ထာဝရဧကရာဇ်များ၏ တိုက်ပွဲ အပိုင်း(၁)
Vol. 68 Ch. 941
ကျစ် ငါ လှည့်စားခံလိုက်ရပြီ…
ဟယ်ရှစ်ယီက ဂိုဏ်းအထက် မှော်စက်ကွင်းများစွာကို မြင်သည့်အခါ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ထိုတိုက်ကွက်၏ အဓိကရည်ရွယ်ချက်က အပျက်အစီးများကို တတ်နိုင်သမျှ မြန်မြန် ဖြစ်စေဖို့ မဟုတ်ဘဲ တခြားသူများအား သူ့ဆီ လာရောက်ကူညီခြင်းမှ တားဆီးဖို့ရာအတွက် ဖြစ်၏။
ဤအခြေအနေအတွက် အဆိုးဆုံးအခြေအနေမှာ သူ့အနေနှင့် သင်္ကေတလေးသွယ်ကြေးမုံကို အသက်သွင်းဖို့ရာအတွက် လိုအပ်သည်ထက် အချိန်ကြာနိုင်သည်။
ဟယ်ရှစ်ယီက သတ်ဖြတ်ငွေ့ဖြင့် ကြည့်လိုက်၏။
မိန်းမလှလေးပဲ…
ထိုအရာက သူ့စိတ်ထဲ ပထမဦးဆုံးတွေးမိသည့် အတွေး ဖြစ်သည်။ သို့သော်လည်း သူ့သတ်ဖြတ်ငွေ့က နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိပေ။
“မင်းက ဘယ်သူလဲ” ဟယ်ရှစ်ယီ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အေးစက်မှုတို့ ထုတ်လွှတ်နေသည်။
“ငါက မင်းကို တစ်ခါမှမတွေ့ဖူးဘူး။ ငါတို့ကြားမှာ ရန်ငြိုး မရှိသင့်ဘူး”
သူက ထိုအမျိုးသမီးဆီမှ ထာဝရဧကရာဇ် တစ်ယောက်၏ အရှိန်အဝါကို ခံစားမိလိုက်သည်။ ပို၍ အရေးကြီးသည်က ထိုသူ၏ စွမ်းအားသည် သူ့အား ဤတိုက်ပွဲကို အလေးအနက် မှတ်ယူစေသည်။
“ရှင်တို့ရဲ့ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက လူအများကြီးကို ရန်စထားတာလေ။ တစ်စုံတစ်ယောက်က ရှင့်ကို တိုက်ခိုက်လာတာ အံ့ဩစရာကောင်းလို့လား” ရှုရှစ်က ချိုမြိန်ဖွယ် အသံဖြင့် ပြန်ပြောလိုက်သည်။ သူမ ဤဂိုဏ်းအကြောင်း ရရှိထားသည့် သတင်းအချက်အလက်များက ကောင်းကင်ဧကရာဇ်ဆီမှ ရရှိခြင်း ဖြစ်၏။
သို့သော်လည်း သူမက ထိုသူ၏ စကားပေါ်မူတည်၍ အပြည့်အဝ အကဲဖြတ်ခဲ့ခြင်း မဟုတ်ပေ။
ယခု တွေ့ဆုံမှုအတွင်း သူမက အချိန်စွမ်းအားကို အသုံးပြုကာ ကမ္ဘာ၏ အတိတ်အကြောင်းကို ပြန်လည်ကြည့်ရှုခဲ့ပြီး စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက မည်သို့ပြုမူသည်ကို မြင်တွေ့ခဲ့ရသည်။ အမြဲလိုလို မာနကြီးကာ စိတ်ကြီးဝင်လေ့ ရှိ၏။ သူတို့က သူတို့ကိုယ်သူတို့ ဒိုင်မေးရှင်းအနိမ့်ရှိ အားအကောင်းဆုံးဂိုဏ်းအဖြစ် သတ်မှတ်ထားသည်။
