← Chapters

နောက်ဆုံးဝှက်ဖဲ

Vol. 22 Ch. 305

နောက်ဆုံးဝှက်ဖဲ

Vol. 22 Ch. 305

ဟန်လိက ထိုသို့ ပြောသည့်အခါ အဘိုးအိုသည် သံသယများ ပြည့်နှက်သွားသော်လည်း သူသည် အရင်ဆုံး သူ့နေရာသူ ပြန်လာရုံသာ ရှိတော့သည်။ တအောင့်အကြာတွင် သူ့ဒုတိယညီ ပြန်ရောက်လာသည်။ သူ့မျက်နှာမှာ ပြာနှမ်းနေ၏။ ထင်ထားသည့်အတိုင်းပင် သူသည် ညီမငါးကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။ ကံကောင်းသည်မှာ ဟန်လိ၏ စကားများကြောင့် သူတို့သည် ဟန်လိ ဒေါသပုန်ထသွားမှာကို မပူပန်ရတာ ဖြစ်သည်။

ထိုအချိန်တွင် ယွဲ့ကျင်းမြို့အတွင်းရှိ လူသူကင်းမဲ့လှသော တောင်ကြားတစ်ခုတွင် ခပ်သွယ်သွယ်ပုံရိပ်တစ်ခုသည် တောင်ပိုင်းသို့ ဦးတည်လှမ်းနေသည်။ မှိန်ဖျော့ဖျော့ လရောင်အောက်ရှိ ထိုပုံရိပ်မှာ ညီမငါး ဖြစ်နေသည်။

သူမ ထွက်ပြေးလာနေရင်း နောက်သို့ မကြာခဏ လှည့်လှည့်ကြည့်နေသည်။ သူမ၏ နောက်ကနေ တစ်ယောက်ယောက် ပေါ်လာမှာကို စိုးရွှံ့နေသည့်နှယ်။ ထိုအမျိုးသမီးငယ်၏ မှော်စွမ်းအားကို ဟန်လိက ဖိနှိပ်ထားခဲ့သော်လည်း ကျင့်ကြံသူတစ်ယောက်အဖြစ် သူမ၏ နတ်အာရုံကမူ အသုံးပြု၍ ရနေဆဲပင်။ သူမသည် နောက်တွင် မည်သူမျှ မရှိတာကို သေချာသိရှိသွားမှ စိတ်အေးနိုင်တော့သည်။

သူမကို လွှတ်ပေးခဲ့သည့် လူငယ်ကို ကျေးဇူးတင်ရလိမ့်မည်။ ထိုအချိန်တည်းက သူမသည် ကွယ်ယောင်ဖျောက်ခြင်းအဆောင်တစ်ခုကို အသုံးပြုခဲ့ပေသည်။ ထို့ကြောင့်လည်း သူမသည် ဒီနေရာထိ လွတ်မြောက်လာနိုင်ခဲ့တာ ဖြစ်သည်။ သူမ ထွက်ပြေးလာပြီး သိပ်မကြာခင်မှာ လူငယ်သည် သူမ၏ ဒုတိယအစ်ကိုက သူမကို ကျော်လွန်သွားခဲ့တာကို မြင်ခဲ့သည်။ ကံကောင်းသည်မှာ သူမက အဆောင်ကို ပိုစောလျင်စွာ အသုံးပြုထားခဲ့သည် ဖြစ်၍ ဒုတိယအစ်ကိုက သူမကို ရှာမတွေ့သွားခဲ့ပေ။

