ကြေးစား
Vol. 68 Ch. 939
ဝမ်ဝေ့၏ ပုံရိပ်ယောင်က တောင်ပိုင်းပင်လယ်အထက် ပေါ်ထွက်လာခဲ့သည်။ သူက ကျွန်းငယ်လေးအထက် မြောလွင့်ကာ ဘေးပတ်လည်ကို ကြည့်နေသည့် ကိုယ်ပျောက်လူသားတစ်ဦးကို မြင်လိုက်ရ၏။ သူက ပထမဦးစွာ စိတ်ရှုပ်ထွေးဟန်ပေါ်သော်လည်း နောက်ပိုင်းတွင် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် တည်ငြိမ်မှု ပြန်လည်ရရှိလာခဲ့သည်။
သူ သတိထားမိသည့် ပထမဦးဆုံးအရာက ထိုသူသည် မည်မျှသာမန်ဆန်ပြီး ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံအရ ထိုသူ၏ ဖုံးကွယ်ထားသည့် မာနနှင့် စိတ်ကြီးဝင်မှုကို ခံစားမိသည်။
ဒုတိယအနေဖြင့် သတိထားမိသည့်အရာက အာရုံ(၆)ပါး၊ အံ့ဖွယ်အသိစိတ်၊ အမြင်အာရုံနှင့် ဂမ္ဘီရတို့မှပင် ထိုသူ၏ တည်ရှိမှုကို အာရုံမခံနိုင်ပေ။ ကြည့်ရသည်မှာ ထိုသူက အရာအားလုံး၊ သဘောတရားအားလုံး၊ ရှင်သန်မှုနှင့် သက်ရှိသက်မဲ့ အရာအားလုံးအတွက် ကိုယ်ပျောက်ဖြစ်နေဟန်ပေါ်သည်။
ကိုယ်ပျောက် မဟာတာအို အရင်းအမြစ် ကျင့်ကြံရေးက အနည်းဆုံး ၃၅ရာခိုင်နှုန်းပဲ…
ဝမ်ဝေ့က သူစိမ်းကို ကြည့်ရင်းတွေးလိုက်မိသည်။
ပြီးတော့ အတုအယောင် ထာဝရဧကရာဇ်တစ်ယောက်…
ထိုသူ၏ စွမ်းရည်က ဝမ်ဝေ့လိုလူအတွက် အသုံးမဝင်ပေ။ ထို့ကြောင့် သူက နေရောင်အောက်တွင် ထောင်ထွက်နေသည့် တောင်တစ်လုံးလိုမျိုး ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သို့သော်လည်း သူက ထိုသူ၏ သတင်းအချက်အလက်တချို့ကို မမြင်နိုင်သည့်အတွက် ကျေနပ်အားရမှု မရှိပေ။
တစ်စုံတစ်ယောက်က ငါ့ကို သတ်ဖြတ်ဖို့အတွက် သူ့ကို ခန့်ထားတာပဲ။ ဒါပေမဲ့ ဘယ်သူလဲဆိုတာကို ရှာမတွေ့ဘူး…
ဝမ်ဝေ့က ထိုသူ၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ကာ တွေးလိုက်သည်။
ထိုသူကို လျှို့ဝှက်အရိပ်ဧကရာဇ်ဟု ခေါ်ပြီး ကုန်သွယ်ရေးဗဟိုချက်အတွင်း နာမည်ကျော်ကာ အားကောင်းသည့် ကြေးစားအဖွဲ့၏ တည်ထောင်သူ ဖြစ်ပေသည်။ သူ၏ လျှို့ဝှက်လက်ကြေးစားအဖွဲ့က ကမ္ဘာ့အသိုက်အဝန်းများစွာတွင် နာမည်ကျော်ကြားရသည်မှာ လျှို့ဝှက်အရိပ်ဧကရာဇ်သည် တာဝန်မကျရှုံးဖူး၍ ဖြစ်သည်။
