← Chapters

အနာဂတ်၏ ပုံရိပ်

Vol. 79 Ch. 1092

အနာဂတ်၏ ပုံရိပ်

Vol. 79 Ch. 1092

ထိုအခါ ဝမ်ပေါင်လဲ့ စောင့်ဆိုင်းနေခဲ့သည့် မမလေး၏ စကားသံမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည် " သောက်ဖက်တီးကောင်။ ငါ့ကို ရီရီလို့ မခေါ်နဲ့။ ငါတို့နှစ်ယောက်က အဲလောက် ရင်းနှီးတာလည်းမဟုတ်ဘူး "

ဝမ်ပေါင်လဲ့မှာ ထိုစကားသံကို ကြားလိုက်ရသောအခါ ရယ်မောမိလိုက်၏။ သူမ၏ စကားသံ ပေါ်ပေါက်လာမှုကြောင့် သူသည် ဤကမ္ဘာကြီးမှာ စိတ်လှုပ်ရှားစရာ ကောင်းနေဆဲဖြစ်သည်ဟု ရုတ်တရက်ဆိုသလို ခံစားလိုက်ရသည်။

" ဟုတ်ပါပြီဗျာ။ အဲတာဆို ချစ်ချစ်လေးလို့ ခေါ်ရင်ရော "

" အရှက်မရှိတဲ့ကောင် " မျက်နှာဖုံးထဲတွင် ရှိနေသည့် မမလေးမှာမူ နှာမှုတ်လိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။ သို့သော် သူမ၏ နှာမှုတ်သံကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ပျော်ရွှင်ချမ်းမြေ့သွားရ၏။ ခဏအကြာတွင် သူသည် ခေါင်းပြန်မော့လာပြီး ကောင်းကင်ဘုံဓမ္မသခင်ကြီးအား လှမ်းကြည့်လိုက်သည်။

ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာလည်း သူ့အား ပြန်ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် လေးနက်သည့် အဓိပ္ပါယ်များ ကိန်းအောင်းနေသည်။

သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တစ်ခဏမျှ အပြန်အလှန် စိုက်ကြည့်နေလိုက်ကြပြီးနောက် အကြည့်လွှဲလိုက်ကြ၏။ မွေးနေ့ဧည့်ခံပွဲမှာ ပြီးဆုံးသွားခြင်းမရှိသေးသောကြောင့် လေထဲ၌ နတ်တေးဂီတသံများနှင့် မွေးနေ့ဆုမွန်ကောင်း တောင်းပေးနေသည့် စကားသံများဖြင့် ပြည့်နှက်နေဆဲပင်။ ကောင်းကင်ယံထဲ၌ လမင်းကြီးပေါ်ပေါက်လာချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ တာအိုနှင့် ပတ်သတ်၍ ဩဝါဒချွေလိုက်၏။ သူသည် ကံကြမ္မာအကြောင်း ပြောနေခြင်းဖြစ်သည်။

ဘေးပတ်ပတ်လည်ရှိ လူတိုင်းမှာ သူ၏ စကားများကို နားထောင်နေကြ၏။ ကျွန်းပေါ်ရှိ ပုံရိပ်များမှာလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် နားထောင်နေခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် နာရီအနည်းငယ်ခန့် နှုတ်ဆိတ်နေခဲ့သည့် မမလေးမှာ ရုတ်တရက်ဆိုသလို စကားပြန်ပြောလိုက်သောကြောင့်ပင်။

ယခုအကြိမ်တွင် သူမ၏ လေသံမှာ အနည်းငယ် တိုးနေပြီး ပထမအကြိမ်တုန်းကထက် ပို၍ လေးနက်နေ၏။

" ဖက်တီး။ နင် သေချာစဉ်းစားပြီးသွားပြီလား "

" စဉ်းစားပြီးသွားပြီ " ဝမ်ပေါင်လဲ့မှာ ပြန်ဖြေလိုက်၏။

" နင် ငါ ဘာမေးနေတာလဲလို့တောင် ပြန်မမေးဘဲ စဉ်းစားပြီးသွားပြီလို့ ပြန်ဖြေတယ်ပေါ့။ နင် လိမ်နေတာမလား "

