← Chapters

တကယ့်ပြဿနာ

Vol. 77 Ch. 1073

တကယ့်ပြဿနာ

Vol. 77 Ch. 1073

အခန်း (၁၀၇၃) တကယ့်ပြဿနာ

ပိုးသားဧကရာဇ်မေးခွန်းကိုကြားတော့ ထိုသို့မေးမြန်းမည်ဟု မျှော်လင့်မထားသဖြင့် ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။

ထိုသို့မေးမြန်းရသည်မှာ ထူးကဲယင်သရဖူကိုမျက်စိကျသောကြောင့်လား ၊ သို့မဟုတ် သူ့စိတ်ထဲ တစ်ခုခုရှိနေသောကြောင့်လား မပြောနိုင်ပေ။

ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

အချိန်မရွေး မျှော်လင့်မထားသည့်ကိစ္စများကိုလုပ်လာနိုင်သော ဤ အစစ်အမှန်နတ်ဘုရားကြောင့် သူ့မှာ ဖြစ်နိုင်ခြေများကို ပိုပြီးစဉ်းစားရုံမှလွဲပြီး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

သို့သော် ရန်ကျောက်ကဲအတွေးများက မျက်နှာထက်တွင် ထွက်ပေါ်လာခြင်း မရှိပေ။

သူက...

“အဲဒီတံခါးက မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်ရဲ့ မြောက်ဖျားစွန်းဒေသမှာပါ...”

ပိုးသားဧကရာဇ်က...

“မြောက်ဖျားစွန်းဒေသ... ဟုတ်လား”

ထို့နောက် ဧကရာဇ်က ခဏမျှစဉ်းစားပြီး ခေါင်းညိတ်လိုက်ရင်း...

“အဲဒီနေရာက အာကာသနယ်နိမိတ်က တခြားနေရာတွေထက်ပိုပြီး မတည်မငြိမ် ဖြစ်နေတယ် ၊ တခါတရံဆိုရင် ကမ္ဘာဖြတ်လမ်းကြောင်းတွေ အများကြီးပွင့်လာတတ်တယ် ၊ တချို့က ပြင်ပဗလာနယ်ထဲကိုသွားတဲ့ ကမ္ဘာဖြတ်လမ်းကြေင်းတွေပဲ ၊ ဒါပေမဲ့ တချို့ကတော့ ငရဲကိုးထပ်နဲ့ချိတ်ဆက်နေတဲ့ လမ်းကြောင်းတွေ ဖြစ်နိုင်တယ်”

ပိုးသားဧကရာဇ်၏စကားသံက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မိုးကြိုးသံပမာမဟုတ်ဘဲ တည်ငြိမ်အေးဆေးစွာပြောဆိုနေသည်ဖြစ်ရာ မန်ဝမ်နှင့် ချန်မင်ယင်းတို့သည်လည်း ထိုစကားအဓိပ္ပါယ်ကို နားလည်ကြသည်။

ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ ပြူးကျယ်သွားပြီး...

“မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ဒီအကြောင်း မသိဘူးလား”

ပိုသားဧကရာဇ်က သိမ်မွေ့စွာဖြင့်...

“သူ သိပါတယ် ၊ ဒါပေမဲ့ ကမ္ဘာဖြတ်လမ်းကြောင်းတွေမှာ ဘယ်လမ်းကြောင်းက ငရဲကိုးထပ်နဲ့ချိတ်ဆက်နေလဲဆိုတာ မသိနိုင်ဘူးလေ”

သူက ဆက်ပြောသည်။

“ဒီတော့ မင်းရဲ့ဂိုဏ်းတူညီမဝင်သွားတဲ့ကမ္ဘာဖြတ်လမ်းကြောင်းက ငရဲကိုးထပ်ကိုသွားတဲ့လမ်းကြောင်း ဟုတ်လား မဟုတ်ဘူးလားဆိုတာ သူလည်း သိနိုင်မှာမဟုတ်ဘူး”