သူက ဧကရာဇ်များစွာကို သတ်ဖြတ်ခဲ့ဖူပြီး ထာဝရဧကရာဇ်နှစ်ဦးပင် ပါဝင်ခဲ့သည်။ ပုံမှန်အားဖြင့် လျှို့ဝှက်အရိပ်ဧကရာဇ်သည် တာဝန်များကို ကိုယ်တိုင်ထမ်းဆောင်လေ့ မရှိပေ။ သူက အစစ်အမှန်ကောင်းကင်တာအို၏ အာရုံအောက် ရောက်ခြင်းမှ ကာကွယ်ဖို့အတွက် သိုသိုသိပ်သိပ်နေခြင်း သို့မဟုတ် မြေအောက်တွင် နေထိုင်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ရှိပြီး ဒိုင်မေးရှင်းအနိမ့်တွင် ဆက်လက် နေထိုင်နေသည်။ ထို့ကြောင့် သူ့ကြေးစားအုပ်စုထံ တစ်စုံတစ်ခု မဖြစ်ပျက်ခဲ့ပါက သူသည် တာဝန်ကို ဘယ်သောအခါမှ ကိုယ်တိုင်ယူမည် မဟုတ်ပေ။ သို့သော်လည်း အလုပ်ရှင်က သူ မငြင်းနိုင်သည့်အရာတစ်ခုကို ပေးအပ်လာခဲ့သည့်အတွက် ဤလုပ်ကြံရေးတာဝန်ကို လက်ခံလိုက်ခြင်း ဖြစ်သည်။
ဝမ်ဝေ့က ထိုအတုအယောင် ထာဝရဧကရာဇ်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။ တစ်စုံတစ်ယောက်က သူ့ခေါင်းအတွက် တန်ကြေး ကြီးကြီးမားမား ပေးထားသည်ကို မြင်လိုက်သော်လည်း ထိုတာဝန်အပ်ထားသည့်သူကို မမြင်နိုင်ပေ။ ထိုအချက်က သူသည် ဂမ္ဘီရ၊ ယင်ယန်တွက်ချက်မှု သို့မဟုတ် အချိန်မြစ်ကြောင်းမှတဆင့် အတိတ်ကို ပြန်လည်ကြည့်ရှုလျှင်ပင် ပြောင်းလဲခြင်း မရှိပေ။
ငါ့ရဲ့ ဂမ္ဘီရကို ခုခံနိုင်တာ လူတချို့ပဲ ရှိတယ်။ အဲဒါဆိုတော့ သူတို့ကနေ စလိုက်ဖို့ပဲ လိုတယ်…
ဝမ်ဝေ့က လူအိုကြီးငရဲနှင့် ချောက်နက်ကဲ့သို့ လူများကို ဖယ်ရှားလိုက်သည်။
အားလုံးကို ဖယ်လိုက်ရင် ကျန်ရှိနေတာက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းနဲ့ သူတို့ရဲ့ ကောင်းကင်ဘုံအဆင့် ပစ္စည်းအပျက်ပဲ…
ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ သုံးသပ်လိုက်၏။ လျှို့ဝှက်အရိပ်ဧကရာဇ်က သူ့တာဝန်ကို မစခင် ကမ္ဘာ၏ အခြေခံသတင်းအချက်အလက်များကို စုဆောင်းလိုခဲ့၏။
ထို့ကြောင့် သူ ပေါ်ထွက်လာသည့်အခါ ထိုသူက အတော်လေး တုန်လှုပ်သွားဟန်ပေါ်သည်။ ဝမ်ဝေ့က သူ့အမူအရာသည် တုန်လှုပ်မှုမှ အံ့အားသင့်မှု၊ မလိုလားမှု၊ အကြောက်တရား၊ နောင်တအထိ ပြောင်းလဲသွားပြီး အဆုံးသတ်တွင် ပြိုင်ဘက်ကင်း လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်၏ တည်ငြိမ်မှုတို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
“စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းက ငါ့ရဲ့ ပစ်မှတ်လား” လျှို့ဝှက်အရိပ်ဧကရာဇ်က မေးလိုက်၏။
“အဲ့လိုဖြစ်သင့်တာပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ခင်ဗျားက မကြောက်တော့ဘူးလား”
