← Chapters

တကယ့်ရည်ရွယ်ချက်

Vol. 68 Ch. 946

တကယ့်ရည်ရွယ်ချက်

Vol. 68 Ch. 946

ဝုန်း ဝုန်း ဝုန်း

ရှုရှစ်နှင့် ဟယ်ရှစ်ယီတို့က ဆက်လက် တိုက်ခိုက်နေကြသည်။ သူတို့၏ တိုက်ပွဲက အလယ်ပိုင်းနယ်မြေတစ်ခုလုံးကို ဖရိုဖရဲ ဖြစ်သွားစေ၏။ သို့သော် ယခုတွင် ဤနေရာ၌ သက်ရှိဟူ၍ မရှိတော့ပေ။ ဧကရာဇ်မျိုးနွယ်တချို့က ကံကောင်းကြပြီး သူတို့ဂိုဏ်း၏ ဧကရာဇ်အစီအရင်ကို အသုံးပြုကာ တိုက်ပွဲ၏ ဗဟိုချက်မှ ထွက်ပြေးသွားကြသည်။

သို့သော် သေမျိုးများနှင့် အားနည်းသည့် မျိုးနွယ်များကမူ ထိုသို့ ကံကောင်းမှုမျိုး မရှိကြပေ။ အကယ်၍ တခြားအင်အားစုများက အလယ်ပိုင်းနယ်မြေကို ပိုင်းခြားထားသည့် အချက်ကြောင့်သာ မဟုတ်လျှင် ထိုနှစ်ဦးကြောင့် ဖြစ်လာမည့် အပျက်အစီးက တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာတစ်ခုလုံးအထိ ပျံ့နှံ့သွားလိမ့်မည်။

သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုများက ဆက်တိုက် ဖြစ်၏။ သေချာလေ့လာကြည့်ပါက ဟယ်ရှစ်ယီသည် အလျင်လိုနေမှန်း သိသာလှသည်။ ထိုစဉ် ရှုရှစ်ကမူ စိတ်အေးလက်အေးဖြစ်နေပြီး တစ်ဖက်သူအား သူမ၏ တာအိုဆန္ဒကို ဖယ်ရှားပြီး ကုစားနိုင်ခြင်းမှ တားဆီးနေရုံမျှသာ ဖြစ်၏။

သို့သော်လည်း သူမကလည်း အခြေအနေ သိပ်မကောင်းလှပေ။ အချိန်ကြာသည့်တိုက်ပွဲက စွဲလမ်းမှုမျိုးစေ့အပေါ် သက်ရောက်မှုဖြစ်လာစေပြီး မိစ္ဆာအဖြစ် ကူးပြောင်းသွားမည့် အခွင့်အရေးက များပြားလာလိမ့်မည်။ သူမက သူမ နည်းစနစ်၏ ဟာကွက်ကို သိထားပြီး တိုးတက်အောင် ကြိုးစားခဲ့၏။

…………………………………….

ဗုဒ္ဓကမ္ဘာ

ဖုန်းဟွမ်က အလွယ်ကူဆုံးအချိန် ရှိနေသည်။ သူက တစ်ဖက်လူအား ထွက်သွားခြင်းမှ တားဆီးဖို့မျှသာ လိုအပ်၏။ ထိုစဉ် ဘိုးဘေးဟယ်က ဒဏ်ရာအနည်းအပါး ရရှိနေပြီး ဒေါသဖြင့် အံကြိတ်ကာ ထိုဘုန်းကြီးကို သတ်ဖို့ ကြိုးစားနေသည်။

“ဒကာကြီး ဘာလို့ ဒီလိုလုပ်နေရတာလဲ” ဖုန်းဟွမ်က တစ်ဖက်လူကို ရွှေရောင်လက်ဝါးချပ်ဖြင့် ရိုက်ကာ ပြောလိုက်သည်။

“ဘုန်းကြီးစုတ် မင်းရဲ့ အပြုအမူတွေကို နောင်တရလိမ့်မယ်”

“ဒကာကြီး ဒေါသဆိုတာက ခန္ဓာကိုယ်အတွက် မကောင်းဘူး။ ဒီအကျိုးမရှိတဲ့ တိုက်ပွဲကို ရပ်လိုက်ကြရအောင်”