ဟယ်ရှစ်ယီက သူမ၏ စကားကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ဂိုဏ်းက လူများစွာကို ရန်စထားသည်မှာ အမှန်ဖြစ်သော်လည်း အင်အားစုအများစုက သူတို့နှင့် ထိပ်တိုက် မရင်ဆိုင်ရဲပေ။ ထို့အပြင် သူတို့က နောက်ကွယ်မှသာ လုပ်လေ့ရှိသည့်အတွက် လူများစွာက သံသယဝင်ရုံမျှသာဖြစ်ပြီး သက်သေ မရှိကြပေ။
“မင်း မှားနေတာပဲ ဖြစ်ရမယ်။ အခု ပြန်လှည့်ဖို့ အချိန်ရှိသေးတယ်။ ကိစ္စတွေကို ပိုဆိုးရွားသွားစေပြီးတော့ မင်းရဲ့ အပြုအမူတွေကို နောက်ဆုတ်လို့ မရတဲ့အထိ မဖြစ်စေနဲ့”
“ရှင့်ရဲ့ အထက်စီးဆန်တဲ့ လေသံကလည်း စိတ်ပျက်ဖို့ ကောင်းတယ်” ရှုရှစ်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ ထို့နောက် သူမက ထိုသူနှင့် အချိန်မဖြုန်းတော့ဘဲ ပြေးဝင်သွားလိုက်သည်။ သူမ၏ ခြေထောက်အထက် အချိန်စွမ်းအား လွှမ်းခြုံသွားပြီးသည့်နောက်တွင် ဟယ်ရှစ်ယီ၏ အနီးအနားသို့ ချက်ချင်း ရောက်ရှိသွားသည်။ သူမက ထိုနေရာတွင် အစကတည်းက တည်ရှိခဲ့သလိုမျိုး ဖြစ်၏။ သူမက လက်သီးဆုပ်ကာ သူ့မျက်နှာဆီ ထိုးခွင်းလိုက်သည်။
ဝုန်း
ဟယ်ရှစ်ယီက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသော်လည်း သူ့မျက်နှာအထက် ဒဏ်ရာမဆိုထားနှင့် ခြစ်ရာပင် မရှိပေ။
သူ့ခန္ဓာကိုယ်က ငါနဲ့ ယှဉ်နိုင်တာပဲ…
ရှုရှစ်က တွေးလိုက်မိသည်။ သူမက သူတော်စင်အဆင့်တွင် ရှိစဉ်အခါက ကမ္ဘာဦးဟွင်သွမ်းကျင့်စဉ်ကို ဖန်တီးသူသည် ထိုကျမ်းကို ဖန်တီးစဉ်အခါက အလွန်ငယ်ရွယ်ခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုသူက သူမလောက် ပါရမီ မရှိလောက်ပေ။ ထို့ကြောင့် သူမသည် ထိုကျင့်စဉ်ကို ဆင့်ကဲပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့၏။
အံ့ဖွယ်သင်္ကေတများအကြောင်း နှစ်များစွာ လေ့လာပြီးသည့်နောက်တွင် သူမက ထိုကျင့်စဉ်၏ အင်မော်တယ်တွင်းပေါက်အဆင့်ကို ရောက်ရှိခဲ့ပြီး ပွင့်ချပ်၃လွှာမှ ပွင့်ချပ်၉လွှာအထိ စွမ်းအားကို မြှင့်တင်နိုင်ခဲ့သည်။ သို့သော် သူမက အင်မော်တယ် တွင်းပေါက်အဆင့်ထိ ကျင့်ကြံဖို့ရာ အချိန်မရှိသောကြောင့် တာအိုကို သက်သေမပြခင် ပွင့်ချပ် ၉လွှာအဆင့်ထိ မရောက်ရှိခဲ့ပေ။
သို့သော်လည်း သိပ်မကြာခင် သူမက အင်မော်တယ်တွင်းပေါက်အဆင့်ကို ကျင့်ကြံခြင်း ပြီးမြောက်သွားရုံသာမက ထိုကျင့်စဉ်၏ တာအိုတွင်းပေါက်အဆင့်ကိုပင် ဖန်တီးခဲ့သည်။
