သိကြား၏ ချီးထုပ်
Vol. 46 Ch. 624
“လူဆိုးတဲ့လား”
ရဟန်းက တံမြက်စည်းကို ကိုင်ထားပြီး အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဂိုဏ်းသခင်ချင်၊ လူဆိုးလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်ရုံနဲ့ တာဝန်အားလုံး ပယ်ရှားနိုင်မယ် ထင်နေတာလား... ဒကာက ဗုဒ္ဓသားတော် ၃၆၇ ပါး သတ်ခဲ့တယ်... စန္ဒရဘုံရဲ့ ဗုဒ္ဓနဲ့ ကျန်ဗုဒ္ဓငါးပါးကိုလည်း သတ်ပစ်ခဲ့တယ်... ကိုယ်တော့်ဗြဟ္မဘုံတစ်ဝက်ကိုလည်း ယိုတုတစ်ပိုင်းဖြစ်အောင် လုပ်ခဲ့တယ်... ကိုယ်တော် ဒကာ့ကို အလွယ်တကူ လွှတ်ပေးလို့ ဘယ်ဖြစ်ပါ့မလဲ”
ချင်မူ ရိုးသားစွာ ပြောလိုက်သည်။ “ဗုဒ္ဓဘုရားရှင် တပည့်တော်ကို အပြစ်ပေးတော်မူပါ”
ရဟန်းသည် ချင်မူ့ကို တိတ်ဆိတ်စွာ ကြည့်နေ၏။ အတန်ကြာသော် ပြုံးလိုက်သည်။ “ဒါဟာ ဒကာ့ရဲ့ အပြစ်လို့ ပြောလိုက်ရင် မတရားရာကျမှာပေါ့... ဒကာ ဘယ်လောက်ပဲ ရိုးသားဖြူစင်ပါစေ၊ လက်ခံနိုင်မှာ မဟုတ်ပေဘူး...
“ ဒကာ အခု သတ်လိုက်တဲ့လူတွေက ကောင်းကင်နတ်ဘုံကနေ ဗုဒ္ဓဘုံထဲ လွှတ်ထားတဲ့ လူတွေပါ... သိကြားဗုဒ္ဓ ဒကာ့မိုးမခသစ်ရွက်ကို ခွာခဲ့တဲ့ အကြောင်းရင်းက ဒကာ့လက်နဲ့ ကောင်းကင်နတ်ဘုံသားတွေကို ရှင်းချင်လို့ပဲ... ဒကာက ထက်မြက်ပါတယ်... ဒီအကြောင်းရင်းကိုလည်း မြင်ခဲ့ပြီးသား... ဒါကြောင့်ပဲ အကြောက်အလန့်မရှိ သတ်ဖြတ်ရဲခဲ့တာ... သိကြားဗုဒ္ဓက ဒကာ့ကို သေချာပေါက် ကာကွယ်ပေးမှာမလို့ အပြစ်ပေးခံရမှာ မဟုတ်မှန်းလည်း ဒကာ သိနေပါတယ်”
ချင်မူ ခေါင်းငိုက်စိုက်ကျသွားသည်။ “တပည့်တော် တခြားသူအပေါ် အပြစ်မတင်ချင်ပါဘူး... သိကြားဗုဒ္ဓက တပည့်တော်ကို အသုံးချပြီး ကောင်းကင်နတ်ဘုံသားတွေကို ရှင်းပစ်ချင်ခဲ့ပေမယ့် ဒီဗုဒ္ဓသားတော်တွေဟာ တပည့်တော်လက်ချက်နဲ့ သေခဲ့ရတာပါ... ဒါ့အပြင် ဗုဒ္ဓသာသနာမြေကို ညစ်ထေးအောင် လုပ်ခဲ့မိတာလည်း တပည့်တော်ပါပဲ”
“ကိုယ်တော့်အရှေ့မှာ ဒကာ တွေးနေတာကို ဖုံးကွယ်စရာမလိုဘူး... ဖုံးကွယ်နေလည်း အလကားပဲ”
