အံ့အားသင့်ထိတ်လန့်သွားခြင်း
Vol. 22 Ch. 303
ဟန်လိ၏ ဆုံးဖြတ်ချက်ကြောင့် မြူတောင်တန်းမှ မိတ်ဆွေငါးဖော်သည် အကြီးအကျယ် အံ့အားတသင့် ဖြစ်သွားကြသော်လည်း သူတို့သည် ဟန်လိ၏ စကားများမှာ အကျိုးအကြောင်း သင့်လှသည်ဟု ခံစားမိကြသည်။ ထို့ကြောင့် သူတို့သည် ဟန်လိကို မငြင်းဆန်ကြပေ။ သို့ပေမည့် သက်လတ်ပိုင်းအမျိုးသမီးက ဟန်လိကို မိစ္ဆာနက်ကျောင်းတော်မှ နှစ်ယောက်က မည်သူမည်ဝါမှန်း မေးသည့်အခါတွင်မူ သူမသည် ဟန်လိထံမှ လိမ္မာပါးနပ်သောအကြည့်ဖြင့်သာ ဆုံလိုက်ရသည်။ ဟန်လိသည် ခပ်ရေးရေးပြုံးကာ သူတို့ လှုပ်ရှားသည်နှင့် လူတိုင်းက ဤသည်ကို သိလိမ့်မည်ဟုသာ ပြောပြသည်။
ထိုအခါ သက်လတ်ပိုင်းအမျိုးသမီးသည် သည်ကိစ္စကို ထပ်မမေးနေတော့ပေ။ တ
တအောင့်အကြာတွင် ချင်းပိုင်သည် ချင်းယန်၏ အမိန့်အတိုင်း မြူတောင်တန်းမှ မိတ်ဆွေငါးဖော်အတွက် အနီးအနားခြံဝန်းတွင် နေထိုင်ဖို့ စီစဉ်ပေးသည်။ ဟန်လိက ထိုအုပ်စု အဝေးသို့ ထွက်သွားသည်ကို မြင်သည့်အခါ သူ့မျက်လုံးထဲတွင် မှန်းဆရခက်ဟန်အမူအရာ ဖြတ်ပြေးသွားပြီး သူက တစ်ကိုယ်တည်း တီတိုးရေရွတ်သည်။ မည်သူကမျှ သူ့အသံကို ကောင်းကောင်း မကြားရလေပေ။
ညပိုင်းတွင် လူတိုင်း ညစာစားပြီးနောက်မှာ မြူတောင်တန်းမှ မိတ်ဆွေငါးဖော်သည် ကြည်သာသံခြံဝန်း၏ ဧည့်ခန်းဆောင်တွင် အတူတကွ စုစည်းနေကြသည်။ သူတို့သည် ဟန်လိ ညွှန်ကြားသည်နှင့် သည်ညနက်မှာ လှုပ်ရှားရန် ပြင်ဆင်ထားသည်။
“ခေါင်းခြောက်လိုက်တာ။ ငါ မမှတ်နိုင်ဘူး ဖြစ်နေတယ်…” လေးယောက်မြောက်အစ်ကို(ဝါ) အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိမည့် လူငယ်သည် စိတ်ရှုပ်ထွေးနေဟန်ဖြင့် သူ့ဦးနှောက်ကို တရစပ် အလုပ်ပေးနေသည်။
“အစ်ကို(လေး) နင် ခုထိ မမှတ်မိသေးဘူးလား…”
သူတို့ငါးယောက်တွင် အငယ်ဆုံးဖြစ်သူ၊ ညီမငါးက တမျိုးတမည် ပြုံး၍ ထိုင်ခုံပေါ်မှာ ထိုင်လျက်ကနေ ထိုသို့ လှမ်းမေးသည်။
“အစ်ကို(လေး)…နင်က စီနီယာဟန်ကို သိသလိုလို အမြဲပြောတယ်။ ဒါပေမဲ့ နင်က ဘယ်နေရာ၊ဘယ်အချိန်တုန်းက သူ့ကို မြင်ခဲ့ဖူးတာလဲကိုကျတော့ မပြောပြနိုင်ဘူး။ ဒါ့ကြောင့် နင့်စကားကို နင့်ရဲ့ ညီမဖြစ်တဲ့ငါတော့ မယုံဘူး။ နင်က စီနီယာအစ်ကိုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိချင်လို့များ သူ့ကို လူမှားနေတာလား…”
သူမ၏ စကားများထဲ၌ ထေ့လှောင်မှုများ ပြည့်နှက်နေသည်။
