ကောင်းကင်ဘုံကဆင်းသက်လာသောနတ်ဘုရားနှင့် ကောင်းကင်သခင်လေး
Vol. 77 Ch. 1075
အခန်း (၁၀၇၅) ကောင်းကင်ဘုံကဆင်းသက်လာသောနတ်ဘုရားနှင့် ကောင်းကင်သခင်လေး
ခရမ်းရောင်ဝတ်လူငယ်က ချောမောခန့်ညားဟန်ရှိသော်လည်း ပျင်းရိပျင်းတွဲပုံစံကြောင့် သူ၏အရှိန်အဝါနှင့်ခမ်းနားမှု လျော့နည်းနေကာ မှေးမှိန်နေသယောင် ထင်မှတ်ရသည်။
သူ၏အသားအရေကလည်း အလွန်တရာ ဖြူဖျော့နေ၏။
သို့သော် ထိုသူ ဤနေရာသို့ ရောက်ရှိနေခြင်းက မည်သူမဆို သူ့ကိုသတိထားစေရန် လုံလောက်ပေသည်။
ထိုလူငယ်က အခြားသူမဟုတ် အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ပင် ဖြစ်၏။
ချန်ချန်းဟွာ ခေါင်းမော့ကြည့်လိုက်တော့ ရန်ကျောက်ကဲကို တွေ့လိုက်ရသည်။
ထိုအခါ သူ၏အသက်မဲ့မျက်ဝန်းများက အနည်းငယ်တောက်ပသွားပြီး မျက်လုံးအကိုအပေါ်လှန်ကာ ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။
သူ ပထမဆုံး ပြောသည့်စကားက...
“ဒီနေရာက မထင်ရှားတဲ့ အောက်ဘုံကမ္ဘာတစ်ခုဆိုပေမယ့် တကယ်မရိုးရှင်းဘူးပဲ ၊ စိတ်ဝင်စားစရာကောင်းတယ် ၊ ဒီလိုနေရာမျိုးကနေ မင်းလို စိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက် ထွက်ပေါ်လာတာ အံ့သြစရာ မရှိပါဘူး”
ချန်ချန်းဟွာ၏ ဦးနှောက်ခြောက်စရာ စကားလုံးများကိ သတိပြုမိသည့်အခါ ရန်ကျောက်ကဲ မျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။
“အိုး... ဟုတ်လား”
သူက ဆက်ပြောသည်။
“အထက်ရပ်ထိပ်တန်းအရှင်သခင်ရဲ့စကားတွေက ဒီ ‘ရန်’ ကို လမ်းပျောက်စေတာပဲ”
ချန်ချန်းဟွာက ပြုံးလိုက်ရင်း...
“မသိချင်ယောင်ဆောင်မနေစမ်းပါနဲ့...”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“ငရဲကိုးထပ် ထိုးဖောက်ဝင်ရောက်တယ်ဆိုတာ ဘယ်ကမ္ဘာမှာမဆို ဖြစ်နိုင်တာပဲလေ”
ချန်ချန်းဟွာက ပတ်ဝန်းကျင်ကို လက်ညှိုးညွှန်ပြရင်း...
“အစွန်းရောက်ရှစ်ပါးကမ္ဘာက ထူးခြားတဲ့နေရာတစ်ခု မဟုတ်ဘူးဆိုရင် နေဝန်းထက်ယံအရှင်သခင်နဲ့ လဝန်းထက်ယံအရှင်သခင်တို့ရဲ့ အရိပ်အယောင်တွေ ရှိနေနိုင်ပါ့မလား”
သူက ဆက်ပြောသည်။
“ပြီးတော့ ဒီနေရာမှာ ရှိနေတာ သူတို့ရဲ့အရိပ်အယောင်တွေတင် မကဘူး...”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဟုတ်တယ်လေ... အခု မင်းနဲ့ ပိုးသားဧကရာဇ်လည်း ဒီကိုရောက်နေတာပဲ မဟုတ်လား”
ချန်ချန်းဟွာက...
“နေဝန်းထက်ယံအရှင်သခင်ပဲဖြစ်ဖြစ် ၊ လဝန်းထက်ယံအရှင်သခင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြား ဘယ်သူပဲဖြစ်ဖြစ် ငါ စိတ်မဝင်စားပါဘူး... ၊ ငါ စိတ်ဝင်စားတာက...”