ရဟန်းက ဆက်ပြောသည်။ “ဒကာ မှန်တယ်... ဒါပေမဲ့ အပြစ်က ဒကာ့အပြစ်ပဲ မဟုတ်ဘူး... သိကြားဗုဒ္ဓ လုပ်ခဲ့တာကို ကိုယ်တော် အသိအမှတ်မပြုခဲ့ပေမယ့် ဆန့်လည်း မဆန့်ကျင်ခဲ့ဘူး... ခေါင်းငုံ့ပါ ဒကာ”
ချင်မူ ခေါင်းငုံ့လိုက်သည့်အခါ ရဟန်းက ရွှေရောင်မိုးမခသစ်ရွက်တစ်ရွက် ထုတ်လိုက်သည်။ သူက ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြား၌ အသေအချာ ကပ်ပေးပြီး အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဒါပေမဲ့ ကိုယ်တော်အနေနဲ့ ဒီအပြစ်ကို ခံယူလို့မရဘူး... ကိုယ်တော် ခံယူလိုက်ရင် ကောင်းကင်နတ်ဘုံက ဒီအခွင့်အရေး အသုံးချပြီး ဗုဒ္ဓဘုံကို ဖျက်စီးလိမ့်မယ်... ဒါကြောင့် ဒီအပြစ်ကို ဒကာနဲ့ သိကြားဗုဒ္ဓအပေါ်ပဲ ပုံချရတော့မှာ... သိကြားဗုဒ္ဓက ကိုယ်တော့်ညီငယ်ဆိုတော့ အနံဆုံး မစင်ထုပ်ကို ယူလိမ့်မယ်... ဒကာကတော့ နည်းနည်းလေး ဖဲ့ယူပေးလိုက်ပေါ့”
ချင်မူမှာ သက်ပြင်းချပြီး ရွှေရောင်မိုးမခသစ်ရွက်ကို သူ့နဖူးပေါ် ဖိကပ်လိုက်သည်။ ဤအခါမှ သူ စိတ်အေးလက်အေး ဖြစ်သွား၏။ ရွှေရောင်မိုးမခသစ်ရွက်ကြောင့်သာ မဟုတ်၊ ဗြဟ္မဗုဒ္ဓ၏ စကားကြောင့်လည်း ပါသည်။
“သိကြားဗုဒ္ဓကိုလည်း အပြစ်မတင်ပါနဲ့... သူက ဗုဒ္ဓသာသနာအတွက် လုပ်ခဲ့တာပါ... သူ့မှာလည်း သူ့အတိတ်ဇာတ်ကြောင်းနဲ့သူ ရှိတယ်... သူ့ရင်ထဲမှာ အထုံးတစ်ထုံး ရှိနေတယ်လေ”
ရဟန်းက တံမြက်စည်းလှဲရင်း ရှေ့ဆက်လျှောက်သွားသည်။ “သူ ယူရမယ့် မစင်ထုပ်က သူ့ကို ကောင်းကောင်းနှိပ်စက်ဖို့ လုံလောက်တာထက် ပိုတယ်... သူ့ကိုယ်သူ သန့်ရှင်းအောင် ဆေးကြောဖို့ ခက်လိမ့်မယ်... ကောင်းကင်နတ်ဘုံက ကိုယ်တော် တိတ်တဆိတ် သဘောတူလိုက်မှန်း သိပေမယ့် သက်သေမရှိတော့ ကိုယ်တော့်ကို ထိပါးလို့မရဘူး... ဒီတော့ သိကြားဗုဒ္ဓကိုပဲ မဲကြလိမ့်မယ်... ဗြဟ္မဘုံကို စွန်းထင်းနေတဲ့ ဒီယိုတုမိစ္ဆာသဘာဝကို ကိုယ်တော် မဖယ်ရှားဘူး... ဒါ ကိုယ်တော် ဝင်မပါခဲ့တဲ့အပြင် ခံရတဲ့သူဖြစ်ကြောင်း သက်သေပဲ”
ချင်မူ သူ့နောက်မှ လိုက်၍ ချီးကျူးလိုက်သည်။ “ဗုဒ္ဓဘုရားရှင်က ပါးနပ်ပါပေတယ်”
