← Chapters

နတ်ဘုရားတစ်ပါးအဖြစ်အား စွန့်လွှတ်ခြင်း

Vol. 79 Ch. 1091

နတ်ဘုရားတစ်ပါးအဖြစ်အား စွန့်လွှတ်ခြင်း

Vol. 79 Ch. 1091

" အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် တာအိုရောင်းရင်း "

ရှုယင်လင်းတစ်ယောက် ထိုသို့ ဦးညွှတ်အရိုအသေပေးလိုက်ချိန်တွင် သားရဲ သုံးဆယ့်ကိုးကောင်ပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာလည်း အမူအရာများ ပြောင်းလဲသွားကြပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ကြ၏။

သူတို့မှာ အံ့သြတုန်လှုပ်နေကြပြီး အများစုမှာဆိုလျှင် ရီဝေဝေ ဖြစ်နေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့အား စားပွဲအား ရိုက်လိုက်ရာမှ ထွက်ပေါ်လာသည့် အသံထဲ၌ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် စွမ်းအားတစ်မျိုး ကိန်းအောင်းနေ၏။ သို့ဖြစ်ရာ ၎င်းမှာ သဘာဝစည်းမျဉ်းဥပဒေသများအပေါ်တွင် အကျိုးသက်ရောက်နိုင်စွမ်း ရှိနေရုံသာမက လူများ၏ ဝိညာဉ်များကိုပါ တုန်ရီသွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည့်အလားပင်။

ထိုအသံအား ကြားလိုက်ရသည့်လူတိုင်းမှာ သူတို့၏ ဝိညာဉ်များ တုန်ရီသွားသည်ကို ခံစားမိလိုက်၏။ ထို့အပြင် သူတို့မှာ အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကြီး ထိုအသံကြောင့် ပျက်စီးပျောက်ကွယ်သွားရသည်ကိုလည်း မြင်လိုက်ရသေးသည်။ ထိုမြင်ကွင်းကြောင့် သူတို့၏ နှလုံးသားများထဲ၌ လေးစားကြည်ညိုစိတ်များ အလိုလိုပေါ်ပေါက်လာ၏။ တစ်ချိန်ထဲမှာပင် သူတို့မှာ သံသယများ ဝင်လာကြတော့သည်။

" ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က... တစ်ခုခုတော့ ထူးဆန်းနေပြီ "

" သူ အရည်အချင်းစမ်းသပ်ပွဲထဲကနေ ထွက်လာတဲ့ အချိန်ကတည်းက အရင်တုန်းကနဲ့ လုံးဝမတူတော့ဘဲ ပြောင်းလဲသွားခဲ့တာ။ ငါ ဘာလို အဲဒီလို ခံစားနေရတာလဲ။ သူ့ဆီမှာ ထူးဆန်းတဲ့ အငွေ့အသက်တစ်မျိုး ရှိနေတယ် "

" ဝမ်ပေါင်လဲ့က အရင်တုန်းကတည်းက အစွမ်းထက်နေတာ မှန်ပေမဲ့ ငါတို့ထက် အများကြီးပိုပြီးတော့ အစွမ်းမထက်ပါဘူး။ ဒါပေမဲ့ အခု ငါ သူ့ကို ကြည့်လိုက်တဲ့အချိန်တိုင်း ဂိုဏ်းတစ်ဂိုဏ်းရဲ့ အစွမ်းထက် အကြီးအကဲတစ်ယောက်ကို ကြည့်နေသလိုမျိုး ခံစားနေရတာ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အဲဒီ အဆင့်အထိ မရောက်သေးပါဘူးဟ "

" ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က သူ့ရဲ့ အတိတ်ဘဝတွေထဲမှာ စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ အတွေ့အကြုံမျိုးတွေ ရခဲ့တာပဲဖြစ်ရမယ် "

