← Chapters

အဆိပ်နှင့် မန္တာန်ကို ချိုးဖျက်ခြင်းများ

Vol. 22 Ch. 301

အဆိပ်နှင့် မန္တာန်ကို ချိုးဖျက်ခြင်းများ

Vol. 22 Ch. 301

ဘာမှ ထပ်မပြောတော့နဲ့၊ ကျုပ် ဆုံးဖြတ်ပြီးသွားပြီ…” အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးနှင့် ဒုတိယအစ်ကိုဆိုသူမှာ ပြတ်သားသောအသံဖြင့် ပြန်ပြောသည်။

အမျိုးသမီးငယ်၏ စိုးရိမ်မှုက ပိုအားကောင်းလာကာ သူမသည် အစ်ကိုကြီးဖြစ်သော အဘိုးအိုနှင့် လူငယ်တို့ထံ အကူအညီတောင်းခံဖြင့် အလျင်စလို လှမ်းကြည့်သည်။

သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ လူငယ်ကမူ ငြိမ်သက်နေလျက်။ အဘိုးအိုကတော့ သက်ပြင်းချလျက် ပြောသည်။

“ညီမငါး…ဒုတိယညီကို လုပ်ခိုင်းလိုက်ပါ။ သူ အစောပိုင်းတုန်းက လုပ်ရပ်အတွက် နောင်တရနေတာ။ ဒီလိုလုပ်မှပဲ သူ စိတ်သက်သာရာ ရလိမ့်မယ်…”

“ဒါပေမဲ့လည်း ဒုတိယအစ်ကိုဟာ…” အမျိုးသမီးငယ်သည် ထပ်၍ တားချင်သေးသည်။ သို့သော် သူမ၏ ဒုတိယအစ်ကိုမှာ ဟန်လိရှေ့သို့ လှမ်းလျှောက်ကာ ရောက်သွားခဲ့ပြီး ဖြစ်ကာ တုန်ယင်နေသော အသံဖြင့် ပြောလေသည်။

“စီနီယာ…ကျေးဇူးပြုပြီး စတင်ပေးပါ။ ကျုပ်ကို စမ်းသပ်မှုတစ်ခုအဖြစ် အသုံးပြုပါ...”

သို့သော် ဟန်လိထံမှ ထွက်ပေါ်လာသော စကားများကြောင့် သူတို့လေးယောက်လုံး၏ ခေါင်းအပေါ် ရေအေးဖြင့် လောင်းချခံရသည့်နှယ် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

“မင်းတို့လေးယောက် တခုခု နားလည်မှု လွဲနေကြပြီ။ ကျုပ်က မင်းတို့ရဲ့ သွေးကျိန်စာကို ဖယ်ရှားပေးမယ်လို့ ဘယ်အချိန်တုန်းကများ သဘောတူခဲ့လို့လဲ…”

ဟန်လိသည် အရိုးထိအေးစက်မည့် လေသံဖြင့် ထိုသို့ ပြောသည်။ ထိုအခါ မြူတောင်တန်းမှ မိတ်ဆွေငါးဖော်သည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်သည်။

“စီနီယာက သွေးကျိန်စာကို ဖယ်ရှားဖို့ စိတ်ကူးမရှိဘဲနဲ့ ဘာကြောင့်များ အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်ပေါ်က ကျိန်စာကို လေ့လာခဲ့ရတာလဲ…”

ဒုတိယအစ်ကိုသည် တုန်လှုပ်နေရာကနေ အလျင်စလို မေးလိုက်၏။

“အဲ့လို လေ့လာကြည့်ပြီးတဲ့နောက် ကျုပ်က မင်းတို့ရဲ့ သွေးကျိန်စာကို ဖယ်ရှားပေးမယ်လို့ ပြောခဲ့သလား…။ ကျုပ်က သိချင်ရုံ၊ စူးစမ်းကြည့်ချင်ရုံ သပ်သပ်ပဲ…”

ဟန်လိသည် မင်သေသေ မျက်နှာပေးဖြင့် ထိုသို့ ပြောသည်။

ဟန်လိ၏ အေးတိအေးစက် ဟန်ပန်နှင့် သူ၏ အကြင်နာမဲ့လှသော စကားများကို ကြားသည့်အခါ ထိုအုပ်စုသည် မင်သက်ကြောင်ငေးသွားရတော့သည်။

