← Chapters

မိုးမြေ ချီးကျူးဂုဏ်ပြုခြင်း

Vol. 68 Ch. 948

မိုးမြေ ချီးကျူးဂုဏ်ပြုခြင်း

Vol. 68 Ch. 948

တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာ

ဟယ်ရှစ်ယီက ကောင်းကင်အထက် မြောလွင့်နေရင်း သူ့ခန္ဓာကိုယ်က အကြောက်တရား၊ ဒေါသနှင့် အမုန်းတရားတို့ဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။ ဘေးပတ်လည်ရှိ လေဟာနယ်ကလည်း သူ့စိတ်ခံစားချက်အလိုက် တုန်ခါနေလေ၏။ သို့သော်လည်း ဤသည်က စိတ်ဓာတ်ကျနေရမည့် အချိန် မဟုတ်ကြောင်း သိလေသည်။ သူက ဘေးပတ်လည်မှ အပျက်အစီးကို ကြည့်ကာ စတင်ပြုပြင်လိုက်သည်။

သူက အားကောင်းသည့် ဝိညာဉ်ကို အသုံးပြုကာ အလယ်ပိုင်းနယ်မြေရှိ အာကာပြင် အက်ကြောင်းအားလုံးကို ပိတ်ဆို့ခဲ့၏။ ထိုအက်ကြောင်းများက သန်းချီကာ ရှိနေသည့်အတွက် ထိုအရာအားလုံးကို ပိတ်ဆို့ပြီး အာကာပြင် ပိတ်ဆို့သွားစေဖို့ အချိန်တစ်ခု ကြာမြင့်ခဲ့သည်။

ထိုဖြစ်စဉ်အတွင်း သူက ရှုရှစ်၏ ကျန်ရှိနေသော ဟွင်သွမ်းမီးတောက်နှင့် အငွေ့အသက်ကိုပါ ဖယ်ရှားပစ်ခဲ့သည်။

ပြုပြင်ရေးတွင် နောက်ထပ် တစ်ဆင့်က ဖရိုဖရဲဖြစ်နေသည့် ဝိညာဉ်ချီ ဖြစ်၏။

အကယ်၍ ထိုအရာကို မပြုပြင်ပါက လူများသည် ဝိညာဉ်ချီကို စုပ်ယူပြီး ကျင့်ကြံဖို့ရာအတွက် ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက သူ့ဝိညာဉ်ကို အသုံးပြုကာ ဝိညာဉ်ချီကို ကပ်ဘေး မတိုင်ခင်အနေအထားအထိ ပြန်လည်ပြောင်းလဲပစ်ခဲ့သည်။

ထိုကိစ္စနှစ်ခု ပြီးမြောက်သွားသည့်အခါ ပြန်လည်ပြုပြင်မှုများက တစ်ဝက် ပြီးမြောက်သွားပြီ ဖြစ်၏။ ဟယ်ရှစ်ယီက ခေါင်းမော့ကာ နေရှိသည့်နေရာကို ကြည့်လိုက်သည်။

သူက ရင်ဘတ်ကို ထိုးစိုက်လိုက်ပြီး နှလုံးသားကို ထုတ်ယူလိုက်သည်။

“ဒီနေ့ ကမ္ဘာကြီးကို ကပ်ဘေးကို ခံစားခဲ့ရတယ်”

ဟယ်ရှစ်ယီက ပြောလိုက်စဉ် သူ့အသံက တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့သွား၏။

“သက်ရှိတွေအားလုံးအတွက် သနားမိပြီးတော့ မီးတောက်နဲ့ ယန်အဆီအနှစ်ဖြစ်တဲ့ ငါ့ရဲ့နှလုံးသားကို နေအဖြစ် သုံးပြီးတော့ ကမ္ဘာကြီးကို အလင်းပေးမယ်”

ထိုစကားများကို ပြောပြီးသည့်နောက်တွင် ဟယ်ရှစ်ယီ၏ နှလုံးသားက နေမင်း ရှိခဲ့သည့်နေရာ ကောင်းကင်အထက် မြောလွင့်သွားသည်။ ထို့နောက် ထိုအရာက ပြင်းထန်သည့် အထွတ်အထိပ် ယန်စွမ်းအား ထွက်ပေါ်လာပြီး နေမင်းသဖွယ် ပြောင်းလဲသွား၏။

………………………………………

အရှေ့ပိုင်းနယ်မြေ

“ကျစ် ဟယ်ရှစ်ယီ” ခရမ်းရောင်စိတ်ဝိညာဉ်ဘုရင်က ကျိန်ဆဲလိုက်သည်။ သူက ထိုသူသည် အဘယ်ကြောင့် ထိုကိစ္စများကို လုပ်ဆောင်နေကြောင်း နားလည်၏။ ပထမအကြောင်းအရင်းက ကမ္ဘာကို ကယ်တင်ပြီး ကုသိုလ် ရယူဖို့ ဖြစ်ကာ ဒုတိယတစ်ခုက သူတို့ဂိုဏ်း၏ ဂုဏ်သတင်းကို ကယ်တင်ဖို့ ဖြစ်သည်။