ကျင့်ကြံသူများအားလုံး ကယောင်ချောက်ချား ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့ ကိုယ်တိုင်မှာလည်း ထိုအသံကြောင့် အံ့အားသင့်သွားရ၏။ ထို့ကြောင့် သူသည် ခေါင်းငုံ့ကာ စားပွဲအား ရိုက်လိုက်သည့်လက်ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ သူ၏ အတိတ်ဘဝများထဲမှ ပုံရိပ်များမှာ သူ၏ အသိစိတ်ထဲ၌ တစ်ခုပြီးတစ်ခု ပြန်လည်ပေါ်ပေါက်လာ၏။

ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား နားလည်သွားတော့သည်။

ယခုတွင် သူသည် အလွန်အင်မတန်မှ ထူးခြားသော အနေအထားတစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။ သူသည် သူ၏ အတိတ်ဘဝငါးခုအား နားလည်သွားခဲ့ပြီဖြစ်ရာ သူ၏ ဝိညာဉ်မှာ သံသရာတစ်ပတ် လည်သွားပြီဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ သို့ဖြစ်ရာ သူ့အား ထာဝရရှင်သန်နေမည့် လူတစ်ယောက်အဖြစ် သတ်မှတ်ခြင်းပင်လျှင် ပုံကြီးချဲ့ရာကျနေမည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သေခြင်းတရားမှာ သူ့အတွက် အဆုံးသတ် မဟုတ်တော့သောကြောင့်ပင်။ သူသည် သူ၏ နောက်ဘဝထဲတွင်လည်း အသက်ဆက်ရှိနေဦးမည် ဖြစ်ပါသော်လည်း သူ၏ ပတ်ပတ်လည်ရှိ အရာအားလုံးမှာမူ ပြောင်းလဲသွားမည် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားနေခြင်း မရှိလျှင်တောင် သူ့ဘက်မှ ဤကမ္ဘာကြီးထဲရှိ ကံကြမ္မာစွမ်းအားများနှင့် ထိတွေ့ခြင်း မရှိသရွေ့ မည်သူကမှ သူ့အား သတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ထိုသို့ဖြစ်လာနိုင်ရန် သူ့ဘက်မှ ပြန်လည်ပေးဆပ်ရမည့် အဖိုးအခမှာ အရာအားလုံးကို ဂရုမစိုက်ဘဲ ဥပေက္ခာပြုထားရန် ဖြစ်သည်။ သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး ပျက်စီးသွားပြီး အသစ်ပြန်လည်ပေါ်ပေါက်လာသည့်မြင်ကွင်းများ၊ ကြယ်တာရာများ မှေးမှိန်သွားသည့် မြင်ကွင်းများနှင့် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသည့် မြင်ကွင်းများကို လက်ပိုက်ကြည့်နေရမည် ဖြစ်သည်။

သို့ဖြစ်ရာ သူသည် ဤ ကမ္ဘာကြီးတစ်ခုလုံးထဲရှိ သက်ရှိများအားလုံး သေဆုံးပျောက်ကွယ်သွားသည့် နောက်ဆုံးအချိန်အထိ အစွမ်းထက် နတ်ဘုရားတစ်ပါးကဲ့သို့ အရာအားလုံးကို တိတ်တဆိတ်စောင့်ကြည့်နေရမည် ဖြစ်သည်။

၎င်းမှာ လမ်းစဉ်တစ်ခုဖြစ်သလို တစ်ဘဝလုံးနှင့် သက်ဆိုင်သည့် ရွေးချယ်မှုတစ်ခုလည်း ဖြစ်၏။

" ဒီ လမ်းစဉ်က... ငါ့အတွက် သင့်တော်မှု ရှိပါ့မလား " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်ကာ မျက်လုံးများမှိတ်လိုက်၏။

ယခုတွင် မီးတောင်အထက်ရှိ ကျွန်းပေါ်တွင် ရှိနေကြသော ပုံရိပ်များအားလုံးနှင့် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြပြီဖြစ်သည်...