“ငရဲကိုးထပ်ကိုသွားတဲ့လမ်းကြောင်းတွေ ရှိနေတယ်ဆိုပေမယ့် အထက်ဘုံကမ္ဘာကို ငရဲကိုးထပ်က မထိပါးနိုင်အောင် အကာအကွယ်တွေ ပြုလုပ်ထားပါတယ် ၊ မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်ကို အုပ်ချုပ်တဲ့ မြောက်ပိုင်း’ကွမ်း’ က စောင့်ရှောက်ပေးဖို့တာဝန်ယူထားတယ် ၊ အဆိုးဆုံးက ငရဲကဝင်လာတဲ့သူတွေပဲ‌လေ ၊ သူတို့ကိုတားဆီးနိုင်ဖို့ လိုအပ်တယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲရော မန်ဝမ်ပါ စိတ်ပူသွားကြသည်။

သို့သော် ပိုးသားဧကရာဇ်က မန်ဝမ်အား နွေးထွေးသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်ရင်း...

“သမီး စိတ်ပူစရာမလိုပါဘူး ၊ အဖေက သမီးကို မြောက်ပိုင်းခေါ်သွားပြီး သူ့ကိုရှာပေးမှာပေါ့...”

မန်ဝမ်မျက်နှာထက် ရွှင်မြူးသောအကြည့်တစ်ချက်ပေါ်လာပြီး...

“အဖေက ဂိုဏ်းတူအစ်မ’ဖန်း’ ကို တကယ်ကူရှာပေးမှာလား”

ပိုးသားဧကရာဇ်က...

“အရင်တုန်းက သူ ဘယ် ‘တံခါး’ ကထွက်သွားလဲဆိုတာ သိရရင် အဖေက အဲဒီတံခါးကို အချိန်မကျခင် ဖွင့်ပေးလို့ရတယ် ၊ ပြီးတော့ ကမ္ဘာဖြတ်လမ်းကြောင်းထဲအတူတူဝင်ပြီး သူ့ကိုလိုက်ရှာမယ်လေ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ကမ္ဘာဖြတ်လမ်းကြောင်းတွေဆိုတာက အကန့်အသတ်မရှိနိုင်ဘူး ၊ သူဝင်သွားတာ နှစ်နည်းနည်းလောက်ကြာပြီဆိုတော့ သူ့ကိုရှာတွေ့ဖို့က ကံတရားအပေါ် မူတည်တယ်”

မန်ဝမ်က သက်ပြင်းချရင်း...

“ဂိုဏ်းတူအစ်မကိုရှာဖို့ အခွင့်အရေးရှိနေသေးတာကိုက တော်လှပါပြီ”

ရန်ကျောက်ကဲက သူတို့ဘေးတွင် မျက်လွှာချနေပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။

နွေးထွေးကြင်နာပြီး စေတနာကောင်းပုံရသော ပိုးသားဧကရာဇ်ထံမှ အေးစက်သောအရိပ်အငွေ့များကို သူ ခံစားနေရသည်။

အထက်ဘုံကမ္ဘာ ၊ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် ၊ ကြယ်စင်ရောင်ပြန်ရေကန်တွင် ပိုးသားဧကရာဇ်က ဖခင်ကောင်းတစ်ယောက်ပမာ ပြုမူခဲ့ကြောင်း မည်သူမဆို တွေ့မြင်နိုင်သည်။

ကွယ်လွန်ခဲ့ပြီဖြစ်သော ချစ်ရသူ၏ရုပ်ကြွင်းများကို သူမ၏တောင်းဆိုချက်အတိုင်း နေရာရွှေ့ပြောင်းပေးကာ နှစ်ပေါင်းရှည်ကြာ ပျောက်ဆုံးနေခဲ့သော သမီးငယ်လေးအပေါ်တွင်လည်း ချစ်ခင်ကြင်နာမှု ပြသခဲ့သည်။

မန်ဝမ်သာ နေသူတော်စင်ဂိုဏ်းကို ပြန်လည်တည်ထောင်ပြီး ဝါဒတောင်အပေါ် လက်စားချေလိုသည်ဆိုလျှင် ပိုးသားဧကရာဇ်အနေဖြင့် တစ်ချက်တုံ့ဆိုင်းမနေဘဲ ဝါဒတောင်ကို တိုက်ခိုက်ချေမှုန်းပစ်မည် ဖြစ်သည်။