သူမ၏ ဒုတိယအစ်ကိုသည် တခြားနေရာသို့ ထပ်မလိုက်၊ ထိုအစား ချင်းနေအိမ်ထံသို့သာ ပြန်သွားခဲ့ပေသည်။ ထို့ကြောင့်လည်း သူမသည် တောင်ကြား၌ ရဲရဲဝံ့ဝံ့ ထွက်ပြေးလာရဲတာ ဖြစ်လေသည်။ သူမ ဦးတည်နေသော နေရာကား မိစ္ဆာနက်ကျောင်းတော်၏ လျှို့ဝှက်နေရာများထဲမှ တစ်ခု ဖြစ်သည်။ သူမသာ ဟန်လိ ရှိနေသော နေရာကို သူမ၏ အထက်သို့ တင်ပြနိုင်ပါက ကျောင်းတော်အတွက် အကျိုးအမြတ် အများကြီး ဆောင်ပေးနိုင်လိမ့်မည်။ ထိုအခါကလျှင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ရမည်ဟူသော သူမ၏ အိပ်မက်မှာ ခြေတစ်လှမ်း ပိုနီးလာနိုင်ပြီ မဟုတ်လား။

ထိုနှစ်တုန်းက သူမသည် မိစ္ဆာနက်ကျောင်းတော်၏ စွမ်းဆောင်ရည်ကောင်းကောင်း ပြနိုင်ခဲ့သော ပြင်ပတပည့်များထဲမှ အချို့သည် သူတို့၏ ဆန်းကြယ်လှသော ကျောင်းတော်သခင်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ချီစုဆောင်းခြင်းတပည့်တစ်ယောက်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့တာကို မြင်ဖူးခဲ့သည်။ သူတို့၏ အကျိုးဆောင်မှုများက အဆင့်တစ်ခုသို့ ရောက်သည်နှင့် သူတို့သည်လည်း ကျောင်းတော်သခင်၏ မျက်နှာသာပေးမှုကို ခံရကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

ထိုသို့ သိထား၍ ပြင်ပတပည့်အများစုမှာ မိစ္ဆာနက်ကျောင်းတော်၏ အမိန့်များကို စိတ်ပါလက်ပါ နာခံကြလေသည်။ သို့ဖြစ်၍ သူမသည် သူမ၏ ဆုံးဖြတ်ချက်မှာ လုံးဝ မမှားဟု ယုံကြည်ထားခဲ့သည်။ တကယ်တော့ သူမ၏ ပင်ကိုယ်ပါရမီဖြင့် သူမသည် သူမ၏ ကျင့်ကြံမှုတွင် အမြင့်ဆုံး ရောက်နေခဲ့လေပြီ။ သူမသာ နောက်ထပ်တစ်ဆင့် တိုးတက်လိုပါက သို့မဟုတ် အခြေခံတည်ဆောက်နိုင်ချင်ပါက သူမထံ၌ တခြားရွေးချယ်စရာ မရှိလေတော့ပါ။

သူမက သစ္စာဆိုထားကြသော ကျန်မိတ်ဆွေများအပေါ် စိတ်မကောင်းတာ နည်းနည်း ဖြစ်မိသော်လည်း သည်လမ်းကြောင်းကို ရွေးမှတော့ သူတို့အပေါ် သံယောဇဉ်ကို ဖြတ်တောက်ရလိမ့်မည်သာ။ သူတို့ကိုသာ ထပ်ဖမ်းမိသွားပါက သူတို့သည် သွေးအစေခံများအဖြစ် အသုံးပြုခံရရင် ခံရ၊ သို့တည်းမဟုတ် အမိန့်များကို အတင်းအကြပ် နာခံရ၊မရကမူ သူမ၏ အထက်လူကြီးများ၏ စိတ်ဆန္ဒပေါ်တွင်သာ မူတည်သည်။ သူတို့ကိုယ်စား သူမသည် ကြားကနေ အသနားခံပေးလိမ့်မည် မဟုတ်ပေ။ အနာဂတ်တွင် သူမအဖို့ သူမအတွက်သာ ရှင်သန်ရလိမ့်မည်။

စိတ်ထဲကနေ ထိုသို့ အကြင်နာမဲ့လှသော အတွေးများကို တွေးနေရင်း သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ပတ်သတ်ပြီး စိတ်ကူးယဉ်နေတော့သည်။ သူမ၏ ခြေလှမ်းများသည်ပင် သိသိသာသာ ပိုမြန်လာသည့်အလား။