တံမြက်စည်းလှဲနေသော ရဟန်းက ပြော၏။ “ကောင်းကင်နတ်ဘုံက အရွယ်အစားကြီးလွန်းတဲ့အပြင် အထဲမှာ လှိုက်ပြီး ပုပ်နေပြီ... ဒီသတင်းကို ကြားလို့ သူတို့လှုပ်ရှားရင် ရက်ပိုင်းလောက် ကြာလိမ့်မယ်... အဲဒီအတောအတွင်း ဒကာနဲ့ သိကြားဗုဒ္ဓ ဗုဒ္ဓဘုံကနေ ထွက်သွားသင့်တယ်... ဒကာအတွက် ဗုဒ္ဓဘုံက ထွက်သွားဖို့ မခက်ဘူး... သိကြားဗုဒ္ဓကတော့ ကျင့်စဉ်အဆင့် မြင့်မားလွန်းတော့ ထွက်သွားဖို့ ခက်မှာပဲ”
ချင်မူ အတန်ကြာ စဉ်းစားပြီး မေးလိုက်သည်။ “ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်း ဗုဒ္ဓဘုရားရှင် သိပါသလား”
“သိတယ်”
ရဟန်းသည် ပြုံးတုံ့တုံ့ မပြုံးတုံ့တုံ့ ဖြစ်နေ၏။ “ဒါပေမဲ့ ကိုယ်တော့်နည်းလမ်းကို ဒကာ သုံးလို့မရဘူး.... ကောင်းကင်နတ်ဘုံကို မျက်နှာထောက်ထားရဦးမယ်လေ... သိကြားဗုဒ္ဓကို လွှတ်ပေးလိုက်ရင် ဘယ်လိုဖြေရှင်းရတော့မလဲ... ဒါကြောင့် ဒကာတို့ဘာသာ တွေးကြပါ... ကိုယ်တော်နဲ့ ဗုဒ္ဓဘုံကိုတော့ ဆွဲမထည့်နဲ့”
ချင်မူ ခေါင်းတဗြင်းဗြင်း ကုတ်ပြီးနောက် ရုတ်တရက် ထအော်၏။ “ဆိုလိုတာက တပည့်တော်တို့က ဗုဒ္ဓဘုံထဲက ကောင်းကင်နတ်ဘုံသားတွေကို ရှင်းပစ်ပြီး ဗုဒ္ဓဘုံ ကောင်းကင်နတ်ဘုံလက်ထဲ ရောက်မသွားအောင် ကူညီခဲ့ရတယ်... တပည့်တော်နဲ့ သိကြားဗုဒ္ဓ အပြစ်ပုံချခံရတဲ့အချိန်မှာ ဗုဒ္ဓနဲ့ ဗုဒ္ဓဘုံကတော့ ကောင်းစားနေဦးမယ်ပေါ့... ဗုဒ္ဓအားလုံး စည်းစိမ်ခံစားနေရတဲ့အချိန် တပည့်တော်တို့ကတော့ အသက်လုပြေးနေရမယ်ပေါ့ ဟုတ်လား မဟုတ်ဘူးလား”
တံမြက်စည်းလှဲနေသော ရဟန်းက ခေါင်းမော့ကာ သူ့အား တောက်ပစွာ ပြုံးပြ၏။ “ဟုတ်တယ်”
ချင်မူ မှင်သက်သွားသည်။ တခဏကြာသော် သူက သွေးတိုးစမ်းလိုက်လေသည်။ “အကြီးတွေအားလုံး ဒီလိုရက်စက်တတ်တာပဲလား”
“အေး”
ရဟန်းက ရယ်လိုက်၏။ “ဒါပေမဲ့ ကိုယ်တော်တို့က ရက်စက်တယ်မခေါ်ဘူး ပါးနပ်တယ် ခေါ်တယ်”
ချင်မူ့မျက်နှာ မည်းမှောင်သွား၏။ “ရက်စက်တာနဲ့ ပါးနပ်တာ ဘာကွာသွားလို့လဲ”
