နောက်ထပ်ဆန္ဒတစ်ခုကိုလည်းဖြည့်ဆည်းပေးမည်
Vol. 77 Ch. 1074
အခန်း (၁၀၇၄) နောက်ထပ်ဆန္ဒတစ်ခုကိုလည်းဖြည့်ဆည်းပေးမည်
ထိုသို့တွေးမိတော့ ရန်ကျောက်ကဲ တိတ်တဆိတ်မျက်မှောင်ကြုံလိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ပိုးသားဧကရာဇ်က ‘ခံစားချက်ကင်းမဲ့သည့်လမ်းကြောင်း’ ကို ရွေးချယ်ပြီးနောက် သူနှင့် ပဋိပက္ခဖြစ် ဖြစ်မည် မဖြစ်မည်ကိုအသာထား ဖုထင်နှင့်မန်ဝမ်ကတော့ သေချာပေါက် အသတ်ခံရပေမည်။
သူတို့နှစ်ယောက် အသတ်ခံရသည်ကို ဒီအတိုင်းထိုင်ကြည့်နေမည်ဆိုလျှင် ရန်ကျောက်ကဲသည်လည်း စိတ်ချမ်းသာနိုင်မည် မဟုတ်ပေ။
မန်ဝမ်က ဖန်းယွင်ရှန်း၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။
ဖုထင်ကတော့ အထက်ဘုံကမ္ဘာအပြင်ဘက် ၊ အမတခုံရုံးနယ်မြေတွင် သူနှင့်အတူ သတ္တိရှိစွာ ရင်ဆိုင်ခဲ့သော ဆိုးတူကောင်းဖက် သူငယ်ချင်းကောင်းများဖြစ်ကြသည်။
ပိုးသားဧကရာဇ်သာ ခံစားချက်ကင်းမဲ့သောလမ်းကို လျှောက်မည်ဆိုလျှင် သူတို့နှစ်ယောက် သေချာပေါက် ရှင်းလင်းခံရပေမည်။
ထို့ပြင် ရန်ကျောက်ကဲ စိုးရိမ်သည့် နောက်တစ်ချက်မှာ -
အထက်ဘုံကမ္ဘာမှ ‘ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါး’ က ပိုးသားဧကရာဇ်ကို မည်သို့ရှုမြင်မည်နည်းဆိုသောအချက် ဖြစ်၏။
အခြားသောရွေးချယ်စရာနည်းလမ်းများရှိနေသရွေ့ သူတို့က ပိုးသားဧကရာဇ်အပေါ် ပြင်းထန်သောနည်းလမ်းများ အသုံးပြုမည် မဟုတ်ပေ။
ပိုးသားဧကရာဇ်ပြန်လည်ကောင်းမွန်လာပြီး ကျင့်ကြံခြင်းအဆင့်မြင့်တက်ရန်အတွက် သူတို့က ကူညီပေးရန်ပင် ဖြစ်နိုင်ခြေ ရှိသည်။
ပိုးသားဧကရာဇ် ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားပါက ကျန့်ဟွာဓားဧကရာဇ်ကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။ သို့ဖြစ်ရာ ရန်တိနှင့် ရန်ကျောက်ကဲကို သူက ဒုက္ခပေးလျှင်လည်း ကျန့်ဟွမ်ဓားဧကရာဇ် လက်တုံ့ပြန်မည်ကို စိုးရိမ်စရာ မရှိပေ။
