ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်များ
Vol. 22 Ch. 304
“အစ်ကိုကြီး…ရှင်က ကျမကို သံသယဝင်နေတာလား…” ညီမငါးသည် မနာခံဟန်ဖြင့် ဟန်လုပ်ပြုံးကာ ပြောသည်.
“လူတိုင်းက မင်းကို ယုံတဲ့အတွက်ကြောင့် သူတို့က ဒီအခွင့်အရေးကို ပေးနေတာ။ မင်း ဒီသေတ္တာထဲမှာ ဘာရှိလဲ ငါတို့ကိုပြ။ ဒါကို ဖွင့်ပြလိုက်တာနဲ့ လူတိုင်းရဲ့ သံသယဟာ ပပျောက်သွားလိမ့်မယ်…”
ထိုအဘိုးအိုသည် အေးတိအေးစက် ပြောသည်။
အဘိုးအို၏ စကားများကို ကြားသည့်အခါ ညီမငါး၏ အမူအရာသည် နီလိုက်၊ဖြူလိုက် ဖြစ်သွားချေသည်။ သိသိသာသာကို အမူအရာပျက်သွားလေပြီ။
သူမက တခြားသူများကိုလည်း တချက်လှမ်းကြည့်သည်။ သူတို့အားလုံးက စိတ်မကောင်းခြင်းကြီးစွာဖြင့် သူမကို ကြည့်နေကြသည်။ သူမ၏ စိတ်ထဲ၌ အေးစက်မှု ခံစားရသည်။ သူမ ဘာပြောရမှန်းကို မသိတော့ပေ။
ခဏ စဉ်းစားပြီးနောက်မှာ သူမသည် ဆုံးဖြတ်ချက်တစ်ခုချသည်။ သေတ္တာငယ်ကို သိမ်းကာ သူမသည် အပြာရောင်ပုတီးစေ့တစ်ခုကို ခပ်မြန်မြန် ထုတ်၍ ခေါင်းမော့ကာ မဆိုင်းမတွ ပြောလေသည်။
“ကျမကို ဖိအားမပေးကြပါနဲ့။ ရှင်တို့အားလုံးဟာ ကောင်းကင်လျှပ်စီးပုတီးစေ့အကြောင်း သိကြမှာပါ။ ကျမ လိုချင်တာဟာ ဒီနေရာကနေ ထွက်သွားဖို့ပဲ…”
ထိုအမျိုးသမီးငယ်၏ အပြုအမူများသည် မြူတောင်တန်းမှ သူမ မိတ်ဆွေများ၏ အမူအရာများကို ကြီးစွာ ပြောင်းလဲသွားစေသည်။ အထူးသဖြင့် သူမအပေါ် အင်မတန်ခင်မင်သော လူငယ်ပင်။ သူ့အသွင်မှာ အလွန်အမင်း ပျက်ယွင်းနေသည်။
“ဒီသေတ္တာထဲမှာ ရှိတဲ့ဟာကို ကျုပ်တို့ ထပ်မြင်နေဖို့ မလိုတော့ဘူး။ ညီမငါး…နင့်ကိုယ်နင် မကောင်းဆိုးဝါးတွေနဲ့ တကယ်ကြီး ပတ်သတ်ခဲ့တာပေါ့…”
အဘိုးအိုသည် ဒေါသတကြီးဖြင့် အော်ပြောလျက် ရုတ်တရက် ရှေ့သို့ ခြေလှမ်းသည်။
“ကျမနား မလာနဲ့…အစ်ကိုကြီး။ မဟုတ်ရင် ကျမ ဒီပုတီးစေ့ကို အသုံးပြုလိုက်ရလိမ့်မယ်…”
ညီမငါးသည် ဗျာများနေဟန် ဖြစ်ပေါ်သည်။ သူမသည် သူမရှေ့သို့ အပြာရောင်ပုတီးစေ့ကို ထုတ်ယူကာ ပစ်လွှတ်ဟန် အသင့်အနေအထား ပြင်သည်။
