← Chapters

တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်း

Vol. 68 Ch. 945

တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်း

Vol. 68 Ch. 945

ဟယ်ရှစ်ယီ၏ ခက်ထန်သည့် အကြည့်က ရှုရှစ်အပေါ် ကျရောက်လာစဉ် ဘေးပတ်ဝန်းကျင်ကိုပါ ဆက်လက်လေ့လာနေသည်။ ကမ္ဘာက နေမရှိသည့် အမှောင်ထုအတွင်း ကျရောက်နေပြီဖြစ်၏။

ယင်နှင့်ယန်က မျှခြေပျက်သွားပြီး ယင်စွမ်းအားက များပြားလာခဲ့သည်။ လူများစွာက သေဆုံးသွားပြီး ယင်စွမ်းအင်ပမာဏ အမြောက်အများကြောင့် စက္ကန့်နှင့်အမျှ တစ္ဆေ သို့မဟုတ် မိစ္ဆာစိတ်ဝိညာဉ်များ မွေးဖွားလာကြသည်။

ဟယ်ရှစ်ယီ၏ စိတ်ထဲ လှပကာ ငြိမ်းချမ်းဖူးသည့် အတိတ်ကာလကို ပြန်လည်စဉ်းစားမိသွားပြီး ယခုနှင့် နှိုင်းယှဉ်ကာ ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

မိုးမြေကို တိုက်ခိုက်ခြင်း

ဟယ်ရှစ်ယီ ဝန်းကျင်တွင် ကြောက်မက်ဖွယ်သတ်ဖြတ်ငွေ့တစ်ခု ထွက်ပေါ်လာပြီး သူ့အရှိန်အဝါကို တိုးမြှင့်ပေးလိုက်သည်။

အရင်းအမြစ် နည်းစနစ်လား…

ရှုရှစ်က အလေးအနက် အကဲခတ်ရင်း တွေးလိုက်သည်။ သူမအနေဖြင့် ထိုသူက မိုးမြေကြားတွင် တည်ရှိနေသည့် တိုက်ခိုက်ငွေ့ အမြောက်အများကို စုစည်းပြီး သူ့စွမ်းအား တိုးမြှင့်ခဲ့သည်ကို မြင်လိုက်ရသည်။

ဟယ်ရှစ်ယီက ပုဆိန်လှံရှည်ကို အလေးချိန် မရှိသည့် ကစားစရာအလား ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက ပျောက်ကွယ်သွားပြီး ရှုရှစ်ရှေ့ ပေါ်ထွက်လာကာ ခုတ်ချလိုက်သည်။ သူမဝန်းကျင်ရှိ အာကာပြင်က ဖိနှိပ်ထားပြီး သူမအား တုံ့ပြန်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ အချိန်မပေးပေ။ တစ်ကမ္ဘာလုံးက သူမနှင့် ထိပ်တိုက်တွေ့ဆုံသလိုမျိုး ခံစားနေရ၏။

ဝုန်း

ရှုရှစ်၏ ခန္ဓာကိုယ်က ထိုတိုက်ကွက်နောက်ကွယ်မှ စွမ်းအားကို ခံနိုင်ရည်မရှိဘဲ အလင်းပျောက်များအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။ ဟယ်ရှစ်ယီက ကိစ္စများသည် ထိုမျှမရိုးရှင်းကြောင်း သိသည့်အတွက် မျက်မှောင်ကြုတ်လိုက်၏။

ထင်ထားသည့်အတိုင်း တစ်စက္ကန့်လေးအတွင်း သူမ၏ ခန္ဓာကိုယ်က အလိုလို ပြန်လည်ဖြစ်တည်လာသည်။

သေခြင်းရှင်ခြင်း တာအိုလား…

ဟယ်ရှစ်ယီအနေနှင့် ထာဝရဧကရာဇ်များကို သတ်ဖို့ရာ ခက်ခဲနေပြီဖြစ်ကာ ယခု ကုသခြင်း သို့မဟုတ် သေခြင်းတရားကို ကျော်လွှားရာ၌ ထူးချွန်သည့် တာအိုနှစ်ခုကို ထိန်းချုပ်ထားသည့်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည်။