ချန်ချန်းဟွာက သူ၏စကား ပိုမိုလေးနက်မှုရှိစေရန် ခဏမျှရပ်နားလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်သို့ထိုးညွှန်နေသောသူ၏လက်ညှိုးအား ရန်ကျောက်ကဲထံ ညွှန်ပြလိုက်ရင်း...
“ငါ စိတ်ဝင်စားတာက မင်းပဲ...”
ရန်ကျောက်ကဲက တည်ငြိမ်စွာ ပြုံးရင်း...
“ဒီစကားကို ချီးကျူးတယ်လို့ မှတ်ယူလိုက်ပါ့မယ် ၊ မင်းကို ကျေးဇူးတင်ပါတယ်”
ရန်ကျောက်ကဲ၏ မျက်နှာပြောင်တိုက် ပြောသောစကားကြောင့် ချန်ချန်းဟွာ ရယ်မောလိုက်သည်။
“မင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ”
ရန်ကျောက်ကဲက...
“မင်းစိတ်ထဲမှာ လူတွေကို အကဲဖြတ်ဖို့ စိတ်ဝင်စားဖို့ကောင်းတာနဲ့ ပျင်းစရာကောင်းတာနဲ့ စံနှုန်းထားတိုင်းတာတာလား”
ချန်ချန်းဟွာက ပျင်းရိပျင်းတွဲပုံစံဖြင့်...
“အဲဒီလိုမဟုတ်ရင် ဘာနဲ့တိုင်းတာရမလဲ ၊ ဉာဏ်ထက်တာ ဉာဏ်တုံးတာနဲ့တိုင်းတာရမှာလား ၊ ရင့်ကျက်တာ မရင့်ကျက်တာနဲ့ တိုင်းတာရမှာလား ၊ စိတ်ထားကောင်းတာ မကောင်းတာနဲ့ တိုင်းတာရမှာလား”
သူက ဆက်ပြောသည်။
“ဒီလို ဥပမာတွေက မရေမတွက်နိုင်အောင် ရှိတာပဲလေ ၊ ဉာဏ်ကောင်းတဲ့လူတွေက တခါတလေမှာ အရက်စက်ဆုံးဖြစ်တတ်သလို မိုက်မဲတဲ့လုပ်ရပ်တွေကိုလည်း လုပ်တတ်တယ်”
“ငါ သိသလောက်တော့ တခြားသူတွေမလုပ်နိုင်တဲ့ အံ့သြစရာတွေကိုလုပ်ပြနိုင်တဲ့သူက လူနည်းစုပဲရှိတယ် ၊ သူတို့က လူတွေအလယ်မှာ ထင်ရှားနေမှာပဲ”
“အဲဒီလူနည်းစုက စိတ်ဝင်စားစရာကောင်းပြီး ကျန်တဲ့သူတွေကတော့ ပျင်းစရာကောင်းတဲ့သူတွေပေါ့”
ချန်ချန်းဟွာက သမ်းဝေလိုက်ရင်း...
“ဒီစည်းမျဉ်းမှာ ခြွင်းချက်မရှိပါဘူး။”
ရန်ကျောက်ကဲက...
“မင်းရဲ့ နည်းလမ်းက ပျင်းစရာကောင်းတယ်လို့ ပြောတဲ့သူမရှိဘူးလား”
ထိုစကားကြားတော့ ချန်ချန်းဟွာက ရယ်မောလိုက်သည်။
“ဟားဟား...”
ပြီးတော့ သူက ရန်ကျောက်ကဲစကားကိုပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်၏။
“အခု ပိုးသားဧကရာဇ် ဘာလုပ်မယ်လို့ မင်းထင်သလဲ”
ရန်ကျောက်ကဲက...
“မင်း မသိသလိုဟန်ဆောင်နေစရာမလိုပါဘူး ဟုတ်တယ်မလား ၊ သူ့ရဲ့ကျင့်ကြံခြင်း သွေဖယ်သွားပြီဆိုတာ လူတိုင်းသိနိုင်ပါတယ်”
ချန်ချန်းဟွာက ပျင်းရိပျင်းတွဲဟန်ပန်ဖြင့်...
