← Chapters

သွေးကျေးကျွန်

Vol. 22 Ch. 307

သွေးကျေးကျွန်

Vol. 22 Ch. 307

မင်းသားငယ်၏ အသံကို ကြားသည့်အခါ ဟန်လိ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။

သို့သော် သူက တဖက်သို့ လှည့်ချိန်တွင်မူ သူ့အမူအရာသည် ပုံမှန်သို့ ပြန်ပြောင်းသွားလေ၏။ အနည်းငယ်မျှသော ထိတ်လန့်မှုကို သူ့ထံ၌ မမြင်ရလေပေ။ ထိုအစား ဟန်လိ၏ ပါးစပ်ထောင့်တွင် အေးတိအေးစက် အပြုံးတစ်ခုကိုသာ မြင်ရနိုင်မည်။ သူက မိစ္ဆာနက်ကျောင်းတော်မှ သူများနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဦးခေါင်းပြောင်ကျင့်ကြံသူတို့ကို အေးစက်စွာ လှမ်းကြည့်သည်။

ဟန်လိ၏ တည်ငြိမ်မှုက မြူတောင်တန်းမှ မိတ်ဆွေလေးဖော်ကိုပါ လွှမ်းမိုးမှု ရှိသည်။ သူတို့စိတ်ထဲ၌ အနည်းငယ် တည်ငြိမ်လာ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ဟန်လိနောက်သို့ ပျံသန်းလာကြပြီး မိစ္ဆာနက်ကျောင်းတော်မှ သူများကို တိုက်ခိုက်မည့်ဟန် ပြင်သည်။

“မင်းကို၊ ချင်းအိမ်တော်မှာတုန်းက မင်း မဟုတ်လား။ မင်းက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ကို…”

မင်းသားငယ်သည် ဟန်လိကို မြင်သည့်အခါ အလွန်အမင်း အံ့အားတသင့် ဖြစ်သွားသည်။ သူ့ဘေးရှိ ခပ်ပိန်ပိန်နှင့် တုန်ယင်နေသောသူမှာ ငြိမ်သက်နေမြဲ ဖြစ်သော်လည်း သူ့မျက်လုံးထဲရှိ အကြီးအကျယ် အံ့အားသင့်မှုကိုမူ မြင်ရ၏။

ဦးခေါင်းပြောင်ကျင့်ကြံသူတစ်ယောက်သာ ဟန်လိကို အလေးအနက် စိုက်ကြည့်နေပြီး သူက ရုတ်တရက် ပြောသည်။

“ဂရုစိုက်ပါ။ ဒီလူဟာ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်၊ ငါ့ထက်လည်း တစ်ဆင့် ပိုမြင့်သေးတယ်။ ကြည့်ရတာ လေနက်အစီအရင်ကို ထုတ်ပြီး သူ့ကို ဖမ်းဖို့ အဲ့အစီအရင်ရဲ့ အကူအညီ လိုအပ်နိုင်လိမ့်မယ်…”

ထိုသူ၏ စကားကို ကြားသည့်အခါ မင်းသားငယ်သည် သူ့မျက်နှာထက်၌ စိုးစိမျှ ပူပန်မှုကို မပြ။ ထိုအစား သူက ကျေနပ်အားရစွာ မေးသည်။

“စီနီယာသွေးကျွန်…အဲ့လိုသာဆိုရင် ကျောင်းတော်သခင်အတွက် ဒီလူ့ကို သွေးစတေးခံအဖြစ် ကမ်းလှမ်းနိုင်ခဲ့ရင် ဆုလဒ်က အတော်လေးကို များပြားမယ်မလား…”

ထိုသူက သည်စကားကို ကြားသည့်အခါ တဟားဟား ရယ်၍ ပြန်ဖြေသည်။

“ဒါပေါ့ကွာ။ ကျုပ်တို့ ဖမ်းထားတဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအားလုံးဟာ စဦးအဆင့်မှာပဲ ရှိကြတယ်။ ဒီလူရဲ့ သွေးအနှစ်သာရကတော့ ပြီးခဲ့တဲ့သူတွေထက် သေချာပေါက် ပိုကောင်းမွန်မှာပဲ…”