သူ့အင်အားက မဟာတာအိုအရင်းအမြစ် တစ်ရာခိုင်နှုန်း တိုးမြင့်လာတယ်ဆိုပေမဲ့ ငါ အမှီလိုက်ဖို့ ခက်နေတုန်းပဲ…

ရှုရှစ်က သက်ပြင်းချကာ တွေးလိုက်သည်။

“တိုက်ကွက်တစ်ခုက မင်းကို မသတ်နိုင်ဘူးဆိုမှတော့ အကြိမ်ထောင်ချီ လုပ်ရတာပေါ့” ဟယ်ရှစ်ယီက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

မိုးမြေခွဲခြမ်းခြင်း

ဟယ်ရှစ်ယီက တိုက်ခိုက်ရေးနှင့် သိုင်းပညာကို အသုံးပြုကာ တာအိုကို သက်သေပြခဲ့သည့်အတွက် သူ့နည်းစနစ်များက ကွဲပြားလှသည်။ တာအိုကို ခွဲခြမ်းခြင်း အသုံးပြုသည့် နည်းစနစ်တစ်ခုက အရာများစွာကို နှစ်ခု သို့မဟုတ် နှစ်ခုထက် ပိုသည့် အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းခွင့်ပြုထားလေသည်။

ထို့ကြောင့် ထိုတိုက်ကွက် တစ်ခုတည်းဖြင့် သူက တစ်ကမ္ဘာလုံးကို နှစ်ပိုင်း ခွဲနိုင်သည့် စွမ်းအားမျိုး ရှိလာခဲ့သည်။ သူက ထိုနည်းစနစ်၏ စွမ်းအားအကုန်လုံးကို ထိုတိုက်ကွက်အပေါ် အာရုံစိုက်ထားလိုက်ပြီး ရှုရှစ်ကို ပစ်မှတ်ထားကာ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာထံ အပျက်အစီးကို လျှော့ချခဲ့သည်။

ဟွင်သွမ်းချပ်ဝတ်

ရှုရှစ်၏ အသင်္ချေတာအိုမှ မီးခိုးရောင်တိမ်တိုက်များ ထွက်ပေါ်လာပြီး သူမ ဝန်းကျင်တွင် ဒိုင်းကာသဖွယ် ဖွဲ့စည်းသွားသည်။

ဝုန်း

သူမ၏ ခုခံမှုက ယိုင်လဲလုနီးပါးဖြစ်သွားပြီး တိမ်တိုက်များပေါ်တွင် အက်ကြောင်းများစွာ ပေါ်ထွက်လာခဲ့၏။ သူမမျက်နှာက ဖြူဖျော့သွားကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သွေးတစ်စက်က မြေပြင်‌ပေါ် ကျရောက်သွားပြီး မြေပြင်နှင့် မထိတွေ့ခင် တိုင်းပြည်မြောက်များစွာကို လွှမ်းမိုးနိုင်သည့် ပင်လယ်သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာဦးဟွင်သွမ်းကို ပိုင်းခြမ်းခြင်း

ဟယ်ရှစ်ယီက ဒုတိယအကြိမ်မြောက် တိုက်ခိုက်ပြီး တစ်ဖက်လူ၏ ထူးကဲသည့်စွမ်းအားကို ပစ်မှတ်ထားလိုက်၏။ သူ့ပုဆိန်လှံရှည်က ကျဆင်းလာသည့်အခါ ဟွင်သွမ်းစကြဝဠာ၏ အစကတည်းက တည်ရှိခဲ့သည့် အခြေခံစွမ်းအားဖြစ်သည့် ကမ္ဘာဦးဟွင်သွမ်းကို ခွဲခြားပစ်နိုင်သည့် စွမ်းအားမျိုး ပါဝင်နေသည်။

