ရေကစားကွင်း
Vol. 8 Ch. 23
‘ဒီဟာမလေးက ဘယ်ကတည်းက အခွင့်အရေးစောင့်နေတယ်မသိဘူး။’ ရေကစားကွင်း အဝတ်လဲခန်းထဲက ကိုယ်လုံးပေါ်မှန်မှာ ကိုယ့်ကိုယ်ကိုယ်ကြည့်နေရင်းကနေ မက်ဒါနာက မှတ်ချက်ချလိုက်တယ်။ အခုသူက အေမီရွေးပေးထားတဲ့ ရေကူးဝတ်စုံကို စမ်းဝတ်ကြည့်နေတာ။ ဆိုဒ်ရောဒီဇိုင်းရောက အနေတော်ပဲ။
ရိုးရိုးယဥ်ယဥ်အပြာရောင်လေးဖြစ်ပြီးတော့ အောက်မှာက ရေစိုခံစကပ်ကားကားလေးပါတယ်။ ကျောက
ဟိုက်ပြီး ခါးမှာလည်းအဟလေးပါတာမလို့ ကျောပြင်ရော ခါးဖြူဖြူလေးကိုပါ မြင်နေရတော့တာ။ ရှေ့ပိုင်းကတော့ ရင်အဟိုက်ဟုတ်မနေဘူး။ အဲဒီအစား ရင်ဘတ်တစ်လျှောက် အနားတွန့်လေးတွေနဲ့ဖြစ်ပြီး တော်တော်ချစ်စရာကောင်းတယ်။
“အေမီ၊ နင်ရွေးလိုက်ရင်တော့ ကွက်တိပဲနော်။ ဒီဇိုင်နာနဲ့တိုင်းချုပ်ထားတဲ့အတိုင်းပဲ။”
မက်ဒါနာက ချီးကျူးလိုက်တော့ အနက်နဲ့အဖြူကိုစပ်ဖောက်ထားတဲ့ ကျောဟိုက်ရေကူးဝတ်စုံလှလှလေးကိုဝတ်ထားတဲ့ အေမီကလည်း ပြုံးပြလိုက်ပါတယ်။
“မမလေးရဲ့အိမ်စေအနေနဲ့ မမလေးအကြိုက်ကို မသိလို့ဘယ်ဖြစ်ပါ့မလဲ။”
အေမီကပြောလိုက်တော့ မက်ဒါနာက ခေါင်းလေးပုတ်ပေးလိုက်ပြီး အဝတ်လဲခန်းအပြင်ကို ထွက်လိုက်ပါတယ်။ သူ့ထက်အရင် အပြင်ကိုရောက်နေတဲ့ လင်ဒါကိုလည်းတွေ့ရတယ်။ လင်ဒါ(ဆိုဖီယာ)ကတော့ သူ့နဲ့လိုက်မယ့် ပခုံးကြိုးတစ်ဖက်ပဲပါတဲ့ ရောင်စုံရေကူးဝတ်စုံကို ဝတ်ထားတာ။ နဂိုကတည်းက အသားက ဖြူဖွေးနေတာမလို့ ပခုံးသားလေးမြင်ရုံနဲ့တင် မက်ဒါနာပြေးကိုက်ချင်စိတ်ပေါက်နေပြီ။ ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ သူ့ခြေထောက်ဆင်ဆာက အချက်ပြလာတဲ့အတွက် ငုံကြည့်လိုက်တော့ အတူပါလာတဲ့ ဇွန်ဘီကလေးမလေးက မက်ဒါနာ့ပေါင်ကို ကိုက်ထားနှင့်ပြီ။
“....” မက်ဒါနာက သူ့ရှေ့က မြင်ကွင်းကြောင့် စိတ်ရှုပ်သွားတယ်။ ဘယ်တုန်းက ဒီကောင်မလေး ခွေးစိတ်ပေါက်သွားတာလဲ။ ခြေထောက်အာရုံကြောတွေ အလုပ်မလုပ်တော့လို့မနာပေမဲ့ ဘာပဲပြောပြော အကိုက်ခံရတာကို သူမကြိုက်ဘူးလေ။