လက်ရှိ သူမ၏ အင်အားက ကမ္ဘာဦးနဂါး ၉၄ ခွန်အားရှိထားပြီး သူမသာ တာအိုတွင်းပေါက်ကို ပြီးမြောက်သွားသည်နှင့် သူမ၏ စွမ်းအားက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်၏ စတုတ္ထအလွှာသို့ ရောက်ရှိပြီး ခန္ဓာကိုယ်သပ်သပ်ဖြင့် တာအိုဘိုးဘေးများနှင့် ယှဉ်နိုင်သည့် ခွန်အားကို ရရှိလာလိမ့်မည်။
ထို့နောက် သူမက ဟွင်သွမ်းတွင်းပေါက်ကို ကျင့်ကြံလိုက်လျှင် ခွန်အားဂိတ်ပေါက်ကို မဖွင့်ခင်အထိ လုံလောက်သွားလိမ့်မည်။ ကမ္ဘာဦးတွင်းပေါက်၏ နောက်ဆုံးအဆင့်အတွက်မူ ရှုရှစ်က ထိုအဆင့်ကို အထက်ဘုံ တက်လှမ်းပြီး ကမ္ဘာကြီးအကြောင်း သင်ယူပြီးသည့်နောက်မှ ဖန်တီးဖို့ ကြံရွယ်ထား၏။ သူမက ကမ္ဘာဦးဟွင်သွမ်းကျင့်စဉ်၏ ဖန်တီးသူနှင့် ထိတွေ့ဆက်ဆံနိုင်သလို အတွေးအခေါ်များကို လဲလှယ်ပြီး မည်သည့်ကျမ်းက ပိုကောင်းလဲ နှိုင်းယှဉ်နိုင်သည်။
ဟယ်ရှစ်ယီက သူ့ဘေးတွင် ရှိနေသည့် အမျိုးသမီးကို အံ့အားသင့်စွာ ကြည့်လိုက်၏။
အချိန်တာအိုလား…
သူက ဤတိုက်ပွဲသည် ပိုမိုပြင်းထန်လာမည် ဖြစ်ကြောင်း သိလိုက်၏။ တားမြစ်ခံတာအိုဖြင့် တာအိုသက်သေပြနိုင်သည့်သူများကို အထင်မသေးသင့်ပေ။ အထူးသဖြင့် ထာဝရဧကရာဇ် ဖြစ်လာသည့်သူများအပေါ် ဖြစ်၏။
ဟယ်ရှစ်ယီက တုံ့ဆိုင်းမနေဘဲ သူ့တာအိုခန္ဓာကို အသက်သွင်းလိုက်သည်။ သူ့မျက်နှာအထက် အနီရောင်အမှတ်အသား ပေါ်ထွက်လာပြီးသည့်နောက် ရင်ဘတ်ပေါ်ထိ ဖုံးလွှမ်းသွားသည်။ သူ့မျက်ဆံနှင့် ဆံပင်တို့က ရွှေရောင် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် တိုက်ခိုက်ရေးအငွေ့အသက်တို့ ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်အထက် ရွှေရောင်နှင့် ငွေရောင်ချပ်ဝတ်တစ်ခု ပေါ်ထွက်လာပြီး ဦးခေါင်းမှလွဲ၍ အစိတ်အပိုင်းတိုင်းကို ဖုံးအုပ်သွား၏။ ဟယ်ရှစ်ယီက လက်ကို မြှောက်လိုက်သည့်အခါ အနက်ရောင်ပုဆိန်လှံရှည်က သူ့လက်ထဲ ပေါ်ထွက်လာခဲ့သည်။
ရှုရှစ်က တစ်ဖက်လူ၏ ချပ်ဝတ်နှင့် လက်နက်ကို မြင်ကာ မျက်မှောင်ကြုတ်လိုက်၏။ ထိုအရာက ထိုသူ၏ တာအိုသက်သေပြ ပစ္စည်းဖြစ်ကြောင်း ပြောနိုင်သော်လည်း ထိုအရာကို အာရုံစိုက်ထားခြင်းမှ သူမ ခံစားမိသည့် ကြောက်မက်ဖွယ်အငွေ့အသက် တစ်ခု ရှိနေ၍ ဖြစ်သည်။