ဦးခေါင်းပြောင်လူထံမှ အတည်ပြုချက်ကို ရသည်နှင့် မင်းသားငယ်သည် ဟန်လိဘက်သို့ လောဘတကြီး ခေါင်းလှည့်ကြည့်ကာ ရုတ်တရက် အားပါးတရ ရယ်မောလေတော့သည်။

“ကောင်းတယ်…သိပ်ကောင်းတယ်…။ မင်းက ဒီကို ကိုယ့်ဟာကိုယ် ရောက်လာမှတော့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားလို့ရမယ် မထင်နဲ့…”

“လေနက်အစီအရင်ကို ချခင်းလိုက်…သွား…”

မင်းသားငယ်သည် ရယ်မောနေတာကို ရပ်ကာ သူသည် အေးစက်မာကြောသောလေသံဖြင့် ထိုသို့ အော်ဟစ်သည်။

ဝတ်ရုံနက်များသည် သူတို့၏ အနက်ရောင် အလံကြီးများကို ချက်ခြင်း ထုတ်ယူကာ ဟန်လိ ပတ်ပတ်လည်သို့ လျင်မြန်စွာ ပျံသန်းလာပြီး သူ့အား ဝန်းရံသည်။ ထို့အပြင် သူတို့သည် လက်ထဲရှိ အလံများကို စတင်ဝေ့ရမ်းကြသည်။

“ မင်းတို့က ခုခံရုံပဲ ခုခံကြ။ ကျုပ် သူတို့ကို ကိုင်တွယ်လိုက်မယ်…” ဟန်လိသည် မြူတောင်တန်းမှ မိတ်ဆွေလေးယောက်ကို မထူးခြားနားဟန်ဖြင့် ပြောပြီးနောက် သူ့ပုံရိပ်မှာ ဝေဝါးသွားပြီး သူ၏ မူလနေရာကနေ သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။

“ဂရုစိုက်ကြ…”

ဦးခေါင်းပြောင်နှင့်လူသည် ဟန်လိ ပျောက်ကွယ်သွားတာကို မြင်သည့်အခါ ကျယ်လောင်စွာ အော်ဟစ်လေ၏။ သို့သော် နောက်ကျသွားခဲ့ပြီ။

ဟန်လိက ဝတ်ရုံနက်တစ်ယောက်၏ နောက်မှာ ချက်ခြင်း ပေါ်လာသည်။ အလံကို ဝေ့ရမ်းရုံရှိသေးသည် ထိုကျင့်ကြံသူသည် ချက်ခြင်း ရပ်တန့်ကာ နေရာတွင်ပင် အကြောင်သား ရပ်သွား၏။ သူ့ဦးခေါင်းမှာလည်း အောက်သို့ လိမ့်ဆင်းကျသွားလေတော့သည်။ သူ၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်ထံမှ သွေးများ ပန်းထွက်ပြီးနောက်မှာ အောက်သို့ ပြုတ်ကျသွားလေတော့သည်။

ထိုမြင်ကွင်းက အလံကိုင်ထားသော တခြားကျင့်ကြံသူများ၏ စိတ်ကို တုန်ရင်သွားစေသည်။ သူတို့သည် မည်သို့လုပ်ရမှန်းမသိ ဖြစ်ကုန်၏။ ဟန်လိက နောက်တစ်ယောက်၏ အနောက်မှာ ထပ်ပေါ်လာပြန်သည်။ ထိုသူ၏ ဦးခေါင်းမှာလည်း အောက်သို့ လိမ့်ဆင်းကျသွားပြန်သည်။

ထိုသို့ဖြင့် တခြားဝတ်ရုံနက်ကျင့်ကြံသူများသည် ချီတုံချတုံ ဖြစ်မနေဝံ့ကြတော့ပေ။ သူတို့က အလံများ ဝေ့ရမ်းနေတာကို တစ်ယောက်ပြီးတစ်ယောက် ရပ်၏။ သူတို့၏ အကာအကွယ်အရံအတားများကို ထုတ်သည်။

သို့ပေမည့် မျက်စိတစ်မှိတ်အတွင်း အကာအကွယ် ပြင်ဆင်နေသော နောက်ထပ် ဝတ်ရုံနက်နှစ်ယောက်မှာလည်း ဟန်လိ၏ ရက်စက်လှသော တိုက်ခိုက်မှုများကို ခံစားလိုက်ရကာ အလောင်းဘဝ ရောက်သွားတော့သည်။

