← Chapters

ဘေးအန္တရာယ်

Vol. 22 Ch. 306

ဘေးအန္တရာယ်

Vol. 22 Ch. 306

“ညီမငါးရှိကများ ကျနော်တို့ရဲ့ သတင်း ပေါက်ကြားသွားတာများလား။ ဒါမှမဟုတ် ဒါက ထောင်ချောက်တစ်ခုခုများ ဖြစ်နေနိုင်လား…”

သက်လတ်ပိုင်းအမျိုးသမီးသည် ပူပန်မှုအပြည့်ဖြင့် မေးသည်။

“မဖြစ်နိုင်ဘူး။ ရန်သူကသာ ထောင်ချောက်တစ်ခု စီမံထားမယ်ဆိုရင် ကျုပ်တို့ ဝင်လာပြီး မကြာခင်မှာပဲ စတင်လိမ့်မယ်။ အဲ့လိုကျမှ ကျုပ်တို့လည်း သတိပေါ့နေမှာလေ…”

ဟန်လိသည် ခေါင်းရမ်းကာ ငြင်းဆန်သည်။ တခြားသူများသည် ဟန်လိ၏ စကားများကို ကြားမှ စိတ်အေးကာ အသက်ရှုထုတ်နိုင်တော့သည်။ သို့သော် သူတို့သည် ဘေးပတ်ပတ်လည်သို့ ကြည့်မိကြဆဲပင်။ မျှော်လင့်ထားသည့်အတိုင်း မည်သည့် ပုံမှန်မဟုတ်မှုကိုမှ သူတို့ မတွေ့ရချေ။

“စီနီယာ…ကျုပ်တို့ ဘာဆက်လုပ်သင့်လဲ။ ကျုပ်တို့ အရင်ဆုံး နောက်ဆုတ်ပြီးမှ နောက်တစ်ရက်ရက်မှာ လှုပ်ရှားကြမလား…”

ဒုတိယအစ်ကိုသည် တိုင်းတိုင်းဆဆဖြင့် ပြောသည်။

“အရင်ဆုံး အကြီးအကဲဝမ်ကို သွားရှာကြမယ်။ သူလည်း သူ့နေရာမှာ မရှိရင်တော့ ကျုပ်တို့ရဲ့ ဒီကနေ့ လှုပ်ရှားမှုဟာ အပြီးသပ်ပြီ။ ချက်ခြင်း နောက်ပြန်ဆုတ်မယ်…”

ဟန်လိက အေးစက်စက် ပြန်ဖြေ၏။

သူ့စကားကို ကြားသည့်အခါ မြူတောင်တန်းမှ မိတ်ဆွေလေးယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ခေါင်းညိတ်သည်။

ထို့နောက်တွင် ဟန်လိသည် မင်းသားနေအိမ်တော်၏ တခြားတစ်ဖက်ထံ ဦးတည်သည်။ ကျန်လေးယောက်က သူ့နောက်မှ နီးနီးကပ်ကပ် လိုက်ပါလာသည်။

အကြီးအကဲဝမ်၏ နေအိမ်သည် မင်းသားငယ်၏ အိမ်လောက် အခန်းမများသော်လည်း သူ့နေအိမ်မှာလည်း သုံးထပ်သာ။

ဟန်လိနှင့် တခြားသူများသည် အနီးအနားသို့ ရောက်လာသည့်အခါ၌ အခန်းများထဲမှ တစ်ခန်းသည် မထင်မှတ်စွာဖြင့် ခပ်မှိန်မှိန်လင်းလက်လာသည်။ တစ်စုံတစ်ယောက်သည် အိပ်ပျော်ဖို့ ခက်နေသည့်နှယ်။