သို့သော် ယခု သူ့ထံမှထွက်ပေါ်နေသော အေးစက်သည့်အငွေ့အသက်များက ကြယ်စင်‌ရောင်ပြန်ရေကန်တွင် သူလုပ်ခဲ့သော လုပ်ရပ်များနှင့် ဝိရောဓိ ဖြစ်နေသည်။

“ကြည့်ရတာ... ခံစားချက်ရှိတဲ့ဘက်ခြမ်းနဲ့ ခံစားချက်ကင်းမဲ့တဲ့ဘက်ခြမ်း တိုက်ခိုက်နေတာက တဖြည်းဖြည်း အဆုံးအဖြတ်ပေးတော့မယ်ထင်တယ်”

ရန်ကျောက်ကဲက တည်ငြိမ်စွာပင် ပိုးသားဧကရာဇ်ကိုအကဲခတ်ရင်း တွေးလိုက်၏။

“ပုံစံကြည့်ရတာတော့... ခံစားချက်ကင်းမဲ့တဲ့ဘက်ခြမ်းက တဖြည်းဖြည်း အသာစီးရလာပြီထင်တယ်”

သိစိတ်ဝိညာဉ်နှစ်ပိုင်းကွဲထွက်နေသည့်တိုင် ပိုးသားဧကရာဇ်က သူ၏ကိုယ်ပိုင်ပြဿနာကို ရှင်းရှင်းလင်းလင်း သိရှိနေဆဲ ဖြစ်သည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းနည်း များများစားစား မရှိပေ။

သူ ကျင့်ကြံခဲ့သောလမ်းစဉ်က ခံစားချက်ရှိသောလမ်းကြောင်းကို လျှောက်လှမ်းခဲ့ပြီးမှ ခံစားချက်များကို ပြန်လည်မေ့ပျောက်ပစ်ခြင်း ဖြစ်သည်။ ဖုထင်တစ်ယောက်တည်း မွေးဖွားခဲ့သည်ဆိုလျှင် ဤလမ်းကြောင်းက အဆင်ပြေသော်လည်း ယခု မန်ဝမ်ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ခံစားချက်ရှိသောလမ်းကြောင်းကိုလျှောက်လှမ်းမည်ဆိုလျှင် ဤလမ်းကြောင်းက ဖုထင်နှင့်မန်ဝမ်တို့ကြောင့် လင့်ချက်မှုန်ဝါးနေပြီး ရှေ့ဆက်ရမည့်လမ်းကြောင်းကလည်း မရေမရာဖြင့် ရပ်တန့်နေသည်။

အခြားသောလမ်းကြောင်းက သူ၏ ခံစားချက်ကင်းမဲ့သောတစ်ဖက်ခြမ်းကို အပြည့်အဝ အုပ်စိုးစေခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ထိုလမ်းကြောင်းက ပိုမိုရိုးရှင်းပုံရသည်။

ဖုထင်နှင့်မန်ဝမ် နှစ်ယောက်လုံးကို သတ်ဖြတ်လိုက်ခြင်းက ပိုးသားဧကရာဇ်အအတွက် ကပ်ဘေးမှလွတ်မြောက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

လက်ရှိပြဿနာကို ဖြေရှင်းနိုင်ရုံသာမက ပိုးသားဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်သည်ပင် မြင့်တက်လာနိုင်သည်။

နောက်ထပ် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ မတက်ရောက်နိုင်သည့်တိုင် အစစ်အမှန်နတ်ဘုရားအဆင့် အထွတ်ထိပ်သို့တွန်းပို့ရန် လုံလောက်ပေသည်။

ပိုးသားဧကရာဇ်၏ ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းက အကျိုးအမြတ်ကိုသာတွက်ချက်ပြီး ခံစားချက်ကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။

ထို့ကြောင့် အန္တရယ်များပြီး ဘာမှန်းမသိသော ‘ခံစားချက်ရှိသည့်လမ်းကြောင်း’ နှင့် ယှဉ်လျှင် ‘ခံစားချက်ကင်းမဲ့သည့်လမ်းကြောင်း’ က ပိုမိုအဆင်ပြေနိုင်သည်။