“ဒါပေမဲ့လည်း စီနီယာက ပျောက်ဆုံးသွားတဲ့ ကျင့်ကြံသူတွေနဲ့ ပတ်သတ်ပြီး သိချင်နေတာမလား။ စီနီယာကသာ ကျနော်တို့ရဲ့ သွေးကျိန်စာကို မဖယ်ရှားပေးခဲ့ရင် ကျနော်တို့က စီနီယာတို့ရဲ့ မေးခွန်းတွေကို ဘယ်လိုလုပ် ပြန်ဖြေလို့ ရပါ့မလဲ…”

လူငယ်သည် အထစ်ထစ်အငေါ့ပေါ့ဖြင့် ထိုသို့ ပြောသည်။ သူ့မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်ဟန်တို့ အထင်းသား။ သူသည် သူ့မျက်စိရှေ့တွင် ရှိနေသော ဒီအခွင့်အရေးကို လက်မလွှတ်ချင်ဘဲ ရှိနေတာ အသိသာကြီးပင်။

ဟန်လိက သူ့စကားကို ကြားသည့်အခါ တချက် လှမ်းကြည့်၏။ ထို့နောက်မှာ သူက အေးတိအေးစက် ရယ်မောသည်။ ဘာစကားမျှ မဆိုလေဘဲ သူက ကောင်းကင်ထက်သို့ မော့ကြည့်လေသည်။

“ညီ(လေး) ထပ်တောင်းပန်နေဖို့၊ တောင်းဆိုနေဖို့ မလိုဘူးဧ။ ဒီစီနီယာဟာ သူ လိုချင်တဲ့ သတင်းအချက်အလက်အတွက် ကျမတို့အသက်တွေကို ကယ်တင်ပေးဖို့ဆိုတာ မထိုက်တန်ဘူးလို့ ထင်နေတာ။ ဒါ့ကြောင့် သူက အလွယ်တကူ မလုပ်ပေးချင်နေတာ…”

မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် အကြီးအကဲတစ်ယောက်၏ ဟန်ပန်ဖြင့် ထိုသို့ ပြောလာလေသည်။

“စီနီယာအနေနဲ့ ကျနော်တို့ရဲ့ သွေးကျိန်စာကို မဖယ်ရှားပေးခင် ဘာများ လိုချင်ပါသေးသလဲ။ ကျတော်တို့က သွေးကျိန်စာကိုပဲ ဖယ်ရှားပေးစေချင်တာပါ။ ဒါ့ကြောင့် ကျေးဇူးပြုပြီး စီနီယာအနေနဲ့ တောင်းဆိုစရာ ရှိတာကို တောင်းဆိုပေးပါဗျ။ ကျနော်တို့က ကျိန်းသေပေါက် ငြင်းဆန်မှာ မဟုတ်ပါဘူး…”

တအောင့်အကြာတွင် ထိုအဘိုးအိုသည် တည်တည်ငြိမ်ငြိမ် ဆက်ပြောသည်။

“ကောင်းပြီ။ ခင်ဗျားက အဲ့လိုမျိုး ပြောမှတော့ ကျုပ်အနေနဲ့ ကွေ့ပတ် ပြောနေစရာ မလိုတော့ဘူး…”

ဟန်လိသည် အေးတိအေးစက် ရယ်မောနေတာကို ရပ်ကာ တောက်ပစွာ ပြုံးသည်။

ထိုလေးယောက်ကမူ ဟန်လိမှာ အပြောင်းအလဲ မြန်လှသည်ဟု ခံစားမိသည်။ သူတို့လေးယောက်သည် ဟန်လိကို မသိလိုက်မသိဘာသာ ပို၍ လန့်လာကြသည်။