ထိုသည်ကို မြင်သည့်အခါ အဘိုးအို၏ အမွှေးအမျှင်များ ထောင်မတ်သွားသော်လည်း သူကား အမှန်တကယ် မချဉ်းကပ်ဝံ့တော့ပေ။ တကယ်တော့ သူသည် ထိုကောင်းကင်လျှပ်စီးပုတီးစေ့၏ အစွမ်းကို ကောင်းကောင်း သိပေသည်။
“ညီမငါး။ နင်က ဒီပုတီးစေ့ကို ငါတို့နဲ့ ရင်ဆိုင်ဖို့အတွက် တကယ်ပဲ အသုံးပြုဖို့ စီစဉ်ထားတာလား။ ဒီမှော်ပစ္စည်း နင့်ကို ပေးခဲ့တာဟာ နင့်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ ငါတို့ထဲမှာ အနိမ့်ကျဆုံး ဖြစ်လို့ပဲ။ ကျုပ်တို့အားလုံးဟာ နင့်ကိုယ်နင် ကာကွယ်ဖို့အတွက် ဒီပစ္စည်းကို ဝယ်ဖို့ ငါတို့ရဲ့ မှော်ကျောက်တုံးတွေအားလုံးကို စိတ်ပါလက်ပါ ပေးခဲ့ကြတယ်။ အထူးသဖြင့် ညီ(လေး)ပဲ။ ဒီပုတီးစေ့အတွက် သူ့ရှိတာ အကုန် ထုတ်ပေးခဲ့တာ။ အခု နင်က ဒီပုတီးစေ့ကို အသုံးပြုပြီး ငါတို့နဲ့ ရင်ဆိုင်ချင်နေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ အဲ့တာဟာ မလွန်လွန်ဘူးလား…”
သက်လတ်ပိုင်းအမျိုးသမီးသည် အလွန်အမင်း စိတ်ပျက်ဟန်ဖြင့် ထိုသို့မေးသည်။
လူငယ်သည် ထိုစကားကို ကြားသည့်အခါ၌ သူ့နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်နေသည်။ သူ့ရင်ထဲ ခံစားချက်ပေါင်းစုံ လှိုက်တက်နေသည်။ သို့သော် သူသည် ဘာကိုမှ ပြောနိုင်စွမ်းမရှိ ဖြစ်ရသည်။
ထိုအမျိုးသမီးငယ်သည် သက်လတ်ပိုင်းအမျိုးသမီး၏ စကားကို ကြားသည့်အခါ သူမမှာ အရှက်ရသွားဟန် ပေါ်သည်။ သို့သော် ဤအမူအရာမှာ ချက်ခြင်း ပြန်ပျောက်ကွယ်သွား၏။ ထို့နောက်တွင် သူမက အလျော့မပေးဘဲ ထပ်ပြောသည်။
“ဒါတွေ ပြောနေလို့ ဘာအသုံးဝင်မှာလဲ။ ကျမတို့က တူတာမဟုတ်ဘူး။ ရှင်တို့ထက် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကျမ အရင်ရောက်ရမယ်။ မိစ္ဆာနက်ကျောင်းတော်ကသူတွေဟာ ကျမ လုံလောက်အောင် အကျိုးဆောင်ပေးနိုင်သရွေ့ သူတို့ဟာ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ပေးမှာတော့ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ သူတို့က ကျမကို အခြေခံတည်ဆောက်ခြင်းအဆင့်ကို တိုက်ရိုက် အတင်းအကြပ် ရောက်သွားစေအောင် လုပ်ပေးနိုင်တယ်။ ဒါ့အပြင် သူတို့ရဲ့ နည်းလမ်းတွေဟာ ဘာအန္တရာယ်မှလည်း ရှိမှာ မဟုတ်ဘူး…”