“သူ ရူးသွားပြီလို့ ပြောလိုက်စမ်းပါကွာ...”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ပိုးသားဧကရာဇ် ကျင့်ကြံခြင်းသွေဖယ်သွားတာ ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ ငါ သူနဲ့စကားပြောကြည့်တော့ သူ သိစိတ်ပျောက်ကွယ်မသွားသေးဘူးဆိုတာ သိရတယ်”
သူက ဆက်ပြောသည်။
“ပိုးသားဧကရာဇ်က သူ့အခြေအနေကို အကောင်းဆုံးသိနေတယ် ၊ သူဘာလုပ်မယ်ဆိုတာကို သူကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း ရှိတယ်”
“မဟုတ်ရင်လည်း အထက်ဘုံကမ္ဘာမှာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အပြင် မိန်းမပျိုဧကရာဇ်နဲ့ ချင်းယွမ်ဧကရာဇ် ရှိနေပါသေးတယ်”
ချန်ချန်းဟွာက ရယ်မောလိုက်ရင်း...
“ဟုတ်ပါပြီ... သူ မရူးသေးဘူးဆိုရင်လည်း စိတ်ဝိညာဉ်ကတော့ နှစ်ပိုင်းကွဲနေလောက်ပြီ”
စကားပြောရင်း ချန်ချန်းဟွာက လက်နှစ်ဖက်ကို ခွဲလျှက်ဖြန့်ကားရင်း ပြုံးလိုက်သည်။
သူက ဘယ်လက်ကိုပင့်မြှောက်လိုက်ပြီး...
“တစ်ပိုင်းက ခံစားချက်ရှိတဲ့အပိုင်း ၊ ဒါမှမဟုတ် ခံစားချက်နဲ့ပတ်သက်ပြီး တွန်းအားပေးခံရတဲ့အပိုင်း ဖြစ်လိမ့်မယ်”
ထို့နောက် သူက ညာဘက်လက်ကို ထပ်မံ ပင့်မြှောက်လိုက်ပြီး...
“နောက်တစ်ပိုင်းကတော့ ခံစားချက်ကင်းမဲ့တဲ့အပိုင်း ၊ ဒါမှမဟုတ် ခံစားချက်ကိုမေ့ပျောက်နေတဲ့အပိုင်း ဖြစ်ရမယ်”
ချန်ချန်းဟွာက ဖြန့်ကားထားသောလက်နှစ်ဖက်ကို သူ၏ ရင်ဘတ်ရှေ့တွင် ပြန်လည်ပေါင်းစည်းဆုပ်ကိုင်လိုက်ရင်း...
“အခု အဲဒီအပိုင်းနှစ်ပိုင် ရန်ဖြစ်နေလောက်ပြီ...”
ချန်ချန်းဟွာ၏ စကားများကို နားထောင်ပြီးနောက် ရန်ကျောက်ကဲ မျက်နှာအမူအရာ မပြောင်းလဲသည့်တိုင် စိတ်ထဲကတော့ သတိအနေအထား ဖြစ်သွားမိသည်။
သူက ထိုက်ချင်အဆက်အနွယ်သိုင်းပညာကို နက်ရှိုင်းစွာနားလည်ထားသဖြင့် ပိုးသားဧကရာဇ်၏ လက်ရှိအခြေအနေကို အခြေခံအားဖြင့် ခန့်မှန်းနိုင်ခြင်း ဖြစ်၏။
ချန်ချန်းဟွာကတော့ ကြယ်စင်ရောင်ပြန်ရေကန်မှ အဖြစ်အပျက်တစ်ခုတည်းကိုတွေ့မြင်ပြီး အကြောင်းအရာများစွာကို ခန့်မှန်းကောက်ချက်ချနိုင်ခဲ့သည်။
သို့မဟုတ် ဤသည်က ခန့်မှန်းချက်မျှသာမဟုတ်ဘဲ ထူးခြားသည့် သတင်းအချက်အလက်လမ်းကြောင်းတစ်ခုမှ သတင်းရရှိခြင်း ဖြစ်နိုင်ပါသလား။
ရန်ကျောက်ကဲကိုကြည့်ရင်း ချန်ချန်းဟွာက ပြုံးလိုက်သည်။
