← Chapters

တန်ပြန်အစီအမံ

Vol. 22 Ch. 302

တန်ပြန်အစီအမံ

Vol. 22 Ch. 302

ညနေခင်းမှာ ချင်းယန်သည် ချင်းအိမ်တော်၏ ဧည့်ဆောင်အတွင်း၌ ခေါက်တုန့်ခေါက်ပြန့် လျှောက်နေသည်။ သူ့မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်မှုတို့ အထင်းသား။ သည်မနက် အစောပိုင်းတုန်းက ဟန်လိကို စားသောက်ဖွယ်ရာ ပြင်ဆင်ပေးသော အစေခံတစ်ယောက်က ဟန်လိ အိမ်မှာ ရှိမနေကြောင်း တင်ပြလာခဲ့သည်။ တညလုံး ဟန်လိ မပြန်လာခဲ့ပုံ ရသည်။

ထို့ကြောင့် ပူပန်ခဲလှသော ချင်းယန်ကဲ့သို့ လူမျိုးမှာ စိတ်ပူပန်နေရသည်။ ဟန်လိ၏ ဘေးကင်းလုံခြုံမှုအတွက် သူ ပူပန်နေတာ မဟုတ်ပေ။ သူ့ကို စောင့်ကြပ်ပေးသူက မပြောမဆိုဖြင့် ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့်သာ။ သူ၏ ချင်းမျိုးနွယ်သည် မိစ္ဆာတာအိုဂိုဏ်းများ၏ အန္တရာယ်ကို မည်သို့ တုန့်ပြန်ရမည်နည်း။

“ချင်းပိုင်၊ သခင်လေးဟန် ပြန်ရောက်၊ မရောက် သွားကြည့်ချေ။ တစ်ခုခု သိတာနဲ့ ငါ့ရှိ ချက်ခြင်း ပြန်လာပြော…”

ချင်းယန်သည် စိတ်ပူပန်တကြီးဖြင့် အမိန့်ပေးသည်။

“ကောင်းပါပြီ…အိမ်တော်သခင်…” ချင်းပိုင်သည် ချက်ခြင်း နာခံသည်။ သူသည် ချက်ခြင်း ဧည့်ခန်းဆောင်ထဲကနေ ပြေးထွက်သွားတော့သည်။

သူ့အမြင်အရ အိမ်တော်သခင်ချင်းယန်သည် သခင်လေးဟန်ကို ပူပန်နေတာ ဟူ၍ပင်။ ထိုသည်က သူ့အနေဖြင့် သခင်ရွေး မမှားကြောင်း ပြသနေသည်။ ချင်းအိမ်တော်၌ သူ့အဆင့်အတန်းသည် မကြာခင် မြင့်တက်လာနိုင်သည်။

“ဒါပေမဲ့ အိမ်တော်သခင် ကောင်လေး၊ကောင်မလေးတွေ အိမ်တော်အပြင် ထွက်လည်ပတ် ကြတာ ပုံမှန်ပဲလေ။ အဲ့လောက်ထိ စိတ်ပူနေဖို့ မလိုပါဘူး…”

ဧည့်ခန်းဆောင်အတွင်း၌ ချင်းယန် သဘောအကျရဆုံး တတိယဇနီးသည် ဟန်လိနှင့် ပတ်သတ်ပြီး အပြစ်မတင်လေဟန်ဖြင့် စကားအနည်းငယ် ပြောလာသည်။ သို့သော်ငြားလည်း သူမ၏ လေသံတွင် စိတ်အချဉ်ပေါက်နေဟန် သိသာပါသည်။

အံ့ဩစရာ မရှိပါ။ ဟန်လိ ချင်းအိမ်တော်သို့ ရောက်လာသည့်အချိန်မှစ၍ ချင်းယန်သည် ဟန်လိကို သူ့ဘေးတွင် အမြဲထားခဲ့သည်။ အရင်တုန်းက ချင်းယန်၏ ချစ်မြတ်နိုးခြင်းကို ခံရသော ချင်းအိမ်တော်မှ လူငယ်သခင်လေးများနှင့် သခင်မလေးများသည် အလိုလိုက် မခံရတော့ပေ။ တတိယဇနီး၏ သားသမီးများလည်း သူတို့ကြားထဲ၌ ပါသည်။ သို့ဖြစ်၍ သူမသည် အတော်လေးကို မနာလိုဘဲ မနေနိုင် ဖြစ်ရခြင်းပင်။