ရှုရှစ်အနေဖြင့် ထိုသူက တာအိုခန္ဓာ နိုးထလာပြီးသည့်နောက်တွင် မဟာတာအို ၃ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း ခံစားမိလိုက်သည်။ သို့သော် ထိုသူ၏ ဧကရာဇ်အသုံးအဆောင်က မဟာတာအို ၁၀ ရာခိုင်နှုန်း တိုးမြှင့်မှုကို ပေးအပ်ထားသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
သူမက ကောင်းကင်ဧကရာဇ်၏ အသုံးအဆောင်ပင် ဤမျှအားကောင်းမည် မဟုတ်ကြောင်း သံသယရှိမိသည်။ ရုတ်ချည်းဆိုသလို သူမက တစ်စုံတစ်ခုကို တွေးမိသွား၏။
သူက ကောင်းကင်ဘုံအဆင့် ပစ္စည်းအပျက်ကို သန့်စင်ပြီးတော့ သူ့တာအိုသက်သေပြပစ္စည်းအဖြစ် အသုံးပြုခဲ့တာလား…
သူမက ထိုနည်းလမ်း၏ ဆိုးကျိုး၊ ကောင်းကျိုးကို သုံးသပ်ကြည့်လိုက်သည်။ ကောင်းကျိုးက သိသာလှပြီး ထိုသို့အားကောင်းသည့် လက်နက်မျိုးကို ဖန်တီးနိုင်ခြင်းက ဧကရာဇ်တိုင်း အားကျရမည့်အရာ ဖြစ်၏။
သို့သော်လည်း ဆိုးကျိုး ရှိနေသည်။ ကောင်းကင်ဘုံအဆင့်လက်နက်သည် ပိုင်ရှင်၏ မဟာတာအိုအရင်းအမြစ် ပါဝင်နေ၏။ အကယ်၍ ဂရုမစိုက်ပါက အဆင့်နိမ့် သို့မဟုတ် အားနည်းသည့် လက်နက်များက ပိုင်ရှင်၏ တာအိုဖြင့် ညစ်ညမ်းသွားနိုင်ချေရှိကာ အသုံးမဝင်ဖြစ်သွားနိုင်သည်။
ရှုရှစ်က အချိန်မဖြုန်းဘဲ သူမ၏ တာအိုခန္ဓာကို နိုးထစေလိုက်သည်။ တိမ်တိုက်နှင့် တူသည့် အရာတစ်ခုက သူမ၏ ခေါင်းအထက် ပေါ်ထွက်လာသည်။ ထိုစဉ် သူမက ပိုမိုမြင့်မြတ်ကာ မသေမျိုး နတ်ဘုရားမတစ်ပါးက သေမျိုးကမ္ဘာဆီ ဆင်းသက်လာသလိုမျိုး ကြော့ရှင်းကာ တင့်တယ်လှ၏။
သူမက လက်ကို မြှောက်လိုက်သည့်အချိန် သူမ၏ လက်ဝါးအထက် ဆေးမီးဖို သို့မဟုတ် အိုးတစ်ခု ထွက်ပေါ်လာပြီး ထိုအရာမှ ကြောက်မက်ဖွယ် ကမ္ဘာဦးဟွင်သွမ်း စွမ်းအားတို့ ထုတ်လွှတ်နေသည်။
ကောင်းကင်ကို ဟက်တက်ခွဲခြင်း
ဟယ်ရှစ်ယီက တစ်ဖက်လူဆီ ပြေးဝင်သွားပြီး ပုဆိန်လှံရှည်ကို အားကုန်ဝှေ့ယမ်းလိုက်သည်။ တစ်ကမ္ဘာလုံးကိုပင် ပိုင်းဖြတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားက လက်နက်မှ ထွက်ပေါ်လာလေ၏။
ခွန်အားတာအိုလား။ မဟုတ်သေးဘူး။ ဒါက ခွန်အားတာအိုကို ထိန်းချုပ်ဖို့ ပဲ့တင်သံကို အသုံးပြုထားတဲ့ တိုက်ပွဲတာအိုပဲ…
ရှုရှစ်က အသင်္ချေတာအိုအိုးကို ထိန်းချုပ်ကာ အရွယ်အစားကို သာမန်ဆေးမီးဖိုလောက် ကြီးထွားစေခဲ့သည်။ ထိုအိုးက မြူခိုးများ ထုတ်လွှတ်လာပြီး ထိုအားကောင်းသည့် ပုဆိန်လှံရှည်ရှေ့ ရပ်တန့်သွားသည်။ ထို့နောက် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်တွင် ဘာမှဖြစ်ပျက်မလာခဲ့ပေ။
