ဖြန်း
Vol. 79 Ch. 1090
ထို ကျင့်ကြံသူငါးယောက် အသီးသီး နေရာယူပြီးသွားကြချိန်တွင် မွေးနေ့ပွဲကြီးမှာ ဝမ်ပေါင်လဲ့ကြောင့် အနည်းငယ် ထူးဆန်းလာရ၏။ လူတိုင်းမှာ ကောင်းကင်ဘုံဓမ္မသခင်ကြီးအား အာရုံစိုက်နေရမည် ဖြစ်ပါသော်လည်း ယခုတွင်မူ မီးတောင်ဝ ပတ်ပတ်လည်၌ ရပ်နေကြသည့် သားရဲကြီးများပေါ်ရှိ ကျင့်ကြံသူ တစ်ဝက်ကျော်မှာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေကြပြီဖြစ်သည်။
ထို ကျင့်ကြံသူများထဲတွင် အရည်အချင်း စမ်းသပ်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများသာမက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသော ကျင့်ကြံသူများလည်း ပါ၏။ ရှုယင်လင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး အကောင်းတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည့် ချန်ဟန်းတို့မှာလည်း ထိုကျင့်ကြံသူများ၏ ကြားတွင် ရှိနေသည်။ သို့သော် အခြားသူများနှင့်ယှဉ်လိုက်ပါက သူတို့မှာ ယခုလိုဖြစ်နေရသည့် အကြောင်းရင်းကို ကောင်းကောင်းကြီး နားလည်ထားကြသည်။
" အဖေကတော့ အဖေပါပဲ။ အံ့သြဖို့ကောင်းလှပါပေတယ် " ချန်ဟန်းမှာ စိတ်ထဲတွင် ထိုသို့တွေးကာ သက်ပြင်းချလိုက်၏။ သူသည် ယခုအကြိမ် လူပြန်ဝင်စားလာခဲ့ရသည့် အကြောင်းရင်းမှာ သူ၏ အဖေအား ရှာတွေ့နိုင်ရန်ဖြစ်ကြောင်း ယုံကြည်နေသည်။
ရှုယင်လင်းမှာမူ ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံး တုန်ရီနေ၏။ သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် ဒဿမအတိတ်ဘဝထဲသို့ ရောက်သွားသည်ကို ကြည့်နေခဲ့ရစဉ်တုန်းက နှလုံးသားထဲ၌ ပေါ်ပေါက်လာခဲ့သည့် ခံစားချက်များအား ပြန်၍သတိရသွား၏။ ထိုစဉ်တုန်းက သူသည် စကြဝဠာကြီး တစ်ခုလုံး၏ ဗဟိုချက်ဖြစ်နေသည့်ပုံ ပေါက်နေခဲ့သည်မဟုတ်ပါလော။ ထို ခံစားချက်များကြောင့် သူမသည် အသက်ရှုသံများ မြန်ဆန်လာပြီး မျက်နှာတစ်ခုလုံး နီမြန်းလာရတော့သည်...
သားရဲကြီးများပေါ်မှ ကျင့်ကြံသူများသာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေကြခြင်းမဟုတ်ပေ။ မီးတောင်ကြီး၏ အထက်ရှိ ကျွန်းပေါ်၌ ထိုင်နေသော ရှဲ့ဟေးရန်နှင့် ရှင်းကျင့်ကျိတို့မှာလည်း ထိုနည်းတူပင်။
ရှဲ့ဟေးရန်မှာ အခြားသူများနည်းတူ အံ့သြတုန်လှုပ်နေရ၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့အကြောင်း အခြားသူများထက်ပို၍ သိရှိထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်နှင့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့်တာအိုဂိုဏ်းသားနှစ်ယောက် မဟာရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား သတိကြီးကြီးထား၍ ထိုင်နေသည်ကို မြင်လိုက်ရသောအခါ အခြေအနေအား အနည်းနှင့်အများ ရိပ်စားမိသွား၏။
သူသည် ကိုယ့်အားကိုယ်ကိုး၍ သူ၏ အတိတ်ဘဝများအား နားလည်အောင်လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါသော်လည်း သူ အောင်မြင်သွားခဲ့ရသည့် အဓိက အကြောင်းရင်းမှာမူ သူ ရှိနေခဲ့သည့် နေရာမှာ အလွန်အင်မတန်မှ ချောင်ကျနေခဲ့သောကြောင့် ဖြစ်ပေသည်။ သို့ဖြစ်ရာ သူသည် ကံကောင်း၍ အောင်မြင်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။