ပိန်ပိန်ရှည်ရှည်နှင့်သူသည် ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုံ့လျက် မပြောမိဘဲ မနေနိုင်ဖြစ်ကာ လှမ်းပြောသည်။
“ညီမငါး…နင် နောက်ပြန်လှည့်လို့ နောက်မကျသေးဘူး။ အခြေခံတည်ဆောက်ခြင်းဆေးလုံး မရှိဘဲ နင်က အဲ့အဆင့်ကို ဝင်နိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား။ သူတို့က နင့်လို မနူးမနပ်ငယ်ရွယ်တဲ့သူကို အနိုင်ကျင့်ကြမှာ၊ နင့်ကို အရူးလုပ်ကြမှာ သေချာတယ်…”
မိတ်ဆွေငါးဖော်ထဲမှ ဒုတိယမြောက်အစ်ကိုဖြစ်သူ ထိုသူသည် ထိုသို့ ရိုးရိုးသားသား ပြောသည်။
“ဟက်…ဒုတိယအစ်ကို…ကျမကို ဆရာကြီး လာလုပ်မနေနဲ့။ ဒါက မှန်တာ၊မမှန်တာ ကျမ သိပြီးသား။ ခုလိုထိ ဖြစ်လာမှတော့ ကျမ ဘာကိုမှ ဖုံးကွယ်မထားတော့ဘူး။ ကျမဟာ မိစ္ဆာနက်ကျောင်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နှင့်ပြီးပြီ။ သူတို့ ပေါ်လာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်တည်းကပေါ့။ ဒါ့ကြောင့် ကျောင်းတော်သခင်ရဲ့ ကြီးမြတ်တဲ့စွမ်းအားဟာ အပြင်လူတွေ စိတ်ကူးယဉ်ကြည့်လို့တောင် မဖြစ်နိုင်မှန်း ကျမ သိထားပြီး ဖြစ်တယ်…”
အမျိုးသမီးငယ်သည် ထေ့လှောင်သောလေသံဖြင့် အေးတိအေးစက်ပြောသည်။ သူမ၏ ထိုစကားများကား လူတိုင်းအား အကြီးအကျယ် တုန်လှုပ်သွားစေသည်။
“နင်က လွန်ခဲ့နှစ်နှစ်တည်းက မိစ္ဆာနက်ကျောင်းတော်ကို ဝင်ရောက်ခဲ့တယ် ဟုတ်လား…။ ငါတို့ ပထမဆုံးအကြိမ် အဖမ်းခံရတာဟာ နင့်ကြောင့်လား…”
တချိန်လုံး တိတ်ဆိတ်နေသောလူငယ်သည် ကြားဖြတ်ကာ ရုတ်တရက် ထိုသို့ မေးသည်။
သူ့စကားက တခြားသူများ၏ စိတ်နှလုံးကို ထပ်မံ မြင့်တက်လာစေကာ သူတို့၏ အမူအရာများသည် ပြောင်းလဲသွားလျက် ထိုအမျိုးသမီးငယ်ကို စိုက်ကြည့်နေသည်။ သူတို့သည် သူတို့၏ ညီမငါးလုပ်ခဲ့သည့် ကိစ္စရပ်အပေါ် မယုံကြည်နိုင်ဝံ့ ဖြစ်နေကြသည်။
ညီမငါး၏ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေလေ၏။ ခဏ တွေဝေနေပြီးနောက်မှာ သူမက ဖြည်းဖြည်းချင်း ပြောသည်။