ဘိုးဘေးဟယ်က ထိုဘုန်းကြီး၏ ခပ်လှောင်လှောင်အပြုံးကြောင့် ပိုပြီးရွံရှာလာမိသည်။

“ငါက မင်းကို ဘယ်ကမှန်း မသိဘူးများ ထင်နေလား”

“အော် ပြောပြပါဦး”

“ဗုဒ္ဓဘာသာ လမ်းစဉ်ကို အသင်္ချေအင်ပါယာကမ္ဘာကနေ ဖြတ်တောက်ခဲ့တာ။ အကြွင်းမဲ့စတင်ခြင်းမှော်စွမ်းအားရဲ့ အရင်းအမြစ်နေရာပဲ။ အဲဒီနေရာကို ဖြေရှင်းမှသာ ဘုန်းကြီးတွေက ကမ္ဘာမှာ ပြန်လည်ပေါ်ထွက်လာခွင့်ရှိလိမ့်မယ်”

ဖုန်းဟွမ်က သက်ပြင်းချကာ “ဒီကိုယ်တော်က ကမ္ဘာရဲ့ သူရဲကောင်းတွေကို ပြက်ရယ်မပြုနိုင်ပါဘူး”

ဘိုးဘေးဟယ်က မျက်မှောင်ကြုတ်လိုက်၏။ ထိုသတင်းကို ထုတ်ဖော်ပြီးသည့်နောက်တွင် သူ မှန်းဆထားသည့် တုံ့ပြန်မှုမျိုး မဟုတ်ခဲ့ပေ။ ထိုသူက သူ့ဇစ်မြစ် ပေါက်ကြားသွားသည်ကိုပင် ဂရုစိုက်ဟန်မပေါ်ပေ။

“ဒကာကြီးက စိတ်ထဲမှာ တစ်ခုခုရှိနေတဲ့ပုံပဲ”

“မင်း ကြည့်ရတာ ဇစ်မြစ် ပေါက်ကြားသွားမှာ စိုးရိမ်တဲ့ပုံ မပေါ်ဘူးပဲ။ အလွှာကြားမှာ စစ်ပွဲဖြစ်လာနိုင်တာကိုတောင်လေ”

“အမှန်ပဲ”

“ဘာလို့လဲ”

“ဘယ်လိုထင်လဲ” ဖုန်းဟွမ်က ပြုံးကာ မေးလိုက်သည်။

ဘိုးဘေးဟယ်၏ မျက်နှာထားက ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ သူက ဂိုဏ်းဝန်းကျင်မှ စည်းတံဆိပ်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့စဉ်အချိန်ကို ပြန်လည်အမှတ်ရသွားသည်။ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ပေါ်ထွက်လာကာ သူ့အပြုအမူကို တားဆီးခဲ့ပြီး ထိုစွမ်းအားက အင်မတန် ကြောက်ဖို့ကောင်းလှသည်။

အသင်္ချေအင်ပါယာကမ္ဘာက ဒီလိုစွမ်းအားမျိုးရှိတဲ့ ပုဂ္ဂိုလ် ရှိနေတာလား။ မဖြစ်နိုင်တာ။ လက်နက်ပဲ ဖြစ်ရမယ်…

သို့သော်လည်း ထိုကောက်ချက်ချမှုက အခြေအနေကို ပိုမိုကောင်းမွန်မလာစေခဲ့ပေ။ ထိုစွမ်းအားက သင်္ကေတလေးသွယ် ကြေးမုံနှင့်ပင် ယှဉ်နိုင်စွမ်းရှိ၏။ ထို့ကြောင့် ရန်သူသည် ထိုလက်နက်မျိုး ရှိထားလျှင် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းအတွက် အရေးသာမည် မဟုတ်ပေ။

“ဒီလိုလှည့်ကွက်မျိုးနဲ့ ငါ့စိတ်အပေါ် သက်ရောက်မှုရှိမယ်များ ထင်နေလား” ဘိုးဘေးဟယ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဒကာကြီး စိတ်ချမ်းသာအောင် ကြိုက်သလို တွေးပါ” ဖုန်းဟွမ်က ယဉ်ကျေးစွာ ပြုံးလိုက်သည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