" ငါ ဦးလေးဆရာပေါင်လဲ့ကိုတော့ မယှဉ်နိုင်သေးပါဘူး... သူက တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ။ စောစောတုန်းက သူ ထုတ်လွှတ်ခဲ့တဲ့ တိုက်ကွက်ကိုကြည့်ရင် သူ့ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားတွေက မယုံနိုင်လောက်အောင်ကို တိုးတက်သွားခဲ့တာပဲ " ရှဲ့ဟေးရန်မှာ စိတ်ထဲတွင် ရေရွတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ ဘေး၌ ယခင်တုန်းကအတိုင်း ဆက်၍ လိုလေသေးမရှိ အသုံးတော်ခံရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ သူ၏ ဖခင် ရင်ဆိုင်နေရသည့် အခက်အခဲကြီးမှာ ပြေလည်သွားမည် ဖြစ်သည်။
အနက်ရောင်ဝတ်ရုံတစ်ခုအား ဆင်မြန်းထားပြီး နောက်ကျောတွင် ဓားရှည်ကြီးတစ်လက်လွယ်ကာ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်နေသည့် ရှင်းကျင့်ကျိမှာမူ အမူအရာမပျက် တည်ကြည်မှုအပြည့် ရှိနေဆဲပင်။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အား တိုက်ခိုက်လိုစိတ် အရိပ်အယောင်များ တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်နေသေးသည်။ သို့သော် သူ၏ မျက်ဝန်းများထဲတွင် အန္တရာယ်ပြုလိုစိတ်များ လုံးဝ မရှိပေ။
လူအများက နတ်ဆိုးဓားတစ်လက်အဖြစ် သတ်မှတ်ထားကြသည့် သူ၏ နောက်ရှိ ဓားရှည်ကြီးမှာ သူ၏ တိုက်ခိုက်လိုစိတ်များကို အာရုံခံမိနေသည့်အလား စတင်တုန်ရီလာ၏။ သို့သော် ထို တုန်ရီမှုများကြောင့် ရှင်းကျင့်ကျိ၏ နှလုံးသားမှာလည်း ဆတ်ခနဲ တုန်ရီသွားရတော့သည်။
သူသည် ထို နတ်ဆိုးဓားကြီးနှင့် ဝိညာဉ်ချင်း ချိတ်ဆက်ထားပြီးသားဖြစ်ရာ ၎င်း ယခုလို တုန်ရီနေရသည်မှာ စိတ်လှုပ်ရှားမှုများကြောင့် မဟုတ်ဘဲ ကြောက်စိတ်များကြောင့်သာ ဖြစ်ကြောင်း ချက်ချင်း အာရုံခံမိလိုက်၏။
" ငါ့ရဲ့ နတ်ဆိုးဓားက ကြောက်လို့ တုန်နေတာပါလား... " ရှင်းကျင့်ကျိမှာ ထိုသို့ အာရုံခံမိလိုက်သည်နှင့် ဆွံ့အမှင်တက်သွားရပြီး အတွေးများထဲ၌ နစ်မျောသွားတော့သည်။
သူတို့သာလျှင် ဝမ်ပေါင်လဲ့အား အကဲခတ်နေကြသည်မဟုတ်ပေ။ ကျွန်းပေါ်ရှိ အခြား ပုံရိပ်များမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ကောင်းကင်ဘုံဓမ္မသခင်ကြီး ဝမ်ပေါင်လဲ့အား ပြန်၍ အရိုအသေပေးလိုက်သည်ကို မြင်လိုက်ရစဉ်ကတည်းက သူ့အား လှမ်းကြည့်လိုက်ကြသည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ အရည်အချင်းစမ်းသပ်ပွဲထဲသို့ ရောက်မသွားခဲ့ခင်တုန်းက ထိုပုံရိပ်ကြီးများမှာ စိတ်ကူးများနှင့် မမှန်းဆနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်နေသည်ဟု ခံစားခဲ့ရ၏။ သို့သော် ယခုတွင်မူ ၎င်းတို့အပေါ် ထားရှိသည့် သူ၏ သဘောထားများမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် သက်ပြင်းချ၍ အတိတ်မှ ဖြစ်ရပ်များကိုသာ ပြန်လည် စဉ်းစားတွေတောနေလိုက်တော့သည်။