ရှုရှစ်က ထိုတိုက်ကွက်၏ စွမ်းအားကို သိထားပြီး သူမအနေဖြင့် မတားဆီးနိုင်ကြောင်းကိုပါ သိထားလေသည်။ ထို့ကြောင့် သူမက ခုခံမှုကို လျစ်လျူရှုလိုက်ပြီး တစ်ဖက်လူ၏ တာအိုဆန္ဒကိုသာ အာရုံစိုက်လိုက်သည်။ သူမ လုပ်ဖို့လိုအပ်သည်က ဟယ်ရှစ်ယီ၏ တာအိုဆန္ဒသည် သူမခန္ဓာကိုယ်နှင့် ဝိညာဉ်အတွင်း ဝင်ရောက်လာခြင်းမှ တားဆီးဖို့ ဖြစ်၏။ ထိုအခါမှ သူမအနေဖြင့် အသက်ရှင်နိုင်လိမ့်မည်။

ဝုန်း

မြူခိုးများက ပုဆိန်လှံရှည်ရှေ့တွင် အသုံးမဝင်တော့ပေ။

အသင်္ချေတာအိုအိုးက အက်ကြောင်းတချို့ ပေါ်ထွက်လာလေသည်။ ရှုရှစ်၏ လှပသော ခန္ဓာကိုယ်အတွက်မူ အလင်းပြောက်များအဖြစ် ပေါက်ကွဲထွက်သွားသည်။

ကျစ်…

ဟယ်ရှစ်ယီက တစ်ဖက်လူကို သတ်ဖို့ရာ ကျရှုံးခဲ့ကြောင်း သိသည့်အတွက် တွေးလိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။

ဒီလူတွေက လေဟာနယ်တိုက်ပွဲကွင်းပြင်ကို ဘာလို့ မဖွင့်ရသေးတာလဲ…

သူက ထိုအခြေအနေကို အခွင့်ကောင်းယူကာ နယ်မြေတစ်ခုချင်းစီကို စစ်ဆေးကြည့်လိုက်စဉ် တခြားသော နယ်မြေများတွင်လည်း အားကောင်းသည့် အရှိန်အဝါလေးခု ရှိနေကြောင်း သတိထားမိလိုက်သည်။

“သူတို့တွေလည်း တိုက်ခိုက်ခံနေရတာလား”

သူ့တစ်စိတ်တစ်ပိုင်းက သူတစ်ယောက်ထဲသာ ထိခိုက်ခြင်း မဟုတ်ကြောင်း သိသည့်အတွက် စိတ်အေးသွားလေသည်။ သို့သော်လည်း သူက ထိုအရာသည် ပစ်မှတ်ထားသည့် တိုက်ကွက်တစ်ခုဖြစ်ကာ သူ့ရန်သူက တခြားသူများကို သူ့ဆီ လာရောက်ကူညီဖို့ မလိုချင်ကြောင်း နားလည်လိုက်၏။

ရှုရှစ်က မြေပြင်ပေါ်ကျသွားသည့် သွေးစက်မှ ပြန်လည်ပေါ်ထွက်လာခဲ့၏။ သူမက တစ်ဖက်လူကို စိုက်ကြည့်လိုက်သည်။

“မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို သိမှာပါ။ ဒီလိုမျိုး အသုံးမဝင်တဲ့ တိုက်ပွဲကို တိုက်ပြီး ဘာလို့အချိန်ဖြုန်းနေဦးမှာလဲ…”ဟယ်ရှစ်ယီက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ သူက ဒေါသကြီးနေသော်လည်း ယခုအခြေအနေအတွက် ထိုအရာသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်ကြောင်း သိလေသည်။

နယ်ခြား ထာဝရဧကရာဇ် တစ်ယောက်ကို သတ်ဖြတ်ဖို့က အလွန်တရာ ခက်ခဲလှ၏။ အကြောင်းမှာ သူ့အနေဖြင့် သူမ၏ သမိုင်းကြောင်းကို ပယ်ဖျက်ပစ်ဖို့ လိုအပ်သော်လည်း ပထမဦးစွာ သူမ၏ ဇစ်မြစ်ကို ရှာဖွေဖို့ လိုအပ်နေသည်။

“မင်းက ဘယ်သူလဲ။ ဘယ်သူက မင်းကို လွှတ်လိုက်တာလဲ။ အဲ့လိုဆိုရင် ငါတို့ရဲ့ ရန်ငြိုးတွေ အဆုံးသတ်ပြီ”