ထို ပုံရိပ်ရှစ်ဆယ့်ကိုးခုစလုံးမှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပနေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာလည်း တစ်ခဏမျှ မှုန်ဝါးဝါးဖြစ်သွားသေးသည်။ သို့သော် ထို အခြင်းအရာများမှာ မြန်ဆန်လွန်းနေသောကြောင့် မည်သူမှ သတိမထားမိလိုက်ပေ။

သို့သော်လည်း ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာမူ သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် မျက်လုံးများမှေးသွားရပြီး မျက်ဝန်းများထဲ၌ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား သေသေချာချာ စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူ၏ နှုတ်ခမ်းမှာ လှုပ်ရှားသွားခြင်းမရှိပါသော်လည်း သူ၏ နတ်ဘုရားအာရုံမှာမူ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။

" မင်း ဒီကမ္ဘာကြီးထဲကို ပြန်ရောက်လာခဲ့ပြီးတဲ့နောက်မှာ မင်းကို နတ်ဘုရားတစ်ပါးလို့တောင် ခေါ်လို့ရနေပြီဆိုတာ သိလား။ မင်းက အရင်တုန်းကနဲ့ လုံးဝ မတူတော့ဘူးနော် "

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ပွင့်လာပြီး တည်ကြည်စွာ ပြန်ဖြေလိုက်၏ " သိပါတယ်။ ကျွန်တော့်ရဲ့ ဝိညာဉ်က ထာဝရရှင်သန်နေမှာဖြစ်သလို ကျွန်တော်ကလည်း ထပ်တလဲလဲ လူပြန်ဝင်စားနေမယ့် နတ်ဘုရားတစ်ပါး ဖြစ်နေပြီ "

" မင်း သိပြီးသားဆိုရင် ဘာလို့ ကံကြမ္မာစွမ်းအားတွေနဲ့ ထိတွေ့လိုက်ရတာလဲ။ ငါ့လိုမျိုး ကမ္ဘာကြီးတစ်ခုလုံးကို ဥပေက္ခာပြုထားရင် ဘာ ကံကြမ္မာစွမ်းအားနဲ့မှ ကြုံရမှာမဟုတ်ဘူး။ ကမ္ဘာကြီးပြောင်းလဲသွားတာကို စောင့်ကြည့်ရင်း ခြောက်ဆယ့်ရှစ်နှစ် ကုန်သွားပြီး ဘဝအသစ်ပြန်စမယ့်အချိန်ကို စောင့်တာ အကောင်းဆုံး မဟုတ်ဘူးလား "

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွား၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ထိုစကားများကို ကြားလိုက်ရပါက မည်သည့်အရာကိုမှ နားလည်မည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် ကောင်းကင်ဘုံဓမ္မသခင်ကြီး ပြောနေသည့်စကားများကို နားလည်ပေသည်။

သို့သော် သူသည် လက်မခံလိုပေ။ သူသည် သူ၏ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမနှင့် နဝမအတိတ်ဘဝများထဲ၌ ရှိနေခဲ့စဉ်တုန်းကအတိုင်း သူ ရောက်နေသည့် ကမ္ဘာကြီး၏ အပြင်ဘက်သို့ ပြေးထွက်ကာ ပြင်ပကမ္ဘာကြီးအား လေ့လာကြည့်ရှုချင်စိတ်များ ရှိနေဆဲပင်။

သူသည် မည်သည့်အရာကိုမှ နားမလည်သည့် ဘဝကြီးထဲ၌ မနေချင်ပေ။ သူ၏ အတိတ်ဘဝများမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ သူသည် ၎င်းတို့ထဲ၌ ဆုံးဖြတ်ချက် မချနိုင်တော့ပါသော်လည်း လက်ရှိဘဝထဲတွင်မူ... ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိနေဆဲပင်။

သူသည် ကမ္ဘာကြီးအား ဥပေက္ခာပြုထားရသည့် လမ်းစဉ်အား မရွေးဘဲ နတ်ဘုရားတစ်ပါးအဖြစ်မှ သာမန်လူသားတစ်ယောက်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားပါက သူ့ဘက်မှ အများကြီး ပေးဆပ်ရနိုင်သည်ဖြစ်ကြောင်း စိတ်ထဲ၌ ခံစားနေရသည့်တိုင်အောင် ဂရုမစိုက်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ဘုံဓမ္မသခင်ကြီးအား လှမ်းကြည့်လိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံအား ထုတ်လွှတ်လိုက်၏။