" ကျွန်တော့်ရဲ့ သံယောဇဉ် နှောင်ကြိုးတွေက များလွန်းနေတဲ့အပြင် ကျွန်တော့်ရဲ့ ခေါင်းထဲမှာလည်း အာရုံထွေပြားစေတဲ့ အတွေးတွေနဲ့ ပြည့်နေတာ။ အဲတာကြောင့်မလို့ ကျွန်တော် ကမ္ဘာကြီးကို ဥပေက္ခာပြုထားရတဲ့ နတ်ဘုရားတစ်ပါး လုပ်လို့ရမှာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ ရွှင်ပျစွာပြုံး၍ ပြန်ပြောလိုက်၏။ သူ၏ မျက်လုံးများမှာလည်း သမင်ဖြူလေးတစ်ကောင်၏ မျက်လုံးများကဲ့သို့ ကြည်လင်ပြတ်သားနေသည်။

" ဘာလို့လဲ "

" ကျွန်တော့်အတွက် နဲ့ မမလေးအတွက်ကြောင့်ပါ "

ထိုအခါ မမလေးမှာ နှုတ်ဆိတ်သွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူမသည် ဝမ်ပေါင်လဲ့ မကြားနိုင်လောက်သည့် လေသံမျိုးဖြင့် တိုးတိုးလေး ပြန်ပြောလိုက်တော့သည်။

" ကျေးဇူးပါပဲ "

ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ ပြန်မပြောတော့ပေ။ ထို့နောက် သူ သတိမထားမိခင်မှာပင် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ဩဝါဒမှာ ပြီးဆုံးသွား၏။ ညအချိန် ကုန်လွန်သွားပြီး ကောင်းကင်ယံထဲ၌ နေမင်းကြီး ပြန်လည် ပေါ်ပေါက်လာချိန်တွင် မွေးနေ့ဧည့်ခံပွဲ ပြီးဆုံးသွားတော့မည်အချိန်သို့ ရောက်ရှိလာတော့သည်။

" မိတ်ဆွေလေးတို့။ ကျေးဇူးပြုပြီးတော့ ကံကြမ္မာစာအုပ်နဲ့ မိတ်ဆွေလေးတို့ရဲ့ အနာဂတ်ထဲက ပုံရိပ်တွေကို ကြည့်ရှုလိုက်ပါ " ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ဘေးတွင်ရှိနေသည့် အစေခံအိုကြီးမှာ ရှေ့သို့ထွက်လာပြီး အသိပေးလိုက်၏။ သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် စကားပြောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့နှင့် အခြားသူများအား လှမ်းကြည့်လိုက်သည်။

သို့သော် သူ၏ မျက်ဝန်းများထဲ၌ ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည့် အချိန်တွင် သူသည် ချက်ချင်း အကြည့်လွှဲလိုက်၏။ သို့ဖြစ်ရာ သူ မကြာသေးမီတုန်းက ခေါ်ခဲ့သည့် ' မိတ်ဆွေလေးတို့ ' ဆိုသည့် လူများထဲတွင် ဝမ်ပေါင်လဲ့မပါကြောင်း သိနိုင်ပေသည်။ သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အစေခံတစ်ယောက်ဖြစ်ရာ ကောင်းကင်ဘုံဓမ္မသခင်ကြီးအား အလွန်အင်မတန်မှ လေးစားကြည်ညို၏။ ထို့ကြောင့်လည်း သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး ဝမ်ပေါင်လဲ့အား ဆက်ဆံသည့်ပုံမှာ အခြားသူများနှင့် လုံးဝ မတူကြောင်း ခံစားမိနေခြင်းဖြစ်သည်။

သူ၏ အမြင်တွင် သူတို့နှစ်ယောက်မှာ အဆင့်အတန်း ခြားနားမှုမရှိဘဲ တန်းတူရည်တူ ဖြစ်နေသည့်ပုံ ပေါက်နေ၏။

ထိုအချက်ကြောင့်လည်း အစေခံအိုကြီးမှာ ဝမ်ပေါင်လဲ့အား ' မိတ်ဆွေလေး ' ဟု မခေါ်ရဲခြင်း ဖြစ်ပေသည်။

သူ ထိုသို့ အသိပေးလိုက်သည်နှင့် နတ်ဧကရာဇ်ကျိကျား၏ တပည့်နှင့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ တာအိုဂိုဏ်းသားတို့ နှစ်ယောက်မှာ စိတ်လှုပ်ရှားသွားကြ၏။

