြင့် တဖြည်းဖြည်း ပြောသည်။

အမျိုးသမီးငယ်သည် ထိုစကားကို ကြားသည့်အခါ သူမ၏မျက်နှာသည် ဖြူဖပ်ဖြူရော ဖြစ်သွားသည်။ သူမ၏ နှုတ်ခမ်းများက အကြိမ်ကြိမ် လှုပ်ခတ်သွားသည်။ သို့သော် ဘာစကားမှ ထွက်လာနိုင်စွမ်း မရှိလေပေ။

“ဟက်…တတိယအစ်မက ခင်ဗျားရဲ့ တာအိုလက်တွဲဖော် ဖြစ်နေခဲ့ရင်တောင် သူမတစ်ယောက်တည်းအတွက်နဲ့ ကျုပ်တို့သုံးယောက်ရဲ့ အသက်တွေကိုတော့ အသုံးပြုလို့ မရဘူး…”

အသက်သုံးဆယ်ဝန်းကျင်ရှိ လူငယ်သည် ဒုတိယအစ်ကိုကို မကျေမနပ်ဖြင့် ထိုသို့ထအော်သည်။

“ညီနှစ်၊ ညီ(လေး)က ပွင့်ပွင့်လင်းလင်း ပြောပေမယ့်လည်း သူဟာ အကျိုးအကြောင်း မသင့်တာတော့ မဟုတ်ဘူး။ ကျုပ်တို့ အဲ့နှစ်တုန်းက မိတ်ရင်းဆွေရင်းတွေအဖြစ် ကျိန်ဆိုခဲ့ချိန်တုန်းက ကျုပ်တို့ဟာ အတူသေ၊ အတူရှင်မယ်လို့ ကတိကဝတ် ပြုခဲ့ကြတယ်။ ဒါပေမဲ့ မင်းရဲ့ တကိုယ်ကောင်းဆန်တဲ့ အကြံကြောင့် မင်းက လူတိုင်းကို သေစေချင်နေတာပဲ။ ဒါတော့ တရားမျှတမှု မရှိဘူး…”

မျက်နှာမည်းမည်းနှင့် အဘိုးအို၏ အသံတွင် မကျေမနပ်မှုတို့ ပြည့်နေသည်။

“အမှန်ပါပဲ။ ကျုပ်က လူတိုင်းကို သေစေချင်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်မှာ တခြား ဘာနည်းလမ်း ရှိသေးလို့လဲ။ ကျုပ်ရဲ့ ရင်သွေးကို တတိယညီမက လွယ်ထားရပြီ။ ကျုပ်ရဲ့ လီမျိုးနွယ်ဟာ ဒီမှာတင် မျိုးသုဉ်းသွားလို့ မဖြစ်ဘူး။ မဟုတ်ရင် ဘယ်သူကများ ဒီအတိုင်း သေချင်ပါ့မလဲ။ ဒုက္ခသုက္ခနဲ့ အသက်ရှင်ရတာ ကောင်းကောင်း သေရတာထက်တော့ ပိုကောင်းတယ်မလား…”

သူ့မျက်နှာမှာ ဖြူလိုက်နီလိုက် ဖြစ်နေရင်း ထိုအရပ်ရှည်ရှည်ပိန်ပိန်နှင့်သူသည် လက်သီးတင်းတင်းဆုပ်ကာ ထိုသို့ ပြန်အော်လိုက်လေတော့သည်။

ထိုစကားများကြောင့် မျက်နှာမည်းမည်းနှင့်အဘိုးအို၊ အမျိုးသမီးငယ်တို့မှာ မင်သက် တုန်လှုပ်အံ့အားသင့်ဟန် ဖြစ်ပေါ်သွားသည်။ ထိုခဏတွင် သူတို့သည် ဘာပြောရမှန်း မသိ ဖြစ်ရလေသည်။ အမျိုးသမီးငယ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေချေ၏။

“မင်းတို့ ပြောလို့ဆိုလို့ ပြီးပြီလား။ မင်းတို့ ပြောလို့ပြီးရင် ကျုပ် ပြောမယ်…”

သူတို့ကို စောင့်ကြည့်နေသော ဟန်လိသည် ရုတ်တရက် အေးစက်စက်လေသံဖြင့် ပြောချလာသည်။

သူ့စကားကို ကြားသည့်အခါ သူတို့သည် မင်သက်ကာ သူတို့၏ ဘဝသည် သူတို့ရှေ့ရှိ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ လက်ထဲ၌ အမှန်တကယ် ရှိနေမှန်း ရုတ်တရက် ပြန်သတိရသွားသည်။