“ပိုးသားဧကရာဇ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချမယ်ဆိုရင်... သူ့ကိုယ်သူ ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ကျင့်ကြံခြင်းရှေ့ဆက်လို့ရတဲ့ ဘက်ခြမ်းကို ရွေးချယ်လိမ့်မယ်”
သူက ဆက်ပြောသည်။
“ဧကရာဇ် (၃)ပါးနဲ့ အုပ်စိုးရှင် (၅)ပါးကလည်း အဲဒီအတိုင်းပဲ ရွေးချယ်စေချင်လိမ့်မယ် ၊ ဘာလို့လဲဆိုတော့... ပိုးသားဧကရာဇ် ခံစားချက်ရှိတဲ့လမ်းကို လျှောက်သည်ဖြစ်စေ ခံစားချက်ကင်းမဲ့တဲ့လမ်းကို လျှောက်လှမ်းသည်ဖြစ်စေ ဘာမှအရေးမကြီးဘူး ၊ အရေးကြီးတာက သူ ရူးနေတာပျောက်သွားပြီး ပုံမှန်အတိုင်း ပြန်ကောင်းလာဖို့ပဲ”
“ဘာလို့လဲဆိုတော့ သူ ဆက်ပြီးရူးနေမယ်ဆိုရင် သူ့လုပ်ရပ်ကို ခန့်မှန်းဖို့ ခက်ခဲတယ်လေ”
“အဲဒီ အထွတ်ထိပ်ဧကရာဇ်တွေက အရာအရာကို လိုက်ပြီးထိန်းချုပ်ရတာကို နှစ်သက်ကြတယ် ၊ သူတို့ ခန့်မှန်းနိုင်တာထက် ကျော်လွန်သွားတဲ့အရာတွေ ၊ ထိန်းချုပ်လို့မရတဲ့အရာတွေကို သဘောမကျကြဘူး”
ချန်ချန်းဟွာက ရန်ကျောက်ကဲကို မျက်လုံးပင့်ကြည့်လိုက်သည်။
“ဒီကဏ္ဍမှာ မင်းလည်း သူတို့လိုလူစားမျိုးပဲ...”
ရန်ကျောက်ကဲက သူ့ကို လေးလေးနက်နက် စူးစိုက်ကြည့်နေပြီး...
“ဒါဖြင့် မင်းက ပိုးသားဧကရာဇ်ကို ဒီအတိုင်း အမြဲတမ်းဖြစ်နေစေချင်တာလား”
ချန်ချန်းဟွာက လက်ခုပ်လက်ဝါးတီးကာ ရယ်မောလိုက်ရင်း...
“အမှန်ပဲ...”
“ဒီလိုအခြေအနေက စိတ်ဝင်စားစရာကောင်းသလို အံ့သြစရာလည်းကောင်းတယ်လေ ၊ ပြီးတော့ ပျော်စရာလည်း ကောင်းတယ်”
ရန်ကျောက်ကဲက ရိုးရှင်းစွာဖြင့်...
“ဒါဖြင့် မင်းက ပိုးသားဧကရာဇ်နောက်လိုက်နေတာဆိုရင်... အခု ဒီနေရာကို ဘာလာလုပ်တာလဲ”
ချန်ချန်းဟွာက ရန်ကျောက်ကဲကို လက်ညှိုးထိုးလိုက်ရင်း...
“အခု ပိုးသားဧကရာဇ်က ပျင်းစရာမကောင်းတော့ဘူးလေ ၊ ဒါပေမဲ့ သူ့ကိုအကြာကြီးစောင့်ကြည့်ရဦးမယ် ၊ ဒါကြောင့် လောလောဆယ် မင်း ဒုက္ခရောက်အောင် ပြဿနာလေးနည်းနည်းလောက် ရှာလိုက်တာပါ”
ရန်ကျောက်ကဲက အေးဆေးသည့်လေသံဖြင့်...
“မင်းလည်း အစီအစဉ်တွေချမထားဘူးလား ၊ မင်းပြောတဲ့စကားအရဆိုရင် မင်းရဲ့အစီအစဉ်တွေ အကောင်အထည်ပေါ်လာရင် စိတ်ဝင်စားစရာဖြစ်လာမှာ မဟုတ်ဘူးလား”
ချန်ချန်းဟွာက လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“အိုး... ဒါက... ငါက အစီအစဉ်တွေချမထားဘူး ၊ ဘာမှစီစဉ်မထားသလို ဘာမှလည်း စီစဉ်စရာမလိုဘူး”
သူက ဆက်ပြောသည်။
“မင်းရဲ့အစီအစဉ်တွေထဲမှာ ငါက အပိုလေးတွေ ထပ်ဖြည့်ပေးပြီး ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေရုံပဲ...”