ဟန်လိသည် မျက်ခုံးပင့်သွားသည်။ သည်ခရီးစဉ်မှာ အချည်းနှီး မဖြစ်မည့်ပုံ ရသည်။

ထိုအတွေးဖြင့် ဟန်လိသည် သူ့ကိုယ်သူ ဖုံးကွယ်ရန် မန္တာန်ချိပ်ဟန်တချို့ကို ဖော်ထုတ်ပြီး မကြာသေးခင်ကမှ သူ တတ်မြောက်ခဲ့သော အမည်မဲ့ချီထိန်းချုပ်ခြင်းပညာရပ်ကို ချက်ခြင်း အသုံးပြုသည်။ သူ၏ခန္ဓာကိုယ်တခုလုံးရှိ စိတ်ဝိညာဉ်ချီသည် သဲလွန်စမရှိ ချက်ခြင်း လွင့်ပြယ်သွားလေသည်။ သူကား သေမျိုးတစ်ယောက် ဖြစ်သွားသည့်နှယ်။

ဟန်လိ၏ပုံရိပ်သည် ဖြတ်ခနဲ လှုပ်ရှားသွားပြီး ထိုအခန်းအပြင်ဘက်ရှိ နံရံနားမှာ ရုတ်ချည်း ပေါ်လာကာ သူက နားစွင့်လေ၏။

ထိုအကြီးအကဲဝမ်သည် သူ့ကို အန္တရာယ်ကြီးကြီးမားမား ခံစားရစေသည့်အတွက်ကြောင့် ဟန်လိသည် အခန်းတွင်းမှ အခြေအနေကို သိရဖို့ သူ၏ စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ရန် ယုံကြည်ချက် ရှိမနေခဲ့ပေ။

သို့သော် ဟန်လိသည် ခဏတာ နားစွင့်နေပြီးနောက်မှာ သူက နောက်ပြန်ဆုတ်သည်။ အနီးအနားရှိ ပန်းဝေဆာဆာပွင့်နေသော အပင်ကြီးတစ်ခုနောက်မှာ သူ့ကိုယ်သူ ကွယ်နေလိုက်သည်။

ထိုမြင်ကွင်းကြောင့် မြူတောင်တန်းမှ မိတ်ဆွေလေးယောက်တို့သည် အလွန်အမင်း အံ့အားတသင့် ဖြစ်ကုန်ကြသည်။ သို့ပေမည့် သူတို့သည် ဟန်လိ၏ အသံကို ကြားရလေ၏။

“ဂရုစိုက်ကြ။ မင်းသားငယ်က ဒီအခန်းထဲမှာ။ မင်းတို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး ပြုမူ လှုပ်ရှားကြ…”

ထိုစကားများကြောင့် သူတို့၏ စိတ်မှာ တုန်လှုပ်ကုန်သည်။ သူတို့အားလုံးသည် အသက်ရှုထိန်းကာ အခန်းထဲသို့ ဂရုတစိုက် ကြည့်နေ၏။ ဆူညံသံ စိုးစိမျှ မပြုဝံ့ကြပေ။

ချပ်။ တံခါး ပွင့်လာ၏။ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်သည် လှမ်းထွက်လာသည်။ သူသည် မင်းသားရှင်းနေအိမ်တော်မှ မင်းသားငယ်မှလွဲ၍ တခြားသူ မဟုတ်ပေ။

သူ ခေါင်းလှည့်ကာ အခန်းထဲသို့ စကားတချို့ ခပ်တိုးတိုး လှမ်းပြောသည်။ ထို့နောက်မှာ သူသည် ခြံဝန်းထဲသို့ ခြေလှမ်းလေးငါးလှမ်း လျှောက်လာသည်။ သူ၏နောက်မှ တံခါးမှာ အလိုလို ပြန်ပိတ်သွား၏။

တအောင့်အကြာတွင် အခန်းထဲမှ အလင်းသည် တဖြတ်ဖြတ်ဖြစ်ကာ လုံးဝ ငြှိမ်းသေသွားတော့သည်။

ဟန်လိသည် မင်းသားငယ်၏ လှုပ်ရှားမှုတိုင်းကို မလှုပ်မယှက်ဖြင့် စိုက်ကြည့်နေသည်။ မင်းသားငယ်ထံမှ မှော်စွမ်းအားနည်းနည်းလေးမှ မခံစားမိသည့်အတွက်ကြောင့် ဟန်လိသည် စဉ်းစားရကြပ်နေသည်။ သို့ပေမည့် မသိမသာ အန္တရာယ်ခံစားချက်တစ်ခုကပင် ဟန်လိကို ထိုမင်းသားငယ်မှာ မိစ္ဆာနက်ကျောင်းတော်၏ တပည့်တစ်ယောက်ဟု ဆုံးဖြတ်ရန် လုံလောက်စေသည်။