သူတို့၏ မကျေမနပ်ချက်များမှာ သဲလွန်စမရှိ ချက်ခြင်း ပျောက်ကွယ်သွားသည်။ သူတို့ကား တစ်ယောက်နှင့်တစ်ယောက် ကြောင်ကြောင်ရီရီ ကြည့်မိကုန်သည်။

“မင်းတို့ သေချင်နေတာပဲ ဖြစ်ဖြစ်၊ ကစားနေတာပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းတို့ လုပ်ရပ်တွေရဲ့ နောက်ကွယ်က သတင်းအချက်အလက်တွေကိုပဲ ကျုပ် သိချင်တယ်။ မင်းတို့ အမှန်တကယ် သေချင်ကြတယ်ဆိုရငလည်း ကျုပ်ကို အဲ့သတင်းအချက်အလက်တွေ ပြောပြီးမှ သေကြ။ မင်းတို့ရဲ့ သေရေးရှင်ရေးကို မင်းတို့ကိုယ်တိုင် ထိန်းချုပ်နိုင်တယ်လို့ ထင်နေတာလား…”

ဟန်လိ၏ စိတ်လှုပ်ရှားမှု ကင်းမဲ့သော စကားများကြောင့် သူတို့လေးယောက်လုံး၏ အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

“ကျနော်တို့က ခင်ဗျား ဘာလိုချင်လဲကို မသိပါဘူး။ ဒါ့အပြင် ကျုပ်တို့မှာ သွေးကျိန်စာမိနေတယ်။ ကျုပ်တို့က အပြင်လူတွေကို အရေးကြီးတဲ့ ကိစ္စတွေ ပြောပြလို့ မရနိုင်ဘူး။ မဟုတ်ရင် ဒီအတားအဆီးဟာ ချက်ခြင်း အသက်ဝင်လာပြီး ကျုပ်တို့ရဲ့ နှလုံးတွေ ကွဲအက်သွားရလိမ့်မယ်…”

မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် အံတင်းတင်းကြိတ်ကာ ထိုသို့ ပြောသည်။ သူသည် လက်လျှော့ထားပြီး ဖြစ်ပုံရသည်။

“သွေးကျိန်စာလား။ ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။ ကျုပ် ဒါကို ကြည့်ကြည့်မယ်….”

ဟန်လိသည် သတိပိုထားလာကာ စိတ်ဝင်စားဟန်ဖြင့် ယင်းသို့ ပြောသည်။

မျက်နှာမည်းမည်းနှင့်သူက သည်စကားကို ကြားသည့်အခါ သူ့စိတ်ဝိညာဉ်သည် မသိမသာ တုန်လှုပ်သွားသည်။ ခဏတွေဝေနေပြီးနောက်မှာ သူသည် ရှေ့သို့ လှမ်းလာပြီး လက်ကို ဆန့်ကားလေ၏။ သူ့ထံ၌ မျှော်လင့်ချက်အမျှင်တန်းတစ်ခုကို ဆုပ်ကိုင်ထားသည့်နှယ်။ သူသည် ဟန်လိသည် သူ့ခန္ဓာကိုယ်အတွင်း၌ ဖုံးကွယ်နေသော ကပ်ဘေး(ဝါ) သွေးကျိန်စာကို ဖယ်ရှားနိုင်စွမ်း ရှိဖို့ မျှော်လင့်သည်။ သို့ပေမည့် သူသည် ထိုမျှော်လင့်ချက်မှာ ဖြစ်နိုင်ခြေနည်းလှသည်ဟု ခံစားမိရသည်။

သူတို့ခန္ဓာကိုယ်ပေါ်၌ သွေးကျိန်စာကို ထားထားခဲ့သော သူများသည် ၎င်းအပေါ်၌ အလွန်ယုံကြည်မှု ရှိကြလေသည်။

ထိုအခိုက်တွင် ဟန်လိသည် ယင်းအဘိုးအို၏ လက်ကောက်ဝတ်ကို လှမ်းကိုင်ကာ သူ့ခန္ဓာကိုယ်ထဲ စိတ်ဝိညာဉ်စွမ်းအားကို ဖြည်းဖြည်းချင်း လှည့်ပတ်စေလိုက်သည်။ ထိုအခါ သူ့အမူအရာမှာ ပြောင်းလဲသွားပြီး လေးစားသမှု ရှိဟန် ပေါ်လာသည်။