အချိန်ကျတော့မယ်…

…………………………………

စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း

ခေါင်းဆောင်ဟယ်က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရင်း ပြောလိုက်သည်။

“ဘာလို့ အဲ့လောက်ကြာနေရတာလဲ”

“ခေါင်းဆောင်ဟယ် စည်းတံဆိပ်က ကြေးမုံအပေါ်ပါ သက်ရောက်မှုဖြစ်လာတော့ အသက်သွင်းဖို့ အချိန်ပိုကြာနေတယ်” ဂိုဏ်း၏ အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

“ငါတို့တွေ ထပ်စောင့်လို့ မရတော့ဘူး”

“အဲဒါဆိုရင် ကျုပ်တို့ကို ဘာလုပ်စေချင်တာလဲ”

“စတေးခံ သုံးမယ်”

“အဲ့လိုလုပ်ဖို့ လိုအပ်လို့လား။ နည်းနည်းလောက် စောင့်လိုက်ရုံပဲလေ” ခေါင်းဆောင်ကျားက ပြောလိုက်သည်။

“တုံ့ဆိုင်းနေဖို့ အချိန် မဟုတ်ဘူး။ စက္ကန့်တိုင်းနဲ့အမျှ အပြောင်းအလဲအသစ် ဖြစ်လာနိုင်တယ်”

သူတို့၏ အစီအစဉ်အရ ဘိုးဘေးသည် အခြေအနေကို ဖြေရှင်းပြီးလောက်ပြီဖြစ်ကာ အနည်းဆုံးတော့ သတင်းအသစ် ပို့ဆောင်လာလိမ့်မည်။ သို့သော် မိနစ်ပိုင်းခန့် ကုန်လွန်သွားသော်လည်း သတင်း ရောက်မလာသေးသည့်အတွက် ထင်မှတ်မထားသည့် အရာတစ်ခုခုသာ ဖြစ်ပျက်လာခြင်း ဖြစ်ရမည်။

“ကောင်းပြီလေ”

အကြီးအကဲများက အမိန့်ဖြင့် စေလွှတ်ကာ တစ်စုံတစ်ယောက်ကို ထမ်းဆောင်ခိုင်းလိုက်သည်။ လျှို့ဝှက်ဂိုဏ်းအတွင်းရှိ လျှို့ဝှက်ဒိုင်မေးရှင်းတစ်ခုအတွင်း ကြေးမုံမှန်တစ်ချပ် ရှိနေသည်။ အနောက်ဘက်တွင် မီးငှက်၊ လိပ်နက်၊ ကျားဖြူနှင့် နဂါးပြာကဲ့သို့သော အံ့ဖွယ်သားရဲများကို ရေးထွင်းထားပြီး တစ်ခုချင်းစီက တောင်၊ မြောက်၊ အနောက်နှင့် အရှေ့ သက်ဆိုင်ရာနေရာကို ယူထားကြသည်။

ကြေးမုံ၏ ဘေးတွင် အက်ကြောင်းများရှိနေပြီး သင်္ကေတများစွာပင် ဝန်းရံထား၏။

လူတစ်ယောက်က သံကြိုးများနှင့် စုတ်တီးစုတ်ပြတ်အဝတ်များ ဝတ်ဆင်ထားသည့် လူသုံးယောက်ကို သယ်ကာ အခန်းအတွင်း ဝင်ရောက်လာခဲ့သည်။ ထိုသူက အကျဉ်းသားများကို သယ်ဆောင်လာပြီး အချိန်ဖြုန်းမနေဘဲ မန္တန်ကို ရွတ်ဖတ်လိုက်၏။ ထို့နောက် ထိုအကျဉ်းသားသုံးယောက်က ကြေးမုံကြောင့် သွေးကုန်ခမ်းသွားခဲ့သည်။

သူတို့က ခုခံဖို့ ကြိုးစားသော်လည်း အသုံးမဝင်ပေ။ ကြေးမုံက လောဘကြီးဟန်ဖြင့် သူတို့၏ အသား၊ သွေး၊ ဝိညာဉ်နှင့် အတွင်းကမ္ဘာများထိ စုပ်ယူပစ်ခဲ့သည်။ နောက်ဆုံးတွင် ထိုကြေးမုံမှ ပိတ်ဆို့ထားသော စည်းတံဆိပ်ကို တိုက်ရိုက်တိုက်ခိုက်ဖို့ တောက်ပသော အလင်းတစ်ချက် ထုတ်လွှတ်လာသည်။