“ရှင်တစ်ယောက်ထဲ အရင်းအမြစ်နည်းစနစ် ရှိတယ်လို့ ထင်နေတာလား” ရှုရှစ်က နှာခေါင်းရှုံ့ကာ ပြောလိုက်၍ ဟယ်ရှစ်ယီက မျက်မှောင်ကြုတ်လိုက်သည်။ သူ့ပထမဦးဆုံးအတွေးက တစ်ဖက်လူသည် လျှောက်ပြောနေသည်ဟုသာ ဖြစ်၏။ အရင်းအမြစ်နည်းစနစ်များက ရှားပါးလှသော်လည်း သူ တစ်ယောက်တည်းသာ ရှိထားလိမ့်မည်ဟု ယုံကြည်လောက်သည့် အနေအထားထိတော့ မဟုတ်ပေ။

သူ့သုံးသပ်ချက်အရ တစ်ဖက်လူသည် ငယ်ရွယ်သည့် ထာဝရဧကရာဇ်တစ်ယောက် ဖြစ်ပြီး ဤမျိုးဆက်မှ တာအိုကို သက်သေပြခဲ့သူဖြစ်ကာ သူမအနေဖြင့် ကိုယ်ပိုင်အရင်းအမြစ်နည်းစနစ်ကို ဖန်တီးဖို့ရာအတွက် အချိန်များများစားစား မရှိသင့်ပေ။

သူမ၏ အင်အားစု သို့မဟုတ် ဂိုဏ်းမှ တည်ရှိပြီးသား နည်းစနစ်အတွက်ကိုမူ…

ဟယ်ရှစ်ယီက သူမသာ ထိုသို့နည်းစနစ်မျိုး ရှိထားပါက သူမ၏ အရင်းအမြစ်နည်းစနစ်က ဝှက်ဖဲတစ်ခု မဟုတ်သရွေ့ တိုက်ပွဲအစကတည်းက ထိုအရာကို မဟာတာအိုအားဖြည့်မှုအဖြစ် အသုံးပြုလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းမိ၏။

မဟုတ်သေးဘူး။ ငါ့ရဲ့ယူဆချက်က မှားသွားနိုင်တယ်။ သူမက အချိန်တာအိုကို ကျင့်ကြံတယ်ဆိုတော့ အရင်းအမြစ်နည်းစနစ်ကို ဖန်တီးဖို့ အချိန်အများကြီး ရှိနိုင်တာပဲ…

သူက သူမကို တားဆီးလိုသော်လည်း နောက်ကျလွန်းသွားခဲ့သည်။ ရှုရှစ်၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့၏။ သူမက မျက်လုံးမှိတ်ထားပြီး မျက်နှာအမူအရာက ဝမ်းနည်းကာ တောင့်တသည့် အမူအရာမျိုး ထွက်ပေါ်နေသည်။

“ဘာလဲ။ စိတ်ခံစားချက်လား၊ မဟုတ်သေးဘူး ဒါက စွဲလမ်းမှုပဲ ဖြစ်ရမယ်။”

ယခင် တာအိုဆွေးနွေးပွဲအတွင်း ကောင်းကင်ဧကရာဇ်က ရှုရှစ်နှင့် သက်ဆိုင်သည့် တစ်စုံတစ်ခုကို ပြောခဲ့သည်။ သူ့ပြောစကားအရ လူတစ်ယောက်ကို သူတို့၏ ကံကြမ္မာကို ဆန့်ကျင်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများကို ဖန်တီးနိုင်သည့် အရာတချို့ရှိလေသည်။ ပထမတစ်ခုက ပြိုင်ဘက်ကင်းဉာဏ်ရည်နှင့် အသိဉာဏ် ဖြစ်ပြီး ဒုတိယတစ်ခုက ပြိုင်ဘက်ကင်း စိတ်ဆန္ဒဖြစ်ကာ တတိယတစ်ခုကမူ မယိုင်လဲသည့် တာအိုနှလုံးသား ဖြစ်ပြီး နောက်ဆုံးတစ်ခုအနေဖြင့် စွဲလမ်းမှုတို့ ဖြစ်သည်။