“ခွေးကောင်၊ မင်းက သေချင်နေတာပဲ…”

ဦးခေါင်းပြောင်လူမှာ ထိုမြင်ကွင်းကို မြင်သည့်အခါ၌ ရင်ခေါင်းသံဖြင့် လှမ်းအော်၏။ သူ၏ မျက်လုံးထံမှ အနက်နှင့်အနီ ရောယှက်နေသော အလင်းများကို ထုတ်လွှတ်သည်။ သူ့ခန္ဓာကိုယ်ထံမှ သွေးနီရောင် ဖြာထွက်လျက် သူသည် ဟန်လိထံ အံ့အားသင့်ဖွယ်ကောင်းလှသော အမြန်နှုန်းဖြင့် တိုးဝင်လာသည်။

ဟန်လိက ထိုသူ့ထံ အေးတိအေးစက် တချက်လှမ်းကြည့်သည်။ ထို့နောက်မှာ သူသည် သူ့ထံ ကြည့်နေကြသော ဝတ်ရုံနက်များထံသို့ အကြည့်ရောက်သွားသည်။ ထိုအခိုက်တွင် ယင်းဝတ်ရုံနက်များသည် မြူတောင်တန်းမှ မိတ်ဆွေလေးဖော်နှင့် မီတာတစ်ရာအကွာထိ ရောက်သွားခဲ့လေပြီ။ လေထုကို ဖြတ်၍ တိုးဝင်လာသော ဦးခေါင်းပြောင်လူမှာ ဒေါသတကြီး မာန်သွင်းအော်ဟစ်သည်။ နည်းနည်းလေးမျှ နှေးဖင့်မနေဘဲ သူသည် ဟန်လိနှင့် တခြားသူများထံ ခုန်ဝင်လာသည်။ သို့သော် မည်သည့်အတွက်ကြောင့်မှန်းမသိ သူက မှော်ပစ္စည်းတစ်ခုကိုမျှ ထုတ်သုံးခြင်း မရှိလေပေ။

ဤသည်ကို မြင်သည့်အခါ ဒုတိယအစ်ကိုသည် စိတ်လှုပ်ရှားသွားသည်။ သူသည် အခွင့်အရေးတစ်ခုကို လှမ်းမြင်ကာ သူ့လက်ကို ချက်ခြင်း ပင့်မြှောက်သည်။ အစိမ်းရောင်ရှိသော သုံးမြှောင့်ဆူးချွန်တစ်ခုသည် ဦးခေါင်းပြောင်လူ၏ ရှေ့သို့ တိတ်တဆိတ် တိုးတင်သွားသည်။ ထိုသူက ယင်းမှော်ပစ္စည်း သူ့ထံ တိုးဝင်လာသည်ကို မြင်သည့်အခါ သူ့မျက်နှာက မကောင်းဆိုးဝါးဆန်စွာ ညစ်ကျယ်ကျယ် အပြုံးတစ်ခု ပေါ်လာ၏။ သူက မရပ်တန့်ရုံသာမက ရှေ့သို့ တရကြမ်း တိုးဝင်လာသည်။

ပိန်ရှည်ရှည်နှင့် ဒုတိယအစ်ကိုသည် အတော်လေး ပျော်သွားပြီး စိတ်လှုပ်တရှားဖြင့် ပြော၏။

“ဒီကောင်တော့ ကံဆိုးပြီ။ ကျုပ်ရဲ့ မှော်ပစ္စည်းဟာ အဆင့်မြင့်ထိပ်တန်း အရည်အသွေး ရှိတယ်။ ဒါက သူ့ကို ကျိန်းသေပေါက်။ အန်…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