……………………………………

ဗုဒ္ဓကမ္ဘာ

ဖုန်းဟွမ်က သူ့စိတ်ထဲ အသံတစ်သံ ကြားလိုက်ရ၍ ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းခြင်း မရှိဘဲ သူက ဘိုးဘေးဟယ်ကို စွမ်းအားကုန်သုံး၍ တိုက်ခိုက်လိုက်သည်။ သူက ဗုဒ္ဓကမ္ဘာ၏ စွမ်းအားကို ငှားယူပြီး မဟာတာအိုအရင်းအမြစ် ၂ ရာခိုင်နှုန်းအပိုပါ ထည့်ပေါင်းခဲ့သည်။

……………………………………..

အလယ်ပိုင်းနယ်မြေ

ရှုရှစ်ကလည်း တူညီသည့် သတင်းစကားကို လက်ခံရရှိလိုက်၏။ ထို့နောက် သူမက အံ့အားသင့်ဖွယ် အရာတစ်ခုကို လုပ်ဆောင်လာခဲ့သည်။ သူမက ဟယ်ရှစ်ယီ၏ တိုက်ကွက်ကို သူမအပေါ် ထိမှန်ခွင့်ပြုခဲ့၏။ သူမ၏ ခန္ဓာကိုယ်က အမှုန်အမွှားများအဖြစ် ပေါက်ကွဲထွက်သွားပြီး ဘယ်သောအခါမှ ပေါ်ထွက်မလာတော့ပေ။

“ထွက်ပြေးသွားတာလား ကျစ်” ဟယ်ရှစ်ယီက ကျိန်ဆဲလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်မှ ဧရာမလက်ကြီး ဆင်းသက်လာသည်ကို မြင်သည့်အခါ အမူအရာ ပျက်ယွင်းသွား၏။ သူက ထိုလက်ကြီးရှေ့တွင် အင်အားမဲ့နေသည်။

ထို့နောက် ချက်ချင်းဆိုသလို ဟယ်ရှစ်ယီက ထိုတိုက်ကွက်နောက်ကွယ်မှ လူကို သိလိုက်သည်။ သူ ဤသို့အင်အားကင်းမဲ့သည်ဟု ခံစားခဲ့ဖူးသည့် အချိန်တစ်ချိန်သာ ရှိပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ ရှင်းလင်းရေးအတွင်း ကျူးကျော်စဉ်အခါက ဖြစ်သည်။ ထိုလူငယ်လေးက ကြုံရာကျပန်း လက်သီးချက်ကို ပစ်လွှတ်ခဲ့ပြီး သူ့ကို သတ်လုနီးပါး ဖြစ်စေခဲ့၏။

သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာသော်လည်း နာကျင်မှု အာရုံခံစားနိုင်စွမ်းကို အသက်သွင်းကာ နာကျင်မှုကို သုံး၍ အကြောက်တရားကို ကျော်လွှားဖို့ အသုံးပြုလိုက်သည်။

မဖြစ်သေးဘူး။ ငါ အခုသေလို့ မရသေးဘူး…

ကံကောင်းမှုက ဟယ်ရှစ်ယီဘက်တွင် ရှိသည်လား သို့မဟုတ် ဝမ်ဝေ့၏ တိုက်ခိုက်မှုက အစကတည်းက သူ့အပေါ် မရည်ရွယ်ထားခဲ့သည်လား မသိရပေ။ လက်ကြီးက ကြေးမုံမှ ထွက်လာသည့် အလင်းတန်းကို တိုက်ရိုက်ရင်ဆိုင်လိုက်၏။ သူတို့က ခေတ္တကြာ မဆုတ်သာမတိုးသာ အခြေအနေတွင် ရှိနေသည်။ ကမ္ဘာကြီးက နေမင်း မရှိမှုကြောင့် အမှောင်ထုအတွင်း ကျရောက်နေသော်လည်း ထိုနှစ်ယောက်၏ ထိပ်တိုက်တွေ့ဆုံမှုက အရာအားလုံးကို လင်းထိန်သွားစေသည်။