“ဟက်…နင်က ဘာများ သိလို့လဲ…”

ချင်းယန်သည် တတိယဇနီး၏ လေသံကို အထာပေါက်သည်။ သို့သော် သူသည် သူ၏ မျိုးနွယ်နှင့် ပတ်သတ်သည့် သေရေးရှင်ရေးအပေါ် စိုးရိမ်ပူပန်နေစဉ် ထိုမိန်းမက မနာလိုစွာဖြင့် စကားနာ လာထိုးနေသေးသည်။ သူသည် သူမကို တစ်ချက် လှမ်းကြည့်ပြီးနောက်မှာ အရေးထပ်မစိုက်တော့ပေ။

ချင်းယန်၏ စိတ်သဘောကြောင့် တတိယဇနီးမှာ တစ်ခုခုမှားသကဲ့သို့ ခံစားမိရသည်။ သို့သော် သူမ ယောက်ျားဖြစ်သူသည် မိန်းမတစ်ယောက်က နားပူနားဆာ လုပ်နေတာကို အမုန်းဆုံး ဖြစ်မှန်း သိသည်။ သူမသည် အထွန့်တက် မေးချင်စိတ်ကို ခက်ခက်ခဲခဲ အောင့်အီးထားလိုက်ရသည်။ သူမသည် ဘာမှ ထပ်မပြောတော့ပေ။ ဟန်လိအပေါ်လည်း ပို၍ မကျေမနပ် ဖြစ်လာသည်။

သို့သော် တအောင့်အကြာ၌ ချင်းပိုင်သည် အားရဝမ်းသာသောဟန်ဖြင့် ရုတ်တရက် အပြေးပြန်လာသည်။ ထို့အပြင် သူသည် ဧည့်ဆောင်ခန်းမအတွင်း ဝင်ဝင်လာချင်း ကျယ်လောင်စွာ ပြောသည်။

“သခင်ကြီး…သခင်လေးဟန် ပြန်ရောက်လာပါပြီ။ ဒါ့အပြင် သူက ဧည့်သည်တချို့ကိုပါ ခေါ်လာခဲ့ပါသေးတယ်။ သခင်လေးဟန်က သခင်ကြီးအနေနဲ့ သူတို့နေဖို့ သူ့အိမ် အနီးအနားမှာ စီစဉ်ပေးဖို့လည်း မျှော်လင့်နေပါသေးတယ်…”

ချင်းယန်သည် ထိုစကားကို ကြားမှ နောက်ဆုံး၌ သူ စိတ်အေးနိုင်တော့သည်။ သည်ကြီးမြတ်သောအင်မောတယ်က မပြောမဆို ပျောက်သွားခဲ့ပြီး သူသည် သူ့မိတ်ဆွေ ဆယ်ယောက်၊သို့မဟုတ် အယောက်တစ်ရာကျော်လောက်ကိုပါ ပြန်ခေါ်လာခဲ့လျှင်ပင် သူသည် ဘာမျှ အထွန့်တက်လိမ့်မည် မဟုတ်ပေ။

“တူလေးဟန်က ခုလို တောင်းဆိုမှတော့ သူတို့ကို ကြည်လင်သံခြံဝန်းထဲမှာ စီစဉ်ပေးလိုက်ပါ။ ဒါ့အပြင် ဟန်လိရဲ့ ဧည့်သည်တွေကိုလည်း ဂရုစိုက်ကြ…”

ချင်းယန်သည် စဉ်းပင်မစဉ်းစားဘဲ ထိုသို့ပြောသည်။ ဤသည်က သူ့တတိယဇနီးကို ပို၍ မျက်နှာပျက်သွားစေသည်။

“ကောင်းပါပြီ…ကျနော် သွားဆောင်ရွက်လိုက်ပါ့မယ်…” ချင်းပိုင်သည် အားမာန်အပြည့်ဖြင့် ပြန်ထွက်သွားပြန်သည်။

“အရှင်…ဒါတော့ သိပ်မသင့်တော်ဘူးထင်တယ်။ ကျမတို့ ချင်းမျိုးနွယ်ဟာ မျိုးနွယ်စုကြီးပါ။ ရုတ်တရက် ရောက်လာတဲ့ သူစိမ်းတွေကို နေထိုင်ခိုင်းတာဟာ အမျှော်အမြင် မရှိရာ ကြမနေဘူလား…”