သူ့အိမ်ယာအတွင်း၌သာ ရှိနေသောကြောင့်လား မပြောတတ်။ မင်းသားငယ်သည် အလျင်လိုစွာ နေအိမ်သို့ မပြန်ပေ။ ထိုအစား သူသည် သေမျိုးတစ်ယောက်ကဲ့သို့သာ ကောင်းကင်ထက်ရှိ လရောင်ကို ကြည့်ကာ တစ်ကိုယ်တည်း လျှောက်လာသည်။ ရုတ်တရက် သူက သက်ပြင်းချ၏။

တအောင့်အကြာတွင် သူသည် စိုးရိမ်ပူပန်ဟန်ဖြင့် ခြံဝန်းငယ်ထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်လာသည်။ သူ အခက်အခဲပြဿနာတစ်ခုခု ကြုံနေရပုံ ပေါ်သည်။ သူသည် အချိန်ခဏ ကြာသည့်အထိ ထွက်သွားသေးမည့်ပုံ မပေါ်ပေ။ မြူတောင်တန်းမှ မိတ်ဆွေလေးဖော်သည် အကူအညီမဲ့စွာ ခံစားနေရပြီ။

သူတို့သည် ခုချိန် လှုပ်ရှား၍ မရသေးပေ။ အကြီးအကဲဝမ်က ဘေးအခန်းမှာ ရှိနေသောကြောင့် တိုက်ပွဲဖြစ်လာခဲ့လျှင် သူ သတိထားမိသွားပြီး ပြဿနာတက်နိုင်သည်။ အကောင်းဆုံးနည်းလမ်းမှာ ထိုမင်းသားငယ် သူ့နေအိမ်ထံ ပြန်သည့်အထိ စောင့်၍ လှုပ်ရှားခြင်းသာ။

ကံကောင်းစွာဖြင့် သူတို့လေးယောက်လုံးသည် ကျင့်ကြံသူများ ဖြစ်နေ၍ စိတ်ရှည်နိုင်ကြသည်။ သူတို့ကိုယ် သူတို့ စိတ်ရှည်စွာ ဖုံးကွယ်ထားနိုင်ကြသည်။ မိနစ်နှစ်ဆယ်လောက် ကြာပြီးနောက်မှာတော့ ထိုမင်းသားငယ်သည် ဟိုလျှောက်ဒီလျှောက် လုပ်နေတာကို ရပ်သည်။ သည်ခြံဝန်းအပြင်သို့ လှမ်းသွား၏။

ထိုအခါ အလစ်တိုက်ခိုက်ရန် ချောင်းနေသော သူတို့ကို ပျော်ရွှင်သွားစေသည်။ သို့သော် နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းကား သူတို့ကို အကြီးအကျယ် အံ့အားသင့်သွားစေပြီး ဒေါသပုန်ထသွားစေသည်။

မင်းသားငယ်သည် ခြံဝန်းထဲကနေ လှမ်းထွက်ခါနီးအချိန်တွင် သူသည် ရုတ်တရက် ပုံရိပ်ယောင်ပညာရပ်တစ်ခုကို အသုံးပြုသည်။ မည်သည့်အချိန်ကမှန်းမသိဘဲ သူသည် ဝတ်စုံတစ်စုံကို ထုတ်ယူလိုက်ပြီး လျင်မြန်စွာ ပြောင်းလဲသည်။ သူက မျက်နှာဖုံးပါ တပ်သည်။ မျက်စိတစ်မှိတ်အတွင်း သွေးနီရောင်ဝတ်စုံကို ဝတ်သည်။ ထိုအခါ သူ၏ ပုံစံမှာ သူတို့ ဟန်လိကို ဖော်ပြခဲ့သော သူကဲ့သို့ ဖြစ်သွားတော့သည်။

