အရည်အချင်းထုတ်ပြခြင်း
Vol. 22 Ch. 308
ဟန်လိက သူ့ဘေးနားရှိ မှော်ပစ္စည်းတချို့ကို တချက် လှမ်းကြည့်သည်။ ထို့နောက်တွင် သူသည် ရုတ်တရက် သူ့သိုလှောင်အိတ်ထံ လက်လှမ်းကာ အရွယ်တူ၊ပုံစံတူ ခရင်းခွငယ်သုံးခုကို ထုတ်ယူ၏။ သူသည် ၎င်းတို့ကို ညင်သာစွာ ဝေ့ရမ်းလိုက်သည်။ ထိုအခါ ယင်းတို့သည် အနီရောင်အလင်းတန်းသုံးခုအဖြစ်သို့ ပြောင်းသွားကာ ဝတ်ရုံနက်ကျင့်ကြံသူတစ်ယောက်ထံ ပြေးဝင်သွားလေသည်။
ထိုပျံသန်းခြင်းမီးတောက်သံကြိုးခရင်းခွ လက်နက်အစုံသည် အဖြူရောင်ပင့်ကူကြီးနှင့် တိုက်ခိုက်ပြီးနောက် သနားစရာကောင်းလှသော အမည်မသိစိတ်ဝိညာဉ်ထံမှ ဟန်လိ ရခဲ့သည့်အရာ ဖြစ်သည်။ ၎င်း၏ စွမ်းအားက အတော်လေး ကောင်းမွန်သည်။ ထို့အပြင် ၎င်းက အစုံလိုက်ရှိကာ ထိန်းချုပ်မှုလွယ်၍ သူ သိမ်းထားခဲ့တာ ဖြစ်သည်။
ထို့နောက်တွင်မူ ဟန်လိသည် သူ၏ မှော်ပစ္စည်းများထံ လက်ညွှန်လေ၏။ အနက်ရောင်အလင်းတန်းနှစ်ခု၊ ရွှေရောင်အလင်းတန်းခြောက်ခုတို့က အော်မြည်သံ ပေးကာ မတူညီသော အရပ်ဒေသများထံ ပျံသန်းသွားကြသည်။
ယင်းအခိုက်တွင် ဟန်လိ၏ မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ကြောက်မခန်းစွမ်းအားက အမှန်တကယ် ပြသလာခဲ့ပြီ။ သူကား ကစဉ့်ကလျား မဖြစ်လေဘဲ မှော်ပစ္စည်းများစွာကို မထင်မှတ်စွာ ထိန်းချုပ်နိုင်စွမ်း ရှိနေပေသည်။ ထိပ်တန်းမှော်ပစ္စည်းများစွာ သူတို့ထံ အကြမ်းပတမ်း တိုးဝင်လာတာကို မြင်သည့်အခါ အလံများ ကိုင်ထားသော ဝတ်ရုံနက်ကျင့်ကြံသူများသည် တုန်လှုပ်အံ့အားသင့်ကုန်သည်။ သူတို့၌ ထိုတိုက်ခိုက်မှုများကို လက်ခံဖို့ အဘယ်သို့ စိတ်ကူးရှိပါ့မည်နည်း။
ဟန်လိက အနီရောင်အလင်းတန်းသုံးခုကို ပစ်သွင်းခဲ့သည့်နောက်မှာ ပျံသန်းခြင်းမှော်ပစ္စည်းပေါ်ရှိ အလံကိုင်ထားသော ကျင့်ကြံသူက ရှောင်ဖို့ ကြိုးစားသည်။ သို့သော် အနက်ရောင်အလံကို ထိုအနီရောင်အလင်းများက ရစ်ပတ်သွားပြီးနောက်မှာ အနက်ရောင်အလင်းလုံးတစ်ခုအဖြစ်သို့ ပေါက်ကွဲ၍ အပိုင်းပိုင်းအစစ ပျက်စီးခြင်း ဆိုက်လေသည်။
ထို့နောက်တွင်မူ အနီရောင်အလင်းတန်းသုံးခုသည် ရပ်တန့်သွားခြင်း မရှိ၊ နောက်ထပ် ကျင့်ကြံသူတစ်ယောက်၏ အရံအတားကို ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်သည်။