အသံကျယ်ကျယ် ထွက်လာခြင်းမရှိသလို စွမ်းအားလှိုင်း သို့မဟုတ် စွမ်းအင်လှိုင်းများ ထုတ်လွှတ်လာခြင်း မရှိဘဲ ပတ်ဝန်းကျင်အပေါ်လည်း သက်ရောက်မှု မရှိခဲ့ပေ။ လက်နက်က တိမ်တိုက် သို့မဟုတ် ဝါဂွမ်းနှင့် ထိတွေ့လိုက်သလိုမျိုး ဖြစ်၏။
လက်နက်က - တစ်ဆယ်ရာခိုင်နှုန်း၊ နိုးထခြင်းက - သုံးရာခိုင်နှုန်း၊ တာအိုဆန္ဒက -နှစ်ရာခိုင်နှုန်း၊ ယေဘုယျအားနဲဆိုရင် ၃၅ရာခိုင်နှုန်းပဲ…
ရှုရှစ်က သုံးသပ်လိုက်သည်။
သူ့ဝိညာဉ်၊ တခြားအရင်းအမြစ်နည်းစနစ်တွေ ဒါမှမဟုတ်ဘူးဆိုရင် သူ့ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်နိုင်မဲ့ နည်းလမ်းတွေရှိလောက်တယ်…
မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရားက ခန္ဓာကိုယ်ကို မဟာတာအိုအရင်းအမြစ် အားဖြည့်မှုကို ခွင့်ပြုပေးထားလေသည်။ သူတို့၏ ပထမတွေ့ဆုံမှုအတွင်း တစ်ဖက်သူက ထိုအဆင့်အထိ မရောက်ကြောင်း သိလေ၏။
သို့သော်လည်း သူမက ထိုဖြစ်နိုင်ချေကို ချက်ချင်း မပယ်ထုတ်ခဲ့ပေ။
အဆုံးမဲ့ အချိန်ဓားသွား
ကောင်းကင်အထက် ဓားထောင်ချီပေါ်ထွက်လာပြီး အချိန်စွမ်းအားဖြင့် တောက်ပနေလေသည်။
သူတို့က ဟယ်ရှစ်ယီဆီ သူတွေးနိုင် တုံ့ပြန်နိုင်သည်ထက်ပင် မြန်ဆန်စွာ ကျရောက်လာလေ၏။ သူတို့က အချိန်ကို ကျော်လွှားကာ အနာဂတ်ကို တိုက်ခိုက်နေသလိုမျိုး ဖြစ်သည်။
ကံကောင်းစွာဖြင့် ဟယ်ရှစ်ယီ၏ ပင်မတာအိုက တိုက်ပွဲတာအိုဖြစ်သည့်အတွက် သူ အလိုအပ်ဆုံးအရာက တိုက်ပွဲဉာဏ်ရည် သို့မဟုတ် အတွေ့အကြုံ ဖြစ်ပေသည်။ သူ့ပုဆိန်လှံရှည်က စက်ဝိုင်းပုံသဏ္ဌာန် လည်ပတ်ကာ သူ့ဆီ ချဉ်းကပ်လာသည့် ဓားများကို ပိတ်ဆို့လိုက်၏။
ထို့နောက် ဟယ်ရှစ်ယီက အမူအရာ ပြောင်းလဲသွားကာ လုပ်လက်စကို ရပ်တန့်ပြီး ရှောင်လွှဲဖို့ ရွေးချယ်ခဲ့သည်။
ကြောက်စရာကောင်းတဲ့ အလိုလိုသိစိတ်ပဲ…
ရှုရှစ်က တွေးလိုက်မိသည်။ သူမ၏ အပြုအမူက လှည့်စားမှုမျှသာ ဖြစ်ပြီး သူမ၏ တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသည်။ သူမက အချိန်ကို ပြန်ပြောင်းကာ တစ်ဖက်လူ၏ လက်နက် အားကောင်းမလာခင်အချိန်ကို ပြန်ပြောင်းလိုခြင်း ဖြစ်၏။ သို့သော် ဟယ်ရှစ်ယီက သတိပြုမိခဲ့ပြီး အချိန်ဓားသွားကို မတားဆီးတော့ဘဲ ရှောင်ရှားခဲ့၏။