တတိယဇနီးသည် ဂရုတစိုက်ဖြင့် ထိုသို့ မပြောမိဘဲ မနေနိုင် ဖြစ်ရလေသည်။ သူမ၏ စကားများက ဟန်လိကို ပစ်မှတ်မထား။ သူမ၏ ခုလက်ရှိ စိတ်အခြေအနေကိုက မသက်မသာ ဖြစ်နေတာပင်။

ချင်းယန်က ထိုစကားကို ကြားသည့်အခါ သူသည် အနည်းငယ်တော့ အံ့အားသင့်သွားသည်။ သို့သော် ခဏ တွေဝေနေပြီးနောက်မှာ သူက လက်ဝေ့ယမ်းကာ ပြောသည်။

“အရေးမကြီးဘူး။ တူလေးဟန်ရဲ့ မိတ်ဆွေတွေဖြစ်ရုံနဲ့ ဘာပြဿနာမှ မရှိဖူးဆိုတာ ပြသနေပြီး ဖြစ်တယ်…”

ချင်းယန်၏ ဟန်လိအပေါ် မျက်နှာသာပေးသော စကားများကို ကြားသည့်အခါ တတိယဇနီးသည် စွံ့အသွားရလေသည်။

……

ခုချိန်တွင် ဟန်လိသည် သူ့နေအိမ်၏ ထိုင်ခုံမှာ ထိုင်နေလျက် ရှိသည်။ သူ့ရှေ့တွင် လူငါးယောက် ရှိနေကြသည်။ သူတို့မှာ မြူတောင်တန်းမှ မိတ်ဆွေငါးဖော်ပင်။

ယွဲ့ကျင်းမြို့၏အပြင်ဘက် လူသူကင်းမဲ့သော နေရာတွင် ဟန်လိသည် သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ ထိုလေးယောက်ပေါ်ရှိ သွေးကျိန်စာကို ဖယ်ရှားပေးနိုင်ခဲ့ပေသည်။ ထို့နောက်တွင် သူသည် သည်လေးယောက်နှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်တို့ကိုပါ ခေါ်လာခဲ့တာ ဖြစ်သည်။

အံ့ဩဖို့ကောင်းအောင်ပင်။ ထိုသက်လတ်ပိုင်းအမျိုးသမီးကို သွားခေါ်သည့် ကိစ္စမှာ အခက်အခဲနည်းနည်းလေးမျှ မရှိဘဲ ပြီးမြောက်ခဲ့လေသည်။

အမှန်တကယ်တွင်မူ ထိုငါးယောက်ကို တခြားအိမ်များ၌ ထား၍ရသည်။ သို့သော် ဟန်လိသည် သူတို့ကို အပြည့်အဝ မယုံပေ။

သူတို့သည် သူ့မျက်စိအောက်၌ မရှိနေလျှင် ဟန်လိသည် မြူတောင်တန်းမှ မိတ်ဆွေငါးဖော်သည် သူနှင့်အတူ ရန်သူတော်များကို အမှန်တကယ်၊ အားသွန်ခွန်စိုက် ရင်ဆိုင်တိုက်ခိုက်လိမ့်မည်ဟု အာမမခံဝံ့ပေ။ သူတို့သည် သူတို့၏ သွေးကျိန်စာကို ဖယ်ရှားပေးခဲ့တာကို ကျေးဇူးတင်ခဲ့လျှင်ပင် ဟန်လိသည် သူတို့ကို အပြည့်အဝ မယုံလေပေ။ လူတို့၏ စိတ်ကား ခန့်မှန်းနိုင်ဖို့ ခက်ခဲလှသည် မဟုတ်လား။

သူတို့သည် သူ့ကို ဒီကနေ့၌ ကျေးဇူးတင်ကာ သူ့အတွက် အန္တရာယ်ရှိနိုင်သည်များကို စွန့်စားပေးချင်စိတ် ရှိနေနိုင်သော်ငြားလည်း မနက်ဖြန်တွင်မူ သူတို့အသက်ကိုယ်သူတို့ ပူပန်ကာ မနာခံ၊ ကျေးဇူးမသိတတ်သူများ ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်နိုင်ခြေရှိသည့်အတွက် ဟန်လိမှာ ခေါင်းခြောက်ခဲ့ရပေသည်။

အကယ်၍ သူသည် သူ့ကိုယ်ပိုင် အတားအဆီးများနှင့် အဆိပ်များကို အသုံးပြုခဲ့လျှင် သူသည် သူတို့ကို အကြွင်းမဲ့ ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သည်။ သို့ပေမည့် သူသည် ထိုသို့ ပြုလုပ်ခဲ့လျှင် သူတို့၏ အမြင်၌ ပြီးခဲ့သော သူတို့ကို ကျေးကျွန်ဇာတ်သွင်းခဲ့သောသူများနှင့် ကွာခြားတော့မည် မဟုတ်လေပေ။