ရဟန်းသည် ခပ်ပြုံးပြုံးဖြင့် တံမြက်စည်း ဆက်လှဲနေ၏။ “တကယ်တော့ ဒကာနဲ့ ကိုယ်တော်မှာ ရေစက်ပါတယ်... ခဏခဏလည်း တွေ့ခဲ့ဖူးပြီးသား... မစိုးရိမ်ပါနဲ့ ကိုယ်တော် ဒကာ့ကို ပစ်မထားပါဘူး.... ဧကရာဇ်ပလ္လင်အဆင့် ကျမ်းစာတော့ မသင်ပေးနိုင်ပေမယ့် ချင်ဖုန်းကျင့်က ကိုယ်တော့်ရဲ့ မူလဝိညာဉ်တစ်ခုကို စားလိုက်ပြီ... အဲဒီမူလဝိညာဉ်က ဒကာ့တတိယမျက်လုံးထဲမှာ ဗုဒ္ဓတစ်ပါးအသွင်နဲ့ တည်ရှိနေတယ်”
ချင်မူ နဖူးပေါ်က ရွှေရောင်မိုးမခသစ်ရွက်ဆီသို့ လှမ်းထိလိုက်သည်။ သစ်ရွက်ကို ခွာပြီး သူ့မျက်လုံးထဲတွင် ဗုဒ္ဓတစ်ပါးထိုင်နေသည်အလား ကြည့်ချင်ပါသော်လည်း ကလေးကြီးချင်ဖုန်းကျင့် ဖြစ်လာခဲ့ပုံကို ပြန်တွေးရင်း မြိုသိပ်လိုက်၏။
“ဒီဗုဒ္ဓက မြေအောက်ဘုံအရှင်သခင်နဲ့အတူ ချင်ဖုန်းကျင့်ကို ဖိနှိပ်ပေးထားပြီး... သူ ဒကာ့ကို မစားအောင် ကာကွယ်ပေးလိမ့်မယ်... ဒါ့အပြင် ဒီဗုဒ္ဓမှာ ကိုယ်တော် ဒကာ့ကို တိုက်ရိုက်ပေးလို့မရတဲ့ ဧကရာဇ်ပလ္လင်ကျမ်းစဉ် ရှိနေသေးတယ်... ဒကာဘာသာ လေ့လာပြီး ဆင်ခြင်ပါ... ဘယ်လောက်ရနိုင်မလဲဆိုတာက ဒကာ့အပေါ်ပဲ မူတည်တယ်”
ရဟန်းသည် ကြမ်းပြင်ကို သေသေချာချာ လှဲကျင်းရင်း ပြောလေသည်။ “ဒကာ့မှာ အစွမ်းအစရှိရင် ကျန်းခုံး ဆင်ခြင်နိုင်တာကို ဆင်ခြင်နိုင်လိမ့်မယ်... ဒကာ့ တွေးတောဆင်ခြင်နိုင်စွမ်းက အနည်းငယ် အားနည်းနေရင် မင်ရှင်း ဆင်ခြင်နိုင်တာကို ဆင်ခြင်နိုင်လိမ့်မယ်.... ဒကာသာ အစွဲကြီးနေရင်တော့ ဘာကိုမှ ဆင်ခြင်နိုင်မှာမဟုတ်ဘူး... ဒီတော့ ကိုယ်တော့် တာဝန်ပြီးပြီ”
သူတို့အရှေ့တွင် ပရဝုဏ်တစ်ခု ပေါ်လာ၏။ သိကြားဗုဒ္ဓက တစ်စုံတစ်ခုကို အာရုံစိုက်ကာ ဆင်ခြင်ရှုမှတ်နေပုံရလေသည်။
ချင်မူ တံမြက်စည်းလှဲနေသော ရဟန်းနောက်မှ တစ်လှမ်းချင်း လိုက်သွားသည်။ ရဟန်းက ဆက်ပြောသည်။ “ဒကာတို့ ပြန်သင့်ပြီ... ညီတော်၊ ထတော့... မင်းနှလုံးသားရဲ့ အညစ်အထေးတွေကို ကိုယ်တော် လှဲကျင်းချင်လှပြီ... ဒါမှ ကိုယ်တော့်ကျောင်းဆောင် မညစ်ပတ်မှာ”