“မှန်တယ်။ လူတိုင်းအကြောင်းကို ကျမက မိစ္ဆာနက်ကျောင်းတော်ဆီ တင်ပြခဲ့တာ။ ဒါပေမဲ့ စစချင်းမှာတော့ ကျမမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကောင်း ရှိခဲ့ပါတယ်။ ကျမဟာ လူတိုင်းကို အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်စေချင်ခဲ့တယ်လေ။ အဖမ်းခံရတဲ့သူတွေဟာ သွေးစတေးခံတွေ ဖြစ်လာကြတာပဲ မဟုတ်လား။ မဟုတ်ရင် နင်တို့အသက်တွေကို ဘယ်လိုလုပ် ချမ်းသာပေးပါ့မလဲ…”
အမျိုးသမီးငယ်သည် ခုချိန်ရောက်မှတော့ ဘာကိုမှ ဖုံးကွယ်မထားတော့ပေ။ သူမက အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည်။
“ဟားဟား…နင့် စကားတွေအရဆို ကျုပ်တို့က ညီမငါးကို ကျေးဇူးတင်သင့်တာပေါ့…”
မျက်နှာမည်းမည်းနှင့်အဘိုးအိုကား ဒေါသတကြီး အော်ဟစ်၏။ ဘာမှ မဖြစ်လေဟန်ဖြင့် ရယ်မောကာ ဟန်ဆောင်လေသည်။
“နင်တို့ ဘာတွေးတွေး…ငါ့မှာ နင်တို့အကုန်လုံးအပေါ် စိတ်ယုတ်စိတ်မာ မရှိခဲ့တာတော့ အမှန်ပဲ။ ငါ့ကို အတင်းအကြပ် မလုပ်ကြနဲ့…”
အမျိုးသမီးငယ်ကာ သူမ၏ လှပသောမျက်နှာကို ရှုံ့တွကာ ထိုသို့ ပြောလေသည်။ ထို့နောက်တွင် သူမသည် လက်ထဲရှိ ကောင်းကင်လျှပ်စီးပုတီးစေ့ကို ထပ်ပင့်မြှောက်သည်။
ထိုအခိုက်တွင် ဟန်လိသည် အမျိုးသမီးငယ်ကို မသိမသာ ပြုံးပြပြီး ပြောသည်။
“ကောင်းကင်လျှပ်စီးပုတီးစေ့…ဒါက ပစ္စည်းကောင်းပဲ…”
သူ့စကားများမှာ သည်နေရာတွင် ကျန်ခဲ့လျက် သူ၏ပုံရိပ်ကမူ ဝေဝါးသွားလေတော့သည်။ ခဏအကြာတွင် သူသည် မူလနေရာကနေ ပျောက်ကွယ်သွား၏။
“နင်…” ညီမငါးဖြစ်သော အမျိုးသမီးငယ်သည် ဉာဏ်ကောင်းလှသူပင်။ သူမက ဤသည်ကို မြင်သည်နှင့် သူမ၏လက်ကောက်ဝတ်ကို ချက်ခြင်း လှုပ်ရှားရန် တွေးသည်။ သို့သော် အလင်းတစ်ခုကို ခံစားမှုနှင့်အတူ ၎င်းပုတီးစေ့ကို ဆုပ်ကိုင်ထားသော သူမ၏လက်မှာ ရုတ်တရက် တောင့်တင်းသွားလေသည်။ နတ်ဆိုးတစ်ပါးနှယ် ဟန်လိသည် သူမ၏နောက်တွင် ပေါ်လာပြီး သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားနှင့်ပြီး ဖြစ်သည်။
“ဒီပစ္စည်းက အတော်လေး အန္တရာယ်များလှတယ်။ ဒါ့ကြောင့် ငါကပဲ ဒါကို ဂရုတစိုက် သိမ်းထားလိုက်ပါ့မယ်…”
ဟန်လိက အားနာမနေချေ။ သူသည် ၎င်းပုတီးစေ့ကို အတင်းအကြပ် ယူဆောင်ကာ သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်လေပြီ။