“အင်း…အဲ့တာ သိပ်ဖြစ်နိုင်တယ်။ တကယ်တော့ စီနီယာဟန်ရဲ့ ပုံပန်းသွင်ပြင်က သူလိုငါလိုပဲလေ။ ဒါ့ကြောင့် ညီ(လေး)က သူ့ကို မြင်ဖူးတွေ့ဖူးသလို ဖြစ်နေတာ ပုံမှန်ပါပဲ…”
ဒုတိယအစ်ကိုသည် လဘ္ဘက်ရည်ကို အရသာခံသောက်နေရင်းကနေ သူ့ညီကို ထိုသို့ လှမ်းစသည်။
သို့ပေမည့် သူ့မျက်လုံးကမူ ဘေးတွင် ရှိနေသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးထံပါးကနေ တဒင်္ဂလေးပင် မခွာပါ။ သူသည် သူမ၏ စွဲဆောင်မှု ရှိနေဆဲ ဖြစ်သော ဟန်ပန်နှင့် သူမ၏ ဝမ်းဗိုက်ကို ပျော်ရွှင်အားရစွာဖြင့် ဆက်တိုက် ကြည့်နေသည်။ သို့ပေမည့် တတိယညီမ(ဝါ) သက်လတ်ပိုင်းအမျိုးသမီးကမူ အစ်ကို(နှစ်)၏ အကြည့်နှင့်ဟန်ပန်တို့ကို မြင်သည့်အခါ သူမသည် ရှိသမျှအားသုံးကာ မျက်နှာကြောတင်းထားတော့သည်။ ထိုသည်ကို မြင်သည့်အခါ အစ်ကိုနှစ်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အားပါးတရ ရယ်မောလေတော့သည်။ သူ၏ ပုံမှန်အားဖြင့် ရှိတတ်သော အကင်းပါးပုံနှင့် လေးနက်မှုရှိဟန်တို့မှာ ထိုအခိုက်အတန့်၌ ဘယ်ရောက်သွားလေသလဲ မသိရတော့ပေ။
“ဟူး…ခင်ဗျားတို့က ပေါက်ကရတွေ ပြောနေတာပဲ။ ကျုပ် သူ့ကို အရင်က မြင်ဖူးခဲ့တာ သေချာတယ်။ ဒါပေမဲ့ သိပ်မကြာသေးခင်က မြင်ဖူးခဲ့တာတော့ မဟုတ်ဘူး။ နှစ်တော်တော် ကြာပြီ။ မဟုတ်ရင် ကျုပ်က ဘယ်မေ့နေပါ့မလဲ…”
လူငယ်သည် အလိုအကျစွာဖြင့် အမျိုးသမီးငယ်(ညီမငါး)နှင့် ပိန်ရှည်ရှည်လူ(အစ်ကိုနှစ်)တို့ကို မကျေမချမ်း လှမ်းကြည့်သည်။
“နှစ်များစွာကလား။ အစ်ကို(လေး) အဲ့အချိန်တွေတုန်းက ကျမတို့က အပြင်းအထန် ကျင့်ကြံနေတာလေ။ တံခါးပိတ်ကျင့်ကြံရာကနေတောင် မထွက်ကြဘူး။ ဒါ့ကြောင့် ရှင့်အနေနဲ့ စီနီယာဟန်ကို ဘယ်လိုလုပ် မြင်ဖူးပါ့မလဲ။ ဘာလဲ ရှင် ပေါက်စနအရွယ်တုန်းက သူ့ကို မြင်ဖူးခဲ့တာများလား…”
သက်လတ်ပိုင်းအမျိုးသမီးသည် လူငယ့်ကို လှမ်းစရင်း သဘောကျစွာ ရယ်နေတော့သည်။
“ တတိယအစ်မ…နင်…” လူငယ်သည် ဒေါသတကြီးဖြင့် သူ့တတိယအစ်မကို လှမ်းအော်သည်။ သူ့ပုံံစံက အရှက်ရသွားပုံပင်။
“လွန်ခဲ့တဲ့နှစ်တွေတုန်းက ညီ(လေး)က အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေခဲ့တာ မဟုတ်ဘူး။ မင်းတို့များ မေ့သွားကြပြီလား။ ကျုပ်တို့ ညီမငါးနဲ့ မတွေ့ခင်တုန်းက အင်မောတယ်အထက်ဘုံစုဝေးပွဲမှာ ပါဝင်ခဲ့ကြတယ်လေ။ နှစ်လ၊ သုံးလလောက် ခရီးနှင်ပြီးတဲ့နောက်မှာ ကံမကောင်းစွာနဲ့ ကျုပ်တို့တွေ လက်ဗလာနဲ့ ပြန်လာခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ကျုပ်တို့အနေနဲ့ အဲ့စုဝေးပွဲရဲ့ ပြိုင်ပွဲမှာ ဒဏ်ရာအပြင်းအထန် မရခဲ့ကြတာပဲ…”
မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ထိုသို့ ကြားဖြတ် ဝင်ပြောသည်။
“အန်…လူတိုင်းက အင်မောတယ်အထက်ဘုံစုဝေးပွဲမှာ ဝင်ပါခဲ့ကြတာလား…”
ညီမငါးသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သိချင်ဟန် ပြသသည်။ တခြားတစ်ဖက်တွင်မူ သူမ၏ ဒုတိယအစ်ကိုနှင့် သက်လတ်ပိုင်းအမျိုးသမီးတို့ကမူ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ခါးသီးစွာ ပြုံးသွားကြသည်။
“ထွေထွေထူးထူး ပြောနေစရာ ဘာမှ မရှိပါဘူး…။ ဒါက ရေတွင်းထဲကနေ ကောင်းကင်ကို မြင်ခဲ့ကြတာ ဆိုတဲ့ အဓိပ္ပာယ်ကို ကျုပ်တို့အနေနဲ့ ပထမဆုံးအကြိမ် အမှန်တကယ် သိခဲ့ကြတာပဲ မဟုတ်လား…”
သက်လတ်ပိုင်းအမျိုးသမီးသည် သက်ပြင်းချသည်။
“ဘာလဲ။ အစ်ကို(လေး)…အဲ့အချိန်တုန်းက ရှင် ကျမကို ပြောခဲ့တာက…”
အမျိုးသမီးငယ်သည် ခေါင်းလှည့်ကာ သူမ၏ ဒုတိယအစ်ကိုသည် ထိုအင်မောတယ်အထက်ဘုံစုဝေးပွဲနှင့် ပတ်သတ်ပြီး ဘာများ ပြောလေလားမလဲဟု သိချင်စိတ်ဖြင့် လှမ်းကြည့်သည်။ သို့သော် သူမ မြင်ရသည်မှာ တုန်လှုပ်အံ့အားသင့်မှု ပြည့်နေသော သူ၏မျက်နှာကိုသာ။
“အစ်ကိုလေး…ဘာများ ဖြစ်လို့လဲ…”
တခြားသူများသည် လူငယ်၏ ဟန်ပန်အမူအရာမှာ ထူးခြားနေတာကို မြင်သည့်အခါ သူတို့သည်လည်း အံ့အားသင့်စွာ မေးသည်။
“ဒုတိယအစ်ကို…အင်မောတယ်အထက်ဘုံစုဝေးပွဲနေ့တုန်းက အစ်ကိုကြီးနဲ့ တတိယအစ်မတို့က ကျုပ်တို့နဲ့ ကွဲထွက်သွားတာကို ခင်ဗျား မှတ်မိလား…။ ကျုပ်က အဲ့အချိန်တုန်းက စားချင်သောက်ချင်စိတ် ကြီးမားလို့ ကျားယွမ်မြို့မှာ စားသောက်ဆိုင်တစ်ခုဆီ တစ်ယောက်တည်း အလစ်သွားခဲ့တယ်လေ…”
လူငယ်သည် သူ့အစ်ကိုနှစ် သံသယဝင်နေသည်ကို ချက်ခြင်း မဖြေ၊ ထိုအစား သူက အတိတ်တစ်ချိန်တုန်းက ကိစ္စကို ရုတ်တရက် ထုတ်ပြောလာသည်။ သည့်အတွက်ကြောင့် ပိန်ပိန်ရှည်ရှည်နှင့် ဒုတိယအစ်ကိုသည် ထူးဆန်းသည်ဟု ခံစားမိသည်။
“ဒါပေါ့…ကျုပ် မှတ်မိပြီ။ အဲ့အချိန်တုန်းက ကျုပ်က မင်းရဲ့ အဲ့လုပ်ရပ်ကို ဖုံးကွယ်ပေးထားခဲ့ပေမယ့် အစ်ကိုကြီးဆုံးဟာ သိသွားခဲ့ပြီး မင်းကိုတောင် ဆူခဲ့မာန်ခဲ့သေးတယ်မလား…”
ဒုတိယအစ်ကိုသည် အနည်းငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် ထိုသို့ ပြန်ဖြေသည်။