သိကြားဗုဒ္ဓ ဆတ်ခနဲ နိုးလာပြီး တံမြက်စည်းလှဲနေသော ရဟန်းဆီသို့ ကြည့်သည်။ ထို့နောက် သူက မည်းမှောင်နေသော ချင်မူ၏မျက်နှာကို ကြည့်ကာ အော်လိုက်၏။ “နောင်တော်၊ အကုန်ပြီးသွားပြီလား”
ရဟန်းက ပြောလေသည်။ “ပြီးသွားပြီ”
သိကြားဗုဒ္ဓက သွေးတိုးစမ်းလိုက်သည်။ “ချီးထုပ်တွေရော”
တံမြက်စည်းလှဲနေသော ရဟန်းက ပြန်ဖြေ၏။ “ညီတော့်ခေါင်းမှာ အကုန်ပေနေပြီ... ဘယ်လောက်ဆေးဆေး မပြောင်ဘူး”
သိကြားဗုဒ္ဓ သက်ပြင်းချလိုက်မိသည်။ “ဒီလောက်ချီးထုပ်လေးများ... ဗုဒ္ဓလမ်းစဉ် မပျောက်ကွယ်သရွေ့ ညီတော် သည်းခံနိုင်ပါတယ်... ဒါနဲ့ နောင်တော်၊ ဒီချီးထုပ်က ဘယ်လောက်ကြီးလဲ... ဆေးကြောဖို့ ဘယ်လောက်ကြာမှာလဲ”
တံမြက်စည်းလှဲနေသည့် ရဟန်း အတန်ငယ် တွန့်ဆုတ်သွားသည်။ “ညီတော်က ဆေးချင်တယ်လို့မှ မပြောခဲ့တာ... နည်းနည်းတော့ ကြီးတယ်... ဒါပေမဲ့ တစ်နေ့တော့ .... ဆေးကြောနိုင်မှာပါ”
သို့သော် ထုတ်မပြောဘဲ သူ့ရင်ထဲ၌ သိမ်းထားသည့် စကားတစ်ခွန်း ရှိလေသည်။ ‘ကောင်းကင်ဘုံတွေ ပြောင်းလဲသွားတဲ့ တစ်နေ့တော့ ဆေးကြောနိုင်မှာပါ’
“ညီတော် သိကြားဘုံကို ပြန်ပြီး ထွက်ပြေးဖို့ ပြင်တော့... ဒီကျေးဇူးရှင်လေးချင်ကိုလည်း ခေါ်သွား... သူက ညီတော် ဗုဒ္ဓဘုံကနေ ထွက်သွားနိုင်အောင် ကူညီပေးလိမ့်မယ်” ရဟန်းက ပြောလိုက်သည်။
သိကြားဗုဒ္ဓက ချင်မူ၏ မည်းမှောင်နေသော မျက်နှာကို တစ်ချက်ကြည့်ကာ တဟားဟား ရယ်၏။။ “သူက ညီတော့်ကို ကူညီပေးမယ် ဟုတ်လား... သူ့မှာ အဲဒီလောက်မှော်စွမ်းအင် ရှိတယ်ပေါ့ ... နောင်တော်ပဲ ညီတော့်ကို ကူညီပေးသင့်တယ် ထင်တယ်... နောင်တော့်အစွမ်းအစတွေက ညီတော့်ထက် မြင့်မားတယ်မဟုတ်လား... နောင်တော်က အိပ်မက်ထဲမှာ အနန္တကမ္ဘာတွေဆီ လျှောက်သွားဖူးတော့ ညီတော့်ကို အန္တရာယ်ကင်းကင်း အပြင်ပို့ပေးနိုင်တဲ့ နည်းလမ်း သေချာပေါက် ရှိမှာပါ”
တံမြက်စည်းလှဲနေသည့် ရဟန်းက စကားတစ်ခွန်းမပြောပေ။ ကြမ်းပြင်ကိုသာ ဆက်လှဲနေ၏။ ရုတ်တရက် သူက သိကြားဗုဒ္ဓ၏ ခြေထောက်အား လှဲကျင်းလိုက်သည်။ သိကြားဗုဒ္ဓမှာ တစ်ကမ္ဘာလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး သတိပြန်ဝင်သည့်အခါ ချင်မူနှင့်အတူ တံခါးအပြင်သို့ လှဲထုတ်ခံလိုက်ရလေပြီ။