ဤကိစ္စက အထက်ဘုံကမ္ဘာတွင် ကွဲလွဲမှုများဖြစ်လာနိုင်ပြီး တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်ဓားဧကရာဇ်တို့က နောက်ဆုံးအခြေအနေအထိ သဘောထားတူညီမည်လား မတူညီဘူးလား ပြောစရာရှိသည်။
သို့သော် ပြဿနာတစ်ခု၏ အဆိုးဆုံးအခြေအနေကို စဉ်းစားရန်အတွက် ဘယ်သောအခါမှ ကြောက်ရွံ့ခြင်းမရှိသော ရန်ကျောက်ကဲက ပြဿနာများအားလုံးကို ကိုယ်တိုင်ဖြေရှင်းရန် အမြဲတမ်း စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိ၏။
သူ၏မိခင် ရွှယ်ချူးချင်ကြောင့် ကျန့်ဟွမ်ဓားဧကရာဇ်နှင့် တိဟွမ်မြေကမ္ဘာဧကရာဇ်တို့အကြား သဘောထားကွဲလွဲမှုများ ရှိလာနိုင်သည်ဟု ရန်ကျောက်ကဲ မျှော်မှန်းထားသည်။
ဤသို့သောအခြေအနေတွင် တိဟွမ်မြေကမ္ဘာဧကရာဇ်က ကျန့်ဟွမ်ဓားဧကရာဇ်နေရာတွင် ဧကရာဇ်တစ်ပါး အစားထိုးရောက်ရှိလာမည်ကို ဝမ်းသာပျော်ရွှင်မည်လား။
တာအိုဝါဒ ပြန်လည်ရှင်သန်လာခြင်းနှင့်အတူ ထိပ်တန်းအဆင့်ကျင့်ကြံသူများအားလုံးက တန်ဖိုးရှိသည်မှာ အမှန်ပင်။
သို့သော် ရေနှင့်မီးပမာ အတူယှဉ်တွဲနေထိုင်ရန် မဖြစ်တော့ဘဲ အချင်းချင်း သဘောထားကွဲလွဲချက်များ ရှိလာပါက အဆုံးသတ်ပစ်ရန် လိုအပ်သည်။
ဤနေရာတွင် အရေးကြီးသည့်အချက်မှာ တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ကြား သဘောထားကွဲလွဲမှုက မည်မျှကြီးမားကြောင်းနှင့် တိဟွမ်မြေကမ္ဘာဧကရာဇ်၏ လုပ်ဆောင်ချက်များကိုသာ တိတ်ဆိတ်စွာ ထောက်ခံလေ့ရှိသော ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က မည်သို့သဘောထားရှိကြောင်း စဉ်းစားရပေမည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ (၂)ယောက်လုံး ပြင်ပဗလာနယ်ထဲတွင် ရှိနေကြပြီး အထက်ဘုံကမ္ဘာသို့ ပြန်မလာကြသေးပေ။ ထို့ကြောင့် လက်ရှိ အထက်ဘုံကမ္ဘာကိစ္စရပ်များကို ယင်ဟွမ်ဧကရာဇ်က ဆုံးဖြတ်ပိုင်ခွင့်အာဏာ ရှိသည်။
ရန်ကျောက်ကဲစိတ်ထဲ အတွေးများစွာဖြတ်သန်းသွားပြီး အဆက်မပြတ် စဉ်းစားနေမိသည်။ သို့သော် စိတ်ထဲကသာ စဉ်းစားနေသည့်တိုင် မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။
ရန်ကျောက်ကဲက...