သူတို့အတွက်မူ သူတို့၏ အတိတ်ဘဝများထဲမှ ရရှိခဲ့သည့် အတွေ့အကြုံများမှာ ကောင်းမွန်ပါသော်လည်း အနာဂတ်မှ ပုံရိပ်များအား ကြည့်ရှုခွင့်ရခြင်းမှာ ပို၍ အရေးပါပေသည်။ အတိတ်ကို ပြောင်းလဲ၍မရနိုင်ပါသော်လည်း အနာဂတ်ကိုမူ စိတ်ကြိုက်ပြောင်းလဲခွင့် ရှိနိုင်သည်မဟုတ်ပါလော။

ရှဲ့ဟေးရန်နှင့် ရှင်းကျင့်ကျိတို့ နှစ်ယောက်စလုံးမှာလည်း မျက်ဝန်းများ အရောင်တလက်လက် တောက်ပလာကြပြီး ကောင်းကင်ဘုံဓမ္မသခင်ကြီးအား လှမ်းကြည့်နေကြ၏။

ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် အမူအရာမပျက် တည်ကြည်မှုအပြည့် ရှိနေ၏။ သူသည် ထို ကံကြမ္မာစာအုပ်၏ မူလဇာစ်မြစ်အကြောင်းကို သိရှိထားပြီး ဖြစ်သည်။ ထို့အပြင် သူသည် ထိုစာအုပ်ထဲရှိ အနာဂတ်မှ ပုံရိပ်များဆိုသည့် အရာများမှာလည်း ဤ ကမ္ဘာကြီးထဲရှိ သက်ရှိများအားလုံး၏ ကံကြမ္မာမှတ်တမ်းများအား အခြေခံထားသော အရာများသာဖြစ်ကြောင်း နားလည်ထားသည်။ ၎င်းတို့မှာ အနာဂတ်၌ ပေါ်ပေါက်လာနိုင်သည့် ပြောင်းလဲမှုများကို နည်းလမ်းတစ်ခုဖြင့် တွက်ချက်ဖော်ပြထားသည့် ပုံရိပ်များသာဖြစ်သည်။

သို့ဖြစ်ရာ ထိုပုံရိပ်များအတိုင်း ဖြစ်လာနိုင်သည်ဟု ဆိုနိုင်သလို ဖြစ်လာနိုင်မည်မဟုတ်ဟုလည်း ဆိုနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ လူအများစုမှာ ကံကြမ္မာလမ်းကြောင်းအား ပြောင်းလဲနိုင်စွမ်းမရှိပေ။ ထို့ကြောင့်လည်း သူတို့မြင်ရသည့် အနာဂတ်မှ ပုံရိပ်များမှာ အမှန်တကယ် ဖြစ်လာကြမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအချက်များကို နားလည်ထားသောကြောင့် စိတ်တည်ငြိမ်မှုအပြည့် ရှိနေခြင်းဖြစ်၏။ သူသည် စိတ်လှုပ်တရှားဖြစ်နေသည့် အခြားလေးယောက်၏ အမူအရာများကို ကြည့်ရင်း ပြုံးကာ နှုတ်ဆိတ်နေလိုက်သည်။ ခဏအကြာတွင် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ နတ်ဧကရာဇ်ကျိကျား၏ တပည့်အား အရင်ဆုံး လှမ်းခေါ်လိုက်သဖြင့် သူသည် မတ်တတ်ထလာ၏။ ထို့နောက် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ရှေ့သို့ ပျံသန်းသွားလိုက်သည်။

ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ရှေ့၌ ပေါ်ပေါက်လာ၏။ ကောင်းကင်ဘုံဓမ္မသခင်ကြီး ပြုံးပြလိုက်သည်နှင့် နတ်ဧကရာဇ်ကျိကျား၏ တပည့်မှာလည်း တရိုတသေ ဦးညွှတ်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်၏။ ထိုအချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ သူ၏ လက်ကိုဝှေ့ယမ်းလိုက်သဖြင့် ရှေးဆန်သည့် အငွေ့အသက်တစ်မျိုးနှင့် အတိုင်းမသိစွမ်းအားများ ကိန်းအောင်းနေသည့် ကံကြမ္မာစာအုပ်မှာ နတ်ဧကရာဇ်ကျိကျား၏ တပည့်၏ ရှေ့၌ ပေါ်ပေါက်လာတော့သည်။ ထိုအခါ နတ်ဧကရာဇ်ကျိကျား၏ တပည့်မှာ သူ၏ လက်ကို မြှောက်ကာ ကံကြမ္မာစာအုပ်ပေါ်သို့ တင်လိုက်၏။