“ငါ ခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် မင်းရဲ့အစီအစဉ်က ငါ့ရဲ့အစီအစဉ် ဖြစ်လာမှာပဲ ၊ ငါ့ဘက်က လွှမ်းမိုးနိုင်စွမ်း ရသွားမယ်လေ ၊ ဒါက တကယ့်ကိုစိတ်ဝင်စားစရာကောင်းသလို အချိန်မြန်မြန်ကုန်အောင်လည်း ကူညီပေးနိုင်တယ်”
“ငါ ခန့်မှန်းတဲ့အတိုင်း ဖြစ်မလာဘူးဆိုရင်လည်း... ဘာတွေပဲဖြစ်လာပါစေ အံ့သြစရာကောင်းနေမှာပဲ မဟုတ်ဘူးလား”
ချန်ချင်းဟွာက ပြုံးရင်း...
“ကဲ... အခု မင်းကို ပါးပါးလေး အံ့သြသွားအောင် လုပ်လိုက်တာ ၊ ငါ့ကို တစ်ခုခု ပြန်မပေးချင်ဘူးလား”
သူတို့စကားပြောနေကြစဉ် အောက်ဘက်ရှိ မြေကမ္ဘာနယ်မြေ ချောက်နက်ကြီးအတွင်း ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ငလျင်လှိုင်းများက မြေကမ္ဘာနယ်မြေတစ်ခုလုံးသို့ ရိုက်ခတ်သွားသည်။
သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ဝိညာဉ်သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ မြေပြင်တစ်ခုလုံးအား ဆွဲဖြဲလိုက်သည့်ပမာ ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့သွား၏။
အနက်ရောင်မြူခိုးများ တလိမ့်လိမ့် မြင့်တက်လာကာ မြေကမ္ဘာနယ်မြေအပြင်ဘက် အခြားသောနယ်မြေများကိုပင် ဝါးမျိုလုမတတ် ဖြစ်သည်။
ဤသို့သောမြင်ကွင်းက ဝါဒတောင်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းကျင့်ကြံသူများအတွက် သေချာပေါက် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ ငရဲကိုးထပ်က အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ နောက်တစ်ကြိမ် ဆင်းသက်လာပေတော့မည်။
စောစောကပင် ချန်ချန်းဟွာက မြေကမ္ဘာနယ်မြေ ချောက်နက်ကြီးအတွင်း ဝင်ရောက်ပြီး အောက်ဖက်မှ စည်းတံဆိပ်ကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။
သူလုပ်ခဲ့သောအနှောက်အယှက်က မြေကမ္ဘာနယ်မြေ ချောက်နက်ထဲမှ ငရဲကိုးထပ်တံခါး အက်ကွဲသွားစေရုံသာမက ပို၍ပင် ကြီးမားလာစေသည်။
ယခုတစ်ကြိမ် ငရဲကိုးထပ်ဆင်းသက်လာမှုက ယခင်အချိန်များထက် အဆပေါင်းများစွာ သာလွန်သွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ မိစ္ဆာချီများက ပတ်ဝန်းကျင်တစ်ခုလံဒးကို ဝါးမျိုရငန်ကြိုးပမ်းရင်း မြေကမ္ဘာနယ်မြေတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ထိုခဏတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာက ငရဲကိုးထပ်ဖြင့် အပြည့်အဝ ရောနှောသွားတော့မည်အလား ထင်မှတ်ရသည်။
သို့သော် ရန်ကျောက်ကဲကတော့ အောက်ဘက်မှ ချောက်နက်ကြီးကို လုံးဝ မကြည့်ခဲ့ပေ။
သူက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ချန်ချန်းဟွာရှေ့သို့ ရောက်လာသည်။
“ဒါရော အံ့သြစရာမကောင်းဘူးလား”
ပြောပြီးသည်နှင့် သူက ချန်ချန်းဟွာကို လက်ဝါးဖြင့် ရိုက်ချလိုက်လေတော့၏။