“ဒါနဲ့... အထက်ရပ်ထိပ်တန်းအရှင်သခင်လည်း ဧကရာဇ်နောက်ကို လိုက်လာတယ်ထင်တယ် ၊ သူလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဆင်းလာမလားမသိဘူး”
ချန်ချန်းဟွာက လောကပထမ သိုင်းသူတော်စင် ဖြစ်သည်။
သူ၏တန်ခိုးစွမ်းအားက ဧကရာဇ်များကိုပင် တိုက်ခိုက်ရန် လုံလောက်သည်။
သို့သော် လူသားအထွတ်ထိပ်အဆင့်သာဖြစ်သဖြင့် နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးသော ‘အစစ်အမှန်နတ်ဘုရား’ များနှင့် မတူညီစွာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများစွာ ရှိနေသေးသည်။
အောက်ဘုံကမ္ဘာသို့ ဆင်းသက်လာသည်ဆိုလျှင် လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်ဆိုလျှင်လည်း သိုင်းသူတော်စင် တတိယအဆင့်သို့ ဖိနှိပ်ခံရမည်သာပင်။
အထက်ဘုံကမ္ဘာတွင် ချန်ချန်းဟွာက သိုင်းစူတော်စင်ဒဿမအဆင့်ဖြစ်ပြီး ရန်ကျောက်ကဲက သိုင်းသူတော်စင် သတ္တမအဆင့် ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲမှာ သူ၏တန်ခိုးစွမ်းအားဖြင့် ချန်ချန်းဟွာ၏တည်ရှိမှုကို ရှာဖွေရန် အလွန်ခက်ခဲနေခဲ့သည်။
လက်ရှိတွင် သူတို့နှစ်ယောက်လုံးက သိုင်းသူတော်စင် တတိယအဆင့်သို့ လျှော့ချခံထားရသဖြင့် ချန်ချန်းဟွာသာ လှိုင်းနက်ဂေဟာအနီးပတ်ဝန်းကျင်တွင် ရောက်နေပါက ရန်ကျောက်ကဲအနေဖြင့် အာရုံခံနိုင်မည် ဖြစ်သည်။
သို့သော် ယခုတော့ ချန်ချန်းဟွာကို လှိုင်းနက်ဂေဟာအနီးအပါးတွင် သဲလွန်စမတွေ့ရှိရပေ။ သူတို့နှစ်ယောက်ကြား အကွာအဝေးက ကြီးမားသဖြင့် ရန်ကျောက်ကဲအနေဖြင့် ချန်ချန်းဟွာ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်ရှိနေသည်လား အတည်မပြုနိုင်ပေ။
သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းက အခြားသောသိုင်းသူတော်စင်များကဲ့သို့ ကမ္ဘာတစ်ခုလုံးအား လွှမ်းခြုံနိုင်စွမ်း ရှိသည်။ သို့ပေသိ အကွာအဝေးများလွန်းနေပါက ချန်ချန်းဟွာကို အာရုံခံရန် အခက်အခဲရှိမည်သာပင်။
ပိုးသားဧကရာဇ်က...
“ချန်ချန်းဟွာ ဒီကမ္ဘာကို ဆင်းသက်လာတယ် ၊ ဒါပေမဲ့ ငါတို့နောက်ကိုတော့ လိုက်မလာဘူး”
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရှာဖွေရသည်မှာ ပိုးသားဧကရာဇ်အတွက်တော့ အသက်ရှူသည့်ပမာ လွယ်ကူလွန်းသည်။
ပိုးသားဧကရာဇ်က တစ်နေရာသို့ လှမ်းကြည့်ရင်း...
“လောလောဆယ် သူ အဲဒီဘက်မှာ ရှိနေတယ်”
ပိုးသားဧကရာဇ် လှမ်းကြည့်ရာနေရာသို့ လိုက်ကြည့်ရင်း ရန်ကျောက်ကဲ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
“မြေကမ္ဘာနယ်မြေ...”
သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပိုးသားဧကရာဇ်ကို ကြည့်လိုက်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင်... ယွင်ရှန်းက ဒီ’ရန်’ ရဲ့ ဇနီးပါ ၊ သူက အပြင်ဘက်မှာအတွေ့အကြုံရှာဖို့ထွက်သွာတာ ၊ မကြာခင်ပြန်လာမယ်လို့ပြောခဲ့ပေမယ့် အခု နှစ်တွေကြာနေပြီဆိုတော့ ဒီ’ရန်’ လည်း သူ့ကို အရမ်းလွမ်းနေပါပြီ ၊ ပိုးသားဧကရာဇ်က သူ့ကိုရှာဖွေဖို့ ကူညီပေးမယ်ဆိုရင် ဒီ’ရန်’ လည်း ဧကရာဇ်နဲ့အတူ လိုက်ခဲ့ချင်ပါတယ်”
ထိုစကားကြားတော့ ချန်မင်ယင်းက အတော်လေးအံ့အားသင့်သွားပြီး မန်ဝမ်ကတော့ ခေါင်းငုံ့ကာ ပြုံးလိုက်သည်။
သူမက...