“အမှန်ပါပဲ။ အဲ့အချိန်တုန်းက ကျုပ်ဟာ အင်မောတယ်အထက်ဘုံစုဝေးပွဲမှာ ဝင်ပါချင်နေတယ်လို့ ထင်တဲ့ လူငယ်တစ်ယောက်နဲ့ အဲ့စားသောက်ဆိုင်မှာ မြင်ခဲ့တယ်လို့ ပြောခဲ့တယ်မလား။ သူ့ကျင့်ကြံမှုအဆင့်ဟာ အဆင့်ခုနစ်၊ ဒါမှမဟုတ် အဆင့်ရှစ်လောက်ပဲ ရှိတယ်လေ။ ဒါ့ကြောင့် ကျုပ်တို့ဟာ သူ့ကိုယ် အထင်အမြင်သေးခဲ့ ကြသေးတယ်လေ…”
လူငယ်သည် ခါးသီးစွာဖြင့် ထပ်ပြုံးသည်။
“ဒါက ကြာခဲ့ပါပြီ။ ကျုပ်အနေနဲ့ သေချာ မမှတ်မိတော့ဘူး။ မင်းက အဲ့အကြောင်း ဘာလို့ ပြောနေရတာလဲ…”
ဒုတိယအစ်ကိုသည် ချီတုံချဟန်ဖြင့် မေးသည်။
သူသည် သူ့ညီ(လေး)က မည်သည့်အတွက်ကြောင့် ထိုကိစ္စကို ရုတ်တရက် ပြောလာမှန်း အမှန်တကယ် မသိပေ။
တခြားသူများသည်လည်း သူတို့၏ ပဟေဠိဖြစ်ဟန် စကားများကို ကြားရပြီး ခေါင်းခြောက်ကုန်သည်။
“အဲ့နှစ်တုန်းက ကျနော် မြင်ခဲ့တဲ့ လူငယ်ကျင့်ကြံသူဟာ ခုလက်ရှိ စီနီယာဟန် အတိအကျပါပဲ…”
လူငယ်သည် ခြောက်ကပ်ကပ်လေသဖြင့် ပြောသည်။ သူ၏ စကားကြောင့် ကျန်သူများမှာ ပါးစပ်အဟောင်းလောင်း ဖြစ်ကုန်သည်။
“ဘာ…စီနီယာဟန်က အဲ့တုန်းက အဆင့်နိမ့်ကျတဲ့ ကျင့်ကြံသူ လူငယ်လေး ဟုတ်လား…”
ဒုတိယအစ်ကိုသည် ထိုင်ခုံကနေ ခုန်ထ၍ အလန့်တကြား ပြောလေ၏။
“သေချာ ရှင်းရှင်းလင်းလင်း ပြောပြစမ်း…” အံ့အားတသင့်ဖြစ်ရာကနေ ပြန်ကောင်းမွန်လာသည့်အခါ မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် မျက်မှောင်တင်းတင်းကြုတ်ကာ ထိုသို့ ပြောသည်။
“ ဒီလိုပါ…အစ်ကိုကြီး…” ပိန်ရှည်ရှည်နှင့်သူသည် ထိုနှစ်၌ မည်သို့ဖြစ်ခဲ့တာကို ယေဘုယျအားဖြင့် ပြန်ပြောပြသည်။ တခြားသူများက ထိုအကြောင်းကို ကြားသည့်အခါ သူတို့သည် မယုံကြည်နိုင်အောင် ဖြစ်ကုန်သည်။
“အစ်ကို(လေး)…စီနီယာဟန်က အတိတ်တုန်းက ချီစုဆောင်းခြင်းကျင့်ကြံသူပေါက်စလေးလို့ ခင်ဗျား ပြောလိုက်တာလား…”
အမျိုးသမီးငယ်သည် ထိုသို့ မေးချိန်တွင် သတွေးပါ သီးသွားသည်။
တခြားသူများမှာလည်း တုန်လှုပ်ကုန်သည်ပင်။
“ညီ(လေး) မင်း မှားများ မှားနေတာလား။ တကယ်တော့ အဲ့ကိစ္စဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျောက်လေ။ စီနီယာဟန်ရဲ့ ရုပ်ရုပ်အသွင်ဟာ ခုလက်ရှိ သူ့အသက်အရွယ်နဲ့ လုံးဝ တူညီတော့မှာမှ မဟုတ်လောက်တာ…”