ထိုသို့ သူ့အပေါ် လူယုတ်တစ်ယောက်ဟုသာ ထင်မြင်သွားခဲ့ပါက ဟန်လိသည် သူတို့ကို နောက်ထပ် အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ သူ့စိတ်ထဲတွင်မူ ဟန်လိ၌ တခြားသော အကြံအစည်အချို့ ရှိနေသေးပေသည်။

ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ကျူးကျော်မှုကို ခုခံနိုင်စွမ်း ရှိခဲ့လျှင် သူသည် အရင်တုန်းကကဲ့သို့ ပြန်ကျင့်ကြံကာ ထိုသူများကို ဆေးညွှန်းများနှင့် ဆေးအမယ်များအတွက် သူ့ကို ကူဖော်လောင်ဖက်အဖြစ် ခိုင်းမည် ဖြစ်သည်။ ထိုအခါ သူသည် ယင်းအတွက် ပင်ပင်ပန်းပန်း လုပ်နေရန် လိုတော့မည် မဟုတ်ပေ။ သူ့အတွက် ကျင့်ကြံခြင်းမှာ အချိန်ပိုရလာနိုင်မည် ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သူ၏ ကျင့်ကြံမှု တိုးတက်နှုန်းသည် တိုးတက်လာပေလိမ့်မည်။

ထို့အပြင် မြူတောင်တန်းမှ မိတ်ဆွေငါးဖော်၏ ကျင့်ကြံမှုမှာ အားနည်းလွန်းခြင်း ရှိမနေသည်ဖြစ်ရာ သူတို့ကို ရွေးချယ်ခြင်းသည် ကောင်းမွန်ပေသည်။ ထို့ကြောင့် ဟန်လိက သူတို့ကို အတင်းအကြပ် ထိန်းချုပ်နိုင်ဖို့ အရှက်ရဖွယ်နည်းလမ်းများကို အသုံးမပြုတာ ဖြစ်သည်။

သို့ပေမည့် ဟန်လိသည် သူ့အတွေ့အကြုံအရကို သိနေသည်။ လုံလောက်သော အကျိုးအမြတ်သာ မရှိပါက အဆင့်နိမ့်ကျင့်ကြံသူများသည် အမှုကိစ္စများကို စဉ်ဆက်မပြတ် လုပ်လိမ့်မည် မဟုတ်ပါ။

“ကျနော်တို့အတွက်တော့ တကယ့် အရှက်ရစရာပါ။ ဖမ်းဆီးခံရတဲ့ ကျင့်ကြံသူတချို့ကလွဲလို့ ကျနော်တို့ကို အမိန့်ပေးစေခိုင်းတဲ့ နှစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်အစစ်အမှန်ကို မမြင်ဖူးခဲ့ပါဘူး။ ကျနော်တို့က သူတို့နဲ့ ပတ်သတ်ပြီး များများစားစား မသိခဲ့ဘူး…”

မြူတောင်တန်း မိတ်ဆွေငါးဖော်ထဲမှ လူငယ်က ထိုသို့ ပြော၍ ခါးသီးစွာ ပြုံးလေသည်။

“ကိစ္စမရှိဘူး။ တဖက်သူတွေဟာ မိစ္ဆာနက်ကျောင်းတော်လို့ ခေါ်တဲ့ မကောင်းဆိုးဝါးကျောင်းတော်တစ်ခုကမှန်း ငါ သိပြီးသား။ ဒါ့အပြင် သူတို့ တခြားသူတွေကို ဘာလို့ အဓ္ဓမဖမ်းဆီးခဲ့ကြလဲဆိုတော့ မကောင်းဆိုးဝါးပညာရပ်တွေကို ကျင့်ကြံဖို့ကြောင့်ပဲ။ ဒီလောက်နဲ့တင် လုံလောက်ပြီ…”

ဟန်လိက မထူးခြားနားစွာဖြင့် ထိုသို့ ပြန်ပြောသည်။

“စီနီယာဟန်…ကျနော်တို့ ဒီမှာနေပြီး မလှုပ်ရှားခင် အကူရောက်လာမယ့်သူတွေကို စောင့်ကြရင် ပိုကောင်းနိုင်မလား…”