ချင်မူ ရိုက်ချခဲ့သောကြောင့် ကျောင်းဆောင်တံတိုင်းမှာ ပြိုကျနေသည်။ ရဟန်းက ပျက်စီးနေသည့် တံတိုင်းတစ်ခု၏ အနောက်မှ ခေါင်းပြူထွက်လာကာ သူတို့နှစ်ယောက်လုံးအား ပြော၏။ “ဒကာလေးချင်၊ ကျန်းခုံးနဲ့ မင်ရှင်းကို စိတ်မပူနဲ့... သူတို့ ဧကရာဇ်ပလ္လင်အဆင့်ကျမ်းစာကို လေ့လာပြီးရင် ပြန်လာပါလိမ့်မယ်... သူတို့နှစ်ယောက်ကို ပြန်ပို့ရတာက ဒကာတို့နှစ်ယောက်ကို ပြန်ပို့ရတာထက် အများကြီးလွယ်တယ်... ကိုယ်တော် လောလောဆယ် တံတိုင်းတွေ ပြန်ပြင်စရာရှိသေးလို့ လိုက်မပို့တော့ဘူး”
သိကြားဗုဒ္ဓ၏အနောက်ရှိ ရောင်ခြည်တန်းများ တောက်ပလာသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “နောင်တော့်အပြောအရတော့ ဒီချီးထုပ်ကြီးက တော်တော်ကြီးကြီး၊ တော်တော်နံနံတဲ့... ဘယ်လောက်ကြီးပြီး ဘယ်လောက်နံမလဲ ကြည့်ရသေးတာပေါ့... ဒကာလေးချင်၊ မျက်နှာကြီး မည်းမနေပါနဲ့တော့... ကိုယ်တော် ဒီချီးတွင်းထဲ ဆွဲချခဲ့မိတာ စိတ်မရှိပါနဲ့”
ချင်မူက နဖူးမှ ရွှေရောင်မိုးမခသစ်ရွက်အား ခွာရန် လုပ်လိုက်သည်။ သိကြားဗုဒ္ဓမှာ အလျင်အမြန် ခါးကိုင်း၍ အရိုအသေပေးကာ ပြောလေသည်။ “မခွာနဲ့ မခွာနဲ့... ဒကာ ကိုယ်တော့်ကို ရိုက်ရင်တောင် ကိုယ်တော် ထွက်ပြေးနိုင်သေးတယ်... ဒီမှာ တောင်းပန်ပါရစေ... နောင်ကျ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်”
ချင်မူ လက်ပြန်ချလိုက်သည့်အခါ သူက ဆက်ပြော၏။ “ဗုဒ္ဓတစ်ပါးအနေနဲ့ ဒကာ့အပြစ်ကို ကိုယ်တော် ခံယူသင့်ပါတယ်... ဒီလောက်ကြီးမားတဲ့ အပြစ်ကို ကိုယ်တော် တော်တော်နဲ့ ဆေးကြောနိုင်မှာမဟုတ်ဘူး”
သိကြားဗုဒ္ဓက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မပူပါနဲ့ ဒကာ့ အပြစ် မဖြစ်စေရဘူး... ကဲ ထပ်ပြီး တောင်းပန်ပါတယ်... နောင်တော်က ကိုယ်တော့်အသံနဲ့ စကားပြောလိုက်ကတည်းက ကိုယ်တော့်ကို မစင်ထုပ်နဲ့ သုတ်လိုက်တာပဲ... အရင်ဆုံး ဒီကထွက်သွားကြစို့... ကောင်းကင်နတ်ဘုံက အထဲမှာ လှိုက်ပြီး ပုပ်နေပေမယ့် ရက်ပိုင်းအတွင်း သတင်းရလိမ့်မယ်... ရတာနဲ့ ကိုယ်တော်တို့ လာဖမ်းကြမှာ... သိကြားဘုံဆီ ပြန်ပြီး ပြင်ဆင်ကြတာပေါ့”