“မဟုတ်ဘူး။ အဲ့လူဟာ စီနီယာဟန်ဖြစ်တာ သေချာတယ်။ သူ့ပုံပန်းသွင်ပြင်ဟာ အဲ့အချိန်တုန်းကနဲ့ အတိအကျပဲ။ သူ့အသက်အရွယ်ကလွဲလို့ သူ့ရုပ်သွင်ဟာ လုံးဝကို တူနေတယ်…”
လူငယ်သည် အခိုင်အမာ ပြောလေသည်။
လူငယ်၏ ပြတ်သားခိုင်မာသော စကားများကို ကြားသည့်အခါ တခြားသူများသည် တစ်ယောက်နှင့်တစ်ယောက် မင်သက်စွာ ကြည့်မိကုန်သည်။
ဆယ်စုနှစ်အတွင်း ထိုကဲ့သို့ ကျင့်ကြံသူနိမ့်ကျသောသူမှာ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဖြစ်လာနိုင်ခဲ့သည်။ သည်အချက်ကြောင့် ထိုသူများသည် သူတို့၏စိတ်ထဲ၌ နာကျင်မှု မခံစားမိဘဲ မနေနိုင် ဖြစ်ရသည်။
တအောင့်အကြာ၌ မည်သူကမျှ စကားထပ်မဆိုကြတော့၊ အတွေးများသွားကြသည်။
“တောက်လောက်ပြီ။ စီနီယာဟန်က အဲ့နှစ်တုန်းကသူ ဖြစ်ချင်ဖြစ်၊ မဖြစ်ချင်နေ၊ ခုလက်ရှိ သူဟာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ပဲ။ ကျုပ်တို့အနေနဲ့ သူ့ကို တလေးတစား ဆက်ဆံရမယ်။ သူ့ကို ဘာမှ သွားမမေးကြနဲ့။ နားလည်လား…”
ထိုအဘိုးအိုသည် တကိုယ်တည်း ရေရွတ်နေပြီးနောက်မှာ ထိုသို့ ပြောသည်။
“ကျုပ် နားလည်ပါပြီ…” လူငယ်သည် တအောင့်အကြာ ချီတုံချတုံ ဖြစ်နေသေးသည်။ ထို့နောက်တွင် သူက အလေးအနက် ပြန်ဖြေ၏။ သူ့အမူအရာမှာ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာသည်။
“ကောင်းပြီ…လူတိုင်းပဲ။ ကိုယ့်အခန်းကိုယ် ပြန်ပြီး ချီသန့်စင်ကြ။ သေချာ ပြင်ဆင်ထားကြချေ…”
သည်စကားများကို ကြားရပြီးနောက်မှာ သူတို့အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်သည့်အနေဖြင့် ကြည့်ကြပြီး အခန်းများထံ ပြန်သွားကြသည်။
တအောင့်အကြာတွင် ကြည်သာသံခြံဝန်းမှာ ငြိမ်သက်တိတ်ဆိတ်သွားတော့သည်။
နာရီဝက်လောက် ကြာပြီးနောက်မှာ ကောင်းကင်သည် လုံးလုံး မဲမှောင်လာခဲ့လေပြီ။
ကြည်သာသံခြံဝန်းထဲရှိ အိမ်ငယ်တစ်ခုထံမှ လူတစ်ယောက်သည် ရုတ်တရက် လှမ်းထွက်လာသည်။
ထိုသူမှာ အခန်းတံခါးကို သေချာဂရုစိုက်ဖွင့်ကာ ဘေးပတ်ပတ်လည်သို့ ကြည့်ရှုသည်။ ထို့နောက်တွင် သူသည် ခြံဝန်းငယ်ထံမှ တိတ်တဆိတ် လှမ်းထွက်လာ၏။
သူသည် ပိန်းပိန်းမှောင်နေသောညကို အခွင့်ကောင်းယူကာ ခပ်လှမ်းလှမ်းနေရာထံ လျှောက်လာနေသည်။ သူ့မျက်လုံးထဲ၌ တွေဝေနေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက်မှာ သူကား ချက်ခြင်းပင် ပြတ်သားခိုင်မာသွားဟန် ပေါ်သည်။
သူသည် သူ့အင်္ကျီရင်ဘက်ထဲမှ သေတ္တာငယ်တစ်ခုကို စိုးရိမ်ပူပန်တကြီး ထုတ်ပြီး ၎င်းကို ဖွင့်သည်။