မကြာသေးခင်က ကယ်တင်ပေးထားသော သက်လတ်ပိုင်းအမျိုးသမိးက ထိုသို့ ရုတ်တရက် မေးလာသည်။

တခြားလေးယောက်က သူမ၏ စကားကို ကြားသည့်အခါ သူတို့လည်း ဟန်လိကို ပူပန်တကြီးဖြင့် လှမ်းကြည့်ကာ ဟန်လိ မည်သို့မည်ပုံ ပြန်ဖြေမည်ကို စောင့်နေကြသည်။

ဟန်လိက သူမ၏ စကားကို ကြားသည့်အခါ စိတ်ထဲကနေ အေးတိအေးစက် ပြုံး၏။ သည်လူများမှာ မိစ္ဆာနက်ကျောင်းတော်နှင့် မပတ်သတ်ရလေ ကောင်းလေဟု တွေးနေပုံ ရသည်။ သို့ပေမည့် ဂိုဏ်းကြီးခုနစ်ဂိုဏ်းထံမှ အကူအညီအင်အားများ တောင်းခံရန် မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။ ထိုခုနစ်ဂိုဏ်းလုံးမှာ ခုလက်ရှိတွင် မိစ္ဆာတာအိုဂိုဏ်းများနှင့် စစ်ပွဲ ဖြစ်နေကြသည်။ ဂိုဏ်းတိုင်း၏ အင်အားမှာ အမှန်တကယ် ကင်းမဲ့နေသည် မဟုတ်လား။ သူ ဂိုဏ်းသို့ ပြန်၍ သတင်းပို့ခဲ့လျှင်ပင် တစ်ယောက်မှ ရောက်မလာမှာ သေချာသလောက် ရှိနေသည်။

သို့သော် ကံကောင်းစွာဖြင့် သူ ချင်းနေအိမ်ကို ပြန်ရောက်မလာခင်လေးတုန်းက ယွဲ့ကျင်းမြို့နယ်နိမိတ်အတွင်းရှိ အဝါရောင်မေပယ်တောင်ကြားမှ အဆက်အသက်အချို့ကနေ လီဟွာယွမ်ထံ အကူအညီတစ်ခု တောင်းခဲ့ပေသည်။

ဂိုဏ်းကြီးခုနစ်ဂိုဏ်းသည် သည်မိစ္ဆာနက်ကျောင်းတော်နှင့် ပတ်သတ်သည့် ကိစ္စကြောင့် စိတ်အနှောက်အယှက် မဖြစ်ကြတာ မဟုတ်ပေ။ သို့သော် သူ့ဆရာကိုယ်တိုင် လီဟွာယွမ်ကိုယ်တိုင် လာပေးဖို့ကတော့ မဖြစ်နိုင်ပေ။ ဆရာဖြစ်သူ ပေးအပ်ထားသော တာဝန်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဟန်လိသည် ဤကဲ့သို့ ပြဿနာကြီးကို ရန်စမိခဲ့တာ ဖြစ်သည်။ ထို့အပြင် သူ့ထံ၌ သည်မှာနေနေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိနေပေ။ မဟုတ်ပါက သူသည် ဘာကြောင့် မပြေးဘဲ ဘယ်နေပါ့မည်နည်း။ ဖြစ်နိုင်လျှင် သူသည် လွတ်ရာလွတ်လမ်းသို့ ထွက်သွားနှင့်ပေပြီ။

သို့ပေမည့် အဆုံးသပ်တွင်မူ ဟန်လိသည် မည်မျှမည်မျှ အကူအညီလာပေးမည့်အပေါ် အမှန်တကယ် မသိနေပါ။ သူသည် စီနီယာအစ်ကိုအချို့လောက် ရောက်လာလိမ့်မည်ဟုတော့ ထင်ထားသည်။

ထိုသို့တွေးကာ ဟန်လိက စိတ်အေးလက်အေးအသွင်ဖြင့် ပြန်ဖြေသည်။

“အဲ့လို မမေးသင့်ဘူး။ အနည်းဆုံးတော့ အကူအင်အားတွေ ရောက်မလာခင် ကျုပ်တို့က တဖက်သူတွေရဲ့ အမာခံနယ်မြေနဲ့ အဓိကဘယ်သူတွေ ပါဝင်ပတ်သတ်နေလဲကို သေချာ ထောက်လှမ်းသင့်တယ်။ ဒီလိုမှ ကျုပ်တို့ဟာ သူတို့ကို အပိုင် ဖမ်းမိနိုင်မှာ။ ချင်းနေအိမ်တော်မှာပဲ စောင့်နေရုံသပ်သပ်ကတော့ ခံဘက်သပ်သပ် ဖြစ်နေတယ်။ ကျုပ်တို့အတွက် ဆိုးကျိုး ပိုဖြစ်စေနိုင်တယ်။ ကျုပ်တို့အနေနဲ့ သူတို့ စိတ်ကြိုက်လာလုပ်မှာကို ကျိန်းသေပေါက် ခွင့်ပြုလို့ မဖြစ်ဘူး…”