မြူတောင်တန်းမှ တခြားသုံးယောက်သည်လည်း ဟန်လိတို့နှစ်ယောက်ကို အာရုံစူးနစ်ကာ ကြည့်နေကြသည်။ သူတို့သည် ထိုကျွမ်းကျင်သူဟန်လိက သွေးကျိန်စာကို အမှန်တကယ် ဖယ်ရှားနိုင်ရန် မျှော်လင့်နေသည်သာ။

ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာ ဟန်လိသည် ထိုအဘိုးအို၏ လက်ကို ပြန်လွှတ်ပေးသည်။ သူက ခေါင်းငုံ့ကာ စဉ်းစားခန်းဝင်သည်။

ခဏအကြာတွင် သူ ခေါင်းပြန်မော့ကာ ယင်းအဘိုးအိုကို မေးသည်။

“သူတို့က မင်းတို့အပေါ် ဒီကျိန်စာ ပြုလုပ်ခဲ့တဲ့အချိန်တုန်းက သူတို့အနေနဲ့ ထူးခြားတဲ့ မန္တာန်တွေ၊ ဒါမှမဟုတ် ထူးခြားတဲ့ စကားတခုခုကို မရွတ်ဆိုခဲ့ကြဘူးလား…”

ဟန်လိ၏ အမေးကြောင့် သည်လေးယောက်၏ ဟန်အမူအရာတွင် တုန်လှုပ်ဟန်၊ ပျော်ရွှင်ဟန်တို့ ရောထွေးနေသည့် အမူအရာများ ဖြစ်ပေါ်ကုန်သည်။

“သူတို့ ပြောခဲ့တယ်။ ကျုပ်တို့ နားမလည်တဲ့ စကားတချို့ကို သူတို့ ပြောခဲ့ကြတယ်။ အဲ့တာက ရှေးဟောင်းဘာသာစကား ဖြစ်ပုံရတယ်။ ကျုပ်တို့က အဲ့စကားတွေကို အရင်က လုံးလုံး မကြားဖူးခဲ့ဘူး။ ဒါ့အပြင် ကျုပ်တို့ကို ကျိန်စာ ချမှတ်ခဲ့တဲ့သူဟာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ပဲ…”

မျက်နှာမည်းမည်းနှင့် အဘိုးအို၏ တုန့်ပြန်စကားကို စောင့်မနေတော့ဘဲ ပိန်ပိန်ရှည်ရှည်လူက အရင်ဆုံး စိတ်လှုပ်တရှားဖြင့် ဟန်လိ၏ အမေးကို ပြန်ဖြေလာသည်။

“ဒါ့အပြင် သူတို့က အဲ့စကားတွေကို ပြောပြီးတဲ့နောက်မှာ ဘာမှန်းမသိရတဲ့ သွေးနက်တဇလုံ တိုက်တယ်။ ပြီးတော့ ကျုပ်တို့လက်တွေပေါ် တမူထူးတဲ့ ပုံစံကွက်တချိ့ကို ရေးဆွဲတယ်။ ဒါကို ဖယ်ရှားပစ်လို့ကို မရခဲ့ဘူး…”

ထိုအဘိုးအိုသည် ယင်းသို့ ထပ်ပြော၏။ ထို့နောက်တွင် သူ့လက်မောင်းကို လှစ်ဟပြသည်။ ထိုအခါ ထူးခြားသော အနက်ရောင်ခပ်မှိန်မှိန်ရှိသည့် သင်္ကေတတစ်ခု ပေါ်လာလေသည်။

ဟန်လိက ရှေ့သို့ တိုး၍ သေချာ ကြည့်သည်။ ထို့နောက်တွင် သူက ခေါင်းညိတ်ပြသည်။ သူက ခေါင်းငုံ့ကာ ထပ်မံ၍ စဉ်းစားခန်း ဝင်သွားပြန်သည်။

တအောင့်အကြာတွင် ဟန်လိသည် ရုတ်တရက် ခေါင်းမော့ပြီး ဆန်းကြယ်စွာ ပြုံး၍ သူတို့ကို ပြောလိုက်သည်။

“ကျုပ် အနေနဲ့ ဒီသွေးကျိန်စာက ဘာလဲဆိုတာကိုတော့ သိသွားပြီ ထင်တယ်…”

“စီနီယာ့စကားက အမှန်ပဲလား…” မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် တုန်တုန်ယင်ယင်ဖြင့် ထိုသို့ ပြောလေသည်။ တခြားသုံးယောက်လည်း ဟန်လိ၏ စကားများကို မယုံကြည်ဝံ့ဘဲ ဖြစ်နေ၏။

