ခွဲခြားဆက်ဆံခြင်း
Vol. 79 Ch. 1089
ထိုငါးယောက်၏ ပုံရိပ်များမှာ မှုန်ဝါးဝါးဖြစ်နေရာမှ ကြည်လင်ပြတ်သားလာသောကြောင့် အခြားသူများမှာ သူတို့အား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရတော့သည်။
" သူတို့ပါလား "
" နတ်ဧကရာဇ်ကျိကျားရဲ့ နံပါတ်ကိုးတပည့်ပဲ... အဲကောင်က တော်တော်လေးကို မောက်မာတာ။ ငါ့ရဲ့ လမ်းပြအလင်းရောင်ကို ခိုးသွားခဲ့တာ သူလေ။ တောက်ကွာ။ ဒါပေမဲ့ သူက တော်တော်လေးကို အစွမ်းထက်တာကွ။ ငါတို့တွေကို ပုရွက်ဆိတ်လေးတွေလို သဘောထားခဲ့တာတောင် ငါတို့က ဘာမှပြန်မလုပ်နိုင်ခဲ့ဘူး "
" ရှင်းကျင့်ကျိဆိုတဲ့ တစ်ယောက်ရောပဲ.... အားကောင်းတဲ့ သတ်ဖြတ်လိုစိတ် အငွေ့အသက်တွေနဲ့ တစ်ယောက်လေ။ သူ အောင်မြင်သွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး "
" ဝမ်ပေါင်လဲ့ဆိုတဲ့ ကောင်လည်း ပါတယ်ဟ "
ထို ငါးယောက် ရုပ်လုံးပေါ်လာသည်နှင့် အရပ်မျက်နှာအနှံ့တွင် ဆူညံသံများဖြင့် ပြည့်နှက်သွား၏။
ကောင်းကင်ယံထဲ၌ ရစ်ဝဲနေကြသည့် ထို ကျင့်ကြံသူ ငါးယောက်ထဲတွင် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်နှင့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားတို့ ပါ၏။ သူတို့နှစ်ယောက်မှလွဲ၍ အခြားသုံးယောက်မှာ နာမည်သိပ်မကြီးကြပေ။ ဝမ်ပေါင်လဲ့မှာ လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပါသော်လည်း အများ၏ အမြင်တွင် သူသည် နံပါတ်ကိုးတပည့်လောက် ဂုဏ်သတင်းကျော်ကြားမှုမရှိပေ။ သူ၏ ကျော်ကြားမှုအဆင့်အတန်းမှာ အများဆုံး လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားနှင့် တန်းတူအဆင့်တွင်သာ ရှိပေသည်။
နောက်ဆုံးနှစ်ယောက်ထဲမှ တစ်ယောက်မှာ ဝမ်ပေါင်လဲ့နှင့် ကြယ်သုဿာန်ထဲ၌ ဆုံခဲ့ဖူးသော ရှင်းကျင့်ကျိ ဖြစ်ပေသည်။ အခြားတစ်ယောက်မှာမူ... ရှဲ့ဟေးရန် ဖြစ်သည်။
ယခုတွင် ချိုင့်ခွက်ကြီး၏ ပတ်ပတ်လည်၌ ရပ်နေကြသည့် သားရဲကြီးများပေါ်၌ ရှိနေကြသော ကျင့်ကြံသူများအားလုံးမှာ အားကျစိတ်များ၊ မနာလိုစိတ်များ၊ မုန်းတီးစိတ်များနှင့် အခြားခံစားချက်ပေါင်းများစွာ ရောယှက်နေသည့် မျက်ဝန်းများဖြင့် သူတို့ငါးယောက်အား ကြည့်နေကြ၏။ အတိတ်ဘဝ ဆယ်ခုစလုံးအား နားလည်အောင်လုပ်နိုင်ရန်မှာ အလွန်အင်မတန်မှ ကံကောင်းရန်လိုအပ်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့အားလုံး အားကျနေကြသည်မှာ မထူးဆန်းပေ။ သို့သော် သူတို့မှာ ကံမကောင်းခဲ့သောကြောင့် အခြားသူများ ထိုကဲ့သို့ အောင်မြင်သွားသည်ကို ကြည့်နေရခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့မှာ မနာလိုဖြစ်နေကြခြင်း ဖြစ်၏။
သူတို့အားလုံး၏ ရင်ထဲ၌ ရှိနေသည့် မုန်းတီးစိတ်များမှာမူ...