မိတ်ဆွေလေးယောက်သည် ဒေါသပြည့်နှက်သွားသော်လည်း သူတို့သည် ဘာကအရေးကြီးမှန်းကို သိသည်။ သူတို့၏ ဒေါသနှင့် စိတ်လိုက်မာန်ပါ လုပ်လိုစိတ်ကို ခက်ခက်ခဲခဲ ထိန်းထားရ၏။ ခုချိန်တွင်မူ သူတို့သည် ဟန်လိ၏ စကားများကို အကြီးအကျယ် ယုံသွားလေပြီ။ သူတို့သည် မှန်ကန်သော ပစ်မှတ်နောက်သို့ လိုက်လံနေမှန်း သိသွားကြသည်။

မင်းသားငယ်သည် ဝတ်စုံ ပြောင်းပြီးနောက်မှာ သူ့ခန္ဓာကိုယ်ထံမှ နတ်ဆိုးဆန်သော ချီတစ်ခုကို ဝိုးတဝါး ထုတ်လွှတ်သည်။ ချီစုဆောင်းခြင်း အဆင့်ဆယ့်တစ်၏ အားကောင်းလှသော တုန်ခါလှိုင်းကိုပါ ထုတ်လွှတ်နေသေးသည်။ သူသည် သူ့နေအိမ်သို့ မပြန်ပေ။ ထိုအစား သူသည် ရှည်လျားသော သွေးနီမှော်ပစ္စည်းတစ်ခုကို ကောင်းကင်ထက်သို့ ပစ်သွင်းသည်။ သူက ၎င်းပေါ်သို့ ဖြတ်ခနဲ ပျံသန်းတက်သွား၏။

ဤသည်ကို မြင်သည့်အခါ ဟန်လိ၏ မျက်လုံးထဲတွင် အဝါရောင်အလင်း ဖြတ်ပြေးသွားသည်။ သူက တခြားလေးယောက်သို့ သတင်းစကားပို့သည်။

“သူ့နောက်ကို လိုက်ကြ။ သူ ဘယ်ကိုပဲသွားသွား…လမ်းမှာတင် သူ့ကို ဖမ်းနိုင်အောင် သေချာလုပ်ပါ…”

ဟန်လိ၏ အမိန့်များကို ကြားသည့်အခါ မြူတောင်တန်းမှ မိတ်ဆွေလေးယောက်သည် စိတ်မရှည်တော့ဟန်ဖြင့် သူ့နောက်သို့ သူတို့၏ မှော်ပစ္စည်းများသုံးကာ ပျံသန်းလိုက်ပါသွားသည်။

အကြီးအကဲဝမ်ကို စောင့်ကြည့်ဖို့ တစ်ယောက်တည်း ကျန်ခဲ့သော ဟန်လိသည် ထိုနေရာတွင် အချိန်ကြာသည့်အထိ ထပ်စောင့်နေသည်။ အခန်းထဲ၌ ထူးခြားတာ ဘာမှ ဖြစ်မလာတာကို မြင်သည့်အခါ သူသည် ခဏတော့ တွေဝေနေသေးသည်။ စိတ်ချက်လက်ချ မဖြစ်သည့်ကြားကနေ ဟန်လိက သူ့နတ်လေလှေငယ်ကို ထုတ်ယူကာ သူတို့နောက်သို့ လိုက်ပါသွားတော့သည်။

နတ်လေလှေ၏ အမြန်နှုန်းကို မြူတောင်တန်းမှ မိတ်ဆွေလေးယောက်၏ မှော်ပစ္စည်းများက မယှဉ်နိုင်ကြပါ။ သူတို့၏ စိတ်ဝိညာဉ်ချီအမှတ်အသားများအတိုင်း ခဏ လိုက်လာပြီးနောက်မှာ သူက ယွဲ့ကျင်းမြို့အပြင်ဘက်ရှိ လူသူကင်းမဲ့သော ဘုံကျောင်းတစ်ခုထံ ရောက်လာသည်။