အဲဒီအချိန်မှာပဲ ပန်းရောင်စကပ်ကားကားလေးနဲ့ အရုပ်ကလေးတွေပါတဲ့ ကလေးဆန်တဲ့ရေကူးဝတ်စုံဝတ်ထားတဲ့ ဖရာလီတာလည်း သီးသန့် အဝတ်လဲခန်းထဲကနေ ထွက်လာတယ်။ ဇွန်ဘီမလေးက မက်ဒါနာရဲ့ပေါင်ကို ကိုက်ထားတာမြင်တော့ မျက်လုံးပြူးသွားပြီး ထအော်တော့တာပဲ။
“အား... မက်ဒါနာ၊ နင်ဇွန်ဘီကိုက်ခံလိုက်ရပြီလား။
မြန်မြန်ရောဂါမကူးခင် ကုမှဖြစ်မယ်။”
ဖရာလီတာက ဇွန်ဘီမလေးကို မက်ဒါနာဆီကနေ ဆွဲခွာလိုက်ပြီး ဒဏ်ရာကိုကြည့်တယ်။ သွားရာလေးပဲရှိနေတာဖြစ်ပြီး သွေးထွက်မနေပါဘူး။ မက်ဒါနာက ခေါင်းလေးစောင်းလိုက်ပြီး ခုထိသွားရည်ကျနေဆဲ
ဖြစ်တဲ့ ဇွန်ဘီမလေးကိုကြည့်ပြီး မေးခွန်းထုတ်လိုက်လေရဲ့။
“ဒါပေမဲ့ ဇွန်ဘီမလေးက ယာမီရဲ့မြူတန့်စွမ်းအားကြောင့်အသက်ရှင်နေတာလေ။ သူက ဗိုင်းရပ်စ်ကြောင့် ဖြစ်လာတာမှမဟုတ်တာ။”
အိုဆာကာမှာ ဇွန်ဘီကပ်ဘေးဖြစ်တုန်းကလည်း ယာမီစိတ်ရှိလို့သာ အရေအတွက်အများကြီးဖြစ်သွားခဲ့တာ။ သူတို့လေ့လာမိသလောက် ဇွန်ဘီမလေးက တခြားသူတွေကို ဇွန်ဘီဖြစ်အောင် မလုပ်နိုင်ဘူး။ လင်ဒါ (ဆိုဖီယာ)က ဇွန်ဘီမလေးနဲ့ ခနလောက်အကြည့်ချင်းဖလှယ်ပြီးနောက် မက်ဒါနာကို ပြန်ပြောလိုက်တယ်။
“သူပြောတာတော့ နင့်ပေါင်လုံးလေးက ချစ်စရာလေးဖြစ်နေပြီး အသည်းယားလို့ ကိုက်လိုက်တာတဲ့။
ဗိုက်ဆာလို့မဟုတ်ပါဘူးတဲ့။” အခုလင်ဒါထဲမှာရှိနေတာက ဆိုဖီယာမလို့ ဇွန်ဘီမလေးကို စိတ်ဖတ်လို့ရတယ်လေ။
“....” မက်ဒါနာ အဲဒီအဖြေကြားပြီးတာနဲ့ ကျောချမ်းလာတယ်။ ဇွန်ဘီလေးလို ခပ်တုံးတုံးဟာမလေးကိုတောင် စိတ်မထိန်းနိုင်ဖြစ်စေတယ်ဆိုတော့ သူ့အနားက ဘီလူးသရဲမကြီးတွေကရော စိတ်ချရပါ့မလား။
မက်ဒါနာက သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့ လင်ဒါကို သံသယနဲ့စိုက်ကြည့်လိုက်တယ်။ နောက်တော့ မက်ဒါနာ တံထွေးမျိုချလိုက်ရော။
‘ဘုရားဘုရား၊ အေမီပြောတာ မှန်နေပြီလားမသိဘူး။ ငါ့အနားမှာ မိန်းကလေးတွေပဲရှိတာဆိုပြီး စိတ်ချလက်ချနေလိုက်လို့မရဘူးပဲ။”
သူအဲဒီလိုမျိုးတွေးမိတယ်ဆိုရုံရှိသေးတယ် အေမီက မက်ဒါနာရဲ့လက်နှစ်ဖက်ကို လှမ်းဆွဲပြီး မျက်နှာလေးကို မက်ဒါနာနဲ့မျက်လုံးချင်းဆိုင်တဲ့အထိတိုးလာကာ ပြောလိုက်ပါတယ်။
“မမလေး၊ အဲဒီကျားမကြီးတွေရန်ကနေလွတ်အောင်