သွေးကျိန်စာသည် သူတို့၏ လည်ပင်း၌ ဝဲနေသော ထက်မြက်သည့်ဓားသွားတစ်ခုကဲ့သို့ပင်။ သူတို့၌ ရွေးချယ်စရာမရှိလေဘဲ ထိုသူများ ပေးအပ်သော အမိန့်များကိုသာ လိုက်နာခဲ့ရသည်။ ဟန်လိသည် သည်အန္တရာယ်ကြီးကို အမှန်တကယ် ဖယ်ရှားပေးနိုင်ပါက သူတို့သည် လွတ်လပ်မှု ပြန်ရကာ သူတို့၏ ဖမ်းဆီးခိုင်းမှုများကိုလည်း ထပ်မံ၍ နာခံစရာ လိုတော့မည် မဟုတ်ပေ။

“ဒီသွေးကျိန်စာဟာ နှုတ်ကျိန်စာတစ်မျိုးပဲ။ ဒီကျိန်စာအတားအဆီးကို ဖန်တီးထားတာကတော့ ထူးခြားတဲ့မန္တာန်နဲ့ ဖြစ်လိမ့်မယ်။ ဒါက မင်းလက်မောင်းအပေါ်က အနက်ရောင်သွေးအမှတ်အသားနဲ့ လားလားမျှ မဆိုင်ဘူး။ အဲ့တာက လှည့်စားချက်သပ်သပ်ပဲ…” ဟန်လိသည် မထူးခြားနားဟန်ဖြင့် ရှင်းပြသည်။

သို့ပေမည့် သူ စိတ်ထဲကမူ ကံကောင်းသွားတာ ဟူ၍ သက်ပြင်းချမိပေသည်။

ကံကောင်းသည်မှာ သူသည် မဟာဖယ်ရှားခြင်းတံဆိပ်ပြားပေါ်ရှိ သတင်းအချက်အလက်များကို ရှာဖွေခဲ့ချိန်၌ ထူးခြားသော စာအုပ်တစ်အုပ်ထဲ၌ ထိုနှုတ်ကျိန်စာပညာရပ်အကြောင်း ဖတ်ရှုခဲ့ဖူးသည်။ မဟုတ်ပါက သူသည် ၎င်းနှင့် ပတ်သတ်ပြီး နည်းနည်းလေးမျှ သိလိမ့်မည် မဟုတ်ပေ။

“ဒီကျိန်စာကို စီနီယာအနေနဲ့ ဖယ်ရှားပေးဖို့ ဖြစ်နိုင်ပါသလား…” အမျိုးသမီးငယ်သည် ထိုသို့ မမေးမိဘဲ မနေနိုင်တော့ပေ။

“ကျုပ်…မသိဘူး…”

ဟန်လိ၏ အေးတိအေးစက် အဖြေကြောင့် ထိုလေးယောက်သည် စိတ်အားပျက်သွားရသည်။ အစောလေးတုန်းက သူတို့၏ ပျော်ရွှင်မှုများမှာ ချက်ခြင်း ပြန်ပျောက်သွားလေပြီ။

“စီနီယာ့ရဲ့ စကားက ဘာအဓိပ္ပာယ်များလဲဗျ…” မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် အလျင်စလို ပြုံး၍ ဂရုတစိုက် မေးသည်။

ခုချိန်၌ ဟန်လိကသာ သည်ကျိန်စာကို ဖယ်ရှားပေးနိုင်သည် ဖြစ်ရာ သူအနေဖြင့် ဟန်လိကို နည်းနည်းလေးမျှ စိတ်ကသိကအောက်ဖြစ်သွားအောင် မလုပ်ဝံ့ပေ။