မြူတောင်တန်းမှ မိတ်ဆွေလေးယောက်မှာလည်း လေထဲ၌သာ ရှိနေတုန်းပင်။ သူတို့သည် ပျာယာခတ်သည့်ဟန်၊ မပြတ်မသားဟန်ဖြင့် ရှိနေကြသည်။ ဟန်လိကို မြင်ပြီးနောက်မှာ သူတို့က ချက်ခြင်း ကြိုဆိုနှုတ်ဆက်ပြီး ကျေနပ်အံ့အားသင့်သွားကြလေသည်။

“ဘာ ဖြစ်နေလို့လဲ…” သူတို့၏ ပုံစံကို မြင်သည့်အခါ ဟန်လိက မျက်မှောင်ကြုတ်၍ ဖြည်းဖြည်းခြင်း မေးသည်။

“ကျနော်တို့ သူ့နောက်ကို ဒီအထိ လိုက်လာခဲ့ကြတယ်။ ဒါပေမဲ့ ကျနော်တို့ လှုပ်ရှားမယ်လို့ ဟန်ပြင်ရုံ ရှိသေး သူဟာ ရုတ်တရက် ဒီဘုံကျောင်းထဲ ဦးတည်ရာ ပြောင်းခဲ့တယ်။ အဲ့မင်းသားငယ်က ကျနော်တို့ကိုများ တွေ့သွားလား၊ မတွေ့သွားလားတော့ မသိရပါဘူး။ ဒါ့အပြင် ဒီဘုံကျောင်းထဲမှာ အတားအဆီးတွေ ရှိနေတယ်။ အစီအရင်မန္တာန်တွေကောပဲ။ ကျနော်တို့ အစောပိုင်းလေးတုန်းက အလောတကြီး ဝင်သွားကြမလို့ပဲ။ ဒါပေမဲ့ ကံကောင်းတာက ချက်ခြင်း နောက်ပြန်ဆုတ်လိုက်ကြတယ်။ ကျနော်တို့ ထပ် မကြိုးစားဝံ့တော့ဘူး။ အထဲမှာ ချောင်ခိုတိုက်ခိုက်မယ့်သူတွေ ရှိနေမှာ စိုးလို့ပါ…”

ဟန်လိ မကျေမနပ် ဖြစ်သွားတာကို မြင်သည့်အခါ မျက်နှာမည်းမည်းနှင့် အဘိုးအိုသည် ရှေ့လှမ်းလာပြီး ခပ်သွက်သွက် ရှင်းပြသည်။

“အစီအရင်မန္တာန်လား…” ထိုစကားကို ကြားသည့်အခါ ဟန်လိသည် ခေါင်းကိုက်မိသွားသည်။

ဟန်လိသည် အစီအရင်မန္တာန်များနှင့် ပတ်သတ်သည့် တာအိုအပေါ် ကျွမ်းကျင်မှု မရှိလေပေ။ သိ့ပေမည့် သူသည် သည်လူများနှင့် ရင်ဆိုင်ရသည့်အခါ မထူးခြားနားဟန်ဖြင့် ပြောသည်။

“ကျုပ် တချက်လောက် ကြည့်လိုက်မယ်…” ဟန်လိသည် ကောင်းကင်မျက်လုံး ပညာရပ်ကို အသုံးပြု၍ သေချာကြည့်ကြည့်သည်။

ထင်ထားသည့်အတိုင်းပင်။ သည်ဘုံကျောင်းပျက် ဝန်းကျင်တွင် ပုံမှန်မဟုတ်သော စိတ်ဝိညာဉ်ချီလှိုင်းများ ရှိနေသည်။ ဟန်လိက သေချာ ကြည့်ပြီးနောက်မှာ သက်ပြင်းလေးလံစွာ ချမိသည်။

၎င်းအစီအရင်မှာ ပြိုလဲကျောက်တုံးအစီအရင် ဟူသော ရိုးရှင်းသည့် မြေဓာတ်အစီအရင်မန္တာန်များထဲမှ တစ်ခုပင်။ မြူတောင်တန်းမှ ချီစုဆောင်းခြင်း ကျင့်ကြံသူများဖြစ်သော မိတ်ဆွေလေးဖော်သည် ၎င်းမှာ ခမ်းနားလှ‌သော အစီအရင်ဟု ထင်ကြသော်လည်း ဟန်လိအတွက်မူ ၎င်းအစီအရင်ကို ချိုးဖျက်ရမည့် နည်းလမ်း အတိအကျ မသိလျှင်ပင် အားဖြင့် အလွယ်တကူ ချိုးဖျက်ပစ်နိုင်သည်။