ချီစုဆောင်းခြင်းကျင့်ကြံသူတစ်ယောက်ဖြစ်သော ထိုသူမှာ အဘယ်သို့ ကံကောင်းနိုင်ပါ့မည်နည်း။ သူ၏ အရံအတားသည် အနီရောင်အလင်းတန်းများကို လားလားမျှ ခုခံနိုင်ခြင်း မရှိ ဖြစ်ရလေ၏။ ၎င်းအလင်းတန်းများနှင့် ထိမိသည်နှင့် ထိုကျင့်ကြံသူမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားရပြန်သည်။
ထိုအခိုက်မှာပင် အနက်ရောင်အလင်းတန်းနှစ်ခုနှင့် ရွှေရောင်အလင်းတန်းခြောက်ခုတို့သည်လည်း အပေါ်ဘက်ရှိ တခြားကျင့်ကြံသူများ၏ အရံအတားများကို ချိုးဖျက်ကာ ထိုသူတို့ကို ထက်ပိုင်းပြတ်သွားစေသည်။
ရုတ်ချည်းဆန်လှချေ၏။ တခြားကျင့်ကြံသူများမှာ အကြောက်တရား ကြီးစိုးလာခဲ့ပြီ။ သူတို့သည် အစီအရင်ကို ချခင်းမည့်အစား သူတို့အသက်ကသာ ပိုအရေးကြီးမှန်း သိကြမှာသာ။ သူတို့ထဲမှ အများစုသည် ချက်ခြင်း နောက်လှည့်ကာ ပြေးလေတော့သည်။
သတ္တိအတော်အတန် ရှိကြသော ကျင့်ကြံသူအချို့ကမူ သူတို့၏ ဂုဏ်ယူရသော မှော်ပစ္စည်းများကို ထုတ်ကာ ဟန်လိ၏ တိုက်ခိုက်မှုကို အားပြည့်အားပြည့် ခုခံဟန့်တားသည်။ ဟန်လိက သူတို့နှင် ဇယားရှုပ်နေဖို့ စိတ်မကူး၊ တစက်လေးမျှ ပြန်မလှန်နိုင်အောင် အလုံးစုံ ဖိနှိပ်ပစ်ချင်စိတ်သာ ရှိနေခြင်းက သူတို့အတွက် ကံဆိုးခြင်းပင်။
အနီရောင်၊အနက်ရောင်၊ရွှေရောင် အလင်းများကား ပျားအုပ်တစ်ခုနှယ်။ ၎င်းတို့ကို ပိတ်ပင်တားဆီးသည့် မှော်ပစ္စည်းများမှာ နံရံကို ကြက်ဥဖြင့် ပေါက်သကဲ့သို့သာ။ ယင်းမှော်ပစ္စည်းများသည် ထိုအလင်းတန်းများနှင့် ထိမိသည်နှင့် တစစီပျက်စီးကာ သည်လောကမှ ပျောက်ကွယ်သွားရလေသည်။ ၎င်းတို့၏ ပိုင်ရှင်များကိုလည်း ဟန်လိက လွှတ်မပေးပါ။ အလွယ်တကူ ရှင်းထုတ်ပစ်လိုက်၏။
အခုအခါ၌ မီတာတစ်ထောင်ကျော်ထိ ထွက်ပြေးသွားကြသော ဝတ်ရုံနက်အနည်းငယ်အပြင် မင်းသားငယ်နှင့် အကြီးအကဲဝမ်ဟု ထင်ရသော မျက်နှာဖုံးနှင့်သူတို့သာ ကျန်ခဲ့၏။
ဟန်လိ၏ အကြည့်က သူတို့ထံ ရောက်လာခဲ့ပြီ။ ထိုနှစ်ယောက်မှာ စိတ်ထဲကနေ “မကောင်းတော့ဘူး’ ဟု အော်မိကုန်သည်။ တချိန်တည်းမှာ သူတို့သည် သတိကြီးစွာထားလိုက်ကြသည်။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များထံမှ ခပ်ဖျော့ဖျော့ အနက်ရောင်အလင်း ထုတ်လွှတ်လာသည်။ သူတို့၏ပုံရိပ်များသည် သိပ်သည်းသော အမှောင်ချီအတွင်း၌ ချက်ခြင်းလက်ငင်း ဖုံးကွယ်သွားကြ၏။