ပိုးသားဧကရာဇ်အတွက် ရွေးချယ်မှုပြုလုပ်ရန် တွန့်ဆုတ်နေစရာပင် မလိုအပ်ပေ။

သို့သော် သူ၏စိတ်ထဲမှ ခံစားချက်ရှိသောဘက်ခြမ်းက ‘ခံစားချက်ကင်းမဲ့သည့်လမ်းကြောင်း’ ကို ငြင်းပယ်မည် ဖြစ်သည်။

လောလောဆယ်မှာတော့ ခံစားချက်ရှိခြင်းနှင့် ခံစားချက်ကင်းမဲ့ခြင်း အားပြိုင်နေသည့် ပိုးသားဧကရာဇ်၏စိတ်ထဲတွင် ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းက တဖြည်းဖြည်း အနိုင်ရလာပြီဟု ရန်ကျောက်ကဲ မှန်းဆမိသည်။

ယခု မန်ဝမ်အပေါ် ပြသနေသည့် နွေးထွေးဖော်ရွေသောအမူအရာများက ‘ခံစားချက်ရှိသောဘက်ခြမ်း’ က ‘ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်း’ ကိုတွန်းလှန်ရင်း အချည်းနှီးရုန်းကန်နေသည်နှင့် ဆင်တူသည်။

နွေးထွေးကြင်နာမှုများအောက်တွင် ရေခဲတမျှအေးစက်သော သတ်ဖြတ်လိုသည့်အငွေ့အသက်ကို ဖုံးကွယ်ထားသည်။

ထိုသတ်ဖြတ်လိုသည့်အငွေ့အသက်က သူ့အရှေ့မှ မန်ဝမ်ဆီသို့ ဦးတည်ရုံသာမက မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးမှ ‘ဖုထင်’ ဆီသို့ပါ ဦးတည်နေခဲ့သည်။

ပိုးသားဧကရာဇ်က သူ၏ချစ်ရပါသော သမီးနှစ်ယောက်အတွက် တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားနေခဲ့သည်။ သို့သော် သူ၏ချစ်ခြင်းမေတ္တာနှင့်စေတနာများ ပိုမိုများပြားပြည့်လျှံလာလေ သူ့နောက်မှ ခွင့်မလွှတ်နိုင်ခြင်း ချောက်ကမ်းပါးကြီးက ပိုမိုနီးကပ်လာလေ ဖြစ်၏။

“ဒါက တကယ်ပဲ...”

ရန်ကျောက်ကဲ မျက်ဝန်းများကိုကျဉ်းမြောင်းလိုက်ရင်း သူ့အကြည့်များ လက်ခနဲ တောက်ပသွားသည်။

သူနားလည်သလောက်ဆိုလျှင်တော့ ခံစားချက်ရှိသောဘက်ခြမ်းက အနိုင်ရသွားသည်ဖြစ်စေ ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းက အနိုင်ရသွားသည်ဖြစ်စေ ပိုးသားဧကရာဇ်အခြေအနေ လျှင်မြန်စွာတည်ငြိမ်သွားခြင်းက အကောင်းဆုံး ဖြစ်သည်။

ယခုကဲ့သို့ ခံစားချက်ရှိလိုက် ခံစားချက်ကင်းမဲ့လိုက်ဖြင့် နှစ်ခုအားပြိုင်နေသည့်အခြေအနေက အဆိုးဆုံး ဖြစ်သည်။ ဤသို့ မတည်ငြိမ်သည့်အခြေအနေတွင် သူ ဘာလုပ်မည်ကို မည်သူမှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိပေ။

ကြယ်စင်ရောင်ပြန်ရေကန်တွင် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ၏အမည်ကို ပြောလိုက်သည့်ကိစ္စက အစပိုင်းမျှသာ ရှိသေးသည်။

ပိုးသားဧကရာဇ်ကိုယ်တိုင်တောင်မှ နောက်အခိုက်အတန့်တွင် သူဘာလုပ်မိမည်ကို အတိုင်းအတာတစ်ခုအထိ သိရှိနိုင်မည်မဟုတ်ဟု ဆိုနိုင်သည်။