ညီမငါးသည် သူမ မှီခိုအားအထားရဆုံး မှော်ပစ္စည်းမှာ ဟန်လိအတွက်တော့ ကလေးကစားစရာ ဖြစ်နေတာကို မြင်သည့်အခါ သူမ၏ အသားရေမှာ ပြာနှမ်းသွားတော့သည်။ သူမသည် ထိုခဏ၌ ရုန်းကန်ဖို့ကိုပါ မေ့သွားခဲ့၏။ ပထမဆုံးအကြိမ်အဖြစ် သူမ၏ မျက်လုံးထဲတွင် အကြောက်တရား ပေါ်လာသည်။
“သူမက မင်းတို့ရဲ့ မွေးစားညီမဖြစ်တဲ့အတွက် မင်းတို့လက်ထဲ အပ်ခဲ့ပြီ။ မိစ္ဆာနက်ကျောင်းတော်နဲ့ ပတ်သတ်ပြီး သူမ သိသမျှ အန်ထွက်ကျလာဖို့ မင်းတို့ ကြိုက်သလိုလုပ်ကြ။ ဒါပေမဲ့ သူမကို လွှတ်ပေးပြီး ဟိုဘက်ကို ပြန်တင်ပြစေတဲ့အထိတော့ မရူးမိုက်ကြနဲ့…”
ဟန်လိသည် မြူတောင်တန်းမှ မိတ်ဆွေငါးဖော်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ထိုသို့ အေးအေးဆေးဆေး ပြောလေ၏။
တအောင့်အကြာတွင် သူ၏လက်နှစ်ဖက်မှ အဖြူရောင်အလင်း လင်းလက်သွားပြီး ထိုအမျိုးသမီးငယ်၏ ခန္ဓာကိုယ်ထံ လျင်မြန်စွာ ဝင်ရောက်သွားသည်။ သူမ၏ အစစ်အမှန်အနှစ်သာရ ပြန့်ကြဲသွားခြင်းနှင့်အတူ သူမသည် မှော်စွမ်းအားကို ဆက်၍ အသုံးပြုနိုင်စွမ်း မရှိလေတော့ပေ။
ထို့နောက်တွင်မူ ဟန်လိသည် အမျိုးသမီးငယ်၏ အင်္ကျီရင်ဘက်ထဲမှ သေတ္တာငယ်ကို လှမ်းယူပြီး စိတ်ဂယောက်ဂယက်ဖြစ်နေသော လူငယ်ထံ ပေါ့ပေါ့ပါးပါး လှမ်းပစ်ပေးသည်။
“ကျေးဇူးအများကြီး တင်ပါတယ်…စီနီယာဟန်…”
မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ဟန်လိ ဘာကြောင့် ထိုသို့ ပြုလုပ်မှန်း သိသည်။ သူတို့နှင့် မိတ်ဖြစ်ဆွေဖြစ် သဘောကို ပြသခြင်း မဟုတ်လား။ ထို့ကြောင့် သူသည်လည်း ကျေးဇူးတင်စကားဖြင့် တုန့်ပြန်ခဲ့တာပင်။
ဟန်လိသည် စကားတစ်ခွန်းမှ မဆိုလေဘဲ လက်ဝေ့ယမ်းသည်။ လေထဲမှ အဝါရောင်အလင်းတန်းများ ပေါ်လာ၏။ သူသည် အနီးအနား၌ အသံအတားအဆီးကို အစောလေးတည်းက ကြို၍ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သို့မှသာ သူတို့၏ စကားများကို အပြင်ဘက်မှ မကြားရမှာ ဖြစ်၏။ သူ၏ ရည်ရွယ်ချက် ပြီးမြောက်သည့်အခါ ဟန်လိသည် ညအမှောင်ထဲမှာ ဖြည်းဖြည်းခြင်း ပျောက်ကွယ်သွားလေတော့သည်။
“အစ်ကိုကြီး…ကျုပ်တို့ ဘာလုပ်ကြမလဲ…”