ထို့အပြင် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ဘေးရှိ အစေခံအိုကြီးမှာလည်း ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေ၏။ သူ၏ မျက်ဝန်းထဲတွင် နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပါသော်လည်း မွေးနေ့ဧည့်ခံပွဲစတင်တော့မည်ဖြစ်ရာ ထိုအကြောင်းများ စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းကာ သူ၏ ရှေးဆန်ဆန်စကားသံကြီးဖြင့် အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားအောင် အော်ပြောလိုက်တော့သည်။
" မွေးနေ့ဧည့်ခံပွဲ စမယ် "
ထိုအခါ ကောင်းကင်ယံထဲမှ နတ်တေးဂီတသံများ ထွက်ပေါ်လာ၏။ ထိုသံစဥ်များမှာ နူးညံ့သိမ်မွေ့ကာ သာယာနာပျော်ဖွယ်ကောင်းပြီး တစ်ဂြိုဟ်လုံးပေါ်၌ ပဲ့တင်ထပ်နေ၏။ ၎င်းတို့အား ကြားလိုက်ရသည့် လူတိုင်းမှာ သဘာဝသံစဉ်များထဲ၌ မျောလွင့်သွားသည့်အလား စိတ်နှလုံး တည်ငြိမ်အေးချမ်းသွားရသည်သာ ဖြစ်သည်။ ထို့နောက် ထို တေးဂီတသံများဖြင့် ဖွဲ့စည်းထားသည့်ပုံ ပေါ်သည့် နတ်သမီးလေးများ ထွက်ပေါ်လာကြ၏။ ၎င်းတို့မှာ နတ်သစ်သီးများနှင့် ဝိုင်အရက်များအား ကျွန်းများဆီသို့ ယူဆောင်လာကြပြီးနောက် စားပွဲများပေါ်၌ တရိုတသေ တင်လိုက်ကြသည်။
သားရဲကြီးများပေါ်မှ ကျင့်ကြံသူများမှာလည်း စိတ်မပျက်ရပေ။ လေပြည်လေညင်းလေးတစ်ချက် တိုက်ခတ်လာပြီး နတ်တေးဂီတသံများ ပျံ့လွင့်လာသည်နှင့် နတ်သစ်သီများနှင့် ဝိုင်အရက်များမှာ သူတို့၏ ရှေ့၌ ပေါ်ပေါက်လာကြ၏။ ထို့ကြောင့် ခဏအကြာတွင် မွေးနေ့ပွဲကြီးမှာ စည်ကားသိုက်မြိုက်သွားတော့သည်။ ထို့နောက် ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ပျံထွက်လာကြပြီး ကောင်းကင်ဘုံဓမ္မသခင်ကြီးအား သူတို့ ယူဆောင်လာသည့် မွေးနေ့လက်ဆောင်များ ဆက်သလိုက်ကြ၏။
ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ အမြဲတမ်း ပြုံးနေသလို ကျွန်းပေါ်ရှိ ပုံရိပ်များမှာလည်း မကြာခဏဆိုသလို မတ်တတ်ထလာကြပြီး အရက်ခွက်များ ပြိုင်တူမြှောက်၍ သူ့အား မွေးနေ့ဆုမွန်ကောင်း ဆုတောင်းပေးနေကြသည်သာ ဖြစ်သည်။ အကယ်၍ ၎င်းတို့အားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်သည်ဟု ကောင်းကင်ဘုံဓမ္မသခင်ကြီး ပြောခဲ့သည့်စကားကြောင့်သာ မဟုတ်ပါက ထိုအချက်အား သတိထားမိနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေလောက်ပေသည်။
" ပုံရိပ်ယောင်တွေ ဟုတ်ချင်မှဟုတ်မှာ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူ ထို ပုံရိပ်များအား လှမ်းကြည့်လိုက်ချိန်တွင် ၎င်းတို့မှာလည်း သူ့အား ပြန်ကြည့်ကာ အပြုံးမျက်နှာများဖြင့် ၎င်းတို့၏ အရက်ခွက်များကို မြှောက်ပြလိုက်ကြသည်သာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း သူ၏ အရက်ခွက်အား ပြန်မြှောက်ပြလိုက်ပြီး ဝိုင်အရက်အား ဖြည်းဖြည်းချင်း အရသာခံသောက်လိုက်၏။ နောက်ဆုံးတွင် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား လှမ်းကြည့်လိုက်သည်။ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာလည်း ဝမ်ပေါင်လဲ့၏ အကြည့်အား သတိထားမိသွားသည့်အလား သူ့ဘက်သို့ လှည့်ကာ ပြန်ကြည့်လိုက်၏။