ထိုသို့တွေးကာ ဟန်လိသည် စကားမဆိုလေတော့ဘဲ သူ၏ သိုလှောင်အိတ်ကို ထိသည်။ ထို့နောက်တွင် သူ့လက်နှစ်ဖက်ဖြင့် တစုံတစ်ခုကို ဖြန့်ကြဲလိုက်သည်။ ခဏအကြာ သူ့ရှေ့တွင် ခပ်မြင့်မြင့် ရုပ်သေးသားရဲလေးကောင် ပေါ်လာသည်။ ဟန်လိ၏ ရုပ်သေးပညာရပ် အစွမ်းကို ခံစားဖူးခဲ့သော မိတ်ဆွေလေးဖော်သည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိကုန်သည်။

ဟန်လိက သူတို့ ထိတ်လန့်သွားတာကို အာရုံမစိုက်၊ ရုပ်သေးသားရဲများကိုသာ ထိန်းချုပ်သည်။ ၎င်းတို့သည် တစ်ပြိုင်နက်တည်း ပါးစပ်ဟလာကြပြီး လက်မောင်းလုံးခန့်အထူရှိမည့် အလင်းတန်းများကို ဘုံကျောင်းပျက်ထံ ပစ်လွှတ်လေသည်။

ထိုအလင်းတန်းများသည် ဘုံကျောင်းပျက်ကို ထိရိုက်မိခါနီးတွင် အလင်းစက်ဝန်းပြက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး ဘုံကျောင်းကို လုံးဝ ဖုံးကာပေးလေသည်။ ၎င်းအလင်းစက်ဝန်းပြတ်ထံမှ အဝါရောင်အလင်း ထုတ်လွှတ်နေ၏။ အလင်းတန်းများသည် ထိုအကာအရံကို ထိကုန်သည်။

အဝါရောင်အလင်းအကာပေါ်၌ ချက်ခြင်း ဝဲဂယထသွားပြီး စတင် တုန်ခါလာသည်။ ၎င်းက အလင်းတန်းများ၏ အကြမ်းပတမ်း တိုက်ခိုက်မှုကို အပြင်းအထန် ခုခံလေ၏။

သို့သော် ထိုအခိုက်တွင် ဟန်လိသည် မဆိုင်းမတွ လှုပ်ရှားလေသည်။ သူက နဂါးနက်ဖမ်းဆုပ်မှုလက်နက်တစ်စုံကို ထုတ်ယူကာ ၎င်းတို့ကို သုံးမီတာလောက်ထိ ချက်ခြင်း ဆန့်ထွက်စေသည်။ ထို့နောက်တွင် ယင်းတို့ကို အလင်းအကာအရံဆီ ကြမ်းတမ်းစွာ ပစ်သွင်း၏။

စူးရှသောအသံတစ်သံ မြည်ဟိန်းထွက်သွား၏။ အလင်းအကာအရံသည် ပြင်းထန်သော အဆက်မပြတ် တိုက်ခိုက်မှုများကို တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ၎င်းမှာ ပျက်စီးသွားလေပြီ။ ပြိုလဲကျောက်တုံးအစီအရင်သည် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ ဤသည်ကို မြင်သည့်အခါ မြူတောင်တန်းမှ မိတ်ဆွေလေးဖော်သည် လေအေးတစ်ချက် ရှိုက်ထုတ်မိကုန်သည်။ သူတို့သည် အစီအရင်မန္တာန်ကို အားဖြင့် အတင်းအကြပ် ဖျက်စီးပစ်ခြင်း၏ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်ကြပေ။

ဤသည်မှာ ဟန်လိ၏ တိုက်ခိုက်မှုစွမ်းရည်က အနည်းဆုံးတော့ ထိုအစီအရင်မန္တာန်၏ အရံအတားစွမ်းအားထက် အဆများစွာ ပိုအားကောင်းနေသည်ဟု ဆိုလိုပေသည်။ မဟုတ်ပါက အစီအရင်သည် တူညီသောစွမ်းအားနှင့် တိုက်ခိုက်လျှင် ထိုသို့ အလွယ်တကူ ကွယ်ပျောက်သွားလိမ့်မည် မဟုတ်ပေ။