သူ ထိုသို့တင်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြင်းအထန် တုန်ရီလာပြီး သူ၏ မျက်ဝန်းများထဲ၌ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် အရိပ်အယောင်များနှင့် အံ့ဩမှင်တက်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ထို ဖြစ်စဉ်ကြီး တစ်ခုလုံးမှာ အသက်ရှူကြိမ် သုံးကြိမ်မျှသာ ကြာလိုက်သည်။ ထို့နောက် သူသည် ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့ဘဲ နောက်သို့ဆုတ်ခွာလာတော့သည်။ သူသည် မီတာသုံးဆယ်အကွာအထိ ရောက်သွားသည့်တိုင်အောင် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေဆဲဖြစ်ပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း ကြောက်စိတ်များဖြင့် ပြည့်နှက်နေဆဲပင်။ ခဏအကြာတွင် သူသည် နောက်သို့ ချာခနဲလှည့်လာပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။

" မင်း... " နတ်ဧကရာဇ်ကျိကျား၏ တပည့်မှာ ဝမ်ပေါင်လဲ့အား သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေ၏။ ထိုမြင်ကွင်းကြောင့် လူအုပ်ကြီးတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရသလို ဤ အခိုက်အတန့်အား စောင့်ဆိုင်းနေခဲ့သည့် ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများ မှေးသွားရ၏။

သို့သော် နတ်ဧကရာဇ်ကျိကျား၏ တပည့်မှာ စကားဆုံးအောင် မပြောခဲ့သဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားရ၏။ သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ကောင်းကင်ဘုံဓမ္မသခင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ရွှေရောင်စာရွက်တစ်ရွက်ကို ထုတ်ယူကာ ၎င်းအား တစ်စစီ ဆုတ်ဖြဲပစ်လိုက်သည်။ ထိုအခါ ထို စာရွက်ထဲမှ ထွက်ပေါ်လာသည့် မြူခိုးများမှာ သူ၏ ခန္ဓာကိုယ်အား ချက်ချင်း လွှမ်းခြုံသွားပြီး သူသည် လုံးဝပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ အံ့သြတုန်လှုပ်သွားကြပြီး ပို၍ပင် ဆူညံပွက်လောရိုက်သွားကြတော့သည်။

" ဘာဖြစ်သွားတာလဲဟ "

" သူက ချက်ချင်းကြီး တည်နေရာပြောင်းရွှေ့သွားတာပါလား "

" ဘာလို့ သူက ဝမ်ပေါင်လဲ့ကို သရဲတစ္ဆေတစ်ကောင်လိုမျိုး ကြည့်သွားရတာလဲ "

" တိတ်စမ်း " ထိုအချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ဘေးတွေရှိနေသော အစေခံအိုကြီးမှာ အော်ဟစ်လိုက်သဖြင့် လူအုပ်ကြီးတစ်ခုလုံးမှာ ငြိမ်ကျသွား၏။ သို့သော်လည်း သူတို့မှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြဆဲပင်။

ဝမ်ပေါင်လဲ့မှာမူ မျက်မှောင်ကြုတ်သွား၏။ သူသည် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားနေရသည်။ နတ်ဧကရာဇ်ကျိကျား၏ တပည့်မှာ အနာဂတ်ပုံရိပ်ထဲ၌ သူနှင့် ပတ်သတ်သည့် မြင်ကွင်းတစ်ခုခုအား မြင်လိုက်ရသည့်ပုံပင်။ သို့သော် အခြားဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေးသည်။

" ဒီကောင်က ငါ့ကို လှည့်စားချင်လို့ အဲဒီလို တမင်တကာ လုပ်ခဲ့တာများလား " ဝမ်ပေါင်လဲ့တစ်ယောက် တစ်ကိုယ်တည်း ရေရွတ်နေစဉ် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ တာအိုဂိုဏ်းသားမှာ အသက်ပြင်းပြင်းရှူကာ ကံကြမ္မာစာအုပ်ဆီသို့ ပျံသန်းသွား၏။ ထို့နောက် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား အရိုအသေပေးလိုက်ပြီး သူ၏ လက်အား ကံကြမ္မာစာအုပ်ပေါ်၌ တင်လိုက်သည်။