ထို့ကြောင့် သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ မျက်ဝန်းများကို စိုက်ကြည့်နေရင်း အနည်းငယ် ရီဝေဝေဖြစ်သွားပြီး သူ၏ရှေ့၌ ပုံရိပ်ယောင် မြင်ကွင်းတစ်ခုအား မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် သမင်ဖြူလေး၏ ကမ္ဘာထဲသို့ ပြန်လည်ရောက်ရှိသွားသည့် အလားပင်။ မြို့တော်သခင်ကြီး၏ အိမ်နောက်ဖေးဥယျာဉ်ထဲတွင် လူဝံအိုကြီးမှာ တောင်တစ်လုံးပေါ်တွင် ထိုင်နေ၏။ ၎င်း၏ ပတ်ပတ်လည်တွင်မူ ၎င်းအား မွေးနေ့ဆုမွန်ကောင်း တောင်းပေးနေကြသည့် ရှားပါးသားရဲကြီးများကို မြင်နိုင်ပေသည်။
" မတွေ့ရတာ ကြာပြီနော် " ဝမ်ပေါင်လဲ့မှာ ရီဝေဝေဖြစ်နေရာမှ အမြင်အာရုံများ ပြန်လည်ကြည်လင်ပြတ်သားသွားသည်နှင့် အသက်ပြင်းပြင်းရှူကာ နှုတ်ဆက်လိုက်၏။ သူ၏ စကားသံမှာ အလွန်အင်မတန်မှ တိုးလွန်းနေသောကြောင့် အခြားသူများမှာ မကြားနိုင်ပေ။ သို့သော်လည်း ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာမူ ထို စကားသံအား ကြားနိုင်စွမ်းရှိနေသောကြောင့် သူ၏ မျက်နှာပေါ်၌ အဓိပ္ပါယ်ပါသော အပြုံးတစ်ပွင့်ပေါ်ပေါက်လာ၏။ ထို့နောက် သူ၏ နှုတ်ခမ်းများမှာ အသာအယာ လှုပ်ရှားသွားပြီး သူသည် ဝမ်ပေါင်လဲ့တစ်ယောက်သာ ကြားနိုင်သည့် စကားသံတစ်မျိုးဖြင့် လှမ်းပြောလိုက်တော့သည်။
" ပြန်လည်ကြိုဆိုပါတယ် "
ထိုအခါ ဝမ်ပေါင်လဲ့မှာ ပြုံးလိုက်ပြီး စကားတစ်ခွန်းမှ ဆက်မပြောတော့ပေ။ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာလည်း အသာအယာ ခေါင်းယမ်းကာ ပြုံးလိုက်ပြီး သူ၏ အကြည့်အား ပြန်လည် ရုပ်သိမ်းလိုက်၏.... ထိုသို့ဖြင့် မွေးနေ့ဧည့်ခံပွဲ ပြီးဆုံးသွားတော့မည့်အချိန်သို့ ရောက်လာပြီး အနီရောင် နေမင်းကြီးမှာလည်း မိုးကုပ်စက်ဝိုင်းထဲသို့ တဖြည်းဖြည်းနှင့် ဝင်သွားနေပြီဖြစ်သည်။ ထိုအချိန်တွင်... ဝမ်ပေါင်လဲ့ ရင်းရင်းနှီးနှီး သိနေသည့် လူတစ်ယောက်မှာ သူ့အား ဤနေရာသို့ ခေါ်ဆောင်လာပေးခဲ့သည့် မြွေကြီးပေါ်မှနေ၍ လေပေါ်သို့ ပျံတက်လာ၏။
" စန္ဒာကြယ်ဂိုဏ်းက လီဝမ်အာ ဂိုဏ်းခေါင်းဆောင်ကြီးကိုယ်စား ကောင်းကင်ဘုံဓမ္မသခင်ကြီးအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးပါရစေ။ ကောင်းကင်ဘုံဓမ္မသခင်ကြီး လမင်းကြီး၊ နေမင်းကြီးနဲ့ စကြဝဠာကြီးလို ထာဝရ အသက်ရှည်နိုင်ပါစေ။ ကံကြမ္မာစာအုပ်ထဲက စာမျက်နှာတွေလိုမျိုး အရာအားလုံးကို လက်ခံနိုင်ပါစေ "
ထိုစကားများကို ဆိုလိုက်သူမှာ လီဝမ်အာဖြစ်သည်။ သူမသည် အပြာရောင် ဝတ်စုံတစ်ခုကို ဆင်မြန်းထား၏။ သူမ၏ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခု တပ်ထားသောကြောင့် မည်သူမှ သူမ၏ မျက်နှာကို မမြင်နိုင်ပါသော်လည်း တက်ကြွမှုအပြည့်ရှိသော သူမ၏ စကားသံများမှာ အာရုံဖမ်းစားနိုင်စွမ်း ရှိနေဆဲပင်။ ထို့အပြင် လေထဲ၌ တလူလူလွင့်နေသည့် သူမ၏ ဆံပင်ရှည်များနှင့် သူမဆီမှ ထွက်ပေါ်လာနေသည့် ကြော့ရှင်းမှုအပြည့်ရှိသော အငွေ့အသက်များကြောင့်လည်း သူမ၏ ပုံပန်းသွင်ပြင်မှာ တမူထူးခြားနေတော့သည်။