အမှန်အတိုင်းဆိုရပါက အရည်အချင်းစမ်းသပ်ပွဲထဲတွင် ကျင့်ကြံသူ အယောက်တစ်သိန်းကျော် ဝင်ရောက်ယှဉ်ပြိုင်ကြသည်ဖြစ်ရာ ဘဝဆယ်ခုစလုံးအား နားလည်အောင်လုပ်နိုင်သည့် ပြိုင်ပွဲဝင်အရေအတွက် ငါးယောက်တည်း ရှိနေခြင်းမှာ ယုတ္တိမရှိပေ။ သို့သော်လည်း သူတို့ထဲမှ အများစုမှာ အရည်အချင်းစမ်းသပ်ပွဲထဲ၌ လမ်းပြမီးရောင်များ ခိုးယူခံခဲ့ရသဖြင့် ဆက်လက် ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ဘဲ ထွက်ခွာလာခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ထို ငါးယောက်အား မြင်လိုက်ရချိန်တွင် နှလုံးသားထဲ၌ အမုန်းမီးတောက်များ တောက်လောင်လာကြခြင်း ဖြစ်သည်။
ကောင်းကင်ယံထဲရှိ ကျင့်ကြံသူငါးယောက်ထဲတွင် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ နာမည်အကြီးဆုံးဖြစ်၏။ သူသည် အဆုံးမဲ့မျိုးနွယ်စုဝင် တစ်ယောက်ပီပီ အခြားသူများထက် ပို၍ အဆင့်အတန့် မြင့်မားပေသည်။ ထို့အပြင် သူသည် သူ၏ ဆရာဖြစ်သူ၏ နာမည်ကြောင့် ရောက်သည့်နေရာတိုင်းတွင် လူအများ၏ အာရုံစိုက်ခြင်းကို ခံရသည်သာဖြစ်သည်။
ထို့ကြောင့် အခြားသူများမှာ မတိမ်းမယိမ်းအနေအထား၌ ရှိနေကြသော လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားနှင့် ဝမ်ပေါင်လဲ့တို့မှာ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်အား ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု မှတ်ယူထားကြ၏။
သို့သော်လည်း ခဏအကြာတွင် သူတို့မှာ လုံးဝ ထင်မှတ်မထားသည့် မြင်ကွင်းတစ်ခုအား မြင်လိုက်ရတော့သည်။ ထို ကျင့်ကြံသူငါးယောက်မှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာကြပြီး စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားကြသည်နှင့် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြ၏... ထိုအခါ ထို ပါရမီရှင်များ အားလုံးထဲ၌ အစွမ်းအထက်အဆုံးဟု လူအများက မှတ်ယူထားကြသည့် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ ရုတ်တရက်ဆိုသလို သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားသွားသည့်ပုံ ပေါက်သွားတော့သည်။
သူသည် ဝမ်ပေါင်လဲ့၏ ဘေးတွင် ရပ်နေပြီး ဝမ်ပေါင်လဲ့မှာ သူ့အား ပြုံးပြနေသည်ကို မြင်လိုက်ရခြင်း ဖြစ်၏။
" ဒီ... " ထို့ကြောင့် သူသည် နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရပြီး အော်ဟစ်ဆဲဆိုမိတော့မည့်အလား ဖြစ်သွား၏။ ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကြောင့် သူသည် ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့သွားခဲ့ရသည် မဟုတ်ပါလော။ သူသည် အခြားပြိုင်ပွဲဝင်များ ဝမ်ပေါင်လဲ့၏ အကြည့်အောက်မှ ထွက်ပြေး လွတ်မြောက်နိုင်ရန် ကြိုးစားခဲ့သည့် မြင်ကွင်းအား အခုအထိ မမေ့နိုင်သေးပေ။ ယခုတွင် သူ၏ ဦးရေခွံမှာ ပေါက်ကွဲသွားတော့မည်လား ထုံကျဉ်နေရပြီ ဖြစ်သည်။ သူ၏ အမူအရာမှာလည်း ချက်ချင်းပြောင်းလဲသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် ခပ်ကင်းကင်းနေနိုင်ရန်အလို့ငှာ နောက်သို့ ဆုတ်ခွာသွားလိုက်တော့သည်။