“ဂိုဏ်းတူအစ်မ’ဖန်း’ က ခင်ပွန်းကောင်းတစ်ယောက် ရထားတာပဲ”
ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း...
“ချစ်ရသူနဲ့ခွဲခွာရတဲ့ခံစားချက်ကို ငါနားလည်ပါတယ် ၊ မိတ်ဆွေလေး’ရန်’ ဆန္ဒရှိတယ်ဆိုရင် ငါတို့နဲ့အတူ လိုက်ခဲ့လို့ရပါတယ် ၊ ဒီ ‘ဖန်း’ မိန်းကလေးနဲ့ ပြန်လည်ဆုံတွေ့ရမယ်ဆိုရင် အားလုံးအတွက် ပျော်စရာတွေဖြစ်လာမှာပဲ မဟုတ်လား”
ရန်ကျောက်ကဲက...
“စေတနာထားတာ ကျေးဇူးတင်ပါတယ် ပိုးသားဧကရာဇ်...”
သူက ဆက်ပြောသည်။
“အထက်ရပ်ထိပ်တန်းအရှင်သခင် အစွန်းရောက်ရှစ်ပါးကမ္ဘာကို ရောက်လာတယ်ဆိုတော့ အိမ်ရှင်ဖြစ်တဲ့ကျွန်တော်တို့က ဧည့်မခံဘူးဆိုရင် မယဉ်ကျေးရာကျမယ် ၊ ဆိုတော့... ကျွန်တော် အထက်ရပ်ထိပ်တန်းအရှင်သခင်နဲ့ ခဏသွားတွေ့လိုက်ပါဦးမယ် ၊ ဧကရာဇ် ဒီမှာခဏလောက်စောင့်နေစေချင်ပါတယ် ၊ သိပ်မကြာဘူး ကျွန်တော်ပြန်လာမှာပါ”
“ဧကရာဇ် အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဝါဒတောင်ကို ဧည့်သည်တော်အဖြစ် အလည်အပတ်လာရောက်လည်ပတ်နိုင်ဖို့ မျှော်လင့်ပါတယ်”
ပိုးသားဧကရာဇ်က ခေါင်းခါယမ်းရင်း...
“ကိစ္စမရှိဘူး ၊ မင်း ချန်ချန်းဟွာနဲ့သွားတွေ့လိုက်ပါ ၊ ငါနဲ့ဝမ်အာ ဒီမှာ အချိန်ကြာကြာနေလိုက်ဦးမယ် ၊ ဝမ်အာလည်း သူ့ဆရာကိုမတွေ့ရတာ နှစ်ပေါင်းကြာပြီဆိုတော့ စကားလေးဘာလေး အေးအေးဆေးဆေး ပြောပါစေဦး”
ရန်ကျောက်ကဲက ပိုးသားဧကရာဇ်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“ဒါဖြင့် ကျွန်တော့်ကို ခွင့်ပြုပါဦး”
သူက မန်ဝမ်ကိုလှမ်းကြည့်လိုက်တော့ မိန်းမပျိုက ပြုံးပြနှုတ်ဆက်လေသည်။
သူမ၏မျက်ဝန်းများက ပုံမှန်အတိုင်းပင် သန့်စင်ကြည်လင်နေပြီး မည်သည့်မူမမှန်မှုမှ မရှိခဲ့ပေ။ ရန်ကျောက်ကဲကလည်း သူမကို ပြုံးပြနှုတ်ဆက်လိုက်ပြီး စကားမဆိုဘဲ အိမ်ခြံဝင်းအတွင်းမှ ထွက်ခွာလာခဲ့၏။
အပြင်ဘက်တွင် စောင့်နေကြသည့် အန်းချင်လင်နှင့် အခြားသူများကိုတွေ့တော့ ရန်ကျောက်ကဲက...
“ဒီ ‘ရန်’ ချက်ချင်း ပြန်လာပါ့မယ် ၊ ကျေးဇူးပြုပြီး သူတို့ကို မနှောင့်ယှက်ပါနဲ့၊ စကားပြောကြပါစေ...”