“ကျုပ် တောင်းဆိုမှာက ရိုးရှင်းပါတယ်။ မင်းတို့ ဒီကျိန်စာက လွတ်လပ်ချင်ရင် မင်းတို့ သိသမျှ ငါ့ကို ပြောပြရမယ့်အပြင် မင်းတို့အနေနဲ့ အချိန်တစ်ခုကြာ ငါ့အမိန့်ကို နာခံပြီး အဲ့အုပ်စုရဲ့ တိုက်ခိုက်မှုတွေကို တုန့်ပြန်ဖို့ ကူညီပေးရမယ်။ သူတို့က ငါ့ကို လွယ်လွယ် လွှတ်ပေးလိမ့်မယ်လို့ ငါ မထင်ဘူး…”

“ဒါပေမဲ့လည်း မင်းတို့ လိုတာထက် စိတ်ပူနေဖို့ မလိုဘူး။ ငါက အဝါရောင်မေပယ်တောင်ကြားကပဲ။ ငါ ယွဲ့ကျင်းမြို့တော်ကို လာခဲ့တာဟာ ဂိုဏ်းကိစ္စတွေကို ကိုင်တွယ်ဖို့အတွက်ပဲ။ မင်းတို့သာ ငါ့ကို အချိန်တစ်ခု ကူညီပေးမယ်ဆိုရင် ငါ့အနေနဲ့ အင်အားတောင်းခံနိုင်စွမ်း ရှိတယ်။ အဲ့အချိန်ကျရင် မင်းတို့တွေ အဲ့လူယုတ်မာတွေကို ကြောက်နေစရာ မလိုတော့ဘူး…”

ဟန်လိသည် လေးစားလောက်သောဟန်ပန်ဖြင့် သူ လိုချင်သည်များကို အားမနာတမ်း ပြောသည်။ သူ၏ နောက်ခံကိုပါ ထည့်ပြော၏။ ထိုအခါ သူတို့ကို ဟန့်သွားစေသည်။

“စီနီယာက အဝါရောင်မေပယ်တောင်ကြားက ကျင့်ကြံသူတစ်ယောက်လား…”

ထိုအဘိုးအိုသည် ဟန်လိမှာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်ဟု ခန့်မှန်းမိတာ ကြာပြီ ဖြစ်သော်ငြားလည်း ဟန်လိ၏ ပါးစပ်မှ ကိုယ်တိုင်ထုတ်ပြောလာသည့်အခါတွင်မူ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ကောင်းပါပြီ။ စီနီယာ ပြောတဲ့အတိုင်း ကျုပ်တို့ နာခံပါ့မယ်။ တကယ်တော့ ကျုပ်တို့ရဲ့ သွေးကျိန်စာကိုသာ ဖယ်ရှားပြီးရင် ကျုပ်တို့လည်း အမဲလိုက်ခံရမှာပါ။ စီနီယာ့ဘေးမှာ ရှိတာ ကျုပ်တို့အတွက်လည်း ပို အန္တရာယ်ကင်းပါတယ်…”

မျက်နှာမည်းမည်းနှင့်အဘိုးအိုသည် ထိုသို့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။

လူငယ်နှင့် အမျိုးသမီးငယ်တို့ကမူ အဘိုးအို၏ စကားကို ကြားသည့်အခါ သူတို့သည်လည်း ငြင်းဆန်ခြင်းမရှိလေဘဲ ပြုံးကုန်သည်။ သူတို့လည်း အဘိုးအို၏ စကားမျာားကို သဘောတူတာ သိသာ၏။

ဂိုဏ်းကြီးခုနစ်ဂိုဏ်းကား သူတို့အပေါ် သွေးကျိန်စာအတားအဆီးများ ချမှတ်ခဲ့သူများထက် များစွာ ပိုတန်ဖိုး ရှိလေသည်။

ပိန်ပိန်ရှည်ရှည်နှင့် ဒုတိယအစ်ကိုသည် ချီတုံချတုံဟန်ဖြင့် တစ်ခုခု ပြောချင်နေသည့်ဟန်ပင်။ သို့သော် သူက ဆက်၍ မပြတ်မသား ဖြစ်နေဆဲသာ။

“စီနီယာ…ကျနော်တို့ရဲ့ သွေးကျိန်စာကို အမှန်တကယ် ဖယ်ရှားပေးနိုင်ခဲ့ရင် ကျနော်တို့ နောက်ထပ် တောင်းဆိုစရာတစ်ခု ရှိပါသေးတယ်။ စီနီယာ သဘောတူဖို့ မျှော်လင့်ပါတယ်…”

မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ဒုတိယအစ်ကိုကို ကြည့်သည်။ ထို့နောက်တွင် သူက တလေးတစားဟန်ဖြင့် ထိုသို့ တောင်းဆိုသည်။

ဟန်လိက ဤသည်ကို မျှော်လင့်ထားပြီးသားပင်။ ထို့ကြောင့် သူက မထူးခြားနားစွာ ပြောသည်။ “ဘာ တောင်းဆိုမှာလဲ။ ပြဿနာ သိပ်မရှိရင်တော့ ကျုပ်အနေနဲ့ လိုက်လျောပေးနိုင်တယ်…”

“ဒီတစ်ယောက်ရဲ့ တတိယညီမဟာ ယွဲ့ကျင်းမြို့တော်အိမ်မှာ ကျန်ခဲ့ပါတယ်။ အခု ကျုပ်တို့ကို စီနီယာက ဖမ်းဆီးထားတဲ့အတွက် ကျုပ်တို့အနေနဲ့ သူမ တစ်ခုခု ဖြစ်နေ၊ မဖြစ်နေကို မသိရပါဘူး။ အချိန်ကျရင် စီနီယာအနေနဲ့ သူမကို သွားကယ်ပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်…”

ထိုအဘိုးအိုသည် အလေးအနက်ဟန်ဖြင့် ပြောပြသည်။

“အစ်ကိုကြီးဆုံး…”

ပိန်ပိန်ရှည်ရှည်နှင့် ဒုတိယအစ်ကိုသည် ထိုစကားများကို ကြားသည့်အခါ သူ့မျက်နှာထက်တွင် ကျေးဇူးတင်ဟန်အသွင် ဖြစ်ပေါ်လာသည်။

“ကောင်းပြီ။ မင်းတို့အားလုံးက ကျုပ် နောက်ကို အချိန်တစ်ခုကြာ လိုက်ကြမှာဆိုတော့ ကျုပ်လည်း ခင်ဗျားရဲ့ လက်တွဲဖော်ကို ကယ်ပေးရမှာပေါ့။ ဒါပေမဲ့ ကျုပ်က ခင်ဗျားတို့ ခန္ဓာကိုယ်ထဲက အဆိပ်ကို အလျင်စလို ဖယ်ရှားပေးမှ ဖြစ်မယ်။ မဟုတ်ရင် နာရီဝက်အတွင်း မင်းတို့ရဲ့ အသက်ကို ပေးရလိမ့်မယ်…”

ဟန်လိသည် သဘောတူပြီးနောက်မှာ ခေါင်းစဉ်ပြောင်း၍ သူတို့လေးယောက် ထိတ်ပြာလန့်သွားစေမည့် စကားများကို ပြောလေသည်။

“ဘယ်လို အဆိပ်မျိုးလဲ…စီနီယာ…။ ကျုပ်တို့ ခန္ဓာကိုယ်ပေါ်က သွေးကျိန်စာများလား…”

လူငယ်သည် ထိုသို့ အလန့်တကြားဖြစ်ဟန်၊ သံသယဖြစ်ဟန်ဖြင့် မေးလိုက်ရင်း သူ့အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။

ဟန်လိသည် လူငယ်၏ စကားထဲရှိ သံသယဖြစ်နေဟန်ကို မြင်သည့်အခါ၌ ဒေါသ မထွက်သွားပေ။ ထိုအစား သူက မျက်နှာကြောတင်းတင်းဖြင့် ရှင်းပြသည်။