အလားတူပင် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားမှာလည်း အံ့ဩမှင်တက်သွားပြီး နောက်သို့ ချက်ချင်းဆုတ်ခွာသွား၏။ သူသည် အဝေးသို့ ရောက်သွားသောအခါမှ ဘေးကင်းလုံခြုံသွားသည့်အလား ခံစားလိုက်ရသည်။
ရှင်းကျင့်ကျိနှင့် ရှဲ့ဟေးရန်တို့နှစ်ယောက်မှာ တုတ်တုတ်မျှ မလုပ်ပါသော်လည်း သတ္တမအဆင့် တာအိုဂိုဏ်းသားနှင့် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်တို့၏ အပြုအမူများကြောင့် အောက်တွင်ရှိနေသည့် ကျင့်ကြံသူတစ်သိန်းကျော်မှာ တအံ့တဩဖြစ်သွားရ၏။
" ဘာတွေ ဖြစ်နေတာလဲ "
" ငါ အမြင်မှားနေတာလားဟ။ နတ်ဧကရာဇ်ကျိကျားရဲ့ နံပါတ်ကိုးတပည့်နဲ့ လမ်းကိုးသွယ်တာအိုဂိုဏ်းက တာအိုဂိုဏ်းသားက ဝမ်ပေါင်လဲ့ကို ရှောင်နေတာလား "
" မဟုတ်မှလွဲရော။ သူတို့တွေ အရည်အချင်းစမ်းသပ်ပွဲထဲမှာ ဝမ်ပေါင်လဲ့နဲ့ တိုက်ခိုက်ခဲ့ပြီးတော့ ခွက်ခွက်လန်အောင် ရှုံးလာခဲ့တာဖြစ်မယ် "
လူတိုင်းမှာ အံ့သြတုန်လှုပ်နေရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွားပြီး နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်နှင့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားအား လှမ်းကြည့်လိုက်၏။ သူတို့မှာ သူ၏ အကြည့်ကြောင့် ရင်ထဲ၌ စိုးထိတ်သွားကြသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက် သူတို့၏ ဒဿမဘဝများအား နားလည်အောင် လုပ်နိုင်ခဲ့သည့်အချက်ကို အံ့အားသင့်နေခြင်းမရှိပေ။ ရှင်းကျင့်ကျိမှာလည်း တမူထူးခြားသည့် လူတစ်ယောက်ဖြစ်ရာ သူသည် အရည်အချင်းစမ်းသပ်ပွဲအား ကျော်ဖြတ်နိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က တွက်ထားပြီးသားဖြစ်သည်။ သို့သော် သူသည် ရှဲ့ဟေးရန်တစ်ယောက် အောင်မြင်သွားခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်နှင့် ရှင်းကျင့်ကျိတို့ နှစ်ယောက်အား ခေါင်းညိတ်ပြလိုက်ပြီးနောက် အခြားတစ်ဖက်သို့ လှည့်ကာ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။
သူ၏ ခြေလှမ်းများမှာ မြန်ဆန်နေခြင်း မရှိပါသော်လည်း နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ အမူအရာများ ပြောင်းလဲသွားရဆဲပင်။ ထို့ကြောင့် သူသည် နောက်သို့ ထပ်၍ ဆုတ်ခွာသွားလိုက်ပြီး အသံကုန်အော်ဟစ်လိုက်၏။
" ဝမ်ပေါင်လဲ့... "
ဝမ်ပေါင်လဲ့မှာ ဖြည်းညင်းစွာ လမ်းလျှောက်နေသည့်ပုံ ပေါ်ပါသော်လည်း နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့် စကားမဆုံးနိုင်ခင်မှာပင် သူ၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။
ထိုအချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ဘေးတွင်ရှိနေသော အစေခံအိုကြီးမှာ မျက်မှောင်ကြုတ်သွားပြီး ဝင်တားရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ချောင်းဟန့်လိုက်သည်။
ထို့ကြောင့် ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အစေခံအိုကြီးမှာလည်း ခေါင်းငုံ့ကာ ခြေလှမ်းများရပ်တန့်သွား၏။
နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ အော်ဟစ်မြည်တမ်းကာ မန္တန်လက်ကွက်များ ဖော်နေသည့်တိုင်အောင် အချည်းနှီးပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ ရှေ့၌ ပေါ်ပေါက်လာသည်နှင့် ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။
၎င်းမှာ သာမန် လက်သီးချက်တစ်ချက်သာ ဖြစ်ပါသော်လည်း အံ့ဩတုန်လှုပ်ဖွယ်ရာစွမ်းအားများ ကိန်းအောင်းနေဆဲပင်။ ထို့ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲ၌ ထစ်ချုန်းသံများ ပြည့်နှက်သွားပြီး တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် ၎င်းမှာ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အရာအားလုံးကို လွှမ်းခြုံသွားပြီး နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်၏ ရှေ့၌ ပေါက်ကွဲသွားတော့သည်။
နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ ပြန်လည်ခုခံတိုက်ခိုက်နိုင်စွမ်း မရှိပေ။ သူ၏ တိုက်ကွက်များအားလုံးမှာ ဝမ်ပေါင်လဲ့၏ လက်သီးချက်အောက်တွင် တစ်စစီ ကြေမွပျက်စီးသွားရသည်သာ ဖြစ်သည်။ နောက်ဆုံးတွင် ထို လက်သီးချက်မှာ သူ၏ ခန္ဓာကိုယ်အား ရိုက်ခတ်သွားသဖြင့် သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် သူ၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူသည် နောက်သို့ လွင့်ထွက်သွားတော့သည်။ သူ မီတာသုံးရာ အကွာသို့ ရောက်သွားချိန်တွင် နောက်ထပ်တစ်ကြိမ် ထပ်၍ သူ၏ ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြန်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း သဘာဝစည်းမျဉ်းဥပဒေသ အမျှင်အတန်းများ ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ သူ၏ စည်းမျဉ်းဥပဒေသများ မဟုတ်ဘဲ ဝမ်ပေါင်လဲ့၏ လက်သီးချက်ထဲ၌ ကိန်းအောင်းနေသည့် သဘာဝ စည်းမျဥ်းဥပဒေသများ၏ စွမ်းအားများ ဖြစ်ပေသည်။
ထို စည်းမျဉ်းဥပဒေသ အမျှင်အတန်းများမှာ မှုန်ဝါးဝါး ဖြစ်နေခဲ့ရာမှ ရှင်းလင်းပြတ်သားစွာ ပေါ်ပေါက်လာပြီး ယခုတွင် သူ၏ ခန္ဓာကိုယ်အား ရစ်ပတ်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ ဒဏ်ရာများမှာ ပို၍ပင် ဆိုးရွားလာရသလို သူ၏ ရှေးဟောင်းဂြိုဟ်၏ အခြေခံအုတ်မြစ်မှာလည်း တုန်ရီသွားရ၏။ ထို့နောက် ၎င်းမှာ အရောင် မှေးမှိန်စပြုလာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာတော့သည်။
နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ ရင်ခုန်နှုန်းများ မြန်ဆန်နေရပြီဖြစ်သလို မျက်နှာတစ်ခုလုံးမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေရပြီဖြစ်သည်။ သူသည် သူ၏ မျက်ဝန်းထဲမှ အံ့ဩမှင်တက်မှု အရိပ်အယောင်များကို ဖုံးကွယ်ထားနိုင်စွမ်းမရှိပါသော်လည်း သူ၏ ဒေါသစိတ်များကိုလည်း ချုပ်တည်းထားနိုင်စွမ်း မရှိတော့ပေ။
" မင်း ... "