တို့နှစ်ယောက် အတူထွက်ပြေးပြီး တောအိမ်လေးတစ်အိမ်မှာ အတူနေကြမယ်လေ။”
မက်ဒါနာက တစ်ခဏလောက် အဲဒီအကြံကို ပြန်စဥ်းစားလိုက်တယ်။ ဘယ်သူမှ လာမနှောင့်ယှက်မယ့်နေရာမျိုးမှာ အေမီနဲ့နှစ်ယောက်တည်းနေဖို့က သိပ်တော့မဆိုးဘူး။ ငြိမ်းငြိမ်းချမ်းချမ်းလေး နေ့စဥ်ဘဝကို ဖြတ်သန်းရုံပဲ။ ဒါပေမဲ့ မက်ဒါနာ စိတ်ကူးယဥ်လို့ မပြီးသေးခင်မှာပဲ ဘယ်ချိန်ကတည်းကမှန်းမသိ ရောက်နေတဲ့ ဖလေရာက သူတို့နှစ်ယောက်ကြားဝင်လာပြီး လူစုခွဲလိုက်တယ်။ နောက်တော့ အေမီကိုသတ်တော့မယ့် အကြည့်တွေနဲ့ကြည့်လိုက်ပြီ။
“ဟဲ့၊ ဘာဘီအရုပ်မ။ နင်က ငါတို့ကိုမက်ဒါနာနဲ့ ရန်တိုက်ပေးပြီး အဝေးကိုခိုးပြေးသွားဖို့ကြံနေတာပေါ့လေ။ နင်က ငါတို့နဲ့စစ်ဖြစ်ချင်နေတာလား။”
အေမီက ဖလေရာနဲ့လင်ဒါ(ဆိုဖီယာ)တို့နှစ်ယောက်ရဲ့အကြည့်တွေကို မခုခံနိုင်တော့တဲ့အတွက် နောက်ကိုအသာလေးဆုတ်သွားပြီး ရိုးသားတဲ့အိမ်စေမလေးစတိုင်နဲ့ ဟန်မပြန်ရပ်နေလိုက်တယ်။ ဖလေရာကလည်း သက်ပြင်းချလိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်လေရဲ့။ ဘယ်လိုအကုသိုလ်တွေရှိလို့ အခုလိုကောင်မလေးတစ်ယောက်တည်းကို သူတို့တွေအားလုံး ဝိုင်းလုနေရတာပါလိမ့်။
မက်ဒါနာကတော့ ရှေ့ကဖြစ်ခဲ့သမျှကို အကုန်လုံးမေ့သွားပြီ။ အဲဒီအစား ဖလေရာရဲ့ရေကူးဝတ်စုံကိုပဲ
မျက်လုံးမမှိတ်စတန်း ထိုင်မျက်စိအစာကျွေးနေပါတယ်။ ဝတ်စုံက မရိုးလွန်းမဆန်းလိုပဲ။ မိုးကာလိုမျိုး ဇစ်နဲ့ဝတ်ရတာဖြစ်ပြီး မိုးပြာရောင်ပါ။ ဒါပေမဲ့လက်မပါဘဲ လက်ပြတ်ပါ။ ပြီးတော့ ပေါင်တစ်ဝက်ပဲရှိတဲ့ အသားကပ်ဘောင်းဘီအတိုလေးနဲ့တွဲဝတ်ထားတာမလို့ ဖလေရာနဲ့ဝတ်စုံက အတော်လေးလိုက်ဖက်ပါတယ်။ စမတ်ကျပြီး စတိုင်အပြည့်ပဲ။
“ငါတို့ထဲမှာ လူတစ်ယောက်လိုနေသေးသလိုပဲ။ လင်ဒါ ကျန်နေသေးတာ မဟုတ်လား။ ဘာလို့ခုထိ ထွက်မလာသေးတာပါလိမ့်။”
မက်ဒါနာက ငေးလို့ဝသွားတော့ ပြောလိုက်ပါတယ်။
ဖလေရာကတော့ ပခုံးတွန့်လိုက်ပြီး “သွားမေးကြည့်ကြမလား။”
ဒီလိုနဲ့သူတို့အုပ်စုက နတ်သူငယ်မလေး (လင်ဒါ)ရှိနေတဲ့ အဝတ်လဲခန်းကို သွားတံခါးခေါက်ဖြစ်ကြတယ်။
ဒေါက်... ဒေါက်... ဒေါက်....