" လူဝံအိုကြီး။ ခင်ဗျား မွေးနေ့ပွဲတွေ တစ်ကြိမ်ပြီးတစ်ကြိမ် ကျင်းပနေတာ ခဗျား ဒီကမ္ဘာကြီးထဲမှာ ရှိနေသေးတယ်ဆိုတဲ့ အချက်ကို သက်သေပြချင်လို့လား ဒါမှမဟုတ် ဒီကမ္ဘာကြီးထဲမှာ ရှိခဲ့ဖူးတယ်ဆိုတဲ့ အချက်ကို သက်သေပြချင်လို့လား "

ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ထိုမေးခွန်းအား ကြားလိုက်ရသောအခါ တစ်ခဏမျှ နှုတ်ဆိတ်သွား၏။

တစ်အောင့်ခန့်ကြာပြီးမှ သူသည် လေသံအောအောကြီးဖြင့် ပြန်ပြောလိုက်သည် " ဒီဘဝကြီးက အရင် ရှစ်ဆယ့်ကိုးဘဝနဲ့ မတူဘူးဆိုတာ မင်း သိလား... တကယ်လို့ မင်း ဒီဘဝထဲမှာ သေဆုံးသွားမယ်ဆိုရင်... ပြာကျပျက်စီးသွားပြီးတော့ အပြီးတိုင် ဇီဝိန်ချုပ်သွားတော့မှာလို့ ငါ ခံစားနေရတယ်။ ဒါပေမဲ့ မင်း ကံကြမ္မာစွမ်းအားတွေနဲ့ ထိတွေ့မှု မရှိဘူးဆိုရင်တော့ နောက်ဘဝတစ်ခု ထပ်ရမှာ "

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး သူ၏ နတ်ဘုရားအာရုံအား ပြန်လည် ထုတ်လွှတ်လိုက်ပြန်သည် " ဘာမှ မလုပ်ဘဲ လက်ပိုက်ကြည့်နေရတဲ့ ဘဝမျိုးထက် နောင်တကင်းတဲ့ ဘဝကိုပဲ လိုချင်ပါတယ် "

ထိုစကားများကြောင့် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ သက်ပြင်းချကာ ပြန်ပြောလိုက်၏ " ငါ နားမလည်ဘူး။ မင်းရဲ့ အတိတ်ဘဝထဲမှာ မင်း စကြဝဠာကြီးကို ခြေမွှဖျက်ဆီးဖြစ်ခဲ့တုန်းကလည်း ငါ နားမလည်ခဲ့ဘူး... မင်းကြောင့် ကျားလေးနဲ့ မြေခွေးလေးပါ ပြောင်းလဲသွားခဲ့ရတာ။ သူတို့နှစ်ယောက်စလုံးလည်း မင်းလိုပဲ ထွက်သွားခဲ့တာလေ။ ဒါပေမဲ့ ငါ မင်းကို မတားပါဘူး "

" ကျေးဇူးတင်ပါတယ် " ဝမ်ပေါင်လဲ့တစ်ယောက် ခေါင်းညိတ်ကာ ထိုသို့ပြန်ပြောလိုက်သောအခါ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ အကြည့်လွှဲသွား၏။

ဝမ်ပေါင်လဲ့မှာ ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် စကားပြောလိုက်ပြီးနောက် သူ၏ ပတ်ပတ်လည်၌ ဖြစ်ပျက်နေသည့် အရာများကို အာရုံစိုက်ထားခြင်းမရှိပေ။ ယခုတွင် သူသည် သူ၏ လက်ထဲမှ အရက်ခွက်ကိုမြှောက်ကာ တစ်ကျိုက် မော့သောက်လိုက်၏။ ထို့နောက် သူသည် သူ့ကို အရိုအသေပေးနေသည့် ရှုယင်လင်းအား တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။

" နင် သွားလို့ရပြီ "

သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်ခြင်းသာဖြစ်သည်။ သို့သော်လည်း သူ၏ နှုတ်မှ ထိုစကားသံ ထွက်ပေါ်လာချိန်တွင် မကြာသေးမီတုန်းက သူ အသုံးပြုလိုက်သည့် နတ်ဘုရားစွမ်းရည်နှင့် ရှုယင်လင်း၏ ရိုသေလေးစားမှု အပြည့်ရှိသော မျက်နှာအမူအရာများကြောင့် လူအများ၏ အမြင်တွင် သူသည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သည့်ပုံ ပေါက်လာတော့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာ သူထိုင်နေသည့် ကျွန်းပေါ်ရှိ အခြား ပုံရိပ်ကြီးများနှင့် ယှဉ်နိုင်စွမ်းမရှိပေ။ အမှန်အတိုင်းဆိုရလျှင် သူသည် ထာဝရကြယ်အဆင့်သို့ပင် မရောက်သေးပေ။ သို့သော်ငြားလည်း ဘေးပတ်ပတ်လည်တွင် ရှိနေသည့် လူတိုင်းမှာ သူသည် ထိုကျွန်းပေါ်တွင်သာ ထိုင်နေသင့်ကြောင်း ခံစားနေရ၏။ ထိုကဲ့သို့ ထူးဆန်းသော ခံစားချက်ကြီးကြောင့် သူတို့အားလုံး၏ နှလုံးသားများထဲ၌ လေးစားကြည်ညိုစိတ်များပင် ပေါ်ပေါက်လာရတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ဖြစ်လာအောင် တမင်လုပ်နေခြင်းမဟုတ်ပေ။ သူသည် သူ၏ အတိတ်ဘဝ ဆယ်ခုထဲမှ အတွေ့အကြုံများကို ရရှိခဲ့ပြီးနောက် အများကြီးပြောင်းလဲသွားခဲ့၏။ ထိုသို့ ပြောင်းလဲသွားခဲ့ရခြင်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုကြောင့်လည်း ဖြစ်သလို သူ ဤ ကမ္ဘာကြီးအား နားလည်သွားသည့်အချက်ကြောင့်လည်း ဖြစ်သည်။

စကြဝဠာကြီးထဲ၌ တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်ခဲ့သည့် ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင်တစ်ယောက်၏ ဘဝကြောင့်ဖြစ်စေ၊ ဖုတ်ကောင်မျိုးနွယ်စုဝင်တစ်ယောက်၏ ဘဝကြောင့်ဖြစ်စေ၊ မောက်မာဝင့်ကြွားသည့် နတ်ဆိုးဓား၏ ဘဝကြောင့်ဖြစ်စေ၊ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည့် ဘဝကြောင့်ဖြစ်စေ သူ၏ စိတ်နေစိတ်ထားများမှာ ပြောင်းလဲသွားခဲ့၏။ ထို့အပြင် သမင်ဖြူလေး၏ ဘဝနှင့် ကမ္ဘာကြီး၏ အပြင်ဘက်သို့ ခုန်ထွက်ကာ ခေါင်းတလားကြီးအား မြင်ခဲ့ရသည့် အချက်များကြောင့်လည်း သူသည် အများကြီး ပြောင်းလဲသွားခဲ့ရသည်။

သို့သော် ထိုပြောင်းလဲမှုများမှာ ရှေးဟောင်းနတ်ဝိဇ္ဇာကြီး၏ ဝိညာဉ်အကြွင်းအကျန်ဖြစ်သော စွန်းသဲ့၏ ဘဝထဲ၌ သူ ကြုံတွေ့ခဲ့ရသည့် အရာများကြောင့် ပေါ်ပေါက်လာသော ပြောင်းလဲမှုများနဲ့ လုံးဝမယှဉ်နိုင်ပေ။

ဝမ်ပေါင်လဲ့မှာ ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် အပြန်အလှန် စကားပြောခဲ့ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်။

သူသည် ထပ်တလဲလဲ လူပြန်ဝင်စားနေမည့် အတုအယောင် နတ်ဘုရားတစ်ပါး မဖြစ်လိုပေ။ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ဘဝကြီးတစ်ခုကိုသာ ပိုင်ဆိုင်လိုပေသည်။