ထိုစကားများကို ကြားကာ ရှုရှစ်က လှုံ့ဆော်မှုကို ရရှိခဲ့ပြီး စွဲလမ်းခြင်းမျိုးစေ့ဟု ခေါ်ဆိုသည့် ထူးကဲသော အရင်းအမြစ် နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။ သူမက သူမ၏ ခင်ပွန်းဖြစ်သူကို အသက်ပြန်သွင်းလိုသည့် စွဲလမ်းစိတ်နှင့် လိုအင်ဆန္ဒကို မျိုးစေ့တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပြီး အချိန်စွမ်းအားဖြင့် အားဖြည့်ပေးခဲ့သည်။

အချိန်စွမ်းအားဖြင့် သူမက သူမ၏ ခင်ပွန်းကို အသက်ပြန်သွင်းဖို့ ဘာမဆိုကြိုးစားခဲ့ပြီး ကျရှုံးခဲ့ရသည့် တခြားသော အချိန်စက်ဝန်းများကို တွေ့ကြုံခံစားခဲ့၏။ သို့သော်လည်း စစ်ဆေးမှုနှင့် စမ်းသပ်ချက်များက မည်သို့ပင်ဖြစ်စေကာမူ သူမက ကြိုးစားခြင်းကို မရပ်တန့်ခဲ့ပဲ သူမ၏ စွဲလမ်းမှုကို ပြုစုပျိုးထောင်ခဲ့သည်။

ထိုနည်းစနစ်ကို ကျင့်ကြံရခြင်းက အင်မတန် ခက်ခဲလှပြီး လူများက နက်နဲသည့် လိုအင်ဆန္ဒ သို့မဟုတ် စွဲလမ်းမှုတို့ကို လိုအပ်သည်။ ထို့အပြင် ထိုနည်းစနစ်က လူများအား စွဲလမ်းမှုက သူတို့၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်ကို လွှမ်းမိုးသွားနိုင်ပြီး စွဲလမ်းမှုကိုသာ ပြီးမြောက်အောင် နစ်မြုပ်ထားသည့် စိတ်လွတ်သွားသော ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲသွားနိုင်သည့်အတွက် ဟာကွက်ကြီး ရှိနေသည်။

ထိုနည်းစနစ်ကို ဖန်တီးသူ သူမအတွက်ပင် ထိုဆိုးကျိုးမှ မလွတ်မြောက်ပေ။

ထို့ကြောင့် ထိုအရင်းအမြစ်နည်းစနစ်သည် သူမအား မဟာတာအိုအရင်းအမြစ် ၁.၅ ရာခိုင်နှုန်းကို တိုးမြှင့်ပေးနိုင်သော်လည်း တိုးတက်ဖို့ရာ အခွင့်အရေး ကျန်ရှိနေသေးသည်။ သူမက သူမ၏ စွဲလမ်းမှုကို အားဖြည့်ပေးနေသရွေ့ ထိုမြှင့်တင်မှုက အနည်းဆုံး ၅ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်သည်။

ထို့အပြင် ထိုနည်းစနစ်က စိတ်အခြေအနေနှင့် တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်၏။

ရှုရှစ်က မျက်လုံးပွင့်လာကာ သူတို့က ပန်းရောင်သဖွယ် ပြောင်းလဲသွားလေသည်။ သူမ၏ အိုးမှ မီးခိုးရောင်မြူခိုးများ ထွက်ပေါ်လာပြီး လှပသည့် အဖြူရောင်ဓား တစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမက ချက်ချင်းဆိုသလို ဟယ်ရှစ်ယီရှေ့ ထွက်ပေါ်လာကာ လက်နက်ဖြင့် ခုတ်ချလိုက်သည်။