သူသည်လည်း နတ်ဧကရာဇ်ကျိကျား၏ တပည့်အတိုင်း အသက်ရှူကြိမ်သုံးကြိမ်မျှသာ တောင့်ခံနိုင်ခဲ့သည်။ ထို့နောက် သူသည် တစ်ကိုယ်လုံးတုန်ရီသွားပြီး နောက်သို့ ဆုတ်ခွာလာရ၏။ ယခုတွင် သူသည် ဖြူဖပ်ဖြူရော်ဖြစ်နေသည့် မျက်နှာကြီးဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည်။ သို့သော် သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ စကားသံကြီးမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွား၏။

" မင်း ဘာတွေ မြင်ခဲ့ရတာလဲ "

ထိုအခါ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ တာအိုဂိုဏ်းသားမှာ တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် လေသံအောအောကြီးဖြင့် ပြန်ပြောလိုက်သည်။

" ငါ မင်းရဲ့လက်ချက်နဲ့ သေသွားတာကို မြင်ခဲ့ရတာ " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ကျွန်းအပြင်ဘက်သို့ ပျံထွက်သွား၏။ သူသည် နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ ကောင်းကင်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်းမှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့သြတုန်လှုပ်သွားကြရပြန်သည်။ သူတို့အားလုံးမှာ အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြ၏။

ဝမ်ပေါင်လဲ့မှာမူ မျက်မှောင်ကြုတ်သွားပြီး စကားတစ်ခွန်းမှ မပြောပေ။ ထိုအချိန်တွင် သူ၏ ဘေးတွင်ရှိနေသည့် ရှင်းကျင့်ကျိမှာ မတ်တတ်ထလာပြီး ကံကြမ္မာစာအုပ်ဆီသို့ လျှောက်လှမ်းသွားလိုက်ပြန်သည်။ သူသည် သူ၏ လက်အား ထိုစာအုပ်ပေါ်၌ အသက်ရှူကြိမ် ငါးကြိမ်တိတိ တင်ထားနိုင်ခဲ့သည်။

အသက်ရှူကြိမ်ငါးကြိမ် ကုန်ဆုံးသွားပြီးနောက် သူသည် တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် သူ၏ လက်ကို ပြန်လည်ရုပ်သိမ်းကာ ကောင်းကင်ကြီးအား မော့ကြည့်လိုက်၏။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် သူ၏ နောက်ကျောတွင် လွယ်ထားသည့် နတ်ဆိုးဓားအား ပွတ်သပ်ကာ ဝမ်ပေါင်လဲ့အား မသိမသာ လှမ်းကြည့်လိုက်သည်။ သူသည် စကားပြောချင်နေသည့်ပုံ ပေါ်ပါသော်လည်း ချီတုံချတုံဖြစ်နေ၏။ နောက်ဆုံးတွင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် ဝမ်ပေါင်လဲ့တို့အား ဦးညွှတ််အရိုအသေပေးလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်နေရပြီဖြစ်သည်။ သူသည် နတ်ဧကရာဇ်ကျိကျား၏ တပည့်နှင့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ တာအိုဂိုဏ်းသားတို့ နှစ်ယောက်၏ အပြုအမူများကို မယုံကြည်ခဲ့ပါသော်လည်း ရှင်းကျင့်ကျိမှာ သူ့အား လှည့်စားနေစရာ အကြောင်းမရှိပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်နေလိုက်ပြီးနောက် ရှဲ့ဟေးရန်အား လှမ်းကြည့်လိုက်၏။