သူ အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကြီးအား သတ်ဖြတ်ကာ ရှုယင်လင်းအား ကယ်တင်ခဲ့ရခြင်းမှာ ကျိယွဲ့အား ရှာတွေ့နိုင်ရန်အတွက် ဖြစ်ပေသည်။ သို့မဟုတ် ပို၍ တိတိကျကျ ဆိုရပါက ကျိယွဲ့တစ်ယောက် သူ့အား လာရှာရန်အတွက် ဖြစ်ပေသည်။

" ရှုယင်လင်း ငါးလေးတစ်ကောင် ဖြစ်သွားခဲ့တဲ့ နဝမဘဝထဲမှာ ကျိယွဲ့ သူ့ကို သတ်ပစ်ခဲ့ရတဲ့ အကြောင်းရင်းက ငါ သွေးနီရောင် ကင်းခြေများကြီးရဲ့အဖြေကို မကြားနိုင်အောင် တားဆီးဖို့ မဟုတ်လောက်ဘူး။ တိုက်ဆိုင်သွားတာပဲဖြစ်မှာ။ အဲတာမလို့ လက်ရှိမှာ သွေးနီရောင် ကင်းခြေများကြီးနဲ့ ပတ်သတ်တဲ့ သဲလွန်စဆိုလို့... ကျိယွဲ့တစ်ယောက်ပဲ ရှိတော့တယ် " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ အရောင်လက်သွား၏။ သူ သူ၏ အတိတ်ဘဝများထဲ၌ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးထဲတွင် ထို သွေးနီရောင် ကင်းခြေများကြီးမှာ သူ သတိအထားအခဲ့ရဆုံးအရာ ဖြစ်သည်။

ထို သွေးနီရောင် ကင်းခြေများကြီး ကိုယ်စားပြုသည့်အရာမှာ သက်မဲ့စ္စည်းတစ်ခု ဖြစ်နိုင်ပါသော်လည်း သက်ရှိလူတစ်ယောက် ပိုဖြစ်နိုင်ပေသည်။ လက်ရှိတွင် ဝမ်ပေါင်လဲ့ဆီ၌ သဲလွန်စ တစ်ခုမှမရှိသလို မျက်နှာဖုံးထဲရှိ မမလေးမှာလည်း နှုတ်ဆိတ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို သွေးနီရောင် ကင်းခြေများကြီးအကြောင်း နားလည်အောင်လုပ်ချင်ပါက ကျိယွဲ့ဆီ၌ အဖြေရှာရမည်ဟု ခံစားနေရ၏။

ကျိယွဲ့၏ ကျင့်ကြံခြင်းအဆင့်နှင့် သူမ၏ အန္တရာယ်ပြုနိုင်စွမ်းများနှင့် ပတ်သတ်၍ ဝမ်ပေါင်လဲ့မှာ အနည်းနှင့်အများ ခန့်မှန်းထားပြီးသား ဖြစ်သည်။ သူသည် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ပါသော်လည်း ဤ အခွင့်အရေးအား လက်လွှတ်ခံလိုက်မည်ဆိုပါက ကျိယွဲ့အား မည်သည့်အချိန်မှ ပြန်၍ ရှာတွေ့နိုင်လိမ့်မည်ဖြစ်ကြောင်း မသိပေ။

သို့ဖြစ်ရာ မသေချာ မရေရာသည့် အနာဂတ်နှင့် ယှဉ်လိုက်မည်ဆိုပါက လက်ရှိတွင် သူ ပိုင်ဆိုင်ထားသည့် အဆက်အသွယ်များ၊ ကျင့်ကြံခြင်းစွမ်းအားများနှင့် ကျောထောက်နောက်ခံများဖြင့် သူ ရင်ဆိုင်ရနိုင်သည့် အန္တရာယ်များကို အတတ်နိုင်ဆုံး လျှော့ချခြင်းမှာ ပိုကောင်းပေသည်။

" ကျိယွဲ့... နင် ရောက်လာမလား " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရေရွတ်လိုက်၏။ ထို့နောက် သူသည် မျက်နှာဖုံးအပိုင်းအစတစ်ခု ရှိနေသည့် သူ၏ ရင်ဘတ်အား ငုံ့ကြည့်ကာ မေးလိုက်သည်။

" ရီရီ၊ ရီရီရော ဘယ်လိုထင်လဲ “

All Chapters