သူမ၏ နှုတ်မှ ထွက်ပေါ်လာသည့် စကားများမှာလည်း ရိုးရှင်းမှုမရှိဘဲ အဓိပ္ပါယ်လေးနက်မှုအပြည့် ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ သူမ ပြောခဲ့သည့် နောက်ဆုံးစကားကို ကြားလိုက်ရချိန်တွင် အမူအရာများ ပြောင်းလဲသွားသည်။
ကံကြမ္မာစာအုပ်ထဲမှ စာမျက်နှာတစ်ခုချင်းစီတိုင်းမှာ ဘဝတခုကို ကိုယ်စားပြုသည် မဟုတ်ပါလော။ ထို စာမျက်နှာပေါ်၌ ရှိနေသည့်အရာများလုံးကို အမွေအနှစ်များအဖြစ် လက်ခံရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အရောင်တောက်ပနေသည့် မျက်ဝန်းများဖြင့် ခေါင်းမော့လာ၏။ သူသည် လီဝမ်အာအား တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား လှမ်းကြည့်လိုက်သည်။ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ရယ်မောလိုက်၏။
သူသည် ယခင်အကြိမ်တုန်းကလို ပြုံးနေခြင်းမဟုတ်ပဲ ရယ်မောနေခြင်းဖြစ်သည်။ သူ ထိုကဲ့သို့ ရယ်မောနေရသည့် အကြောင်းရင်းကိုမူ အတိအကျ မသိနိုင်ပေ။
ထိုသို့ဖြင့် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ တစ်ခဏမျှ ရယ်မောနေလိုက်ပြီးနောက် မေးလိုက်၏ " သမီးရဲ့ ခေါင်းဆောင်ကြီးက ဘာလို့ မလာတာလဲ "
ထိုအခါ လီဝမ်အာမှာ ဦးညွှတ်ကာ တရိုတသေ ပြန်ဖြေလိုက်သည် " ခေါင်းဆောင်ကြီးက တံခါးပိတ်ကျင့်စဉ်ထဲ ရောက်နေလို့ပါ။ နောက်ထပ် ခြောက်ဆယ့်ရှစ်နှစ်နေမှ ပြန်ထွက်လာမှာ "
" ဘာလို့ အလုပ်ရှုပ်ခံနေသေးတာလဲကွာ " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် သူ၏ အရက်ခွက်ကိုမြှောက်ကာ တစ်ကျိုက် မော့သောက်လိုက်သည်။ လီဝမ်အာမှာမူ လေထဲတွင် ရစ်ဝဲနေရင်း နောက်ထပ်တစ်ကြိမ် ဦးညွှတ်လိုက်၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် ဧရာမသားရဲကြီးဆီသို့ ပြန်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွားပြီး သူတို့နှစ်ယောက် အပြန်အလှန်ပြောခဲ့သည့် စကားများကို ပြန်လည် စဉ်းစားတွေးတောနေလိုက်၏။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ အခြား သားရဲကြီးတစ်ကောင်ပေါ်မှ နောက်ထပ် ကျင့်ကြံသူတစ်ယောက်မှာ ရှေ့သို့ ပျံထွက်လာသည်။ ထို ကျင့်ကြံသူမှာ တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံတစ်ခု ခြုံထားသဖြင့် သူ့အား ယောက်ျား မိန်းမခွဲခြားနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် သူပြောလိုက်သည့် စကားကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား လှမ်းကြည့်မိလိုက်ပြီး ရှုယင်လင်းမှာ တစ်ကိုယ်လုံးတုန်ရီသွားရ၏။
" မျိုးနွယ်စုခေါင်းဆောင်ကျိယွဲ့ရဲ့ ကိုယ်စား အမည်မဲ့အစေခံဆိုတဲ့ ကျွန်တော်မျိုး ကောင်းကင်ဘုံဓမ္မသခင်ကြီးကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးဖို့ ရောက်လာခဲ့တာပါ။ မျိုးနွယ်စုခေါင်းဆောင်က အရေးကြီးကိစ္စလေးတချို့ ပေါ်လာတာမလို့ ဒီကို ရောက်မလာနိုင်ခဲ့တာပါ။ သူ ကောင်းကင်ဘုံဓမ္မသခင်ကြီးကို မေးခွန်းတစ်ခု မေးပေးဖို့ ကျွန်တော်မျိုးကို မှာခဲ့ပါတယ် "