“ငါက ဘာလို့ ကြောက်ရမှာလဲ။ အခု မင်း ထွက်လာပြီဆိုတော့ တဲ့တိုးလုပ်ဖို့ လိုတော့တယ်”
“ဒါပေါ့။ ပြိုင်ဘက်ကင်း လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က သူ့ပစ်မှတ်ကို လိုအပ်လာတဲ့အခါမှာ တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်နိုင်ခြေ ရှိရမယ်။ ဒါပေမဲ့ ခင်ဗျားက အရည်အချင်း ပြည့်မှီတဲ့ လုပ်ကြံသတ်ဖြတ်သူ မဟုတ်ဘူး။ ပြိုင်ဘက်ကင်းဆိုတာ ပြောဖို့တောင် မလိုတော့ဘူး”
“မင်းက ဘယ်သူမလို့ ငါ့ကို အကဲဖြတ်နေတာလဲ” လျှို့ဝှက်အရိပ်ဧကရာဇ်က အနည်းငယ် အသံမြှင့်ကာ မေးလိုက်သည်။
“တကယ်လို့ ခင်ဗျားသာ လုပ်နိုင်စွမ်းရှိတယ်ဆိုရင် ကျုပ်တို့ကြားက ကွာဟချက်ကို အာရုံခံမိပြီးတော့ ခင်ဗျားရဲ့ အလိုလိုသိစိတ်အရ ထွက်ပြေးသွားမှာပေါ့” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“ဒါပေမဲ့ ခင်ဗျားရဲ့ မာနနဲ့ စိတ်ကြီးဝင်မှုက ခင်ဗျားရဲ့ ကျရှုံးမှုကို ဖြစ်စေခဲ့တာပဲ”
လျှို့ဝှက်အရိပ်ဧကရာဇ်၏ ပထမဆုံးအလိုလိုသိစိတ်က ဒေါသ ဖြစ်သည်။ သူက ထာဝရဧကရာဇ်နှစ်ပါးကို အောင်အောင်မြင်မြင် သတ်နိုင်သည့်အတွက် စိတ်ကြီးဝင်မှုမျိုး ရှိ၏။ သူက သူတို့ကို အမှန်တကယ် သေဆုံးမှုကို မဖြစ်စေခဲ့သော်လည်း သူတို့အား ပြန်လည်အသက်သွင်းဖို့အတွက် ယွမ်ခေတ်ကာလများစွာ ကုန်ဆုံးဖို့ ဖိအားပေးနိုင်ခဲ့သည်။
သို့သော်လည်း သူက သူ့ကိုယ်သူ ထိန်းချုပ်ကာ တစ်ဖက်လူ၏ စွမ်းအားကို စစ်ဆေးကြည့်လိုက်သည်။ ရလဒ်က သူ့ကို ထိတ်လန့်သွားစေ၏။ သူက အရာတစ်ခုမှ အာရုံမခံနိုင်ပေ။ သူ့ရှေ့တွင် ရှိနေသည့်သူက ဗလာဖြစ်နေသည့်အလား ဖြစ်၏။
ထို့နောက် အချိန်အတော်ကြာ မဖြစ်ပျက်ခဲ့သည့်အရာတစ်ခုက ဖြစ်ပျက်လာခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူအနေဖြင့် သူ့အစောပိုင်းနေ့ရက်များအတွင်း ထွက်ပေါ်ခဲ့သည့် အန္တရာယ်ခံစားနှုန်းက အသက်ဝင်လာကာ သူ့ခန္ဓာကိုယ်က သူ့အလိုလို လှုပ်ရှားပြီး ထွက်ပြေးဖို့ ကြိုးစားနေသည်။
သို့သော် သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ကြောင်း တွေ့ရှိလိုက်သည်။ လျှို့ဝှက်အရိပ်ဧကရာဇ်က လက်ရွေးစင်ကျင့်ကြံသူလိုမျိုး ချက်ချင်းတုံ့ပြန်ခဲ့ပြီး သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လောင်ကျွမ်းကာ စွမ်းအားကို တိုးမြှင့်ခဲ့သည်။ သူ့အရှိန်အဝါက ပြင်းထန်လာပြီး ကမ္ဘာ၏ အားကောင်းသူများကပင် အာရုံခံမိပြီး လက်ရှိအခြေအနေကို အာရုံစိုက်ထားကြသည်။
ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ပဲ လိုတယ်…
ထိုအရာက လျှို့ဝှက်အရိပ်ဧကရာဇ်၏ စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အတွေး ဖြစ်၏။ သူက သူသာ ထိုသို့လုပ်ဆောင်သရွေ့ ပြန်လည် ထွက်ပေါ်လာနိုင်ချေ ရှိသည်။ ထို့ကြောင့် တစ်ဖက်လူက အရှိန်အဝါ ထုတ်လွှတ်ထားခြင်းဖြင့် သူ့ကို အင်အားမဲ့မှု ဖြစ်စေသည်ကို ဂရုမစိုက်ပေ။ သူက သူ့အသက် ကယ်တင်ဖို့သာ ဂရုစိုက်၏။
“ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရင်တောင် ဘာမှပြန်ပြောင်းလဲမှာ မဟုတ်ဘူး။ ကျုပ်က ကံတာအိုကို ထိန်းချုပ်တယ်” ဝမ်ဝေ့က နတ်ဆိုးဆန်ဆန်အပြုံးဖြင့် ပြောကာ လျှို့ဝှက်အရိပ်ဧကရာဇ်ကို အဆုံးစွန်ထိ တွန်းပို့လိုက်သည်။ ယခုအခါ သူ့စိတ်ထဲ အကြောက်တရားက လွှမ်းခြုံထားပြီး နောင်တအပြည့် ဖြစ်လာသည်။
ဧကရာဇ်များရှိ တိုက်ပွဲက မရိုးရှင်းပဲ အသက်ရှင်သန်ဖို့ရာအတွက် လိုက်နာရမည့် စည်းမျဉ်းများ ရှိပေသည်။ ပထမနှင့် အဓိကအရာက တစ်ဖက်လူကို ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် မပေးဖို့ရာ ဖြစ်၏။ မဟာဧကရာဇ်များက မသေမျိုးဖြစ်သည့်အတွက် သူတို့၏ တာအိုအမှတ်အသားကသာ မဟာတာအိုအရင်းအမြစ်နှင့် ဆက်နွယ်နေသရွေ့ သူတို့ကိုယ်သူတို့ အသက်သွင်းနိုင်သည်။
တာအိုအမှတ်အသားက သူတို့၏ ကိုယ်ပိုင် ကာကွယ်ရေး စက်ယန္တရားရှိပြီး မဟာတာအိုအရင်းအမြစ်မှ ဖယ်ရှားဖို့ သို့မဟုတ် တွေ့ရှိဖို့ရာ မလွယ်ကူလှပေ။ ဖယ်ရှားဖို့ရာ နည်းလမ်းနှစ်ခုသာ ရှိပြီး (တာအိုဆန္ဒ သို့မဟုတ် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်း)ကို အသုံးပြုခြင်း သို့မဟုတ် စည်းပိတ်ခြင်း နည်းလမ်းကို အသုံးပြုကာ အချိန်ကြာမြင့်မှုဖြင့် ဆေးကြောခြင်းတို့ ဖြစ်သည်။
သို့သော်လည်း ထိုနည်းလမ်းနှစ်ခုဖြင့် တာအိုအမှတ်အသားများသည် ရှာဖွေတွေ့ရှိခံရနိုင်ချေ ရှိ၏။ ပုံမှန် မဟာဧကရာဇ်များက တာအိုအမှတ်အသားကို စည်းပိတ်ပြီး ယွမ်ခေတ်ကာလများစွာ အသုံးပြု၍ မဟာတာအိုအရင်းအမြစ်မှ မဖယ်ရှားနိုင်ခင် သူတို့၏ ပြိုင်ဘက်ခန္ဓာကိုယ်ကို အသုံးပြုကာ တာအိုအမှတ်အသားကို ရယူကြသည်။ ဤသို့ဖြင့် တစ်ဖက်သူကို သတ်နိုင်ကြ၏။ မဟုတ်ပါက တစ်ဖက်လူ၏ တာအိုအမှတ်အသားကို ရှာဖွေရခြင်းက ပင်လယ်ကျယ်ထဲ အပ်ပျောက်ရှာနေရသလို ဖြစ်နေမည်။