အစစ်အမှန် မရဏဓား

ရှုရှစ်၏ လက်ထဲတွင် အစစ်အမှန်မရဏစွမ်းအား ပါဝင်နေသည့်အတွက် တစ်ဖက်လူ၏ တာအိုခန္ဓာ၊ ဝိညာဉ်နှင့် တာအိုကိုပင် သတ်ဖြတ်ပစ်နိုင်သည်။ အကယ်၍ သူမသာ ဟယ်ရှစ်ယီကို ထိုဓားဖြင့် သတ်ဖြတ်ခဲ့ပါက ထာဝရဧကရာဇ် တစ်ယောက်အနေဖြင့် သူ့ကိုယ်သူ အသက်ပြန်သွင်းဖို့က အဆရာချီ ပိုခက်ခဲမည်ဖြစ်ကာ အရင်းအမြစ်များစွာလည်း ပိုလိုအပ်လိမ့်မည်။

တိုက်ပွဲနတ်ဘုရား ဧကရာဇ်က ထိုဓားချက်ကို မတားဆီးနိုင်ခြင်း၏ အကျိုးဆက်ကို သိထားသည်။

ထို့ကြောင့် သူက တစ်ဘဝလုံးတွင် ရှိခဲ့ဖူးသည်ထက် မြန်ဆန်အောင် လှုပ်ရှားတုံ့ပြန်ခဲ့သည်။ ကံဆိုးစွာဖြင့် သူ့အပေါ်တွင် မြစ်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး တစ်ကမ္ဘာလုံး၏ အချိန်ကို အေးခဲသွားစေဟန်ပေါ်သည်။

ထို့ကြောင့် ဟယ်ရှစ်ယီက သေခြင်းတရား သူ့ဆီ ချဉ်းကပ်လာသည်ကိုသာ ကြည့်နေရ၏။ မဟာဧကရာဇ်တစ်ယောက်အနေဖြင့် သူက ကာလံဒေသံ၏ အချုပ်အနှောင်မှ တစ်စိတ်တစ်ပိုင်း လွတ်မြောက်သွားပြီဖြစ်ကာ သူ၏ မသေနိုင်စွမ်း သို့မဟုတ် အဆုံးမဲ့သက်တမ်းတို့ဖြင့်ပင် သူ့စိတ်က တုံ့ပြန်နိုင်ရုံမျှသာ ဖြစ်နေ၏။

ငါ့ဆီမှာ အခုရွေးချယ်စရာ မရှိတော့ဘူး…

သူက ဝှက်ဖဲတစ်ခုကို အသုံးပြုဖို့ရာ တွေးလိုက်သည်။ သူ့ခန္ဓာကိုယ်အထက် အလင်းရောင် အစက်အပြောက်ငါးခု ထွက်ပေါ်လာသည်။

ဟယ်ရှစ်ယီ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ခွန်အားက မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရားအဆင့်သို့ တက်လှမ်းသွားခဲ့သည်။

ဘန်း

သူက လွင့်စင်သွားပြီးသည့်နောက်တွင် မြေကြီးဆီ ပြုတ်ကျလာကာ အလယ်ပိုင်းနယ်မြေတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

ကံကောင်းစွာဖြင့် ဟယ်ရှစ်ယီက အလျင်အမြန် တုံ့ပြန်ကာ သူ့ဝိညာဉ်ဖြင့် သူ ကျဆင်းလာသည့်နေရာမှ အဖျက်စွမ်းအားကို ဖယ်ရှားပစ်ခဲ့သည်။

သူက သွေးတစ်ပွက် အန်လိုက်ရသော်လည်း ထိုအကြောင်းကို ဂရုမစိုက်ပေ။ သူ့ချပ်ဝတ်က ပျက်စီးသွားပြီး သူ့ရင်ဘတ်၌ ဒဏ်ရာများ ကျန်ရှိသွားကာ အနက်ရောင်စွမ်းအားများ ထွက်နေသည်။

သူမရဲ့ တာအိုဆန္ဒ…

ဟယ်ရှစ်ယီက အမူအရာ ပျက်ယွင်းလျက် တွေးလိုက်မိသည်။ တစ်ဖက်လူက သူတို့၏ တာအိုဆန္ဒကို သူ့ခန္ဓာကိုယ်ထဲ အောင်အောင်မြင်မြင် ထည့်သွင်းပေးနိုင်ခဲ့သည်။ ထို့အပြင် ထိုအရာက ထူးထူးဆန်းဆန်း အရာတစ်ခု ဖြစ်နေ၏။ ထိုဆန္ဒမှ ဖယ်ရှားဖို့ သို့မဟုတ် လွှမ်းမိုးဖို့ရာ ခက်ခဲသည့် အတက်အကျလှိုင်းတစ်ခု ဆက်တိုက် ထုတ်လွှတ်နေသည်။