သူမက သွားလိုသော နေရာ၌ အတော်အတန် ကွာဝေးနေသေးသော်လည်း နောက်ဆုံးတွင်မူ တောင်ပိုင်းဒေသသို့ သွားသည့်လမ်းဝကို လှမ်းမြင်ရလေပြီ။ သို့ပေမည့် ထိုအခိုက်တွင် သူမက စိတ်လှုပ်တရှားဖြစ်လာ၊ ခြေလှမ်းများ ပိုမြန်လာရုံ ရှိသေး ရုတ်တရက် သူမ၏ နှာခေါင်းဝမှ စွတ်ဆိုသောအရာတစ်ခု စီးကျလာသည်ဟု ခံစားမိရသည်။ စဉ်းစားရ ခက်သွားပြီး သူမလက်ဖြင့် နှာခေါင်းကို သုတ်သည်။ သို့သော် သူမ တွေ့မြင်လိုက်ရသည့် အရာကြောင့် သူမ၏ ပုံရိပ်သည် တုန်ရီသွားလေတော့သည်။ သူမ၏အမူအရာတွင် အကြောက်တရား၊ အံ့ဩတကြီးဖြစ်မှုတို့သာ ထင်ရှားနေ၏။

သူမ၏ နှင်းကဲ့သို့ ဖြူဆွတ်သော လက်ချောင်းများကို ညှိစို့စို့အနံ့နှင့် သွေးမည်းများ ပေကျံနေလေသည်။

“ဒါက…ဘာဖြစ်တာလဲ…”

ညီမငါးကား အလွန်အမင်း ထိတ်လန့်သွားပြီ။ သူမ၏ နှာခေါင်းအောက်ရှိ သွေးမည်းများကို သုတ်ပစ်ရန် ကြိုးစားသည်။ သို့ပေမည့် သူမ၏ နှာခေါင်းမှ သွေးများသည် တရောဟော စီးကျလာချေသည်။ မျက်စိတစ်မှိတ်အတွင်း လတ်လတ်ဆတ်ဆတ်သွေးများသည် သူမ၏ မျက်လုံး၊ နားများထဲကပင် စီးကျလာတော့သည်။

ထိုအမျိုးသမီးမှာ တကိုယ်လုံး ခွန်အားမဲ့သွားသကဲ့သို့ ခံစားရသည်။ သူမ၏ ခြေထောက်များ ပျော့ခွေကုန်ကာ မြေပေါ်သို့ ပြိုလဲကျသွားတော့သည်။ ယင်းအချိန်၌ သူမ၏ တကိုယ်လုံးသည် ပြောပြ၍ မရနိုင်လောက်သည့်အထိ အေးစက်နေ၏။ အနွေးဓာတ်ဟူ၍ စိုးစိမျှ ရှိမနေတော့ပေ။ သူမက အကူအညီ အော်ဟစ်တောင်းခံချင်သည်။ သို့သော် သူမ၏ လည်ချောင်းမှာ သွေ့ခြောက်လျက် ဘာသံမှကို ထွက်မလာနိုင်တော့ပေ။

ယင်းနောက်တွင် သူမ၏ နတ်အာရုံသည် တဖြည်းဖြည်း လွင့်ပျောက်ကွယ်သည်။ တအောင့်အကြာတွင် သူမသည် အဆုံးမဲ့အမှောင်ထဲထဲ ကျရောက်သွားလေ၏။

နောက်တနေ့ မနက်ခင်းတွင် သည်နေရာနားကနေ ဖြတ်သွားကြသော‌ သေမျိုးများသည် သွေးမည်းအိုင်တစ်ခု ထွန်းနေတာကို မြင်သည့်အခါ အံ့အားသွားကြစဉ် ထိုညှိစို့စို့သွေးများကား ရုတ်တရက် ပျောက်ကွယ်သွား၍ သူတို့သည် ထိုနေရာကနေ ကွေ့ပတ်ရှောင်သွားကြတော့သည်။

ထိုအမျိုးသမီးငယ် အသတ်ခံရသည့်အခိုက်တွင် ဟန်လိမှာ သူ ပိုင်ဆိုင်ထားသော မှော်ပစ္စည်းများ၊ အဆောင်များကို အခန်းထဲ၌ စစ်ဆေးကြည့်နေသည်။ သူသည် လှုပ်ရှားရန် ပြင်ဆင်နေတာ ဖြစ်၏။