“ဝေး... လင်ဒါ၊ နင်အဝတ်လဲနေတာ တစ်နာရီပြည့်တော့မယ်နော်။ မဝတ်တတ်လို့ ပြဿနာတတ်နေတာလား။”
“လာပြီ၊ လာပြီ။ ခနစောင့်။” မကြာခင်မှာပဲ အထဲကနေ ပြန်ထူးတဲ့အသံကြားရပြီး အဝတ်လဲခန်းတံခါး ပွင့်သွားတော့တယ်။ မကြာဘူး အားလုံးရဲ့ရယ်သံထွက်လာပါလေရောလား။
ဖလေရာ။ ။ “အားဟားဟား၊ အားဟားဟား။ လင်ဒါရယ်၊ နင့်ဖက်ရှင်အမြင်တွေ ချောင်းထဲမျောသွားတာလား။”
ဖရာလီတာ။ ။ “နင့်ရေကူးဝတ်စုံက ၁၉၈၀ လောက်က အဖွားကြီးဟာကျနေတာပဲ။”
လင်ဒါ (ဆိုဖီယာ)။ ။ “မဆိုးတော့မဆိုးပါဘူး။ ရေကူးရင် ချမ်းမနေတော့ဘူးပေါ့။”
“မစ်လင်ဒါက ဟာသဉာဏ်ရွှင်သားပဲ။” သူများကိုမလှောင်တတ်တဲ့ အေမီတောင် ကောက်ကျစ်တော့မယ့်အပြုံးလေးနဲ့ အခုလိုပြောလိုက်လေရဲ့။
မက်ဒါနာတစ်ယောက်တည်းသာ ဘာမှမပြောဘဲ ကြည်နူးတဲ့အကြည့်နဲ့ကြည့်နေတာပါ။ ပြီးတော့ နတ်သူငယ်မလေး (လင်ဒါ) ဝတ်ထားတာက တကယ့် ကျောင်းတွေမှာဝတ်တဲ့ ကျောင်းရေကူးဝတ်စုံအပြာလေးပါ။ ဒီဇိုင်းကတော့ လုံးဝဒိတ်အောက်နေပြီဆိုပေမဲ့ နတ်သူငယ်မလေးနဲ့ ကွက်တိပဲ။
“မက်... မက်ဒါနာ၊ နင်ရော ဒီဝတ်စုံကို မကြိုက်ဘူးလား။”
“မဟုတ်ပါဘူးဟ၊ နင်နဲ့လိုက်သားပဲ။ ချစ်စရာလေး။”
“.....” မက်ဒါနာရဲ့ချီးကျူးစကားကိုကြားတော့ နတ်သူငယ်မလေးရဲ့နားရွက်လေးတွေက ညိုးကျသွားပြီး ခေါင်းလေးကိုငုံလို့ မသည်းမကွဲပြောလိုက်ပြန်တယ်။
“ငါ... ငါ့ကိုစိတ်မကောင်းမဖြစ်အောင်လို့ ပြောတာတော့မဟုတ်ပါဘူးနော်။”
“ဘယ်ကသာ၊ သေးသေးလေးနဲ့ကျောင်းရေကူးဝတ်စုံဝတ်တယ်ဆိုတာက ဂန္တဝင်ပဲဥစ္စာ။ ဟိုးအရင်က Animeတွေထဲမှာ ပါနေကျပဲဥစ္စာ။”
“တကယ်....” ဝမ်းသာလုံးဆို့သွားတဲ့ နတ်သူငယ်မလေးလင်ဒါက မက်ဒါနာကိုပြေးဖက်တယ်။ ကျန်တဲ့သူတွေရဲ့မျက်လုံးထဲမှာတော့ ဒေါသနဲ့မနာလိုမှုတွေ ပြည့်နှက်သွားတော့တယ်။ အထူးသဖြင့် လင်ဒါ (ဆိုဖီယာ)က အဆိုးဆုံး။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း တစ်ယောက်တည်း မကြားတကြားရေရွတ်နေတယ်။
“ဂါး.... ငါသာ အဲဒီကိုယ်လုံးလေးနဲ့ ကျောင်းရေကူးဝတ်စုံဝတ်ဖို့အကြံရခဲ့ရင် ချီးကျူးခံရမှာက....” ဒါပေမဲ့ နောင်မှရတဲ့နောင်တမလို့ နောက်ကျသွားပြီရယ်။
“ကဲ၊ အချိန်ရှိတုန်းလေး ရေသွားကစားရအောင်။”