ရှဲ့ဟေးရန်မှာလည်း သိချင်စိတ်များ ပြင်းပြနေပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြကာ ရှေ့သို့ လျှောက်လှမ်းသွားလိုက်ပြီးနောက် ကံကြမ္မာစာအုပ်ပေါ်သို့ လက်တင်လိုက်၏။ သူသည် ရှင်းကျင့်ကျိလောက် တောင့်ခံနိုင်ခဲ့ခြင်းမရှိဘဲ အသက်ရှူကြိမ်နှစ်ကြိမ်ခန့် ကုန်ဆုံးသွားပြီးနောက် နောက်သို့ ပြန်လည်ဆုတ်ခွာလာသည်။ သူ၏ မျက်ဝန်းများမှာမူ ထူးဆန်းစွာတောက်ပနေသည်။ ထို့နောက် လူတိုင်း သူ့အား စိုက်ကြည့်နေစဉ် သူသည် ဝမ်ပေါင်လဲ့အား လှမ်းကြည့်ကာ သူ၏ နတ်ဘုရားအာရုံအား ထုတ်လွှတ်လိုက်၏။

" ဦးလေးဆရာပေါင်လဲ့။ တစ်ခုခုတော့ လွဲနေပြီ... ကျွန်တော် ကျွန်တော်မြင်ခဲ့ရတဲ့ ပုံရိပ်ကို ဘယ်လိုစကားလုံးမျိုးနဲ့ ဖော်ပြရမလဲဆိုတာ မသိဘူး။ ပုံရိပ်တစ်ခုနဲ့ မတူဘဲ သိမြင်မှုတစ်ခုနဲ့ ပိုတူနေတာ။ အနာဂတ် တစ်ရက်ရက်မှာ ဦးလေးဆရာက... ဦးလေးဆရာအဖြစ် ရှိနေတော့မှာမဟုတ်ဘူး "

" စိတ်ဝင်စားစရာပဲ... " ထိုစကားများကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ဖျတ်ခနဲ ဝင်းလက်တောက်ပသွား၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို မတ်တတ်ထလာပြီး ကံကြမ္မာစာအုပ်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ ဝမ်ပေါင်လဲ့မှာ ကံကြမ္မာစာအုပ်ရှေ့သို့ ရောက်သွားချိန်တွင် သူ၏ လက်အား ၎င်းပေါ်သို့ ချက်ချင်းတင်လိုက်ခြင်းမရှိဘဲ ကောင်းကင်ဘုံဓမ္မသခင်ကြီးအား ကြည့်လိုက်ပြီးနောက် ညာလက်သီးပေါ်ဘယ်လက်ဝါးတင်ကာ ဦးညွှတ်အရိုအသေပေးလိုက်၏။

ထို့နောက် သူသည် ခေါင်းမော့လာပြီး မေးလိုက်သည် " ကောင်းကင်ဘုံဓမ္မသခင်ကြီး၊ သူတို့တွေ ဘာတွေကို မြင်ခဲ့တာလဲ "

" ငါ မသိဘူး... " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာလည်း ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။ သူသည် လိမ်ပြောနေခြင်းမဟုတ်ပေ။ သူသည် အခြားသူများ၏ အနာဂတ်များကို အမှန်တကယ် မသိခြင်းဖြစ်သည်။

" ဟုတ်လား... " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ အတွေးများထဲ၌ နစ်မျောသွားပြီးနောက် မျက်ဝန်းများ ပို၍ ဝင်းလက်တောက်ပလာ၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ကံကြမ္မာစာအုပ်ပေါ်သို့ တင်လိုက်သည်။ သို့သော် သူ ထိုသို့ တင်လိုက်ချိန်တွင် အနက်ရောင်သစ်သားပျဥ်ပြားလေး၏ မှုန်ဝါးဝါးပုံရိပ်မှာ သူ၏ ညာဘက်လက်ထဲ၌ ပေါ်ပေါက်လာပြီး ချက်ချင်း ပြန်လည်ပျောက်ကွယ်သွား၏။

ဖြန်း...

ထိုအခါ ကံကြမ္မာစာအုပ်မှာ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် တုန်ရီသွား၏။ ၎င်းမှာ ဖိအားများကို ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့သည့်ပုံပင်။ ထို့နောက် ဝိညာဥ်စွမ်းအင် တုန်ခါမှုလှိုင်းများမှာ ဝမ်ပေါင်လဲ့အား ဗဟိုပြု၍ ထွက်ပေါ်လာပြီး ကံကြမ္မာဂြိုဟ်တစ်ခုလုံးပေါ်၌ ပျံ့နှံ့သွားတော့သည်။

အချိန်တွင် အနာဂတ်၏ပုံရိပ်မှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာ၏။

All Chapters