ခဏအကြာ သူသည် ပြတင်းပေါက်ကနေ အပြင်ဘက်သို့ တချက် လှမ်းကြည့်သည်။ သူ့အသွင်ဟန်ပန်က အထီးကျန်နေသည့်ပုံ ပေါ်၏။ ထို့နောက်တွင် သူ့ကိုယ်သူ ရုတ်တရက် ပြောလိုက်လေ၏။

“ခုလောက်ဆို အဆိပ်က အသက်ဝင်နေလောက်ပြီ…”

ထိုသို့ ပြောပြီးနောက်မှာ ဟန်လိသည် သက်ပြင်းချ၍ အခန်းထဲကနေ ထွက်လာပြီး ကြည်သာသံခြံဝန်းထံ ဦးတည် လျှောက်လာလေ၏။

အမှန်တကယ်တွင်မူ ညီမငါးအပေါ် ဟန်လိ သံသယ ဝင်ခဲ့တာ မြူတောင်တန်းမှ မိတ်ဆွေငါးဖော် မိနေသော အဆိပ်ကို သူ စစ်ဆေးကြည့်ခဲ့ချိန်တည်းက ဖြစ်၏။ သူမသည် အဆိပ်မိခံထားရသော်လည်း တခြားသူများထက် မိထားသော ပမာဏမှာ နည်းပါးလွန်းနေသည်။ အကယ်၍ အဆိပ်ထကြွလာခဲ့လျှင်ပင် သူမသည် အသက်မသေနိုင်လောက်ပေ။ တဖက်တွင်မူ ဟန်လိသည် အတော့်ကို အားစိုက်ထုတ်ခဲ့ပြီးမှာ သူမ၏ သွေးကျိန်စာကို ဖယ်ရှားနိုင်ခဲ့ပေသည်။ ဆိုလိုသည်မှာ ထိုအမျိုးသမီးငယ်သည် ၎င်းသွေးကျိန်စာကို လက်ခံခဲ့ရချိန်၌ အလိုတူခဲ့တာ ဖြစ်ရမည်။ မဟုတ်ပါက ၎င်းသည် သူမ၏ နတ်အာရုံအပေါ်မှာ နက်နက်နဲနဲ စွဲထင်ကျန်နေလိမ့်မည် မဟုတ်ပေ။

သတိရှိတတ်သော ဟန်လိမှာ ထိုအမျိုးသမီးငယ်၏ သွေးကျိန်စာကို ဖယ်ရှားပေးခဲ့သည့်အချိန်တွင် အတားအဆီးငယ်တစ်ခုကို မသိမသာ ချထားခဲ့ပေသည်။

ထိုအတားအဆီး၏ အသုံးဝင်မှုမှာ ရိုးရှင်းသည်။ ၎င်းသည် အဆိပ်ဖြေဆေး၏ ကြွင်းကျန်သော ဆေးအာနိသင်များကို သူမ၏ ခန္ဓာကိုယ်၌ နေရာတစ်ခုခုတွင် ဆက်ရှိနေစေခြင်းပင်။ လိုအပ်သည့်အခါ ၎င်းသည် အလွန်ပြင်းထန်သော အဆိပ်လည်း ဖြစ်သွားနိုင်သည်။ သူ ပေးခဲ့သော ဆေးလုံးများ၌ ယာယီထိန်းပေးသော ဆေးများလည်း ပါခဲ့သည်။ ၎င်းကို အဆိပ်ဖြေဖို့အတွက်လည်း အသုံးပြုနိုင်သလို အထူးနည်းလမ်းဖြင့် အဆိပ်အဖြစ်သို့လည်း ပြောင်းလဲနိုင်သည်။ ယင်းဆေးလုံးများသည် တိုက်ပွဲကွင်းပြင်၌ ဟန်လိ စုဆောင်းမိခဲ့သော အကျိုးအမြတ်များထဲမှ တစ်ခုပင်။