“ဟားဟား…လှည့်ကွက်လား…” ဟန်လိက အေးစက်စက် ရယ်မောလိုက်၏။
သူသည် ထိုနှစ်ယောက် အသုံးပြုနေသော ပညာရပ်ကို မသိသော်လည်း ၎င်းသည် ဦးခေါင်းပြောင်လူအသုံးပြုခဲ့သော မိစ္ဆာပညာရပ်နှင့် အတော်လေး ဆင်တူသည်။ သို့သော် သူတို့ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အလင်းက ဦးခေါင်းပြောင်လူ၏ သွေးနီရောင်အလင်းနှင့် အဘယ်ကြောင့် ကွဲပြားနေသည်ကိုမူ သူ မသိပေ။ သူတို့၏ ကျင့်ကြံမှုအဆင့် ကွာဟချက်ကြောင့်များလား။ ဟန်လိသည် ဝေခွဲမရဟန်ဖြင့် စဉ်းစားသွားသည်။
ထိုအချိန်၌ ယင်းနှစ်ယောက်သည် အတောမသပ်နိုင်အောင် အပြစ်တင်နေတာကိုမူ မသိလေပေ။ ဟန်လိ၏ ကျင့်ကြံမှုနှင့် မှော်ပစ္စည်းများကား သူတို့နှစ်ယောက် ထင်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည် မဟုတ်လား။
သူတို့သည် အရင်က အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများကို မမြင်ဖူးခဲ့တာ မဟုတ်ပေ။ သို့သော် သည်ဟန်လိဟူသော အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ၏ ခွန်အားကို သူတို့ကျောင်းတော်၏ ယဇ်ဆရာများအနေဖြင့် မယှဉ်နိုင်ကြပေ။ တစ်ဦးတစ်ယောက်ချင်း မဆိုနှင့်အုံး။ ယဇ်ဆရာနှစ်ယောက် သို့မဟုတ် သုံးယောက်လောက်သည်ပင် ဟန်လိ၏ ပြိုင်ဘက် မဖြစ်နိုင်လောက်ပေ။
သူ၏ အလွန်လျင်မြန်စွာ ရွှေ့လျားမှု ပညာရပ်မှာ မျက်စိနှင့်ပင် မမြင်ရနိုင်လုနီးနီး ဖြစ်၏။ ထူခြားသော မှော်ပစ္စည်းဆယ်ခုကျော်လောက်ကို တပြိုင်နက်တည်း ထိန်းချုပ်နိုင်သည့် စွမ်းရည်။ ယင်းအရာများကို သူတို့နှစ်ယောက်သည် အရင်က ကြားပင် မကြားဖူးခဲ့ပေ။
အခု ဆရာသွေးကျွန်မှာ လျှို့ဝှက်ပညာရပ် ထုတ်သုံးထားခဲ့လျှင်ပင် သူ့ရန်သူဖြစ်သော ဟန်လိကို မနိုင်တော့မည့်ပုံ ရသည်။
သူတို့နှစ်ယောက်သည် ချီစုဆောင်းခြင်း ကျင့်ကြံသူများအနေဖြင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကြသော်လည်း နှစ်ယောက်ပေါင်းတိုက်ခိုက်လျှင်လည်း ဟန်လိကို ရင်ဆိုင်နိုင်လိမ့်မည်ဟု မယုံကြည်ဝံ့ကြပါ။ သို့ဖြစ်၍ သူတို့၏ ခန္ဓာကိုယ်ကနေ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်ခဲ့တာ ဖြစ်သည်။ သူတို့သည် လက်ဦးမှု ယူကာ နောက်သို့ ဖြည်းဖြည်းချင်း သတိထား၍ ဆုတ်နေသည်။