မက်ဒါနာက သတိပေးလိုက်မှ အားလုံးသတိဝင်လာတော့တယ်။ သူတို့တွေက တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ပြီး အမျိုးသမီးအဝတ်လဲခန်းထဲကနေ
ထွက်လာခဲ့တယ်။ ရေကစားတဲ့နေရာကို ဖြတ်သွားတဲ့နေရာမှာ တွေ့သမျှကောင်လေးတွေ ကောင်မလေးတွေအကုန်လုံးက သူတို့ကို အံ့ဩတကြီးကြည့်နေတကြတာချည်းပဲ။ အကုန်လုံးက အလှလေးတွေဖြစ်နေတာမလို့ ယောက်ျားလေးတွေကတော့ ဝမ်းသာလုံးဆို့ကုန်ကြပြီး မိန်းကလေးတွေကတော့ သူတို့အလှတွေကို သူတို့ကောင်လေးတွေဂရုမစိုက်တော့ဘဲ မက်ဒါနာတို့အုပ်စုကိုပဲ ကြည့်ကုန်တော့တဲ့အတွက် ဒေါသထွက်ကုန်ကြတာ။
တချို့ကောင်မလေးတွေဆိုရင် မက်ဒါနာတို့ကိုငေးကြည့်နေတဲ့ သူတို့ကောင်လေးတွေကို ရိုက်နှက်ကုန်ကြပြီ။
“ကျောင်းသားတွေက ဟိုဖက်ရေကူးကန်မှာမဟုတ်လား။” မက်ဒါနာက မေးတော့ မိုင်ယာမီရေကစားကွင်းကို ကျောင်းအတွက်ဘိုကင်လုပ်ပေးတဲ့ ဖလေရာက ခေါင်းညိတ်လိုက်တယ်။
“အင်း၊ ငါတို့က ကျောင်းသူတွေနဲ့ပဲ ရေကစားရမှာ။
ကောင်လေးတွေကို ဆရာဟယ်ရီနဲ့ဟိုဖက်ကန်ပို့လိုက်တယ်။ မဟုတ်ရင် အဲဒီနှာဘူးလောင်းလေးတွေက ငါတို့ကိုပါငေးနေကြလိမ့်မယ်။”
မက်ဒါနာအပါအဝင် အကုန်လုံးက ဖလေရာရဲ့စကားကို သဘောတူတဲ့အနေနဲ့ခေါင်းပြိုင်ခေါင်းညိတ်လိုက်ကြလေရဲ့။
....
ယောက်ျားလေးတွေဖက်ခြမ်း။
ဂိုးလ်နဲ့အီဗန်က ဧရာမရေပိုက်လုံးကြီးထဲကနေ ဖလွတ်ခနဲထွက်လာပြီး ရေကူးကန်ထဲကျလာတယ်။ ဂိုးလ်ကတော့ အတော်လေးပျော်နေပုံပဲ။ အီဗန်က ရေကန်မျက်နှာပြင်ပေါ်ကို ပြန်တက်လာတော့ မြင်လိုက်ရတာက ရှေ့ကအရင်ဆင်းသွားတဲ့ ဂရေဟမ်တို့အုပ်စု စိတ်ညစ်ညစ်နဲ့ ဆရာဟယ်ရီဗလပြတာကို ထိုင်ကြည့်နေကြတာကိုပဲ။
“ဆရာဟယ်ရီပဲလား၊ တခြားဆရာတွေနဲ့ကျောင်းသူတွေရော။” အီဗန်က မေးလိုက်တော့ ဂိုးလ်က ပခုံးတွန့်ပြလိုက်ပြီး
“ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ကို ဘစ်ကနီအလှလေးတွေ မမြင်ရအောင် တားဆီးခဲ့တဲ့ပုံပဲ။”
....
တစ်ဖက်မှာတော့ မက်ဒါနာတို့အုပ်စုက သူတို့ဘက်ခြမ်းမှာရှိတဲ့ ရေနဲ့လျှောဆင်းရတဲ့ ပိုက်ကြီးတွေပေါ်ကိုရောက်နေပြီ။ ရေမြင်ကတည်းကပျော်နေတဲ့ ဖလေရာက တစ်ခါတည်းရှေ့ထွက်လာပြီး ပိုက်ထဲခုန်ဝင်လိုက်တယ်။
ဝရော...