မြူတောင်တန်းမှ တခြားလေးယောက်ကိုမူ သူသည် လျှို့ဝှက်ခေါ်ယူကာ သူမကို မဖမ်းဆီးခင် ထိုသူများကို သူတို့၏ညီမမှာ သူလျှို့ဖြစ်နေကြောင်းကို ပြသခဲ့ပေသည်။ ထိုအခွင့်အရေးကို အသုံးချကာ ဟန်လိသည် စိတ်ဝိညာဉ်စွမ်းအားသုံး၍ သူမခန္ဓာကိုယ်၏ နေရာတချို့ကို ထိခဲ့သည်။

ထိုထိမှုများက သူမ၏ မှော်စွမ်းအား ပမာဏများစွာကို ထိန်းချုပ်နိုင်ရုံသာမက ပုန်းကွယ်နေသော အတားအဆီးကိုပါ အသက်ဝင်စေခဲ့သည်။ ဟန်လိသည် အချိန်တစ်ခုကြာသည့်အထိ ၎င်းအဆိပ်ကို မဖြေပေးပါက ယင်းအမျိုးသမီးငယ်သည် အသံမထွက်၊ ဘာသဲလွန်စမှ မရှိလေဘဲ အစောပိုင်းတုန်းကကဲ့သို့ သေသွားလိမ့်မည် ဖြစ်သည်။

သူ ထိုအမျိုးသမီးကို သတ်၊မသတ်နှင့် ပတ်သတ်၍ ဟန်လိသည် စဉ်းစားရကြပ်ခဲ့သေးသည်။ အကြောင်းမှာ မြူတောင်တန်းမှာ မိတ်ဆွေငါးဖော်နှင့် သူမ၏ ပတ်သတ်မှုတို့ကြောင့်ပင်။ သို့ပေမည့် သူသည် ထိုအမျိုးသမီးငယ်ကို သူနှင့် ချင်းနေအိမ် ပတ်သတ်မှုကို ပေါက်ကြားအောင် လုပ်ခွင့်တော့ မပေးနိုင်ချေ။ အတားအဆီးကို အသက်သွင်းခဲ့ခြင်းက ဟန်လိ၏ သတိရှိသော အရန်အစီအစဉ်ပင် ဖြစ်လေ၏။ မထင်မှတ်စွာဖြင့် ထိုအစီအစဉ်သည် အမှန်တကယ် အသုံးဝင်လာခဲ့ပေသည်။

ထို့ကြောင့်လည်း မျက်နှာမည်းမည်းနှင့်အဘိုးအိုက သူ့ကို ညီမငါး ထွက်ပြေးသွားပြီ ဖြစ်ကြောင်း လာတင်ပြသည့်အချိန်၌ သူသည် တည်ငြိမ်ကာ ထိတ်ပြာမသွားခဲ့တာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူသည် မြူတောင်တန်းမှ မိတ်ဆွေငါးဖော်ကိုလည်း မျက်နှာသာ ပေးထားခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ သူတို့နှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အတော်လေး အကျိုး ရှိလာလိမ့်မည်။

ကြည်သာသံခြံဝန်းထံ ဝင်လာပြီးနောက်မှာ မျက်နှာမည်းမည်းအဘိုးအိုနှင့် တခြားသူများမှာလည်း ကြိုပြင်ဆင်ထားပြီး ဖြစ်လေသည်။ သူတို့သည် တအား မတက်ကြွတော့သော်လည်း ဟန်လိ ရောက်လာမည်ကိုတော့ တိတ်တဆိတ် စောင့်နေကြသည်။

“သွားကြစို့…” အခန်းထဲ ဝင်လာပြီးနောက်မှာ ဟန်လိက ထိုသို့ ပြောသည်။

ညကောင်းကင်အောက်၌ မင်းသားရှင်း၏ နေအိမ်သည် ဧရာမသားရဲကြီးတစ်ကောင် လဲလျောင်းနေသည်နှင့်ပင် တူနေသေးသည်။ သို့ပေမည့် ထိုည၌ ဟန်လိနှင့် တခြားသူများမှာ ကွယ်ယောင်ဖျောက်ခြင်းပညာရပ်ကို သုံးကာ သည်အိမ်တော်ထံ တိတ်တဆိတ် ဝင်လာကြသည်။