“ကျုပ်က သွေးကျိန်စာကို စူးစမ်းတဲ့အခါ သွေးကျိန်စာအပြင် မင်းရဲ့အစ်ကိုမှာ အဆိပ်ကိုပါ တွေ့ခဲ့ရတယ်။ ဒီအဆိပ်ဟာ အလွန်ပြင်းထန်ရုံသာမက မတည်မငြိမ် ဖြစ်နေတယ်။ ဒါ့ကြောင့် ဒီအဆိပ်ဟာ သိပ်မကြာခင် ထကြွတော့မယ်လို့ ကျုပ်ထင်တယ်။ ကံကောင်းစွာနဲ့ ကျုပ်က အဆိပ်ဖြေတဲ့နယ်ပယ်မှာ အတွေ့အကြုံနည်းနည်း ရှိလို့ ဒါကို နည်းနည်းလောက် အားစိုက်ထုတ်တာနဲ့ ဖယ်ရှားပေးနိုင်တယ်။ ဒါ့ကြောင့် မင်းတို့အနေနဲ့ ဒီအဆိပ်နဲ့ ပတ်သတ်ပြီး အများကြီး စိတ်ပူနေဖို့တော့ မလိုဘူး။ တကယ်လို့ မင်းတို့ ငါ့ကို မယုံဘူးဆိုရင် မင်းတို့ နောက်ထပ် တစ်နေရီကျော်လောက် ထပ်စောင့်ကြည့်။ မင်းတို့ခန္ဓာကိုယ်ထဲက အဆိပ်ဟာ ငါ ပြောခဲ့သလို တကယ်ရှိနေလား၊ မရှိနေဘူးလား သိရတာပေါ့…”

ဟန်လိ ထိုသို့ ပြောသည့်အခါ ထိုလေးယောက်သည် ယုံကြည်လာကြသည်။

“ဒီလိုကို။ ဒါ့ကြောင့် ကျနော်တို့ကို အမိန့်ပေးတဲ့သူဟာ ရုတ်တရက် ပေါ်လာပြီး သူနဲ့ ကျနော်တို့ကို အရက်တစ်ခွက်စီ သောက်ခိုင်းခဲ့တယ်။ ဒီအရက်ကများ အဆိပ်ဖြစ်သွားတာလား။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သွေးကျိန်စာ ရှိပြီး ဖြစ်တဲ့အတွက် သူတို့က ကျနော်တို့ကို ထပ်ပြီး ထိခိုက်အောင် လုပ်မှာ မဟုတ်တော့ဘူးလို့ ထင်ထားခဲ့တာ။ သူတို့ရဲ့ နည်းလမ်းတွေဟာ ခုလောက် ရက်စက်ကြမ်းကြုတ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ…”

ဒုတိယအစ်ကိုသည် မျက်နှာအပျက်ပျက်ဖြင့် ထိုသို့ ပြောလေသည်။

လူငယ်နှင့် အမျိုးသမီးငယ်တို့ကမူ ရုတ်တရက် သဘောပေါက်သွားကြပြီး အဘိုးအို၏ မျက်နှာကမူ သုန်မှုန်နက်မှောင်သွားသည်။ သူသည်လည်း သည်ကိစ္စကို သည့်အရင်တည်းက တွေးမိပြီး ဖြစ်ပုံရသည်။

ဟန်လိသည် မြူတောင်တန်းမှ မိတ်ဆွေငါးဖော်ကို သူ့လက်ထောက်များအဖြစ် အသုံးပြုရန် ဆုံးဖြတ်ပြီးသည်ဖြစ်၍ အချိန်ဆွဲမနေဘဲ အဆိပ်ကိစ္စကို ထုတ်ပြောခဲ့ပေသည်။ သူသည် သူ့သိုလှောင်အိတ်ထဲမှ အဖြူနှင့် မိုးပြာရောင် အရော ပုလင်းတစ်ခုကို ချက်ခြင်း ထုတ်ယူပြီး မျက်နှာမည်းမည်းနှင့် အဘိုးအိုထံ ပစ်ပေးလိုက်သည်။

“ဒီပုလင်းထဲက ဆေးလုံးတွေဟာ မင်းတို့ရဲ့ အဆိပ်ပမာဏများများကို ဖယ်ရှားပေးနိုင်တယ်။ ကျန်တဲ့အဆိပ်တွေကိုတော့ မင်းတို့ရဲ့ ချီကို ဖြည်းဖြည်းချင်း လှည့်ပတ်ပြီး ဖျက်စီးပစ်နိုင်တယ်…”