အဲဒီအသံနဲ့အတူ စက္ကန့်ပိုင်းအတွင်းမှာပဲ ပိုက်ထဲဝင်ပြီး ပျောက်သွားတယ်။ ဖရာလီတာနဲ့လင်ဒါ(ဆိုဖီယာ)ကလည်း မက်ဒါနာကိုလိုက်လာဖို့ပြောပြီး အထဲကိုဝင်သွားပြီး မရှိတော့ဘူး။ မက်ဒါနာကိုယ်တိုင်အေမီနဲ့ အတူဝင်ဖို့လုပ်တော့ အဲဒီမှာအလုပ်လုပ်တဲ့အစောင့်က သူတို့ကိုတားရော။
“ညီမလေးတို့နှစ်ယောက်၊ ခနနေပါဦး။ ဒီကလေးနှစ်ယောက်က ညီမတို့ကလေးတွေလား။”
မက်ဒါနာက ကလေးနှစ်ယောက်ဆိုတဲ့စကားကို အစ
က သိပ်နားမလည်ဘူး။ ဒါပေမဲ့ အစောင့်က လက်ညိုးထိုးပြနေတာကိုကြည့်တော့ နတ်သူငယ်မလေးနဲ့ဇွန်ဘီမလေးကို ပြောတာဖြစ်မှန်းသိလိုက်ရရော။
“အင်း၊ ကျွန်မညီမဝမ်းကွဲလေးတွေလေ။” မက်ဒါနာက စပ်ဖြဲဖြဲနဲ့ပြုံးရင်း ဇွန်ဘီမလေးနဲ့နတ်သူငယ်မလေးကို ခေါင်းပုတ်ပြလိုက်တယ်။ ဝန်ထမ်းအစ်ကိုကြီးကတော့ သူ့ကိုရှေ့တိုးကြည့်ပြီး ပြောလိုက်လေရဲ့
“ဟိုလေ၊ အသက်ဆယ့်လေးနှစ်အောက် ကလေးတွေကို တစ်ယောက်တည်း လျှောစီးခွင့်ပေးမထားပါဘူး။ ညီမတို့နဲ့အတူစီးမှရမယ်။”
“.....” မက်ဒါနာက တခြားကလေးတွေနဲ့ကလေးအမေတွေ ဘယ်လိုလျှောစီးလည်းကြည့်လိုက်ပါတယ်။
အကုန်လုံးက ကလေးတွေကို သူတို့ပေါင်ပေါ်တင်ပြီး
လျှောစီးသွားကြတာ။ ဝန်ထမ်းအစ်ကိုကြီးက စိုက်ကြည့်နေတဲ့အတွက် မက်ဒါနာလည်းရွေးစရာမရှိတော့တဲ့အဆုံး ခေါင်းညိတ်လိုက်လေရဲ့။
“ကောင်းပြီလေ။ အေမီ၊ လင်ဒါကိုဂရုစိုက်လိုက်။” နောက်တော့ မက်ဒါနာက ဇွန်ဘီမလေးကို ကောက်ချီလိုက်ပြီး ပိုက်အပေါက်ဝမှာ အတူသွားထိုင်လိုက်ပါတယ်။ ဇွန်ဘီမလေးကတော့ သူ့ပေါင်ပေါ်မှာပါ။
“ဟေး၊ မက်ဒါနာ။ ငါက နင်နဲ့အတူလျှောစီးချင်တာဟ။” နတ်သူငယ်မလေးက မက်ဒါနာဆီပြေးပြီးတော့
ဇွန်ဘီမလေးနေရာဝင်ယူချင်ပေမဲ့ မျက်နှာသေနဲ့အရုပ်မက သူ့ပခုံးကိုလက်နဲ့ဆုပ်ကိုင်ထားပြီးပြီမလို့ နဖူးကနေ ဇောချွေးတချို့စီးကျလာတယ်။ အေမီက နားနားကပ်ပြီး ပြောလိုက်သေးတယ်။
“လင်ဒါရေ၊ သခင်မလေးက ရှင့်ကိုဂရုစိုက်ဖို့ ကျွန်မကို တာဝန်ပေးထားတာပါနော်။”
‘ဘာဖြစ်လို့ ဒီအရုပ်မက ရုတ်တရက်ကြီး ဖရာလီတာထက် ပိုပြီးမနာလိုဖြစ်တတ်တယ်လို့ ခံစားရလာတာပါလိမ့်။’ ကျောချမ်းလာတဲ့ နတ်သူငယ်မလေး(လင်ဒါ)က တံထွေးမျိုချရင်း တွေးမိလိုက်လေရဲ့။
“ဝူးဟူး....” မက်ဒါနာကတော့ သူတို့ကိုဂရုမစိုက်တော့ဘဲ ပိုက်နှုတ်ခမ်းကိုကိုင်ထားတဲ့လက်ကိုလွှတ်ပြီး လျှောအတိုင်းဆင်းလိုက်သွားတယ်။ လျှောက အတော်လေးရှည်ပြီးတော့ နားထဲမှာ ရေစီးသံကိုပဲ ကြားနေရပါတယ်။ မက်ဒါနာက ဇွန်ဘီမလေးကို မလွှတ်တမ်းဖက်ထားရပြီး ဇွန်ဘီမလေးကတော့ လျှောစီးရတာကို အတော်ပျော်နေတဲ့ပုံပဲ။
ဗွမ်း...