လှိုင်းနက်ဂေဟာမှလူများမှ ဖြစ်ပျက်ခဲ့သည်များကြောင့် စိတ်တုန်လှုပ်နေကြဆဲ ဖြစ်သည်။ ရန်ကျောက်ကဲသာ အသိမပေးပါက ပိုးသားဧကရာဇ်နှင့်မန်ဝမ် ရောက်ရှိနေသည်ကို မည်သူမှ သိရှိကြမည် မဟုတ်ပေ။
“အစ်မ’ရှဲ့’ ... ဂိုဏ်းတူအစ်ကို’ရွှီ’ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဆင်းလာတယ် ၊ ဒီနေ့ကိစ္စက အရေးကြီးပေမယ့် အစ်မ သူနဲ့တွေ့လို့ရပါတယ်”
ရန်ကျောက်ကဲက လှိုင်းနက်ဂေဟာမှ အကြီးအကဲမိန်းမပျိုတစ်ယောက်ကို စကားဆိုလိုက်သည်။
သူမက သာမန်အသွင်အပြင်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသော်လည်း ရဲရင့်ထက်မြက်သောဟန်ပန် ရှိသည်။
ထိုမိန်းမပျိုက အခြားသူမဟုတ် ‘ရှဲ့ယိုချန်’ ပင် ဖြစ်၏။ သူမက ယခု သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိနေပေပြီ။
သူမနှင့် ရွှီဖေး အတော်လေး ဝေးကွာခဲ့ကြပြီဖြစ်သလို ကျင့်ကြံခြင်းအဆင့်သည်လည်း ကွာခြားနေပြီဖြစ်သည့်တိုင် ပြန်လည်ဆုံဆည်းရန် အလားအလာရှိနေသေးသည်။
ယခင်အချိန်က ဝါဒတောင်က သူမအား အထက်ဘုံကမ္ဘာသို့လာရောက်ပါရန် ဖိတ်ကြားခဲ့သော်လည်း သူမက ငြင်းဆိုခဲ့ပြီး တစ်နေ့တွင် အထက်ဘုံကမ္ဘာသို့ သူမ၏ကိုယ်ပိုင်အစွမ်းအစဖြင့် တက်ရောက်မည်ဟု သန္နိဋ္ဌာန်ချခဲ့သည်။
သို့သော် ရှဲ့ယိုချန်က နဂိုကပင် ရန်ကျောက်ကဲနှင့်ခင်မင်သူဖြစ်လေရာ သူမနှင့်ဝါဒတောင်၏ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ခဲ့သည်ပင်။
ရန်ကျောက်ကဲ စကားကိုကြားတော့ သူမက ပြုံးလိုက်ရင်း...
“အရေးကြီးကိစ္စတွေကိုအရင်လုပ်ပါ ၊ ပြီးမှ ကိုယ်ရေးကိုယ်တာပြောကြတာပေါ့ ၊ ဒီလိုပဲ ဖြစ်သင့်တာ မဟုတ်လား”
ရန်ကျောက်ကဲခေါင်းညိတ်လိုက်ပြီး လှိုင်းနက်ဂေဟာမှ ထွက်ခွာလာခဲ့သည်။
လှိုင်းနက်ဂေဟာအပြင်ဘက်တွင်တော့ တောင်တစ်တောင်ပမာ မြင့်မားသောကိုယ်ဟန်ရှိသည့် အရပ်မြင့်မြင့်လူငယ်တစ်ယောက် မတ်တတ်ရပ်လျှက် ရှိသည်။
ထိုသူက ရွှီဖေးပင် ဖြစ်၏။
လှိုင်းနက်ဂေဟာတွင် ချစ်ရသူ ‘ရှဲ့ယိုချန်’ ရှိနေပါသော်လည်း သူက အထဲသို့မဝင်ဘဲ ဤနေရာတွင်သာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ရန်ကျောက်ကဲက သူ့ကိုတွေ့သည်နှင့် ချက်ချင်းစကားဆိုလိုက်၏။
“ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ အထက်ဘုံကမ္ဘာကို အမြန်ပြန်ပြီး အဖေ့ကိုသတင်းပို့ပေးပါ”
ရန်ကျောက်ကဲက ပိုးသားဧကရာဇ်၏ကျင့်ကြံခြင်းနှင့် ထိုက်ယိဟွာတိမ်တိုက်အကြောင်း သူ၏ထင်မြင်ချက်များ ပြောကြားသည့်အခါ ရွှီဖေးက မျက်ခုံးများတွန့်ချိုးရင်း နားထောင်နေသည်။
“ငါ ချက်ချင်းသွားလိုက်မယ်...”