ထိုနှစ်ယောက်နှင့် မတူသည်မှာ မြူတောင်တန်းမှ မိတ်ဆွေလေးဖော်ကမူ ဟန်လိ၏ ခွန်အားကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
သူတို့မှာ ဟန်လိ၏ ခွန်အားသည် ကြီးမားသည်ဟု သိထားပြီး ဖြစ်သော်လည်း ခုလောက်ထိ အစွမ်းထက်နေလိမ့်မည်ကိုမူ မသိနေခဲ့ပေ။
သို့သော် အခုတော့ ဟန်လိက သူတို့နှင့် ကျင့်ကြံခြင်းအဆင့်တူသူ ဆယ်ယောက်ကျော်ကို ချက်ခြင်းလက်ငင်း သတ်ပစ်ကာ ကျန်သူများကိုလည်း အလန့်တကြား ထွက်ပေးစေခဲ့ပြီး ခေါင်းပင် လှည့်မကြည့်ဝံ့ ဖြစ်စေခဲ့လေသည်။ ဤသို့ နက်ရှိုင်းလှသော ကျင့်ကြံခြင်း။ ဤသို့ နက်ရှိုင်းလှသော ပညာရပ်။ မိတ်ဆွေလေးဖော်မှာ သူတို့ အနိုင်ရပြီမှန်း သိလိုက်ကြပြီ။ ဟန်လိက အသက်ခပ်ပြင်းပြင်း ရှိုက်သွင်း၏။ သူသည် မင်းသားငယ်နှင့် အကြီးအကဲဝမ်တို့ကို တပြိုင်နက်တည်း ဖမ်းဆီးမည်ဟု တွေးမိသည့်အချိန်မှာ သွေးနီရောင်အလင်းစက်ဝန်းထံမှ ရူးသွပ်စွာ ဒေါသတကြီး အော်ဟစ်လိုက်သော အသံစူးစူးကြီးကို ကြားလိုက်ရလေသည်။
မင်းသားငယ်နှင့် အကြီးအကဲဝမ်တို့မှာ ထိုအသံကို ကြားသည့်အခါ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကျေနပ်အံ့အားသင့်စွာ မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
ဟန်လိ၏ အမူအရာမှာ လေးနက်သွား၏။ သူသည် သူ့ရှေ့မှ နှစ်ယောက်ကို ထပ်မံ ရင်ဆိုင်နိုင်ခြင်း မရှိလေတော့။ သူ့သိုလှောင်အိတ်ကို အလျင်အမြန် ပုတ်၏။ ထိုအခါ သူ့လက်ထဲတွင် လက်ရာမြောက်လှသော မှော်ပစ္စည်းငယ်တစ်ခု ပေါ်လာသည်။ တုန့်နှေးမနေဘဲ ဟန်လိက ၎င်းကို သွေးနီစက်ဝန်းထံ လှမ်းပစ်သည်။
ဟန်လိသည် ထိုလက်ရာမြောက်လှသော အဝါရောင်ခွက်ငယ်ကို လှမ်းပစ်ပြီးသည်နှင့် ၎င်းမှာ ဆယ်ငါးမီတာကျော်ထိ ကြီးမားသွားသည်။ ဤမှော်ခွက်ငယ်မှာ လမျက်နှာဖုံးဂိုဏ်းမှ ကျင့်ကြံသူ ရွှမ်လီထံမှ ရခဲ့သော အကျိုးအမြတ်တစ်ခု ဖြစ်လေ၏။ ထိုစဉ်တုန်းက သည်မှော်ပစ္စည်းသည် ရင်ဆိုင်ရန်ခက်သည့် ကြမ်းလှသော သွေးပင့်ကူကြီးကိုပါ ချုပ်နှောင်နိုင်စွမ်း ရှိခဲ့ဖူးသည်။
ဒန်…။ ခွက်ကား သွေးနီရောင်စက်ဝန်းထံ အတိအကျကို ကျရောက်သွားပြီး ၎င်းကို အချိန်တိုအတွင်း ခြုံလွှမ်းသွားသည်။ အော်သံကို ဆက်၍ မကြားရတော့ပေ။
ဟန်လိ၏ လှုပ်ရှားတိုက်ခိုက်မှုကို မြင်သည်နှင့် မင်းသားငယ်တို့၏ အပျော်ကြူးနေသော မျက်နှာမှာ မှုန်မှိုင်းသွားတော့သည်။ ထိုဆရာသွေးကျန်က အလွယ်တကူ ချုပ်နှောင်ခံလိုက်ရတာလား။