သူ ထိုသို့ ရေရွတ်နေစဉ်မှာပင် သူ့မျက်လုံးရှေ့ရှိ မြင်ကွင်းကြောင့် မင်သက်ကြောင်ရီသွားလေသည်။ သုံးမြှောင့်ဆူးသည် ထိုဦးခေါင်းပြောင်လူအား ခြုံလွှမ်းထားသည့် သွေးနီအလင်းနှင့် ထိမိသည့်အခါ သွေးနီအလင်းက ဖြာထွက်လာ၏။ ၎င်းသည် ထိုဆူးကို ရုတ်တရက် ခြုံလွှမ်းသွားပြီး မည်မျှ ရုန်းကန်ပါစေ ထိုဆူးသည် အနည်းငယ်မျှ ချိုးဖျက် လွတ်မြောက်နိုင်စွမ်း မရှိလေတော့ပေ။

“ဟားဟား ဒီလို ဆူးလေးနဲ့ ငါ့ကို လာတိုက်ခိုက်ဝံ့တယ်လား…”

ထိုသူက အားပါးတရ ရယ်မောကာ သူ၏ သွေးနီရောင်လက်ကို ရှေ့သို့ ဆန့်၍ သုံးမြှောင့်ဆူးကို လှမ်းဖမ်းယူ၏။ ၎င်းမှော်ပစ္စည်း၏ အစိမ်းရောင်အလင်းမှာ သူ့လက်ကြားတွင် ချက်ခြင်း ပြန့်ကြဲသွားလေသည်။ ၎င်း၏ စိတ်ဝိညာဉ်ချီမှာ လုံးဝ ဖယ်ရှားခံလိုက်ရသည်။

ထိုအခိုက်တွင် မြူတောင်တန်းမှ မိတ်ဆွေလေးဖော်မှာ အလွန်အမင်း ကြောက်လန့်သွားဟန် ဖြစ်ပေါ်ရုံသာမက ဟန်လိ၏ စိတ်နှလုံးသည်လည်း လေးလံမိသွားသည်။ ထိုဦးခေါင်းပြောင်လူမှာ ပုံမှန်ကျင့်ကြံခြင်းပညာရပ်များကို ကျင့်ကြံသူ မဟုတ်တာ သေချာသွားပြီ။ ထိုသူသည် တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေးကဲ့သို့ ထိပ်တန်းမိစ္ဆာပညာရပ်တစ်ခုခုကို ကျင့်ကြံထားတာ ဖြစ်နိုင်သည်။

ဦးခေါင်းပြောင်လူကြီးသည် ဟန်လိနှင့် တခြားသူများကို ဆက်တွေးနေရန် အချိန်မပေး၊ ဖြတ်ခနဲ သူတို့ရှေ့ ရောက်လာသည်။ သူက သွေးနီရောင်လက်သီးကြီးကို ပင့်မြှောက်ကာ မြူတောင်တန်းမှ မိတ်ဆွေလေးဖော်၏ အလင်းအကာအရံကို ထိုးနှက်တိုက်ခိုက်၏။

ဖောင်း…။ ချီစုဆောင်းခြင်းကျင့်ကြံသူလေးယောက် စုပေါင်းထုတ်ဖော်ထား‌သော အလင်းအကာအရံသည် လက်သီးစာ မိပြီးနောက်တွင် နက်မှောင်သွားရလေသည်။

မိတ်ဆွေလေးဖော်၏ အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားသည်။ ပြင်းထန်လှသည့် လက်သီးချက်ပင်။

“စီနီယာ…ခင်ဗျား…”

မိတ်ဆွေလေးဖော်ထဲမှ မျက်နှာမည်းအဘိုးအိုသည် အလျင်စလို ခေါင်းလှည့်ကာ ဟန်လိထံ၌ ရန်သူ့ကို တားဆီးနိုင်မည့် နည်းလမ်း ရှိ၊မရှိ မြင်ချင်မိနေပြီ။ တကယ်တော့ ရန်သူ့ကို ရင်ဆိုင်ဖို့ သူတို့ ပူးပေါင်းဖော်ထုတ်ထားသော အကာအရံသည် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

စကားဖြင့် ခွန်းတုန့်ပြန်မနေဘဲ ဟန်လိက သူ့လက်ကို ပင့်မြှောက်၏။ တလက်လက် တောက်ပနေသော အဖြူရောင်အလင်းဒိုင်းတစ်ခုကို သူ ထုတ်ယူသည်။ ၎င်းဒိုင်းသည် မျက်စိတမှိတ်အတွင်း အဆများစွာ ကြီးထွားလာပြီး မိတ်ဆွေလေးဖော်၏ အကာအရံနေရာကို အစားယူသည်။ ထိုစဉ် ဦးခေါင်းပြောင်လူ၏ လက်သီးချက်ကြီးက ထပ်မံ ကျရောက်လာခဲ့ပြီ။