တကယ်တော့ အရူးများဆိုသည်က ကိုယ့်ကိုယ်ကိုယ်ပင် ကြောက်နေကြရသူများ မဟုတ်ပါလား။

ထို့ကြောင့် ပိုးသားဧကရာဇ်၏ ခံစားချက်ရှိသောဘက်ခြမ်း သို့မဟုတ် ခံစားချက်ကင်းမဲ့သောဘက်ခြမ်း တစ်ခုခုအသာစီးရကာ စိတ်မျက်နှာပြင်ထက် ထွက်ပေါ်လာပါက သူ၏လုပ်ရပ်များကို ခန့်မှန်းရန် မလွယ်ကူသည့်တိုင် ပုံမှန်အတိုင်း ဆက်ဆံပြောဆိုလာနိုင်မည် ဖြစ်သည်။

ယခုအခြေအနေက ပုံမှန်ဟုထင်ရသည့်တိုင် ရုတ်တရက်ထဖောက်နိုင်သည့် ယဉ်ယဉ်လေးရူးသူတစ်ယောက်ပမာ ဖြစ်နေခြင်းပင်။

ရန်ကျောက်ကဲကတော့ ခံစားချက်ကင်းမဲ့သည့် ပိုးသားဧကရာဇ်နှင့် ခံစားချက်ရှိသည့်ပိုးသားဧကရာဇ် မည်သူ့ကိုသဘောကျသည် မဆိုသာသော်လည်း ဘေးလူတစ်ယောက်အနေဖြင့် ကြည့်လျှင်တော့ ခံစားချက်ကင်းမဲ့ခြင်းကက ပိုကောင်းမည်ဟု ယူဆသည်။

အကြွင်းမဲ့ ခံစားချက်ကင်းမဲ့ခြင်းက အေးစက်ပြီး ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ထိုကဲ့သို့သောလူများ၏ အတွေးအခေါ်နှင့် အပြုအမူများက ခန့်မှန်းရ ပိုမိုလွယ်ကူသည်ဟု ခံစားမိသည်။

ဟုတ်ပေ၏။

ထိုသို့သောသူများက ရန်သူများအပေါ် ဆုံးဖြတ်ချက်ချရာတွင် အမှားအယွင်းမရှိသလို သူတို့၏အတွေးများကိုလည်း ခံစားချက်ဖြင့် ဖုံးလွှမ်းရန် ခက်ခဲပေသည်။

သူတို့က စိတ်ခံစားချက်ထက် အကျိုးအမြတ်ကိုသာ တွက်ချက်မည်ဖြစ်ပြီး တော်ရုံဖြင့် ရန်ငြိုးဖွဲ့ခြင်းလည်း မရှိပေ။ တစ်စုံတစ်ယောက်က သူတို့ရှေ့ဆက်ရမည့်လမ်းကြောင်းကို ဟန့်တားနေမှသာလျှင် ရန်ငြိုးဖွဲ့သတ်ဖြတ်မည် ဖြစ်၏။

ပြီးတော့ လူတစ်ယောက် ခံစားချက်ကင်းမဲ့သည်ဆိုခြင်းက စိတ်ဆန္ဒမရှိဟု ဆိုလိုသည် မဟုတ်ပေ။

ထိုသို့တွေးမိသည့်အခါ တစ်စုံတစ်ခုကို စဉ်းစားမိပြီး ရန်ကျောက်ကဲစိတ်ထဲ တုန်ခါသွားသည်။

ထိုက်ယိနှင့် ထိုက်ကျိ ၊ အစနှင့်အဆုံး ၊ နှစ်ခုလုံးက နက်နဲဆန်းကျယ်ပြီး ထူးခြားသိမ်မွေ့လွန်းသည်။

ဆိုတော့...