ဟန်လိက ခေါင်းလှည့်ကာ ထိုနှစ်ယောက်ထံ ထူးဆန်းစွာ ပြုံး၍ လှမ်းကြည့်သည်။ ထို့နောက်တွင် သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၏။
ဖြတ်ခနဲအတွင်း သူ့လက်နှစ်ဖက်ကနေ မရေမတွက်နိုင်သော မီးလုံးများစွာ ပန်းထွက်ကာ မုန်တိုင်းတစ်ခုနှယ် ထိုးထွက်သွားသည်။ အနီးဝန်းကျင် ကောင်းကင်သည်ပင် နီရဲသောမီးရောင်ဖြင့် စွန်းထင်းရ၏။
ထိုမြင်ကွင်းကား ထိုနှစ်ယောက်ကို အလန့်တကြား ဖြစ်သွားစေသည်။ သူတို့သည် အဝိုင်းပြား အကာအကွယ်မှော်ပစ္စည်းကို သူတို့ရှေ့သို့ ခပ်သွက်သွက် ထုတ်လွှတ်သည်။
ပေါက်ကွဲသံများ ဆက်တိုက် မြည်ဟည်းလေ၏။
မီးလုံးများက များပြားလွန်းလှချေ၏။ ယင်းတို့ထဲမှ အချို့သည် အရံအတားကို ဖြတ်ကာ မင်းသားငယ်ကို တိုက်ရိုက်ထိမှန်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အနက်ရောင်ချီ အများစုမှာ ပြန့်ကြဲသွားရသည်။
မင်းသားငယ်မှာ ကြောက်လည်းကြောက်၊ ဒေါသလည်း ထွက်နေသည်။ ထိုမျှ ကြီးမားလှသော မီးလုံးစွမ်းအားမှာ အဆောင်ပစ္စည်းမြောက်များစွာကနေ ဖြစ်ပေါ်လာမှန်း သူ ကောင်းကောင်းသိသည်။
မီးလုံးလှိုင်းက သူတို့ထံ အတင်းအကြပ် ဆက်တိုးဝင်လာနေစဉ် မင်းသားငယ်သည် သူ့ဘေးကနေ နာကျင်စူးဝါးစွာ အော်ဟစ်သံကို ရုတ်တရက် ကြားရလေ၏။ ထိုအသံကြောင့် သူ တုန်ယင်ကာ အလျင်စလို တချက် လှမ်းကြည့်သည်။ သူ လေအေးတစ်ချက် ရှိုက်သွင်းမိရသည်။ သူ မြင်လိုက်ရသည့်အရာကြောင့် သူသည် လုံးဝ ထိတ်လန့်သွားရသည်။
သူ့ဘေးတွင် ရှိနေသော မျက်နှာဖုံးနှင့်သူသည် ဟန်လိရှေ့မှာ အစွမ်းမဲ့ရသည်။ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အနက်ရောင်ချီမှာ လုံးဝ လွင့်ပြယ်ကာ သူ့ခန္ဓာကိုယ်ကနေ သွေးများ ပန်းထွက်နေသည်။ မထင်မှတ်စွာဖြင့် သူ့၌ လက်တစ်ဖက်သာ ကျန်ခဲ့လေတော့သည်။
ထိုမြင်ကွင်းသည် မင်းသားငယ်ကို ပူပန်ကြောင့်ကြများသွားစေသည်။ သူ့စိတ်ထဲရှိ ဟန်လိကို ကြောက်လန့်မှုအား ဖုံးဖိမထားနိုင်တော့ပေ။ သူသည် သွေးကျွန်၏ အသုံးမကျမှုအပေါ် မကျိန်ဆဲမိဘဲ မနေနိုင် ဖြစ်လေ၏။