ဘန်း…။

နားစည်ကွဲမတတ် အသံတစ်သံ မြည်ဟိန်းထွက်သွားလေ၏။ သတိလက်လွတ်ဖြစ်နေသော အနီးအနားမှ ကျင့်ကြံသူများသည် အသံတုန်ခါမှုကြောင့် ဟန်ချက် ပျက်ကာ အောက်သို့ ပြုတ်ကျမတတ် ဖြစ်သွားရသည်။

မြူတောင်တန်းမှ မိတ်ဆွေလေးဖော်မှာလည်း အချိန်အတော်အတန်ကြာသည့်အထိ ဟန်ချက် မထိန်းနိုင် ဖြစ်သွားရပေသည်။ အမူအရာ၊ အနေအထားမပျက်ဘဲ ကျန်ခဲ့သူဟူ၍ ဟန်လိနှင့် ဦးခေါင်းပြောင်လူတို့သာ ရှိ၏။

ဟန်လိက အဖြူရောင်ကြေးခွံဒိုင်းကို မထုံတတေး ကြည့်နေသည်။ သူသည် သူ့ဒိုင်းက လက်သီးချက်ကို ခုခံရသည့်အခါ၌ ၎င်း၏ မူလက ညီညာနေသော ဒိုင်းမျက်နှာပြင်သည် မသိမသာ ချိုင့်ဝင်သွားတာကို မြင်ခဲ့ရသည်။ သူက စိတ်ထဲကနေ မရှိန်မိဘဲ မနေနိုင် ဖြစ်သွား၏။

ဟန်လိသည် ၎င်းဒိုင်သည် မည်မျှ မာကြောသည်ကို ကောင်းစွာ သိထားသူ ဖြစ်၏။ ဦးခေါင်းပြောင်လူကို သူ ပို၍ ရှိန်သွားမိသည်။ ထိုသို့ တွေးမိကာ ဟန်လိသည် ဆက်၍ အချိန်ဖင့်မနေတော့ဘဲ သူ့သိုလှောင်အိတ်ကို ထိပုတ်သည်။

ရုတ်တရက် အနက်ရောင်အလင်းတန်းနှစ်ခုနှင့် ရွှေရောင်အလင်းတန်းခြောက်ခုတို့သည် ဦးခေါင်းပြောင်လူထံ အထိန်းအချုပ်မဲ့စွာ တဝီဝီ တိုးဝင်လာကြသည်။ ထိပ်တန်းမှော်ပစ္စည်းများထံမှ ထုတ်လွှတ်သော အကြမ်းပတမ်း လေတိုးသံများက ဦးခေါင်းပြောင်လူကို ကြီးစွာ မင်သက်သွားစေသည်။ သူ့မျက်နှာထက်တွင် အကြောက်တရား မသိမသာ ဖြစ်ပေါ်လာ၏။

သူက မာန်သွင်း၏။ သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် မဟာသွေးနီရောင်တောက်ပမှုနှင့် ခြုံလွှမ်းသည်။ တအောင့်အကြာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သွေးနီရောင်အလင်းဖြာထွက်မှုက အုပ်မိုးသွားလေပြီး ဆယ်မီတာလောက် အရွယ်အစားရှိမည့် သွေးနီရောင်စက်ဝန်းကြီးတစ်ခုအဖြစ်သို့ ပြောင်းကာ လေထဲတွင် မလှုပ်မယှက် လွင့်မြောတည်ရှိလေ၏။

ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ ရွှေပိုးတောင်မာဓားသွားအုပ်နှင့် နဂါးနက်ဖမ်းဆုပ်မှု လက်နက်တို့က သနားငဲ့ညှာမှု ပြမနေ၊ ၎င်းထံ အကြမ်းပတမ်း ထိုးနှက်သည်။ သို့ပေမည့် ရလဒ်ကမူ ဟန်လိကို ထူးခြားသည်ဟုသာ ခံစားမိရစေသည်။