ဟန်လိသည် ရိုးရိုးရှင်းရှင်း ပြောပြသည်။

မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ဟန်လိ၏ စကားအတိုင်း ဆေးလုံးများကို ခွဲ၍ တခြားသုံးယောက်ကို ခွဲပေးသည်။ ထို့နောက်တွင် ချိတုံချတုံ ဖြစ်မနေဘဲ သူကိုယ်တိုင်လည်း ဆေးလုံးများကို သောက်၏။

ထိုအဘိုးအိုသည် ဟန်လိကသာ သူတို့ကို မကောင်းကြံချင်ပါက ထိုသို့ ဆေးလုံးများဖြင့် လှည့်ဖြားနေရန် မလိုမှန်း ကောင်းကောင်း နားလည်သည်။ ထို့ကြောင့် သူက စိုးရိမ်မှုမရှိဘဲ ဆေးသောက်လိုက်ခြင်းပင်။

ဟန်လိ၏ ဆေးကို သောက်ပြီးသည့်နောက်မှာ သူတို့အုပ်စုသည် ဝမ်းဗိုက် ပြင်းပြင်းထန်ထန် နာကျင်မှုကို ခံစားရတော့သည်။ အမျိုးသမီးငယ်၏ မျက်နှာသည် နီမြန်းလာပြီး သူမက ရုတ်တရက် ခြေဆောင့်ကာ တောင်ကုန်းငယ်ထံ ပျံသန်းသွားလေ၏။ သူမမှာ သူမ၏ ပျံသန်းခြင်းမှော်ပစ္စည်းကို ထိန်းချုပ်ထားနိုင်ရုံမျှသာ။ သို့ပေမည့် သူမသည် ဟန်လိ၏ ထိန်းချုပ်မှုအတွင်း၌ ရှိနေဆဲ ဖြစ်ရာ သူမ၏ အမြန်နှုန်းသည် မမြန်လှပေ။ တခြားသုံးယောက်ကလည်း ဤသည်ကို မြင်သည့်အခါ သူတို့လည်း ကွယ်ပုန်းမည့်နေရာများ အသီးသီးရှာကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှာ ကိုယ်တွင်းထဲမှ အဆိပ်များကို ဆိုးဆိုးဝါးဝါး ညှစ်ထုတ်ရတော့မည် မဟုတ်လား။

တအောင့်ကြာပြီးနောက်မှာ အမျိုးသားသုံးယောက်က ဟန်လိဘေးသို့ ပြန်လာကြ၏။ သူတို့၏ ဟန်အမူအရာများမှာ အနည်းငယ် ရှက်နေဟန် ပေါ်သည်. အမျိုးသမီးငယ်လည်း ပြန်ရောက်၏။ သူမ၏ မျက်နှာထက်တွင် နီမြန်းနေမှုက ရှိနေဆဲပင်။

“ကောင်းပြီ။ အခု ငါ သွေးကျိန်စာကို စဖယ်ရှားတော့မယ်။ ဘယ်သူ အရင်ဆုံး ဖယ်ရှားခံမှာလဲ…”

ဟန်လိက အချိန်ဆွဲမနေဘဲ ထိုသို့ တိုက်ရိုက်ပြော၏။

ထိုအုပ်စုထဲမှ ဒုတိယအစ်ကိုက တစ်ခုခု ပြောရန် ဟန်ပြင်စဉ် တုန်ယင်နေသော လက်တစ်ဖက်က သူ့လက်မောင်းကို လှမ်းဆွဲလာသည်။

“ညီနှစ်၊ မင်းမှာက တတိယညီမလေး ရှိသေးတယ်။ ကျုပ်က အိုလည်းအိုပြီ။ ဒါ့ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ နည်းလမ်းမရှိတော့ဘူး။ သက်တမ်းလည်း သိပ်ရှိတော့တာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျုပ် အရင်ဆုံး သွားသင့်တယ်။ တကယ်တော့ တတိယညီမမှာ မင်းရဲ့ ကိုယ်ဝန်လွယ်ထားရသေးတယ် မဟုတ်လား။ ကလေးကို စောင့်ရှောက်ဖို့ သူက မင်းကို လိုမှာပဲလေ…”