မိနစ်ဝက်လောက်ကြာမှပဲ မက်ဒါနာနဲ့ဇွန်ဘီမလေးက လျှောအဆုံးက ရေထဲကိုကျလာတော့တယ်။ ပြီးတော့ သူ့အရင်ဆင်းသွားတဲ့ ဖရာလီတာတို့အုပ်စုကလည်း ရောက်နှင့်နေပြီ။ သူတို့အားလုံးက မက်ဒါနာရဲ့ရင်ခွင်ထဲမှာရှိနေတဲ့ ဇွန်ဘီမလေးကို မကျေမနပ်နဲ့ ကြည့်လိုက်လေရဲ့။
ဗွမ်း....
မက်ဒါနာရေထဲကျလာပြီး မကြာခင်မှာပဲ အေမီနဲ့နတ်သူငယ်မလေးတို့လည်း ရေထဲကျလာပြန်တယ်။
အေမီက နတ်သူငယ်မလေးကို တင်းတင်းကျပ်ကျပ် ကိုင်ထားခဲ့တဲ့ပုံပဲ။ နတ်သူငယ်မလေးရဲ့ပခုံးသားတွေ
နီရဲနေလို့ပေါ့။
“အောင်မလေး၊ ကံသီပေလို့ပေါ့။ မက်ဒါနာရေ၊ ငါအဲဒီပိုက်ကနေ အသက်ရှင်လျက်ထွက်မလာနိုင်တော့ဘူးတောင်ထင်နေတာ။”
လင်ဒါက မက်ဒါနာကိုတွေ့တာနဲ့ ရေကန်ထဲမှာကူးခတ်လာရင်း လှမ်းတိုင်တယ်။ အေမီကတော့ သူ့အတွက် ခါးလည်လောက်ပဲနစ်တဲ့ ရေကန်ထဲမှာ အိမ်စေစတိုင်လမ်းလျှောက်ရင်း မက်ဒါနာကို ဆင်ခြေပေးလိုက်လေရဲ့။
“လျှောက တအားမြင့်တော့ အသေးမလေးဒဏ်ရာရသွားမှာစိုးလို့ သေချာစောင့်ရှောက်ခဲ့ရုံပါ သခင်မလေး။”
မက်ဒါနာကတော့ သက်ပြင်းချလိုက်တယ်။ အခုတလော ဘယ်သူ့စကားကို ယုံရမှန်းကိုမသိတော့ဘူး။
သူက အနားပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူတို့ရှိနေတဲ့ရေကန်ထဲမှာ နျူရေတို့ကျောင်းသူတွေလဲရှိနေပြီးတော့ ဆရာမဘရီဆာနားမှာ ကျောင်းသူတွေဝိုင်းနေကြတယ်။ ကျောင်းသူတော်တော်များများက ဆရာမဘရီဆာရဲ့ကျစ်လစ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အားကျနေကြတာ။ လက်မောင်းကြွက်သားတွေနဲ့ဆိုပေမဲ့ အတော်လေးကြည့်ကောင်းပြီး ဟီးရိုးဆန်တယ်လေ။
“ဘာမှလုပ်စရာမရှိဘူးဆိုတော့ ထပ်ပြီးလျှောစီးရအောင်။” မက်ဒါနာက အကြံပေးလိုက်တော့ အားလုံးခေါင်းညိတ်ပြတယ်။ ဒါပေမဲ့ ဖလေရာနဲ့ လင်ဒါ (ဆိုဖီယာ)က ရှေ့ထွက်လာပြီးတော့ မက်ဒါနာရဲ့လက်တစ်ဖက်စီကို သူတို့ချိုင်းခြားထဲညှပ်လိုက်ကြတယ်။ ကောင်မလေးနှစ်ယောက်က အနားတအားကပ်နေတဲ့အတွက် သူတို့ဆီကနေ မတူညီတဲ့ကိုယ်သင်းနံ သင်းသင်းလေးကိုရနေပြီး သူမူးမေ့သွားတော့မလို ခံစားရပါတယ်။
“ဒီတစ်ခေါက် ငါတို့အလှည့်။” လို့ပြောပြီး သူတို့နှစ်ယောက်က မက်ဒါနာကို လျှောအပေါ်ခေါ်သွားတယ်။
အဲဒီနောက် သုံးယောက်အတူတူ ပိုက်လုံးထဲကိုဝင်ပြီး
လျှောစီးကြတယ်။ မက်ဒါနာကတော့ မမလှလှနှစ်ယောက်ကြားထဲမှာ ဆန်းဝှစ်လိုအညှပ်ခံထားရတာပေါ့။
ဗွမ်း....