" သူက သိပ်မကြာသေးခင်တုန်းက သူ့ရဲ့ မှတ်ဉာဏ်အချို့ကို ပြန်ရခဲ့တယ်လို့ ပြောတယ်။ အဲတာ ကျန်နေသေးတဲ့ နောက်ထပ် မှတ်ဉာဏ်တွေကို ဘယ်အချိန်မှာ ပြန်ရမလဲဆိုပြီးတော့ ကျွန်တော်မျိုးကို မေးခိုင်းခဲ့တာပါ "
" နောက်ထပ် ခြောက်ဆယ့်ရှစ်နှစ်နေရင် ပြန်ရလိမ့်မယ် " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ တည်ကြည်စွာဆိုလိုက်၏။
" ကျေးဇူးအများကြီးတင်ပါတယ် ကောင်းကင်ဘုံဓမ္မသခင်ကြီးခင်ဗျား။ ပြီးတော့ မျိုးနွယ်စုခေါင်းဆောင်က ဒီနေရာမှာရှိတဲ့ လူတစ်ယောက်ကို ခေါ်လာဖို့ မှာလိုက်သေးတယ် " အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကြီးမှာ ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ရှုယင်လင်းအား လှမ်းကြည့်၍ ဆိုလိုက်၏။
ရှုယင်လင်းမှာမူ အသက်ရှူသံများ လေးလံနေပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။ ခဏကြာတွင် သူမသည် မတ်တတ်ထလာပြီး အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကြီးဆီသို့ ဦးတည်ပျံသန်းသွား၏။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင်မူ ရုန်းကန်နေသည့် အရိပ်အယောင်များကို အထင်အရှား မြင်နိုင်ပေသည်။ ထို့အပြင် သူမသည် အကူအညီတောင်းနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့ ရှိရာဘက်သို့ လှမ်းကြည့်နေသေးသည်။
ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ မျက်မှောင်ကြုတ်သွားပါသော်လည်း သူမအား တားဆီးခဲ့ခြင်းမရှိပေ။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများမှေးသွားသည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် လက်ထဲမှ အရက်ခွက်အား သူ၏ ရှေ့တွင်ရှိနေသည့် စားပွဲပေါ်သို့ အသာအယာ ချလိုက်၏။ ထိုအချိန်တွင် သူ၏ ညာဘက်လက်မှာ ထို အရက်ခွက်အား အနက်ရောင် သစ်သားပျဉ်ပြားလေးတစ်ချောင်းအဖြစ် အလိုလို ပြောင်းလဲလိုက်သည့်အလားပင်။ ၎င်းမှာ တစ်ခဏမျှသာ ပြောင်းလဲသွားခြင်း ဖြစ်ပါသော်လည်း စားပွဲပေါ်သို့ ကျသွားချိန်တွင် ကြည်လင်ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာတော့သည်။
ဖြန်း...
ထိုအခါ အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး အုန်းခနဲမြည်သံတစ်သံ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်မှာမူ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး လေထဲ၌ လွင်ပါးပျောက်ကွယ်သွားသည်။ ကောင်းကင်ယံထဲ၌ ရစ်ဝဲနေဆဲဖြစ်သည့် ရှုယင်လင်းမှာမူ ဆတ်ခနဲ တုန်ရီသွားပြီး ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာ၏။ သူမသည် သူမ၏ ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရှိသွားသည်နှင့် ကျေးဇူးတင်လိုသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။