ဟန်လိ၏ စကားများကို ကြားသည့်အခါ မြူတောင်တန်းမှ မိတ်ဆွေငါးဖော်သည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်သည်။ မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ခေါင်းယမ်းကာ လေးလေးနက်နက်လေသံဖြင့် ပြောလာသည်။

“စီနီယာ ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့လို့ ကျုပ်တို့မှာ ရှိထားတဲ့ မပြောပလောက်တဲ့ သဲလွန်စလေးနဲ့ ကျုပ်တို့ဟာ သူတို့ရဲ့ အမြှီးကို ဖမ်းကိုင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ကျနော်တို့ အရင်က နေခဲ့တဲ့ သူတို့ရဲ့ အမာခံနယ်မြေကိုလည်း စွန့်ပစ်ပြီးဖြစ်မှာ သေချာသလောက် ရှိတယ်။ ကျုပ်တို့အနေနဲ့ အခု ဘယ်ကဘယ်လို စရမလဲ…”

ဒုတိယအစ်ကိုသည် ထိုအဘိုးအို(ဝါ) သူတို့၏အစ်ကိုကြီးဖြစ်သူ၏ စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။

“စိတ်အေးအေးထားပါ။ မင်းတို့ ပြောပြခဲ့တဲ့ မိစ္ဆာနက်ကျောင်းတော်ရဲ့ လူနှစ်ယောက် အသွင်အပြင်အရ ကျုပ်အနေနဲ့ သူတို့ ဘယ်သူဘယ်ဝါ ဆိုတာ ရှာတွေ့ထားပြီး ဖြစ်တယ်။ သူတို့ကိုသာ အသက်ရှင်လျက် ဖမ်းနိုင်ခဲ့ရင် မိစ္ဆာနက်ကျောင်းတော်ရဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ကျုပ်တို့ တဖြည်းဖြည်း ပိုနားလည်နိုင်ဖို့ များတယ်…””

ဟန်လိသည် သူတို့ ထောက်ပြသည့်အချက်ကို ကြိုတင်ခန့်မှန်းထားပြီးသည့်ဟန်နှင့် တည်တည်ငြိမ်ငြိမ် ပြောသည်။

သူ့စကားများကြောင့် ထိုငါးယောက်မှာ အစပိုင်း၌ မင်သက်အံ့ဩသွားကြသေးသည်။ သို့သော် တအောင့်အကြာတွင်မူ သူတို့သည် ကျေနပ်အံ့အားသင့်ဟန် ဖြစ်ပေါ်လာသည်။ သူတို့သည် ဟန်လိမှာ ပို၍ ဆန်းကြယ်လာသည်ဟုပါ ခံစားမိကုန်၏။

“ကောင်းပါပြီ။ စီနီယာဟန်မှာ အစီအစဉ် ရှိထားပြီးမှတော့ ကျုပ်တို့အနေနဲ့ စီနီယာရဲ့ အမိန့်တွေကို နားထောင်ပါ့မယ်…”

မျက်နှာမည်းမည်းနှင့်အဘိုးအိုသည် သေသေချာချာ ကတိပြုသည်။

ဟန်လိက သူ့စကားကို ကြားသည့်အခါ ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြ၏။

“ကျုပ်တို့ ဒီညပဲ လှုပ်ရှားကြမယ်။ မြန်မြန်ဆန်ဆန် လှုပ်ရှားမှသာ ရန်သူဟာ သတိလက်လွတ် ဖြစ်နေမှာ မဟုတ်လား…”

ဟန်လိက မျက်လုံံးမှေးစင်းကာ အေးတိအေးစက် ပြောလိုက်ချေသည်။

“ဒီနေ့လား…” မြူတောင်တန်းမှ မိတ်ဆွေငါးဖော်သည် အံ့အားတသင့် မဖြစ်မိဘဲ မနေနိုင် ဖြစ်ကုန်လေသည်။

All Chapters