“ဆင်းကြတော့…ကျုပ်တို့ သူ့ကို လွတ်သွားလို့ မဖြစ်ဘူး…” ဟန်လိသည် ရေခဲတမျှ အေးစက်သည့်ဟန်ပန်ဖြင့် ထိုသို့ ပြောလိုက်သည်။

ခုချိန်မှစ၍ မြူတောင်တန်းမှ မိတ်ဆွေလေးယောက်သည် ဟန်လိအပေါ် အပြည့်အဝ လက်ခံလိုက်ကြပြီ ဖြစ်၍ သူတို့က ချက်ခြင်း သဘောတူကာ အောက်သို့ ဆင်းသွားကြသည်။ သို့ပေမည့် ထိုအခိုက်အတန့်တွင် ဟန်လိနှင့် သူတို့လေးယောက်သည် နောက်ဘက်မှ လှောင်ပြောင်သည့် နှာခေါင်းရှုံ့သံကို ကြားလိုက်ရလေ၏။

“မင်းတို့က ကျုပ်ကို လာရှာတာလား။ ဒီဘုံကျောင်းဟာ ကျုပ်ရဲ့ ကျောင်းတော်အတွက် ယာယီနေရာလေ။ အခု ဘုံကျောင်းထဲမှာ ဘယ်သူမှ မရှိဘူး…”

ယင်းအသံကြောင့် မြူတောင်တန်းမှ မိတ်ဆွေလေးဖော်သည် အလန့်တကြား ဖြစ်ကာ သူတို့၏ မှော်ပစ္စည်းများပေါ်ကနေပင် ပြုတ်ကျမတတ် ဖြစ်ကုန်ကြသည်။ သူတို့က နောက်သို့ ခပ်မြန်မြန် ခေါင်းလှည်ကြည့်၏။ သူတို့၏မျက်နှာများမှာ သွေးမရှိတော့သည့်နှယ် ချက်ခြင်း ဖြူရော်ကုန်သည်။

ဟန်လိနှင့် မိတ်ဆွေလေးဖော်တို့၏ အပေါ်ဘက် မီတာတစ်ရာခန့်တွင် သူတို့ နောက်မှ လိုက်လံနေသော မင်းသားငယ် ရှိနေသည်။ သူ့ဘေးတွင်မူ သူနှင့် တူညီစွာ ဝတ်ဆင်ထားသော တုန်ရင်နေသည့် လူတစ်ယောက် ရှိ၏။ သူတို့အပြင် တခြားသော ဝတ်စုံနက်ဆယ်ယောက်ကျော်လည်း ရှိနေသည်။ ကြည့်ရသည်မှာ ထိုသူများသည် မြူတောင်တန်းမှ မိတ်ဆွေလေးဖော်ကဲ့သို့ မိစ္ဆာနက်ကျောင်းတော်၏ အတားအဆီးမန္တာန်များ မိထားသော အနီးအနားမှ ကျင့်ကြံသူများ ဖြစ်ဖို့များသည်။

သို့ပေမည့် အသိသာဆုံးသူမှာ လူကောင်ကြီးကြီးနှင့် ဦးခေါင်းပြောင်လူကြီးပင်။ ထိုသူမှာ မျက်ခုံးမွှေးများလည်း ရှိမနေ။ သူလည်း သွေးနီရောင်ဝတ်ရုံဖြင့်ပင်။ သို့ပေမည့် သူက မျက်နှာကို မဖုံးကွယ်ထားချေ။

ထိုသူမှာ ဟန်လိကဲ့သို့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်သာ။ ဤသည်ကို မြင်သည့်အခါ မြူတောင်တန်းမှ မိတ်ဆွေလေးယောက်သည် မရဏဘေးမှ လွတ်အောင် အသည်းအသန် ထွက်ပြေးချင်စိတ် ဖြစ်ကုန်သည်။

All Chapters