သူ၏ မှော်ပစ္စည်းများဖြင့် အလင်းစက်ဝန်းကို ခုတ်ပိုင်းခြင်းကလွဲ၍ ၎င်းအတွင်းပိုင်း၌ လှုပ်ရှားမှုဟူ၍ စိုးစိမျှ ရှိမနေချေ။ ထို့အပြင် သူ၏ မှော်ပစ္စည်းများသည် ထိုစက်ဝန်းကို ပေတစ်ဝက်လောက်ပင် ဆက်၍ ထွင်းဖောက်နိုင်စွမ်းမရှိ ဖြစ်ရလေသည်။ ထိုသွေးနီရောင်စက်ဝန်းက အကာအကွယ်အရံအတားကဲ့သို့ သူ၏ တိုက်ခိုက်မှုကို လုံးဝ ခုခံသည်။

အနည်းငယ် စိတ်မရှည် ဖြစ်လာပြီး ဟန်လိသည် တစုံတစ်ခုကို တွေးမိလျက် သူက ဘေးပတ်လည်သို့ ခပ်မြန်မြန် ကြည့်သည်။ သူ၏ရှေ့ရှိ မြင်ကွင်းကြောင့် ဟန်လိမှာ အန္တရာယ်အာရုံကို ခံစားမိရသည်။

မင်းသားငယ်နှင့် အကြီးအကဲဝမ်ဟု သံသယရှိသောသူဟု ထင်ရသည့် သူတို့ အမိန့်ပေးမှုအောက်မှာ ဝတ်ရုံနက်များသည် ထပ်မံ၍ စုဖွဲ့လာပြန်သည်။ လက်ထဲရှိ အလံများကို အားကုန်သုံး၍ ဝေ့ယမ်းသည်။ အနက်ရောင်အလံများမှာ တစ္ဆေငြီးသံကို ထုတ်ဖော်ပြီး ဖြစ်၏။ တမူထူးသော အနက်ရောင်မြူသည် အဆက်မပြတ် စတင် တိုးတက်လာကာ အနက်ရောင်အလံများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကြောင့် ဟန်လိသည် အရင်တုန်းက အရာအားလုံးကို ဖျက်စီးပစ်နိုင်သော မိုးပြာယန်မိစ္ဆာမီး ဟူသည့် ပညာရပ်အကြောင်းကိုပါ ပြန်သတိရသွား၏။ ဦးခေါင်းပြောင်လူ၏ အခု ဆင့်ခေါ်မှုမှာ ထိုစဉ်က မိုးပြာယန်မိစ္ဆာမီးနှင့် အတော်လေး တူသည်။ သို့ဖြစ်၍ ၎င်းကို အပြည့်အဝ ထုတ်ဖော်ခွင့် ဘယ်ပေးပါ့မည့်နည်း။

ထိုအတွေးဖြင့် ဟန်လိသည် သူ့လက်ကို ညွှန်ကာ အဖြူရောင်ကြေးခွံဒိုင်းကို ဆင့်ခေါ်သည်။ တုံ့နှေးမနေ။ သူက အေးတိအေးစက် ပြောသည်။

“ မင်း ဒါကို ခဏ အသုံးပြုခွင့် ပေးလိုက်မယ်။ အရင်ဆုံး တခြားသူတွေနဲ့ ပတ်သတ်ပြီး ငါ ကိုင်တွယ်လိုက်အုံးမယ်…”

ဟန်လိ၏ပုံရိပ်သည် ဖြတ်ခနဲ ဖြစ်ကာ အကာအကွယ်အရံအတား အပြင်ဘက်၌ ပေါ်လာသည်။ ထို့အပြင် သွေးနီအလင်းစက်ဝန်းကို တိုက်ခိုက်ခဲ့သော သူ့လက်နက်မှားမှာလည်း ဟန်လိထံ တန်းတန်းမတ်မတ် ပြန်တိုးဝင်လာသည်။ ယင်းလက်နက်များက သူ့ဘေးတွင် အဆက်မပြတ် လှည့်ပတ်နေရင်း တဝီဝီအသံကို အဆက်မပြတ် ထုတ်ဖော်လျက် ရှိသည်။

All Chapters