“မဖြစ်နိုင်ဘူး။ သူက ဘာလို့ ဒီလောက် အားကောင်းနေရတာလဲ” ဟယ်ရှစ်ယီက ရေရွတ်လိုက်သည်။

သို့သော် မည်သူကမှ သူ့ကို အာရုံမစိုက်ကြပေ။

ဝမ်ဝေ့၏ လက်က အလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အလင်းတန်းက ပျောက်ကွယ်သွား၍ ဟယ်ရှစ်ယီက သက်ပြင်းချလိုက်သည်။

ကံဆိုးစွာဖြင့် ပျော်ရွှင်မှုက သိပ်မကြာခဲ့ပေ။

တူညီသည့်လက်က ထပ်မံ ပေါ်ထွက်လာပြီး ယခုတစ်ခေါက် ဤပစ်မှတ်က ကွဲပြားသွားဟန်ပေါ်သည်။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ ချီကံကောင်းမှုနဂါးက ပေါ်ထွက်လာပြီး တစ်ကမ္ဘာလုံးကို သူ၏ ရောင်စုံခန္ဓာကိုယ်ဖြင့် အလင်းပေးထားသည်။

ဧရာမလက်ကြီးက နဂါး၏ ခေါင်းအထက်ရှိ “အားအကောင်းဆုံးဂိုဏ်း” ဟူသော စာလုံးရှိနေသည့် သရဖူကို ပစ်မှတ်ထားခဲ့သည်။

“မဖြစ်ဘူး” ဟယ်ရှစ်ယီက အော်လိုက်၏။ နဂါးကလည်း သူ့စိတ်ခံစားချက်ကို ခံစားမိဟန်ပေါ်သည်။ ထိုအရာက ခုခံဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။

“ကြေးမုံကို ထပ်ပြီး အသက်သွင်းလိုက်” ဟယ်ရှစ်ယီက အမိန့်ပေးသော်လည်း သူ့အမိန့်က အသုံးမဝင်ပေ။ အစစ်အမှန် ကောင်းကင်တာအိုက သူတို့ဂိုဏ်းအပေါ် သက်ညှာမှုပေးသော်လည်း ကန့်သတ်ချက် ရှိပေသည်။ ယခင် ထိပ်တိုက်တွေ့ဆုံမှုက များပြားလွန်းနေပြီဖြစ်ကာ သူတို့၏ ကောင်းကင်ဘုံအဆင့် ပစ္စည်းအပျက်ကို ဤအဆင့်ထိရောက်အောင် မည်သို့အသက်သွင်းခွင့်ပြုမည်နည်း။

ထို့ကြောင့် ဝမ်ဝေ့က စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းမှ အားအကောင်းဆုံးဂိုဏ်း ဟူသော ဂုဏ်ပုဒ်ကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်။

…………………………………………….

အသင်္ချေအင်ပါယာကမ္ဘာ၊ တာအိုအခွင့်အလမ်းဂိုဏ်း

ဝမ်ဝေ့က သွေးထွက်နေသည့် သူ့လက်ကို ကြည့်လိုက်၏။

“ဝေ့အာ ဒဏ်ရာရထားတာလား” ယုယန်က အံ့အားတကြီးဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်”

“တစ်ယောက်ယောက်က ထိခိုက်အောင် လုပ်နိုင်တာလား”

“အဲဒါ ပစ္စည်းတစ်ခုကြောင့်ပါ” သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“အဆင်ပြေရဲ့လား”

“ကိစ္စမရှိပါဘူး” သူက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ ပြိုင်ဘက်ကင်းခြင်းက အထီးကျန်လှသည့်အတွက် သူက လူအိုကြီးငရဲနှင့် တိုက်ပွဲကို စောင့်မျှော်နေမိသည်။ ယခု သူက ဒဏ်ရာရရှိသွား၍ ဒိုင်မေးရှင်းအနိမ့်တွင် သူ မသိသေးသည့် အပြောင်းအလဲများစွာ ရှိနေကြောင်း သိလိုက်ရ၍ ပျော်ရွှင်နေမိသည်။