တခြားနည်းဖြင့် ပြောရလျှင် ဟယ်ရှစ်ယီ၏ လက်ရှိဒဏ်ရာက တာအိုဒဏ်ရာအဖြစ် မှတ်ယူနိုင်ပြီး အလွယ်တကူ ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။

အဲဒီအလင်း ငါးခုက ဘာတွေလဲ…

ရှုရှစ်ကလည်း အခြေအနေကို သုံးသပ်ကာ တွေးလိုက်မိသည်။

သူက ဓာတ်ငါးပါး သဘာဝရှိတဲ့ စိတ်ဝိညာဉ်ငါးခုနဲ့ အတွင်းအင်္ဂါတွေကို သန့်စင်ခဲ့တာလား…

ထိုအရာက သူမ တွေးနိုင်သည့် ဖြေရှင်းချက်တစ်ခုသာ ဖြစ်သော်လည်း ဟယ်ရှစ်ယီ၏ ခန္ဓာကိုယ်က ဤနည်းစနစ်နှင့် ပတ်သက်ပြီး အဘယ်ကြောင့် အားနည်းနေလဲဟု နားမလည်နိုင်ပေ။

သူအသုံးပြုသည့် နည်းစနစ်က မပြီးမြောက်သေးတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ယာယီအားဖြည့်ပေးတာမျိုးပဲ ဖြစ်နေနိုင်တယ်…

သူမက သူ့ကိုကြည့်ကာ အသေးစိတ်ကို သုံးသပ်လိုက်သည်။

သူ့အရှိန်အဝါက ထူးဆန်းတယ်။ သူ့စွမ်းအားက တိုးမြင့်လာတဲ့ပုံမပေါ်ဘူးဆိုပေမဲ့ ယေဘုယျခုခံမှုက ရာခိုင်နှုန်းနည်းနည်းတော့ တိုးမြင့်သွားခဲ့တယ်…

အခြေအနေတစ်ခုလုံးက တိုက်ပွဲကို ပြောင်းလဲသွားစေသည်။ ရှုရှစ်၏ လက်ရှိစွမ်းအားက ဟယ်ရှစ်ယီအထက် မဟာတာအိုအရင်းအမြစ် ၀.၅ ရာခိုင်နှုန်းသာ ပို၏။ သို့သော်လည်း သူ၏ နည်းစနစ်အသစ်မှ မူမမှန်မှုဖြင့် သူ့ခုခံမှုက နောက်ထပ်မဟာတာအိုအရင်းအမြစ် ၂ ရာခိုင်နှုန်း တိုးမြင့်သွားခဲ့သည်။

သူ့ရဲ့ခုခံမှုက တိုးမြင့်လာတယ်ဆိုတော့ ငါ့အနေနဲ့ လုပ်စရာတစ်ခုပဲ လိုတော့တယ်။ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ငါ့ရဲ့ တာအိုဆန္ဒကို လှုံ့ဆော်ပြီးတော့ သူ့ကို အားနည်းအောင် လုပ်ဖို့ပဲ…

ရှုရှစ်က ကောင်းကင်ဧကရာဇ်နှင့် တိထျန်းတို့ကြားမှ တိုက်ပွဲကို ကြည့်ရှုခဲ့ပြီး ထိုအရာမှ သင်ယူခဲ့သည်။ အထူးသဖြင့် ဝမ်ဝေ့၏ သူ့တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းကို အသုံးပြုမှုအပေါ် ဖြစ်၏။

ထို့နောက် သူမက တေးဂီတအပေါ် နားလည်နိုင်စွမ်းနှင့် အသိပညာများကို အခြေခံအဖြစ် အသုံးပြုကာ အတက်အကျလှိုင်းဟု ခေါ်ဆိုသည့် ကိုယ်ပိုင်တိုက်ကွက်တစ်ခုကို ဖန်တီးခဲ့သည်။

All Chapters