“ဟေး၊ မက်ဒါနာ။ အခုက ငါ့အလှည့်ဖြစ်သွားပြီနော်။” ရေပိုက်က ထွက်တယ်ဆိုရုံရှိသေးတယ် ဖရာလီတာက သူ့ရှေ့ရောက်လာပြီး ထပ်ပြီးဆွဲခေါ်ပြန်တယ်။ ရေပိုက်ထဲရောက်တော့ ဖရာလီတာက သူ့ကိုတမင်တင်းတင်းဖက်ထားပြီး ပါးကိုခိုးနမ်းတော့တာပဲ။
“.....” ရုတ်တရက်ဆိုတော့ မက်ဒါနာကိုယ်တိုင် ဘာပြောရမှန်းမသိတော့ဘူး။
ဗွမ်း....
ဖရာလီတာနဲ့အတူ ရေကန်ထဲရောက်လာပြီး မကြာဘူး၊ နတ်သူငယ်မလေး (လင်ဒါ)ပါ ရောက်လာပြီး သူ့ကိုဆွဲခေါ်ပြန်တယ်။ ဒီလိုနဲ့စတုတ္ထအကြိမ် လျှောစီးရပြန်ရော။
ဗွမ်း....
“မမလေး၊ ကျွန်မနဲ့အတူလျှောစီးချင်လား။” ထပ်ထွက်လာပြန်တော့ နောက်ဆုံးကျန်တဲ့သူဖြစ်တဲ့ အေမီက သူ့ရှေ့ရောက်လာပြီးမေးပြန်ပြီ။ မက်ဒါနာမျော့မျော့ပဲကျန်တော့တယ်။ ဒါပေမဲ့ သူစမိတဲ့ဇာတ်မလို့ ခေါင်းကိုသာ ညိတ်ပြလိုက်ရတယ်။
ဗွမ်း....
ညိုချောအိမ်စေမလေးနဲ့အတူ ရေလျှောစီးပြီးနောက်မှာတော့ မက်ဒါနာတစ်ယောက် ကွေ့ကောက်နေတဲ့ရေပိုက်ကြီးတွေကို ထပ်ပြီးမမြင်ချင်လောက်အောင်
မုန်းတီးငြီးငွေ့နေမိပြီ။
ဂွီ... အဲဒါအပြင် သူ့ဗိုက်ကလည်း သံစုံမြည်လာတဲ့အတွက် အနားမှာရှိနေတဲ့ ကောင်မလေးတွေအားလုံး ရယ်လိုက်ကြပါလေရော။ အေမီကတော့ အိမ်စေလေးလိုမျိုး ဦးညွှတ်လိုက်ပြီး အခုလိုပြောလိုက်ပါတယ်။
“သခင်မလေးရှင့်၊ ရေကစားကွင်းအလယ်မှာ စားသောက်ဆိုင်တစ်ခုရှိပါတယ်။ နေ့လယ်စာစားကြတော့မလား။”
“အင်း၊ မဆိုးပါဘူး။” မက်ဒါနာက ခွင့်ပြုလိုက်ပြီးတဲ့နောက် သူတို့အားလုံး ရေကန်ကနေထွက်ကြတယ်။ ရေတွေကြောင့် အအေးမပတ်အောင်လို့လည်း ရေကူးကန်ကနေ တစ်ကိုယ်လုံးခြုံလို့ရတဲ့ ပဝါကြီးတွေ ငှားလိုက်ကြသေးတယ်။
ဟက်ချိုး... မက်ဒါနာ နှာချေလိုက်တယ်။ ရေထဲနေတာ ကြာသွားလို့လားမသိဘူး၊ နှာစေးပြီး နေမကောင်းချင်သလို ဖြစ်လာတာ။