“ဘာလို့ မကုစားရတာလဲ” သူမက မေးလိုက်သည်။

“ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ အဆင့်နိမ့်တွေကို ရင်ဆိုင်တဲ့အခါမှာ အဆင့်မြင့်တွေရဲ့ တာအိုဆန္ဒနဲ့ တူညီတဲ့ သဘာဝစွမ်းရည်မျိုး ရှိနေတဲ့ပုံပဲ”

ဝမ်ဝေ့က သုံးသပ်လိုက်၏။ သူက ပုံမှန်ကောင်းကင်ဘုံအဆင့် တစ်ယောက်သည် ထာဝရဧကရာဇ်များကိုပင် တာအိုဆန္ဒ မပါရှိဘဲ ထိခိုက်အောင် လုပ်ဆောင်နိုင်ကြောင်း သိလိုက်ရသည်။

“အခု ဘာလုပ်ကြမလဲ။ အကြီးအကဲတန့်ကို ဆက်သွယ်လိုက်ရမလား”

“မလိုပါဘူး” ဝမ်ဝေ့က သူ့ဒဏ်ရာရနေသည့် လက်ကို ဖြတ်တောက်ကာ အသစ်တစ်ဖန် ပေါက်ရောက်စေလိုက်သည်။ ထိုအရာက အားနည်းနေဆဲဖြစ်ကာ အပြည့်အဝ ပြန်ကောင်းဖို့ အချိန်တစ်ခု ကြာမြင့်မည်ဖြစ်ကြောင်း သိလေ၏။ သို့သော် ယခင်ကထက် ပိုမိုကောင်းပေသည်။

“ဒါနဲ့ အရာအားလုံးက ထိုက်တန်ပါတယ်” ဝမ်ဝေ့က သူ့လက်ထဲတွင် သရဖူတစ်ခု ပေါ်လာကာ ပြောလိုက်သည်။

“ဒါက …”

“အခုကစပြီး ကျွန်တော်တို့ဂိုဏ်းက ဒိုင်မေးရှင်းအနိမ့်မှာ အားအကောင်းဆုံး အင်အားစုပဲ”

သူက လက်ကိုဝှေ့ကာ သရဖူက ဂိုဏ်း၏ ချီကံကောင်းမှုနှင့် ပေါင်းစပ်သွားခဲ့သည်။ အကယ်၍ ဝမ်ဝေ့သာ ဖုံးကွယ်မထားပါက တစ်ကမ္ဘာလုံးအနှံ့ ကြောက်မက်ဖွယ် အမြင်ရုပ်လွှာများ ထွက်ပေါ်လာလိမ့်မည်။ သို့သော်လည်း စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းနှင့် မတူဘဲ သူက သိုသိုသိပ်သိပ်နေချင်မိသည်။

သူ့ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေကာမူ ဂိုဏ်းရှိ ဆန့်ကျင်ကျင့်ကြံသူများနှင့် အင်မော်တယ်များက ချီကံကောင်းမှုအပြောင်းအလဲကို အာရုံခံမိလိုက်ကြပြီး အမှန်တရားကို သိပြီးသည့်နောက်တွင် အံ့အားသင့်နေကြ၏။

ထိုစဉ် ဝမ်ဝေ့က တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည်။ ကံကောင်းစွာဖြင့် သိပ်ကြာကြာ မစောင့်လိုက်ရပေ။

သိပ်မကြာခင် ဝမ်ကျူက သူ့ရှေ့တွင် ဒူးတစ်ဖက်ထောက်လျက် ပေါ်ထွက်လာ၏။

ဝမ်ဝေ့က သူမကို စိတ်ရှုပ်ထွေးစွာကြည့်ရင်း မေးလိုက်သည်။

“မင်း အောင်မြင်ခဲ့ပြီလား”

“ဟုတ်ကဲ့။ လုပ်ကြံမှုက အောင်မြင်ခဲ့ပါတယ်”

“ပြဿနာ တွေ့ခဲ့သေးလား”

“မတွေ့ခဲ့ရပါဘူး”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းမှ ဒဏ်ရာရ ထာဝရဦးသျှောင်တစ်ယောက်ကို သတ်ဖြတ်ပြီးသည့်နောက်တွင် သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ်က ပို၍ အားနည်းသွားလိမ့်မည်။

All Chapters