သို့သော်လည်း ကံ၊ ဂမ္ဘီရ၊ ယင်ယန်တွက်ချက်မှုနှင့် ကောင်းကင်ဘုံကဲ့သို့ တာအိုများက တာအိုအမှတ်အသားများကို ရှာဖွေရာ၌ သက်ရောက်မှုရှိ၏။ ထို့ကြောင့် သူ့ပစ်မှတ်က ကံတာအိုကို ထိန်းချုပ်နိုင်ကြောင်း သိပြီးသည့်နောက်တွင် လျှို့ဝှက်အရိပ်ဧကရာဇ်က သူ့ကံကြမ္မာသည် သတ်မှတ်ပြီးသားဖြစ်ကြောင်း သိလိုက်သည်။
သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်လျှင်ပင် ထိုသူက သူ့အမှတ်အသားကို သူ ထိုသူ့ကို သတ်ဖို့ ကြိုးစားခဲ့သည့် ကံဆက်နွယ်မှုမှတဆင့် လိုက်ရှာနိုင်သည်။
“နောက်ဆုံး ပြောစရာရှိသေးလား” ဝမ်ဝေ့က မေးလိုက်သည်။
“မရှိဘူး” လျှို့ဝှက်အရိပ်ဧကရာဇ်က ပြောလိုက်၏။ သူက ဤနေ့ရက် ရောက်လာလိမ့်မည်ဟု ထင်ထားပြီးသား ဖြစ်၏။ သူ့သဘောတရားအရ သတ်ဖြတ်သူများသည်လည်း တစ်ရက် သူတို့အသတ်ခံရမည့် နေ့ရက်သို့ ရောက်ရှိလာလိမ့်မည်။ ထို့ကြောင့် သူ ပထမအသက်ကို ယူဆောင်ပြီးကတည်းက ဤဖြစ်ရပ်သည် သူ့ကံကြမ္မာ ဖြစ်လိမ့်မည်ဟု မှန်းဆထားပြီးသား ဖြစ်သည်။
“မတောင်းဆိုတော့ဘူးလား” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်က ပါရမီရှင်တွေကို အလေးထားတဲ့သူ။ အဲဒါဆိုတော့ ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးနိုင်တယ်။”
“ငါ့မှာလည်း ငါ့မာနနဲ့ ငါ ရှိတယ်” လျှို့ဝှက်အရိပ်ဧကရာဇ်က ပြောလိုက်၏။ သူ့ဘဝတွင် နောင်တနှစ်ခုသာ ရှိခဲ့ဖူးသည်။ ပထမတစ်ခုက သူ သတ်ဖြတ်ဖို့ရာ နောင်တရခဲ့သည့် ထူးခြားသော ပစ်မှတ်တစ်ခု ဖြစ်၏။ ဒုတိယတစ်ခုကမူ သူသည် ထာဝရဧကရာဇ် ဖြစ်မလာခြင်း ဖြစ်သည်။ သို့သော်လည်း ဒုတိယနောင်တကို ထာဝရဧကရာဇ်နှစ်ယောက်ကို သတ်ပြီးသည့်နောက်တွင် ဖြေဖျောက်နိုင်ခဲ့သည်။ လျှို့ဝှက်အရိပ်ဧကရာဇ်က သူ့သေဆုံးမှုအပေါ် နောင်တရခြင်း မရှိပေ။
“နှမြောစရာပဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ မီးတောက်တစ်ခုက လုပ်ကြံသတ်ဖြတ်သူကို လွှမ်းခြုံသွားပြီး သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ကာ အပြာရောင်နှင့် အနီရောင်သတ္တုလုံးနှစ်ခုကိုသာ ချန်ထားခဲ့သည်။ အပြာရောင်သတ္တုလုံးက လျှို့ဝှက်အရိပ်ဧကရာဇ်၏ သန့်စင်သည့် ဝိညာဉ်အဆီအနှစ်ဖြစ်ပြီး ဝိညာဉ်စွမ်းအားကို တိုးမြှင့်ဖို့ အသုံးပြုနိုင်သည်။