ဒုတိယအစ်ကိုသည် ပျောက်ကွယ်သွားသော ဟန်လိ၏ ပုံရိပ်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကာ မျက်နှာမည်းမည်းနှင့်အဘိုးအိုကို ထိုသို့ မေးသည်။
“အရင်ဆုံး ကျုပ်တို့ ညီမငါးကို အိမ်ထဲခေါ်သွားပြီး သူမကို ထိန်းချုပ်ထားရမယ်။ ဒီည ကျုပ်တို့ရဲ့ လုပ်ငန်းတာဝန်ပြီးမှပဲ သူမနဲ့ ထပ်ရှင်းကြတာပေါ့…”
အဘိုးအိုသည် ထိုသို့ ခိုင်မာစွာ ပြောသည်။
“ကောင်းပါပြီ။ ဒီအစီအစဉ်က အနည်းဆုံးတော့ ကျနော်တို့အတွက် ခေါင်းအေးအေးနဲ့ ဆုံးဖြတ်နိုင်တာပေါ့…”
ဒုတိယအစ်ကိုသည် သဘောတူဟန်ဖြင့် ထပ်ခါထပ်ခါ ခေါင်းညိတ်သည်။ ထို့နောက်တွင် သူသည် အမျိုးသမီးငယ်၏ လက်ကို ကိုင်ထားသော လူငယ်ထံ လှည့်ကာ ပြောလိုက်သည်။
“ညီ(လေး) အရင်ဆုံး ညီမငါးကို အခန်းထဲ ပြန်ခေါ်သွားလိုက်…” လူငယ်က ခေါင်းညိတ်ပြသည်။ သူသည် ကြည်သာသံခြံဝန်းထံ အမျိုးသမီးငယ်ကို ခေါ်၍ ပြန်လျှောက်လာသည်။
လူငယ်၏ စိတ်ထိခိုက်ကြေကွဲဟန် အသွင်ဟန်ပန်ကို နောက်ကနေ ကြည့်ကာ သူ၏ ဒုတိယအစ်ကိုသည် သက်ပြင်းချသည်။ သူသည် သူ့ညီ(လေး)ကို သနားမိနေသည်။
ထိုစဉ် သက်လတ်ပိုင်းအမျိုးသမီးက သူ့နား ရောက်လာပြီး ပြောသည်။ “မောင်လေး(လေး)ဟာ အဆင်ပြေသွားမှာပါ။ သူဟာ ညီမငါးကို စွဲလမ်းခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ခုတော့…”
သက်လတ်ပိုင်းအမျိုးသမီးသည် ခေါင်းသာ သွင်သွင်ခါမိတော့သည်။
“ဟူး..အစတုန်းကတော့ သူတို့နှစ်ယောက်ကို လက်ဖက်တယ်လို့ ငါ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ ခုတော့ အဲ့လိုမျိုး ဘယ်တော့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး…”
သူတို့အုပ်စု၏ အစ်ကိုကြီးဖြစ်သူ အဘိုးအိုသည် ရုတ်တရက် စိတ်မောလူမောဟန်ဖြင့် ပြောလာသည်။
မြူတောင်တန်းမှ မိတ်ဆွေငါးဖော်ထဲတွင် အကြီးဆုံးဖြစ်သောသူသည် အချိန်ကြာသည့်အထိ ဝမ်းနည်းနေရတော့မည်သာ။
“အန်…ညီ(လေး)က ညီမငါးကို ခေါ်သွားတာလား…”
ထိုအဘိုးအိုသည် ရုတ်တရက် တစ်ခုခုကို တွေးမိကာ သူ့အမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။
“ဟုတ်တယ်လေ…အစ်ကိုကြီး။ ဘာများ ဖြစ်လို့လဲ….”