ချင်မူ့အမူအရာ ပျော့ပျောင်းသွားပြီး ခေါင်းညိတ်လိုက်သည်။
သိကြားဗုဒ္ဓက သူနှင့်အတူ လေပေါ် ပျံတက်လိုက်၏။ သူ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည့်အခါ ဓမ္မကထိကမိုလွင်နှင့် တခြားဗုဒ္ဓများ၏ အလောင်းတို့အား မြင်လိုက်ရ၍ အံ့ဩဝမ်းသာသွားသည်။ ‘သူ့မျက်လုံးက တကယ် ထူးဆန်းတာပဲ... ဒီလောက် အင်အားကြီးမယ် မထင်ထားဘူး... မိုလွင်လို ဗုဒ္ဓတစ်ပါးကိုတောင် သတ်နိုင်တယ်... မိုလွင်ရဲ့ ဓမ္မအဆင့်က မမြင့်မားပေမယ့် သိုင်းစွမ်းအားကတော့ မခေဘူး... ဒီချီးထုပ်က မသေးပေမယ့် ငါ ကိုင်တွယ်နိုင်ပါတယ်... ဘာပြောပြော တန်တယ်’
သူက ချင်မူ့ကို ခေါ်၍ ရွှေပင်လယ်အပေါ်မှ ဖြတ်သွားသည်။ တမုဟုတ်ချင်း သူ့မျက်နှာ မည်းမှောင်သွား၏။ ရွှေပင်လယ်ကို မြင်သည်နှင့် သူ၏ခေါင်းနောက်ရှိ ဗုဒ္ဓရောင်ခြည်တော်များပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။ ဗုဒ္ဓသာသနာ့မြေ၏ အလင်းရောင်တစ်ဝက်နီးပါး ငြိမ်းသေနေချေပြီ။ ယိုတုမိစ္ဆာချီများက နေရာတိုင်းနီးပါးတွင် ရစ်သိုင်းလွင့်မျောနေသည်။ အထွတ်အမြတ်တောင်များ၊ ကျွန်းများလည်း ကြေမွနေသည်။ ဘုန်းကြီးကျောင်းဆောင်များသည်လည်း ပင်လယ်ထဲ နစ်မြုပ်နေကြသည်။
ဤသည်မှာ အမှန်တကယ် ကပ်ဆိုးကြီးပင်။
သိကြားဗုဒ္ဓ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ သူ၏ခေါင်းနောက်ရှိ ဗုဒ္ဓရောင်ခြည်တော်များမှာ အချိန်မရွေး ငြိမ်းသေတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။ အတန်ကြာမှ သူ သတိပြန်ဝင်သွားသည်။ သူက ချင်မူ့ကို ခက်ခက်ခဲခဲ ကြည့်ကာ မေးလိုက်လေသည်။ “ဒီချီးထုပ်ကလည်း ကိုယ်တော်ပဲ ခံရမှာလား... နည်းနည်းပါးပါး မျှခံကြရင် မကောင်းဘူးလား”
ချင်မူက ခေါင်းယမ်းလိုက်သည်။ “ဗုဒ္ဓ၊ တပည့်တော်မှာလည်း အပြစ်တွေ ရှိသေးတယ်...”