" ပထမလက်သီးချက်က မင်း ငါ့ကို အရည်အချင်း စမ်းသပ်ပွဲထဲမှာ ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ငါ့ဘက်က ပြန်ပြီးတော့ အကြွေးဆပ်တာပဲ။ မင်း နောက်ထပ်စကားတစ်ခွန်း ထပ်ပြောမယ်ဆိုရင်တော့... ငါ မင်းကို သတ်ပစ်မယ် " ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်ပြီးနောက် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်အား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်၏။ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ ဝမ်ပေါင်လဲ့၏ အကြည့်အား မြင်လိုက်ရသည်နှင့် ရေခဲရေပုံးတစ်ပုံးဖြင့် ခေါင်းပေါ်မှ လောင်းချခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး သူ၏ သတ်ဖြတ်လိုစိတ်များကို မျိုသိပ်ကာ ပါးစပ်ပိတ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်အား လျစ်လျူရှုလိုက်ပြီးနောက် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားအား လှမ်းကြည့်လိုက်၏။ ထိုအခါ ထို တာအိုဂိုဏ်းသား၏ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။
သူသည် ဆုံးဖြတ်ချက်ပြတ်သားသူတစ်ယောက် ဖြစ်၏။ သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့၏ တိုက်ကွက်အား မြင်ခဲ့ရပြီးနောက် ၎င်းအား ရှောင်တိမ်းနိုင်မည်မဟုတ်သလို ခုခံတွန်းလှန်နိုင်စွမ်းလည်း ရှိမည်မဟုတ်ကြောင်း သိလိုက်ရသည်နှင့် သူ၏ လက်ဖဝါးဖြင့် သူ၏ ရင်ဘတ်အား အားပါပါ ထုနှက်လိုက်၏။ ထို့ကြောင့် သူ၏ ရင်ညွှန့်ရိုး ကျိုးသွားရပြီး အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ ထိုဒဏ်ရာမှာ ပြင်းထန်လွန်းလှသောကြောင့် သူသည် မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပေ။ သူ၏ ပါးစပ်ထဲမှလည်း သွေးများ စီးကျလာ၏။ သို့သော် သူသည် ထို အခြင်းအရာများကို ဂရုစိုက်နေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား လှမ်းကြည့်ကာ ဆိုလိုက်သည်။
" စောစောတုန်းက ငါ ပြုစားခံခဲ့ရလို့ မင်းကို အပြစ်လုပ်မိခဲ့တာပါ။ ငါ့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် တာအိုရောင်းရင်း "
သူ၏ ဒဏ်ရာများမှာ ပြင်းထန်သည့်ပုံ ပေါ်ပါသော်လည်း ၎င်းတို့မှာ သူ၏ အခြေခံအုတ်မြစ်အပေါ် အကျိုးသက်ရောက်မှု မရှိသောကြောင့် ဆေးလုံးများ သောက်သုံးလိုက်ရုံနှင့် ပျောက်ကင်းသက်သာသွားမည် ဖြစ်သည်။ ထို့ကြောင့်လည်း လူအများမှာ သူ့အား ဉာဏ်ပြေးသော လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်၏။ သူသည် အကယ်၍ ဝမ်ပေါင်လဲ့သာ သူ့အား တိုက်ခိုက်လိုက်မည်ဆိုပါက သူ၏ ခန္ဓာကိုယ်ထဲမှ ဂြိုဟ် တစ်စစီ ကြေမွသွားနိုင်ခြေမှာ ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိထား၏။ အကယ်၍ ထိုသို့သာဆိုပါက သူ၏ ဒဏ်ရာများအား ဆေးလုံးများနှင့် ပျောက်ကင်းအောင် ကုသ၍ ရတော့မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ သတ္တမအဆင့် တာအိုဂိုဏ်းသား၏ ဆုံးဖြတ်ချက်ပြတ်သားသော လုပ်ရပ်အား မြင်လိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။ သူသည် သူ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။ ထို့နောက် သူသည် အောက်တွင်ရှိနေသည့် အံ့သြမှင်တက်နေသော ကျင့်ကြံသူပေါင်း မြောက်မြားစွာ၏ ရှေ့တွင် မီးတောင်နှုတ်ခမ်းဝရှိ ကျွန်းဆီသို့ လျှောက်လှမ်းသွားလိုက်၏။ ဝမ်ပေါင်လဲ့မှာ ထိုကျွန်း၏ အနီးသို့ ရောက်သွားသည်နှင့် ပုံရိပ်တစ်ခုမှ မရှိသေးသော စားပွဲတစ်လုံးအား ရွေးချယ်လိုက်သည်။ သူသည် အောက်သို့ ချက်ချင်းထိုင်ချခြင်း မရှိဘဲ ကျွန်း၏ အလယ်၌ တင်ပျဥ်ခွေထိုင်နေသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား လှမ်းကြည့်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" ကောင်းကင်ဘုံဓမ္မသခင်ကြီးက အရင်တုန်းကအတိုင်း ခံ့ညားထည်ဝါနေတုန်းပါပဲ။ ကောင်းကင်ဘုံဓမ္မသခင်ကြီးရဲ့ သက်တမ်း မိုးကောင်းကင်ကြီးလောက် ရှည်ပါစေ "
သူ၏ စကားများကြောင့် အစေခံအိုကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ မျက်မှောင်ကြုတ်သွားရပြန်သည်။ သူသည် ဝမ်ပေါင်လဲ့အား ဆူပူကြိမ်းမောင်းရန် ပြင်လိုက်ပါသော်လည်း ထိုအချိန်တွင် သူ၏ နှလုံးသားတစ်ခုလုံးအား တုန်ရီသွားစေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
တင်ပျဥ်ခွေထိုင်နေသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ... မတ်တပ်ထလာပြီးနောက် ဝမ်ပေါင်လဲ့အား ပြန်၍ ဦးညွှတ်အရိုအသေပေးလိုက်ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် အစေခံအိုကြီးသာမက ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများအားလုံးပါ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။
ဝမ်ပေါင်လဲ့မှာမူ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြီးမှ အောက်သို့ထိုင်ချလိုက်၏။ သူ အောက်သို့ ထိုင်ချလိုက်သည်နှင့် သူ၏ ရှေ့တွင်ရှိနေသည့် စားပွဲမှာ မှုန်ဝါးဝါး ဖြစ်သွားပြီး အလင်းတန်းတစ်ခုမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။ ၎င်းမှာ အခြားပုံရိပ် ရှစ်ဆယ့်ကိုးခုဆီမှ ထွက်ပေါ်နေသည့် အလင်းတန်းများနှင့်အတူ ဝင်းလက်တောက်ပနေ၏။ ရှဲ့ဟေးရန်နှင့် ရှင်းကျင့်ကျိတို့မှာလည်း သူတို့၏ နှလုံးသားများထဲ၌ ပေါ်ပေါက်လာသည့် အံ့သြတုန်လှုပ်မှုများကို ချုပ်တည်းကာ အခြား စားပွဲများဆီသို့ ပျံသန်းလာကြပြီး ကောင်းကင်ဘုံဓမ္မသခင်ကြီးအား အရိုအသေပေးလိုက်ကြသည်။
သူတို့နှစ်ယောက်၏ အလင်းတန်းများ ကောင်းကင်ပေါ်သို့ ထိုးတက်သွားချိန်တွင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားနှင့် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်တို့မှာလည်း စားပွဲများဆီသို့ တိတ်တဆိတ် ရောက်ရှိလာကြပြီး အရိုအသေပေးလိုက်ကြ၏။
သို့သော်... ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ သူတို့လေးယောက်ကိုမူ ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး အောက်သို့ ပြန်ထိုင်သွား၏။ ထို အပြုအမူမှာ သူ မတ်တတ်ထလာပြီး ဝမ်ပေါင်လဲ့အား ပြန်၍ ဦးညွှတ်အရိုအသေပေးခဲ့သည့် အပြုအမူနှင့် ယှဉ်လိုက်ပါက မိုးနှင့်မြေလို ကွာခြားနေသည် မဟုတ်ပါလော။