“နှုတ်ကျိန်စာကို ဖယ်ရှားဖို့အတွက် နည်းလမ်းနှစ်ခု ရှိတယ်။ တစ်ခုကတော့ ဒီကျိန်စာကို ပပျောက်စေတဲ့မန္တာန်ကို သိရမှာ။ ငါ့မှာ အဲ့လို ပပျောက်စေတဲ့ မန္တာန် ရှိတာနဲ့ ဒါကို စိတ်ဝိညာဉ်စွမ်းအားနဲ့ အသံကျယ်ကျယ် ဖတ်လိုက်တာနဲ့ ဒီကျိန်စာကို ဘေးကင်းကင်းနဲ့ ချိုးဖျက်နိုင်သွားလိမ့်မယ်။ နောက်နည်းလမ်းတစ်ခုကတော့ ငါ့စိတ်ဝိညာဉ်အသိအာရုံကို အသုံးပြုပြီး မင်းတို့ရဲ့ အသိပင်လယ်ထဲကို ဝင်ရမယ်၊ ပြီးရင် နှုတ်ကျိန်စာရဲ့ အရိပ်အယောင်အားလုံးကို အတင်းအကြပ် ဖယ်ရှားပစ်ရမှာ။ ဒီနည်းအတွက် ဖယ်ရှားမယ့်သူရဲ့ စိတ်ဝိညာဉ်အသိအာရုံဟာ ကျိန်စာ ပြုုလုပ်ခဲ့တဲ့သူရဲ့ စိတ်ဝိညာဉ်အာရုံထက် ပိုအားကောင်းမှ ရလိမ့်မယ်။ ဒါမှသာ ကျိန်စာခပ်နှိပ်မှုကို ဖယ်ရှားနိုင်မှာ။ ငါ ကျရှုံးခဲ့ရင်တော့ နှုတ်ကျိန်စာကို မထိတထိ သွားလုပ်သလို ဖြစ်သွားလိမ့်မယ်။ အဲ့လိုသာ ဖြစ်လာခဲ့ရင် ရလဒ်ကိုတော့ မင်းတို့လည်း ကောင်းကောင်း သိမှာပါ…”

ဟန်လိသည် မျက်မှောင်ကြုတ်လျက် ထိုသို့ ပြောလေသည်။

“ဒါက သူ့ဘာသာ အသက်ဝင်သွားမှာကို ပြောတာလား…” အမျိုးသမီးငယ်သည် ထမအော်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

ကျိန်စာကို သူတို့အပေါ်၌ ချထားခဲ့သော သူသည် ၎င်းသွေးကျိန်စာသာ အသက်ဝင်လာခဲ့ပါက နောက်ဖြစ်လာမည့် ရလဒ်ကို သက်ရှိလူတစ်ယောက်အား အသုံးပြု၍ သရုပ်ပြခဲ့ဖူးပေသည်။

သူမသည် ထိုမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ဖူးသည်။ ထိုသူ၏ နှလုံးသည် အစိတ်စိတ်ကွဲထွက်ကာ ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ရလေ၏။ ယင်းမြင်ကွင်းမှာ သူမ၏ မှတ်ဉာဏ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပင်။ သွေးကျိန်စာဟူသော အမည်ကို ကြားရရုံဖြင့် သူမကို အလွန်ကြောက်ရွှံ့သွားစေသည့်အထိပင်။

သူမသာမက တခြားသုံးယောက်၏ မျက်နှာများမှာလား မသာမယာ ဖြစ်သွားလေသည်။ သူတို့သည် သူတို့၏ အသက်များနှင့် မည်သို့များ လောင်းကြေး ထပ်နိုင်ပါ့မည်နည်း။

ဟန်လိသည် သူတို့ကို ကြည့်ကာ အေးတိအေးစက် ရယ်မောသည်။ သူသည် တစ်ခုခု ပြောရန် ဟန်ပြင်စဉ် ပိန်ပိန်ပါးပါးအရပ်ရှည်ရှည်နှင့် သူက ရဲရဲဝံ့ဝံ့ ခေါင်းမော့ကာ ပြောလာသည်။

“စီနီယာ…ကျေးဇူးပြုပြီး ကျုပ်ရဲ့ ကျိန်စာကို ဖယ်ရှားပေးပါ။ ကျုပ်တို့အားလုံးပေါ်မှာ သွေးကျိန်စာ ပြုလုပ်ခဲ့တဲ့သူဟာ တစ်ယောက်တည်းပါ။ စီနီယာကသာ ကျနော့်ကို ဖယ်ရှားပေးနိုင်ခဲ့ရင် တခြားသူတွေကိုလည်း ဖယ်ရှားပေးနိုင်မှာ သေချာပါတယ်…”

သူ၏စကားများကြောင့် တခြားသုံးယောက်မှာ အံ့အားတသင့်ဖြင့် မျက်လုံးအပြူးသား ဖြစ်ကာ သူ့ကို ငေးကြည့်ကုန်သည်။

“ဒုတိယအစ်ကို…နင် ဘာလုပ်တာလဲ။ ဒါက အန္တရာယ်များလွန်းတယ်လေ…”

အမျိုးသမီးငယ်သည် စိုးရိမ်ပူပန်စွာ ထိုသို့ ခပ်မြန်မြန် လှမ်းပြောလေသည်။

All Chapters