မျက်နှာမည်းမည်းနှင့် အဘိုးအိုက အလေးအနက်ပြောလေ၏။

“အစ်ကိုကြီး…အဲ့လို မလုပ်ပါနဲ့။ ကျုပ်ကို ခွင့်ပြုပေးနိုင်မလား…”

ပိန်ပိန်ရှည်ရှည်နှင့် ဒုတိယအစ်ကိုသည် စိတ်လှုပ်တရှားဖြင့် ခေါင်းယမ်းကာ သဘောမတူကြောင်း ပြသသည်။

လူငယ်နှင့် အမျိုးသမီးငယ်တို့ကမူ ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့သည် အန္တရာယ်ကို အရင်ဆုံး ရင်ဆိုင်ရဖို့ တောင်းဆိုကြလေ၏။

“ငြင်းမနေကြတော့နဲ့။ မင်းတို့ရဲ့ အစ်ကိုကြီးဆုံးကိုပဲ ကျုပ် အရင်ဆုံး ဖယ်ရှားပေးတော့မယ်။ တကယ်တော့ စောစောလေးတုန်းက ကျုပ်က သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ခဲ့သေးတယ်မလား။ ဒါ့ကြောင့် သူက ပိုပြီး အခွင့်အရေး နည်းနည်း ပိုသာတယ်…”

ခုချိန်တွင် ဟန်လိသည် သွေးကျိန်စာကို သူ ဖယ်ရှားနိုင်သည် ဖြစ်စေ၊ မနိုင်သည် ဖြစ်စေ စိတ်မရှည် ဖြစ်လာသည်။ သူ မလုပ်နိုင်ခဲ့လျှင်လည်း သူ လုပ်ခဲ့သမျှ အရာအားလုံးသည် အချည်းနှီး ဖြစ်သွားခဲ့လျှင်ပင် သူသည် နောက်ထပ် အစီအစဉ်တစ်ခုကို ဖန်တီးရလိမ့်မည်။

ဟန်လိသည် ထိုသို့ ပြောလာသည့်အခါ ယင်းလေးယောက်သည် ထပ်မံ ငြင်းခုံခြင်း မရှိကြတော့ပေ။ အဘိုးအိုက ဟန်လိထံ လေးလေးနက်နက်ဟန်ပန်ဖြင့် လျှောက်လာသည်။ တခြားသုံးယောက်ကမူ စိတ်ပူပန်စွာဖြင့် သူ့ကို လှမ်းကြည့်နေကြသည်။

ဖောင်း…ဖောင်း…။ အသံလေးငါးသံလောက် ဆက်တိုက် မြည်ဟိန်းသည်။

ဟန်လိက လက်ဝေ့ယမ်းဩ။ ထိုအခါ ဟန်လိ၏ ဘေးပတ်လည်တွင် လူသားအရွယ် ရုပ်သေးဆယ်ယောက်လောက်သည် လက်နက်အပြည့်အစုံဖြင့် ဟန်လိဘေးတွင် ပေါ်လာကြသည်။

“ကျုပ်က သွေးကျိန်စာကို ချိုးဖျက်တော့မယ်။ ကျုပ်အနေနဲ့ တိုက်ခိုက်ခံလို့ ရမှာ မဟုတ်ဘူး။ ဒီရုပ်သေးတွေက ကျုပ်ကို စောင့်ကြပ်ပေးနေမှာ။ ကျုပ်နဲ့ မီတာသုံးဆယ်အတွင်း ဝင်လာတဲ့ သူတိုင်းကို သူတို့က အလိုလို တိုက်ခိုက်လိမ့်မယ်။ ဒါ့ကြောင့် မင်းတို့ ခပ်လှမ်းလှမ်းကို သွားနေကြတာ အကောင်းဆုံးပဲ…”

တစက်လေးမျှ အားနာမနေဘဲ ဟန်လိသည် သူတို့ကို အပြည့်အဝ မယုံကြည်ကြောင်း ပြသသည်။ ထိုအခါ ယင်းသုံးယောက်သည် ဘာမျှ မတတ်နိုင်ဘဲ နောက်သို့ ဆုတ်သွားရလေ၏။

All Chapters