ဟန်လိသည် မင်းသားငယ်ကို ရေခဲတမျှ အေးစက်သောအကြည့်ဖြင့် လှမ်းကြည့်ပြီး တစ်စက်လေးမျှ အားနာမနေဘဲ သူ ဖမ်းမိထားသော အကျဉ်းသားဖြစ်သူ၏ မျက်နှာဖုံးကို ချွတ်သည်။ ထိုအခါ မင်းသားရှင်း၏ နေအိမ်မှ အကြီးအကဲဝမ်၏ မျက်နှာ ပေါ်လာ၏။ မူလတုန်းက တုန်တုန်ယင်ယင် ဖြစ်နေသော အကြီးအကဲဝမ်မှာ ခုချိန်၌ လက်တစ်ဖက်ဆုံးရှုံးရသည့် နာကျင်မှုကြောင့် ရှုံ့တွ တွန့်လိမ်နေသည်။
“မဖြစ်နိုင်ဘူး။ ခင်ဗျား သူ့ကို ဘယ်လိုလုပ် ဖမ်းလိုက်တာလဲ။ ကျုပ်တို့ရဲ့ ချီခန္ဓာကိုယ်အကာအကွယ်ဟာ လွယ်လင့်တကူ ချိုးဖျက်လို့ ရတဲ့ဟာ မဟုတ်ဘူး…”
မင်းသားငယ်မှာ အံ့အားတသင့် ရေရွတ်သည်။ သူသည် သူ့လက်နှစ်ဖက်ကို ရုတ်တရက် ပင့်မြှောက်ပြီး ဟန်လိထံ အနက်ရောင်အလင်းတန်းဆယ်ခုကျော်ကို ကြမ်းတမ်းစွာ ပစ်ထည့်သည်။
ဟန်လိက နှာခေါင်းရှုံ့၏။
သူက လက်တစ်ဖက်မြှောက်ကာ သူ့ရှေ့တွင် အနက်ရောင်ဒိုင်းတစ်ခုကို ဆင့်ခေါ်သည်။ သူ့ထံ တိုးဝင်လာသော ထိုအနက်ရောင်အလင်းတန်းများကား ခပ်အုပ်အုပ်အသံသာ ထွက်၍ အဆုံးသပ်သွားရတော့သည်။
မင်းသားငယ်မှာ ထိုဒိုင်းသည် လိပ်ခွံကြီးတစ်ခု ဖြစ်နေမှန်း မြင်သည့်အခါ အံ့အားတသင့် ဖြစ်သွားရပြန်သည်။ သို့သော် ထိုလိပ်ခွံမှာ နက်မှောင်နေပြီး အလင်းကင်းမဲ့သည်။ ၎င်းကို ထူးခြားစွာ သန့်စင်ထားတာ ဖြစ်နိုင်၏။
ဤသည်ကို မြင်သည့်အခါ မင်းသားငယ်သည် သူ့ခန္ဓာကိုယ်ကို အနက်ရောင်အလင်းဖြင့် ခြုံလွှမ်းပစ်သည်။ သူက လျှပ်စီးနှယ် ပျံသန်းသည်။ သူသည် တခြားကျင့်ကြံသူများကဲ့သို့ ထွက်ပြေးချင်နေတာ ဖြစ်၏။
သို့သော် အသက်ရှင်လျက် ဖမ်းဆီးမည့် သူ့ပစ်မှတ်ကို ဟန်လိက အဘယ်သို့ လွယ်လွယ် ထွက်သွားခွင့် ပေးပါ့မည်နည်း။ ဟန်လိ၏ ပုံရိပ်သည် ဖြတ်ခနဲ လှုပ်ရှားသွားသည်။ သူသည် မင်းသားငယ်ရှေ့တွင် ပေါ်လာ၏။ ထို့နောက်တွင် သူ့လက်ကို ပင့်မြှောက်သည်။ ကိုးမီတာကျော် ရှည်လျားသော ဓားတစ်လက်မှာ လေထဲကနေ ပေါ်လာပြီး နှေးဖင့်မနေလေဘဲ မင်းသားငယ်ကို တိုက်ရိုက်ခုတ်ပိုင်းသည်။
ဤသည်ကို မြင်သည့်အခါ မင်သားငယ်မှာ စိတ်ထဲကနေ ပြုံးလိုက်သည်။
သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသော မိစ္ဆာချီမှာ မှော်ပစ္စည်းမျိုးစုံကို တိုက်စားပစ်နိုင်စွမ်း ရှိပေသည်။ သို့ဖြစ်၍ သူသည် ထိုဓားကြောင့် ဒဏ်ရာရသွားမှာကို လားလားမျှ မစိုးရိမ်ပေ။ ထိုအခွင့်အရေးကို သုံးကာ သူက အစွမ်းကုန် ထွက်ပြေးမည်ဟု တွေး၏။ ထိုသို့ တွေးလျက် မင်းသားငယ်၏ ပုံရိပ်သည် ဟန်လိအထက်သို့ ကျနစွာ ထိုးတက်သွားလေသည်။