သူ ရှောင်လည်း ကိစ္စမရှိဘူး။ ငါ့ရဲ့ ရည်ရွယ်ချက်တစ်ခုတော့ ပြီးမြောက်သွားပြီ…
ဟယ်ရှစ်ယီက သူမ၏ တိုက်ပွဲကို ရှောင်ရှားနိုင်ခဲ့သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးအတွက် အတူတူဟု မပြောနိုင်ပေ။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကြောင့် အများစုမှာ အကောင်းအတိုင်း ရှိနေသော်လည်း ကုန်းမြေက သူတို့၏ ကာကွယ်ရေးထက် ကျော်လွန်လောက်အောင် ပျက်စီးသွားခဲ့သည်။
ရှုရှစ်က အော်သံနှင့် ဒေါသတကြီး ပြောဆိုသံများကို ကြားလိုက်ရပြီး မိုးမြေကြားမှ ငြင်းဆန်မှုကို ခံစားမိလိုက်သည်။ ထိုအရာက သူမ၏ အပြုအမူအတွက် ကောင်းကင်တာအို၏ အမုန်းတရားဖြစ်ကြောင်း သိလိုက်၏။ ကံဆိုးစွာဖြင့် ထိုသူက တစ်ခုခု လုပ်ဆောင်ဖို့ရာ အင်အားကင်းမဲ့နေခဲ့သည်။
အားနည်းတာက နဂိုကတည်းက အပြစ်ကြွေးပဲ…
ရှုရှစ်က တွေးလိုက်မိသည်။ ထိုအရာက သူသည် သူမ၏ ခင်ပွန်း ကူကယ်ရာမဲ့စွာ သေဆုံးသွားသည်ကို ကြည့်နေရင်း သင်ယူခဲ့ရသည့် သင်ခန်းစာတစ်ခု ဖြစ်၏။
အထွတ်အထိပ် နတ်ဘုရားမိုးကြိုးအပြစ်ဒဏ်
ဟယ်ရှစ်ယီက သူ့ပုဆိန်လှံရှည်ကို လှံအဖြစ် အသုံးပြုကာ တစ်ဖက်လူဆီ ထိုးစိုက်သည့် အမူအရာဖြင့် ပြေးဝင်လာသည်။ သူ့အနီးနားတွင် ခရမ်းရောင်မိုးကြိုးနှင့် လျှပ်စီးများ ရှိနေပြီး လမ်းရှိ အရာအားလုံးကို သုတ်သင်ပစ်ခဲ့၏။
ရှုရှစ်က ထိုတိုက်ကွက်သည် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးဓာတ်သဘာဝ ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည့်အတွက် ရှောင်ရှား၍ မဖြစ်နိုင်ပေ။ သူမက တုန်လှုပ်နေခြင်း မရှိဘဲ အိုးထဲမှ မြူခိုးများကိုသာ ထပ်မံ ထုတ်လွှတ်လိုက်သည်။
ထိုအရာက အားစိုက်ထုတ်မှုများစွာ မရှိဘဲ ထိုအလားအလာကောင်းသည့် မိုးကြိုးနှင့် ထိတွေ့လိုက်သည့်အခါ ချက်ချင်း ဝါးမျိုသွားလေ၏။
“အရာအားလုံးက မူလဘူတ(ဟွင်သွမ်း)ဆီ ပြန်သွားရမယ်” ဟယ်ရှစ်ယီက အဖြစ်အပျက်ကို သဘောပေါက်သွားကာ ရေရွတ်လိုက်သည်။ သူက တစ်ဖက်လူနှင့် တုံ့ဆိုင်းခြင်းမရှိ အကွာအဝေး ချဲချင်သော်လည်း နောက်ကျလွန်းသွားခဲ့သည်။
ရှုရှစ်၏ လက်အတွင်း တူညီသည့် မြူခိုးများဖြင့် ပြုလုပ်ထားသော ဓားတစ်ချောင်းက ပေါ်ထွက်လာကာ သူ့ကို ခုတ်ချလိုက်၏။