ဒုတိယအစ်ကိုသည် ထိုသို့ မေးလိုက်ပြီးနောက်မှာ သူ့အမူအရာလည်း ပျက်ယွင်းသွားလေတော့သည်။ သူသည်လည်း တစ်ခုခုကို ရုတ်တရက် သဘောပေါက်ကာ စိတ်ပူပန်သွားလေသည်။
အပိုစကားများ ပြောမနေတော့ဘဲ သူတို့သည် ကြည်သာသံခြံဝန်းထံ နောက်ကနေ အပြေးလိုက်သွားကြသည်။ သူတို့၏နောက်တွင်မူ သက်လတ်ပိုင်းအမျိုးသမီးမှာ စဉ်းစားနေသည်ဟန်ပန်ဖြင့် ရှိနေသည်။
ကြည်သာသံခြံဝန်းထဲ၌ လူငယ်သည် ဧည့်ခန်းမတွင် တစ်ကိုယ်တည်း စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသည်။ သူ့အသွင်မှာ မှုန်မှိုင်းနေလေ၏။
သူ၏ရှေ့တွင် မျက်နှာမည်းမည်းအဘိုးအိုနှင့် ပိန်ရှည်ရှည်သူတို့က တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်နေမိကြသည်။ သူတို့သည် သူတို့၏ ညီမငါး အရိပ်အယောင်ကို လုံးဝ မမြင်ရပေ။
“ညီနှစ်၊ စီနီရာရဲ့ အတားအဆီးတွေဟာ ညီမငါးခန္ဓာကိုယ်ပေါ်မှာ ရှိနေတုန်းပဲ။ မြန်မြန်။ သူမ နောက်ကို လိုက်ချေ။ ငါကတော့ စီနီယာဟန်ရဲ့ ခွင့်လွှတ်မှုရအောင် သွားတောင်ပန်းမယ်။ ငါတို့ ညီမငါးကို ထွက်သွားပြီး မိစ္ဆာနက်ကျောင်းတော်ဆီ တို့အကြောင်းကို သွားတင်ပြခိုင်းခွင့် ပေးလို့ မဖြစ်ဘူး။ ဘယ်သူမှ သူမကို လာမကယ်ခဲ့ရင် သတ်ပစ်လိုက်ပါ…”
အဘိုးအိုသည် ခိုင်မာစွာ ပြောသည်။
“ကျုပ် နားလည်ပါပြီ…အစ်ကိုကြီး…”
ဒုတိယအစ်ကိုသည် အစပိုင်း၌ ကြောင်ရီနေသေးသည်။ သို့သော် သူသည် ခုချိန်၌ သနားကြင်နာနေရမည့် အချိန်အခါ မဟုတ်မှန်း ချက်ခြင်း သဘောပေါက်သည်။ သူက သဘောတူဟန်ဖြင့် အလေးအနက် ခေါင်းညိတ်ပြကာ အပြေးထွက်သွားလေ၏။
“ညီ(လေး)…မင်း…ဟူး…” အဘိုးအိုသည် ညီနှစ် ထွက်သွားတာကို မြင်ရပြီးနောက် လူငယ်ထံ ခေါင်းလှည့်လာသည်။ သို့သော် လူငယ်မှာ စိတ်နှင့်ကိုယ် မကပ်နေတာ မြင်သည့်အခါ သူသည် ဘာမျှ ထပ်မပြောတော့ပေ။ သူက သက်ပြင်းချကာ ဟန်လိကို သွားရှာရန်သာ ရှိတော့လေ၏။
“ကိစ္စမရှိပါဘူး။ သူမ ထွက်ပြေးခဲ့ရင်လည်း ရှိစေတော့။ မင်းရဲ့ ဒုတိယညီဟာ သူမ နောက်ကို လိုက်နိုင်မှာ မဟုတ်ဘူး…”
ဟန်လိသည် အဘိုးအို၏ အပြောအရ ထိုအမျိုးသမီးငယ်သည် ချင်းနေအိမ်တော်ကနေ ထွက်သွားပြီဟု ကြားသည့်အခါ သူကား အလန့်တကြား ဖြစ်သွားဟန် တစိုးတစိမျှ ရှိမနေပေ။ ထိုအစား သူသည် သူမ လွတ်မြောက်သွားသည့်အပေါ် ဘာမှ ကွာခြားမသွားလေဟန် ပြုမူနေသည်။