အနီရောင်သတ္တုလုံးကမူ မဟာတာအိုအရင်းအမြစ်ကို ခန္ဓာကိုယ်အတွင်း ကိန်းအောင်းနေသည့် သဘောတရားများကို သန့်စင်ခြင်းမှ မဟာတာအိုအရင်းအမြစ်၏ သန့်စင်ထားသော စွမ်းအားများ ဖြစ်၏။ ဤသို့သော စွမ်းအားမျိုးက မဟာတာအို ဉာဏ်အလင်းပွင့် ဆေးလုံးအတွက် အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး မဟာဧကရာဇ်များအား သူတို့၏ မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ ကူညီပေးနိုင်သည်။
ဝမ်ဝေ့က ထိုပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးသည့်နောက် မဟာတာအိုအရင်းအမြစ်က သူ့ရှေ့ ထွက်ပေါ်လာသည်။ ထိုအရာက အရွယ်အစားကွဲပြားသည့် သံကြိုးများဖြင့် ပြုလုပ်ထားသော မြစ်ကြောင်းတစ်စင်းနှင့် တူသည်။ ကံကြိုးမျှင်က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သင်္ကေတ သို့မဟုတ် အမှတ်အသားရှိနေသည့် သီးသန့်သံကြိုးတစ်ခုနှင့် ဆက်နွယ်သွားသည်။
သူက သူ့တာအိုဆန္ဒကို အသုံးပြုကာ ထိုသင်္ကေတကို ဖယ်ရှားပြီး လျှို့ဝှက်အရိပ်ဧကရာဇ်က အမှန်တကယ် သေဆုံးသွားပြီး ပြန်ရှင်သန်ဖို့ အခွင့်အရေး မရှိကြောင်း အချက်ပြလိုက်သည်။
ဝမ်ဝေ့က ကမ္ဘာမှ ထိုအားကောင်းပြီး မာနကြီးသည့်သူက ဤသို့အလွယ်တကူ သေဆုံးသွားသည်ကို တွေးနေကြရင်း သက်ပြင်းချသံကိုပင် ကြားလိုက်ရသည်။
ထိုစဉ် ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ကာ ရေရွတ်လိုက်၏။
“ငါက မင်းကို မတိုက်ခိုက်ရသေးဘူး။ ဒါပေမဲ့ မင်းက အရင်ဆုံး လှုပ်ရှားရဲတယ်လား”
သူ့မျက်ဝန်းအထက် သတ်ဖြတ်ငွေ့ ဖြတ်ပြေးသွားလေ၏။ သူက သတ်ဖြတ်လိုသည့် စိတ်ဆန္ဒသက်သက်ရှိဖူးသည်မှာ ရှားပါးလှသည်။ ဝမ်ဝေ့အတွက် သတ်ဖြတ်ခြင်းက အရာများကို ရရှိဖို့ သက်ရောက်မှုအနည်းဆုံး နည်းလမ်းဖြစ်သည့်အတွက် လိုအပ်လာသည့် အခါမှသာ ပြုမူခဲ့၏။
သို့သော်လည်း စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက သူ့စိတ်ထဲ ကိန်းအောင်းနေခဲ့သည့် ထိုဆန္ဒကို လှုံ့ဆော်ပေးခဲ့သည်။
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ လူနှစ်ယောက်ကို ဆင့်ခေါ်ခဲ့သောကြောင့် သူ့ပတ်ဝန်းကျင်ရှိ အာကာပြင်က တွန့်လိမ်သွားကာ လူနှစ်ယောက်က စက္ကန့်ပိုင်းအတွင်း ရောက်ရှိလာသည်။