ညနက်ချိန်လည်းဖြစ်၊ အင်မောတယ်အဘိုးအိုဝူ ပျောက်ကွယ်သွားခြင်းကြောင့် ရုန့်ရင်းဆန်ခတ်ဖြစ်ကာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရ၍ အစောင့်အနည်းငယ်လွဲပြီး အများစုမှာ အိပ်မောကျနေကြသည်။

သည်နန်းတော်ထဲ ဝင်လာပြီးနောက်မှာ ဟန်လိသည် ညဘက် အစောင့်များထဲမှ တစ်ယောက်ကို ချက်ခြင်းရှာသည်။ ထိုအစောင့်အပေါ် ဝိညာဉ်ထိန်းချုပ်ခြင်း ပညာရပ်ကို အသုံးပြုကာ အကြီးအကဲချုပ်ဝမ်နှင့် မင်းသားငယ်တို့၏ နေအိမ်တော်များကို သိအောင်လုပ်သည်။ ထို့နောက်တွင် ယင်းအစောင့်ကို လက်ဝါးဖြင့် တချက်ရိုက်ကာ မေ့မြောစေခဲ့သည်။

ယင်းနောက်မှာ သူက သူ့နောက်မှ လေးယောက်ကို ပြော၏။ “သူတို့နှစ်ယောက်ထဲမှာ မင်းသားငယ်ရဲ့ ကျင့်ကြံမှုက ပိုနိမ့်တယ်။ ဒါ့ကြောင့် ကျုပ်တို့အနေနဲ့ အကြီးအကဲဝမ်ကို ရင်မဆိုင်ခင် သူ့ကို အရင်ဖမ်းကြမယ်…”

အခုအခါ၌ မြူတောင်းတန်းမှ မိတ်ဆွေလေးယောက်ဟုသာ ခေါ်နိုင်တော့မည့် သူတို့သည် မင်းသားရှင်းနန်းတော်ထံမှ သူများမှာ မိစ္ဆာနက်ကျောင်းတော်မှ ဖြစ်နေသည်ကို သိခဲ့ရသောကြောင့် တုန်လှုပ်အံ့အားသင့်နေသည်။ ဟန်လိ၏ စကားများကြောင့်မူ မည်သူကမျှ အံ့အားမသင့်သွားကြ၊ သူတို့က သဘောတူသည်။ မင်းသားငယ်မှာ တော်ဝင်မျိုးနွယ်တစ်ခု၏ ဆွေမျိုးဖြစ်သော်လည်း မိစ္ဆာနက်ကျောင်းတော်၏ ပင်မတပည့်လုပ်နေခြင်းမှာ မလျော်ကန်လှပေ။

ထို့နောက်တွင် သူတို့ထဲမှ တစ်ယောက်နှစ်ယောက်က မင်းသားငယ်၏ နေအိမ်တော်နား ချဉ်းကပ်လာသည်။ မင်းသားငယ်၏ နေအိမ်တော်မှာ အထပ်သုံးထပ် ရှိလေသည်။

သူ့နေအိမ်အနားတွင် သေမျိုး ကင်းပုန်းအစောင့်များ ရှိနေကြသည်။ တိုက်လားခိုက်လား ဖြစ်လာပါက ထိုသူများ အလန့်တကြား ဖြစ်ကာ ထအော်ကြလျှင် ခက်ကုန်လိမ့်မည် ဖြစ်၍ မြူတောင်တန်းမှ မိတ်ဆွေလေးယောက်သည် ဟန်လိ ဘာမျှ မလှုပ်ရှားခင် သူတို့ကို သတိမေ့သွားအောင် အရင် လုပ်ကြသည်။

သူက ထိုလေးယောက်၏ ကျင့်သားရှိသော လှုပ်ရှားမှုများကို မြင်သည့်အခါ တိတ်တဆိတ် ခေါင်းညိတ်သည်။ သူတို့ကို သူ့ငယ်သားများအဖြစ် ထားခြင်းက ထိုက်တန်မည်ဟု သူ ခံစားမိသည်။