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားပြီးနောက်...
“မြောက်ဖေးတောင်ထွတ် ကြာပန်းနီကမ်းပါးကိုလည်း သတင်းပို့လိုက်ပါ ၊ အများကြီးမပြောနဲ့... သူတို့ဟာသူတို့ တွေးကြည့်နိုင်လောက်ရုံသာ ပြောလိုက်ပါ”
ဖုထင်နှင့် မန်ဝမ်တို့အန္တရယ်ရှိနေသည်ဆိုသောအချက်မှာ ရန်ကျောက်ကဲ၏ ကိုယ်ပိုင်ထင်မြင်ချက်တစ်ခုသာဖြစ်သည်။
ပြီးတော့ သူတို့က သားအဖများလည်း ဖြစ်ကြသည်။
သို့သော် မြောက်ဖေးတောင်ထွတ်မှ လူတိုင်းက ထိုက်ချင်အဆက်အနွယ်များဖြစ်ကြလေရာ သူတို့အနေဖြင့် ပိုးသားဧကရာဇ်၏ကျင့်ကြံခြင်းလမ်းစဉ်နှင့်ပတ်သက်ပြီး အနည်းနှင့်အများ နားလည်မှု ရှိကြမည်ပင်။
သို့ဖြစ်ရာ လက်ရှိသဲလွန်စများနှင့်ပေါင်းစပ်ပြီး ခန့်မှန်းချက်အချို့ပြုလုပ်နိုင်ကြပေမည်။
ရွှီဖေးက ခေါင်းညိတ်လိုက်သည်။
သူက အချိန်မဖြုန်းတော့ဘဲ မီးနယ်မြေ ၊ နေသူတော်စင်ဂိုဏ်းတည်ရှိရာနေရာမှ ကောင်းကင်အက်ကွဲကြောင်းဆီသို့ အလျှင်အမြန် ထွက်ခွာသွားသည်။
ရန်ကျောက်ကဲသည်လည်း သက်ပြင်းချရင်း မြေကမ္ဘာနယ်မြေသို့ ထွက်ခွာသွားသည်။
သူ့အနေဖြင့် ချန်ချန်းဟွာအကြောင်း သိပ်မသိသော်လည်း အလိုလိုနေရင်း သတိထားနေမိသည်။
သူက ပိုးသားဧကရာဇ် ဘာဖြစ်သည်ကို အပျော်သဘောလိုက်လံကြည့်ရှုရင်း အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်လာခဲ့သော်လည်း လမ်းတစ်ဝက်တွင် ပိုးသားဧကရာဇ်နောက်သို့ လိုက်မလာတော့ပေ။ ထိုအချက်က ရန်ကျောက်ကဲကို စိုးရိမ်ပူပန်စေသည်။
မြေကမ္ဘာနယ်မြေဆိုသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ထူးထူးခြားခြား အရေးကြီးသော နယ်မြေဖြစ်၏။
ထိုနယ်မြေသို့ရောက်သည်နှင့် ရန်ကျောက်ကဲက ချောက်နက်ကြီးအတွင်းသို့ တန်းပြီးဆင်းသက်လာခဲ့သည်။
သူ ဆင်းသက်လာသည်မှာ လမ်းတစ်ဝက်ရောက်သည်နှင့် အောက်မှ အထက်သို့ ဖြည်းညင်းစွာပြန်တက်လာသော ခရမ်းရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်အား တွေ့လိုက်ရလေ၏။