ရုတ်တရက် ထိုသူ၏နောက်မှာ သက်ပြင်းချသံတစ်သံကို ကြားရလေသည်။ ထိုအခါ သူ၏ ပုံရိပ်သည် တုန်တုန်ရင်ရင် ဖြစ်သွားလေ၏။ လက်ထဲရှိ သေတ္တာပင် လွတ်ကျမတတ် ဖြစ်သွားသည်။ အကြောင်းမှာ ထိုသက်ပြင်းချသံသည် ဟန်လိ၏အသံနှင့် အလွန်တူနေသောကြောင့်ပင်။
“နင် ဘာကြောင့် အဲ့လို လုပ်နေရတာလဲ…” တစ်ချိန်တည်းလိုလိုမှာ သူသည် ရင်းနှီးသောအသံတစ်သံကိုပါ ကြားရသည်။ ထိုအသံတွင် ဝမ်းနည်းမှုတို့ ပြည့်နေပုံ ရသည်။
ထို့နောက်တွင် သူသည် လက်ထဲ၌ လကျောက်များ ကိုင်ထားသော အနီးအနားမှ ထွက်ပေါ်လာသည့်သူများကို ကောင်းကောင်းမြင်သည်။ မှိန်ဖျော့ဖျော့လအလင်းအောက်မှာ သူတို့သည် မယုံကြည်နိုင်ဟန် ဖြစ်နေကြသည်။
“နင် ဘာလို့ အဲ့လို လုပ်ရတာလဲ…” မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ဝမ်းနည်းကြေကွဲမှုအပြည့် ပါသော လေသံဖြင့် ထိုသို့ ပြောလေသည်။
“ဘာအတွက်ရမှာလဲ။ ကျမက မှော်ပစ္စည်းတစ်ခုကို စမ်းသပ်နေတာပေါ့…”
ထိုပုံရိပ်၏ အမူအရာသည် ဖြူရောသွားရာကနေ ချက်ခြင်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူမကား ဘာမျှမဖြစ်လေဟန်ဖြင့် ထိုသို့ ပြောသည်။
“နင့်လက်ထဲကဟာက ဘာပဲဖြစ်ဖြစ် ငါ့ ကြည့်ကြည့်မယ်…” ပိန်းပိန်းမှောင်နေသောညထံကနေ ဟန်လိသည် ကောင်းကင်ထက်ကနေ ငှက်မွှေးတစ်ကောင်နှယ် သက်ဆင်းလာပြီး သူမကို ပုံမှန်အတိုင်း အမိန့်ပေးသည်။
“ဒါကတော့ မသင့်တော်ပါဘူး။ အပြင်လူတစ်ယောက်က ကျမရဲ့ မှော်ပစ္စည်းကို ကြည့်ခွင့် ဘာကြောင့်များ ပေးရမှာလဲ…။ ကျမ လက်မခံနိုင်ဘူး…။ မှန်တယ်မလား…အစ်ကို(လေး)…”
ထိုကဲ့သို့ သံသယဝင်စရာ ကောင်းလှသော ပုံရိပ်မှာ မြူတောင်တန်း၏ မိတ်ဆွေငါးဖော်ထဲမှ တစ်ယောက်ဖြစ်သော အမျိုးသမီးငယ်(ဝါ) ညီမငါး ဖြစ်နေလေသည်။
အခုအခိုက်အတန့်တွင် သူမသည် ပုံမှန်ဟန်ပန်အတိုင်း အကောင်းဆုံးကြိုးစား၍ နေနေသော်လည်း လက်ထဲတွင်မူ သေတ္တာငယ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေ၏။ ၎င်းသေတ္တာကို သူမ လက်မလွှတ်ပေးချင်တာ သေချာလွန်းသည်။
“ညီမငါး…။ စီနီယာဟန်ကို အဲ့ပစ္စည်းပေးလိုက်…” မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ရေခဲတမျှ အေးစက်သော လေသံဖြင့် သုန်မှုန်စွာ အမိန့်ပေးသည်။
(မှတ်ချက်။ ။ ဒုတိယအစ်ကိုနှင့် ညီ(လေး)တို့သည် ဟန်လိကို အခန်း(၁၀၆)တွင် ပထမဆုံးအကြိမ် မြင်ဖူးခဲ့ပေသည်။ )