မင်းသားငယ်သည် တတိယမြောက်ထပ်တွင် နေထိုင်သည် ဖြစ်၍ ဟန်လိက သူတို့လေးယောက်ကို အပေါ်သို့ တက်မသွားခိုင်း၊ ထိုအစား သူက အနီးအနား၌ ရောက်လာနိုင်သည့်သူများကို အလစ်တိုက်ခိုက်ကြရန် သည်နေအိမ် ဘေးနားပတ်လည်မှာ သူတို့ကို နေရာယူခိုင်းထားသည်။

ထိုနည်းလမ်းဖြင့် မင်းသားငယ်သည် ဟန်လိလက်ထဲမှ မတော်တဆ လွတ်လာနိုင်ခဲ့လျှင်ပင် သူတို့သည် မင်းသားငယ်ကို ချက်ခြင်း ထွက်မပြေးစေနိုင်ဘဲ အချိန်ဖင့်အောင် လုပ်နိုင်လိမ့်မည်။ ဟန်လိအတွက်လည်း အချိန်တစ်ခု ပိုရလာနိုင်မည်။

သည်နန်းတော်၏ တခြားအစွန်းဖက်တွင် နေထိုင်သော အကြီးအကဲဝမ်က သတိပြုမိသွားမှာကို သူတို့က စိုးရိမ်နေတာ ဖြစ်၏။ ဟန်လိသည် သိသာသော မည်သည့်မှော်စွမ်းအားကိုမှ အသုံးပြုရန် မကြိုးစား၊ သူက သည်သုံးထိပ်နေအိမ်ကို ဗဟိုပြု၍ မီတာရာချီထိ ခြုံလွှမ်းနိုင်သော အသံအရံအတားတစ်ခုကိုသာ ထုတ်ဖော်ထားသည်။

ထို့နောက်တွင်မူ သူသည် တတိယထပ်ထံ ပျံသန်းတက်သွားကာ ဖြတ်ခနဲ နေအိမ်ထဲ ဝင်သွားလေသည်။

မြူတောင်တန်းမှ မိတ်ဆွေလေးယောက်သည် တတိယထပ်ထံ အကြည့်ရောက်နေကြသည်။ သူတို့က သတိမပြတ် ထားနေလျက် မျက်တောင်ပင် မခတ်ဝံ့ကြ။ တအောင့်အကြာတွင် ၎င်းအထပ်ကနေ လူရပ်တစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားသည်။ အလွန်မြန်လှ၏။ ထိုအရိပ်မှာ ဟန်လိ ဖြစ်မှန်း တွေ့သည့်အခါမှ သူတို့စိတ်အေးသွားနိုင်သည်။ သို့သော် တချိန်တည်းမှာ တစ်ခုခု မှားနေပြီဟု သူတို့ ခံစားမိကြသည်။

ဟန်လိသည် မျှော်စင်ကနေ ဆင်းသက်လာခဲ့ပြီ။ သူ့မျက်နှာမှာ သုန်မှုန်နေသည်။ သူ့ဘေးနား ထိုလေးယောက် ရောက်လာသည်ကို မြင်သည့်အခါ ဟန်လိက မျက်မှောင်တင်းတင်းကြုံ့လျက် ပြော၏။

“ဒီနေအိမ်မှာ ဘယ်သူမှ ရှိမနေဘူး။ ပုံရိပ်ယောင်ပညာရပ်တစ်ခုကို အသုံးပြု ဖန်တီးထားတဲ့ သူ့ပုံစံအတုအယောင်ပဲ ရှိတယ်။ ကြည့်ရတာ သူလည်း တစ်ခုခုကို သိသွားပြီနဲ့ တူတယ်…”

ဟန်လိ၏ စကားကြောင့် ထိုလေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်မိကြသည်။ အချိန်တစ်ခု ကြာသည့်အထိ သူတို့သည် ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်သည်။

All Chapters