ရန်ကျောက်ကဲ ပိုးသားဧကရာဇ်လျှောက်လှမ်းမည့်အနာဂတ်လမ်းကြောင်းကို ယောင်ဝါးဝါး အာရုံခံလိုက်မိသည်။

ပိုးသားဧကရာဇ်က “ခံစားချက်ရှိသောလမ်းကြောင်း” ကို လျှောက်လှမ်းမည်ဆိုလျှင် ရှေ့ဆက်ရမည့်လမ်းကြောင်းက ပိတ်ဆို့သွားနိုင်သည်။

ထိုအချက်ကိုဖြေရှင်းရန် ရန်ကျောက်ကဲသည်လည်း နည်းလမ်းစဉ်းစား၍ မရနိုင်သေးပေ။

ပိုးသားဧကရာဇ်က ဖုထင်နှင့် မန်ဝမ်တို့ကို သုတ်သင်ဖယ်ရှားပြီး “ခံစားချက်ကင်းမဲ့သောလမ်းကြောင်း” တွင် လျှောက်လှမ်းမည်ဆိုပါက သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ထက်ပင် ပိုမိုတိုးတက်သွားပေမည်။

သို့သော် ကျင့်စဉ်လမ်း အခြေခံအုတ်မြစ်တွင် ဟာကွက်ဖြစ်ပေါ်ခဲ့သဖြင့် ပြဿနာနောက်ဆက်တွဲ အကျိုးဆက်ကတော့ သက်ရောက်မှု ရှိနေဦးမည်ပင်။

ထိုဟာကွက်ကြောင့် ပိုးသားဧကရာဇ်၏ ကျင့်ကြံခြင်းက အစစ်အမှန်နတ်ဘုရား အထွတ်ထိပ်အဆင့်တွင် ရပ်တန့်နေပြီး ကျင့်ကြံခြင်းအဆင့် ဆက်လက်တက်ရောက်ရန် ခက်ခဲသွားပေမည်။

သူ ရှေ့ဆက်တိုးချင်သည်ဆိုလျှင် ထူးခြားသည့် ကံကောင်းမှုတစ်ခုအပေါ် မှီခိုအားထားရမည် ဖြစ်၏။

ထိုကံကောင်းခြင်းအခွင့်အရေးမှာ ကနဦးကောင်းကင်သိုင်းပညာမှ ရှန်းထျန်းဝူထိုက် ပညာရပ် (၅)ရပ်လုံး ပြီးပြည့်စုံခြင်းအပေါ် မူတည်သည်။

ထိုသို့ဆိုလျှင် ပိုးသားဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲ၏ ထိုက်ယိလက်သီးသိုင်းနှင့် ရန်တိ၏ ထိုက်ယိဟွာတိမ်တိုက်ကို မျက်စိကျလာနိုင်သည်။

ထိုက်ယိလက်သီးသိုင်းကိုသာ လိုအပ်မည်ဆိုလျှင် အဆင်ပြေမည်ဖြစ်သော်လည်း ထိုက်ယိဟွာတိမ်တိုက်ပါ လိုအပ်လာပါက အလွန်ဆိုးရွားသောပြဿနာ ရှိလာနိုင်သည်။

လက်ရှိတွင် ထိုက်ယိဟွာတိမ်တိုက်က ရန်တိနှင့် တစ်သားတည်းကျနေပြီ ဖြစ်သည်။

ထိုတိမ်တိုက်ကို အခြားသူများအား ခေတ္တချေးငှားပေးမည် ၊ သို့မဟုတ် အကိုးအကားပြုလုပ်ရန်အတွက် မျှဝေမည်ဆိုပါက အဆင်ပြေပေသည်။

သို့သော် ကျင့်ကြံသူတစ်ယောက်က ထိုက်ယိဟွာတိမ်တိုက်ကို အပြည့်အဝ သန့်စင်ပစ်မည်ဆိုပါက ရန်တိနှင့် ထိုတိမ်တိုက်ကြားမှ ဆက်နွယ်မှု ပြတ်တောက်သွားမည် ဖြစ်၏။

ထိုသို့ဖြစ်လျှင် ရန်တိ အသက်သေဆုံးရပေလိမ့်မည်။

ပိုးသားဧကရာဇ်က သူ၏ကျင့်စဉ်လမ်းအတွက် ထိုက်ယိဟွာတိမ်တိုက်အား ရယူလိုပါက မန်ဝမ်နှင့် နေသူတော်စင်ဂိုဏ်းပြဿနာထက် အဆမတန်ကြီးမားသော တကယ့်ပြဿနာအစစ်နှင့် ရင်ဆိုင်ရမည် အမှန်ပင်။

All Chapters