သိကြားဗုဒ္ဓ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချပြီး စိတ်ညစ်သွား၏။ ဤအတိုင်းသာဆို ဗုဒ္ဓဘုံသည် ယိုတုနှင့် မခြားတော့ပေ။ မကြာခင် ဝိညာဉ်များ စုဝေးလာပြီး မြေအောက်ဘုံအရှင်သခင်ပင် အလည်လာလောက်သည်။
နောက်ဆုံးတွင် ဤသန့်ရှင်းစင်ကြယ်သော သာ့သနာမြေမှာ မြေအောက်ဘုံအရှင်သခင်၏ လက်ထဲ ရောက်သွားနိုင်သည်။
‘ငါ တောင့်ခံထားရမယ်... နောင်တော်က တစ်နေ့တော့ ငါ့အပြစ်တွေကို ဆေးကြောနိုင်မယ် ပြောခဲ့တာပဲ... သူ ငါ့ကို မလိမ်နိုင်ပါဘူး’
သိကြားဗုဒ္ဓ အသက်ပြင်းပြင်းရှူ၍ ပျက်စီးနေသော ဗြဟ္မဘုံမှ အကြည့်လွှဲလိုက်သည်။ သူက ချင်မူ့ကို သိကြားဘုံသို့ ခေါ်လာကာ ပြောလေသည်။ “နောင်တော်က ဒကာ့မှာ ကိုယ်တော့်ကို အပြင်ထုတ်ပေးနိုင်တဲ့ နည်းလမ်းရှိတယ် ပြောခဲ့တယ်.. ဒကာလေးချင်မှာ ဘယ်လိုနည်းလမ်း ရှိတာလဲ မေးခွင့်ရှိမလား”
ချင်မူက နှုတ်ခမ်းဆူပြီး ပြောလေသည်။ “တပည့်တော်က ဒီကို ကျမ်းစာအစစ်တွေ ယူဖို့ လာတာပါ... လိုချင်တာမရတဲ့အပြင် ဒီအပြစ်ကိုလည်း သယ်ထားရသေးတယ်... တပည့်တော် ပြန်ရောက်ရင် တထာဂတကို ဘယ်လိုပြန်ဖြေရမလဲ... သူ့ကို ဘယ်မျက်နှာနဲ့ မျက်နှာချင်းဆိုင်ရမလဲတောင် မသိတော့ဘူး... ကောင်းကင်နတ်ဘုံ တပည့်တော်ကို ဖမ်းပြီး ကွက်မျက်ပါစေတော့”
သိကြားဗုဒ္ဓ နားလည်သွားပြီး အပြုံးတစ်ခု ပြောလိုက်၏။ “ဒါဆို ကိုယ်တော် ဒကာလေးကို သိကြားကျမ်းစာ သင်ပေးမယ်လေ... ဧကရာဇ်ပလ္လင်အဆင့် ကျမ်းစာတွေလောက်တော့ မကောင်းပေမယ့် နတ်ကောင်းကင်ခန်းမအဆင့် ကျမ်းစာတွေပဲ မဟုတ်လား... နောင်တော်ရဲ့ ကျမ်းစာတွေက နက်နဲလွန်းတော့ နားလည်ရခက်တယ်... ကိုယ်တော့်ရဲ့ သိကြားကျမ်းစာတွေကတော့ ရိုးရှင်းတယ်၊ ရဲရင့်တယ်၊ အင်အားကြီးတယ်... အတတ်လည်း လွယ်သလို သင်ပြီးတာနဲ့ အကျိုးကို မြန်မြန်ဆန်ဆန် မြင်ရလိမ့်မယ်... ကဲ ဒါဆို ဒကာလေး ဗုဒ္ဓဘုံကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို ပြောပြလို့ရပြီမလား”