ယခုမှစ၍ သမိုင်းကြောင်းများသည် နေမင်းကို တိုက်ပွဲနတ်ဘုရားဧကရာဇ်မှ ဖန်တီးထားပြီး သက်ရှိအားလုံးကို ကယ်တင်ခဲ့ကြောင်း မှတ်တမ်းတင်ခံရလိမ့်မည်။ ကောင်းကင်တာအိုက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို သူတို့၏ အကျိုးပြုမှုအတွက် ကြမ္မာနှင့် ကာကွယ်မှုကို ချီးမြှင့်လိမ့်မည်။

ခရမ်းရောင်စိတ်ဝိညာဉ်ဘုရင်က စိတ်ပျက်သွားမိပြီး သူ့အကြီးမားဆုံး ရန်သူကို အားနည်းအောင် လုပ်နိုင်ခဲ့သော်လည်း ချက်ချင်းဆိုသလို ထိုသူက သူ့ဆုံးရှုံးမှု တချို့ကို ကာမိစေရန် နည်းလမ်းရှာတွေ့သွား၏။ အဆိုးဆုံးအခြေအနေက သူသည် ထိုအရာကို မတားဆီးနိုင်ပေ။

စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက မည်မျှပင် အားနည်းသွားစေကာမူ သူတို့က ထိုအသုံးအဆောင်ပစ္စည်း ရှိနေသရွေ့ ဤကမ္ဘာတွင် အားအကောင်းဆုံးအင်အားစု ဖြစ်နေလိမ့်မည်။ ယခုသူက ဟယ်ရှစ်ယီအား သူတို့ဂိုဏ်းကို တိုက်ခိုက်လာခြင်းမှ ကာကွယ်ဖို့ အကြောင်းအရင်း ရှိထားသော်လည်း ထိုသူကို ရပ်တန့်ဖို့ ကြိုးစားခဲ့ပါက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းသည် သူတို့ကို တိုက်ခိုက်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ဘဲ သူတို့၏ ဆုံးရှုံးမှုကို ကာမိစေဖို့ သူတို့၏ အရင်းအမြစ်များကိုပင် လုယူလိမ့်မည်။

“မဟုတ်သေးဘူး။ ငါ တစ်ခုခုလုပ်ဖို့ လိုတယ်” သူက တခြားသူများကို ဆက်သွယ်ကာ နောက်ထပ် ကမ္ဘာ့အစည်းအဝေးကို ကျင်းပလိုက်သည်။

………………………………………

အလယ်ပိုင်းနယ်မြေ

ဟယ်ရှစ်ယီက သူ့ ပြီးမြောက်စ အလုပ်ကို ကြည့်လိုက်သော်လည်း ကိစ္စများက အဆုံးမသတ်သေးပေ။

သူက သရက်ရွက်ကို ထုတ်ယူလိုက်၏။

“ငါ့ရဲ့ သရက်ရွက်ကို ဖျက်ဆီးခံလိုက်ရတဲ့ တောင်တန်း၊ တောအုပ်နဲ့ စိတ်ဝိညာဉ်သွေးကြောတွေကို ပြန်လည်ပေါက်ရောက်စေဖို့ မြေကြီးကို အားဖြည့်ပေးဖို့အတွက် မြေဓာတ်အရင်းအမြစ်အနေနဲ့ အသုံးပြုမယ်”

သူ့လက်ထဲရှိ အတွင်းအင်္ဂါက ပျောက်ကွယ်သွားကာ ကမ္ဘာကြီးက ပြောင်းလဲသွား၏။ ပျက်စီးနေသော မြေကြီးက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာပြီး တောင်တန်းများလည်း ပြန်လည်ပေါ်ထွက်လာကာ ယခင်ထက်ပင် ပိုမိုမြင့်မားနေသည်။ တောအုပ်များကလည်း မြေကြီးမှ ဆက်တိုက်ဆိုသလို ကြီးထွားလာကြ၏။ ပို၍အရေးကြီးသည်က ဖျက်ဆီးခံလိုက်ရသည့် စိတ်ဝိညာဉ်သွေးကြောသည် ပြန်လည်ဆက်သွယ်သွားကာ ကြီးထွားလာပြီး အလယ်ပိုင်းနယ်မြေအား ကျင့်ကြံသူများ၏ သုခဘုံအလား ပြောင်းလဲပစ်ခဲ့သည်။

“ငါ့ရဲ့‌ သွေးနဲ့ ဒီကပ်ဘေးအတွင်းမှာ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေအားလုံးကို ပြန်လည်ရှင်သန်စေမယ်” ဟယ်ရှစ်ယီက ပြောလိုက်စဉ် သူ့အသံက မိုးမြေကြား ပဲ့တင်ထွက်သွားသည်။

သူက စတေးမှုတစ်ခု လိုအပ်သည့် မန္တန်ကို အသုံးပြုခဲ့သည်။ သူ့ရည်ရွယ်ချက်က ထိုတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် လူအားလုံးကို အသက်ပြန်သွင်းဖို့ ဖြစ်၏။ ဧကရာဇ်တစ်ယောက်အနေဖြင့် သူ့သွေးတစ်စက်က ကျင့်ကြံသူများအပါအဝင် လူထရီလီယံပေါင်းများစွာနှင့် ထိုက်တန်သည်။

ဟယ်ရှစ်ယီက အလယ်ပိုင်းနယ်မြေတွင် လူများစွာ ပေါ်ထွက်လာသည်ကို ကြည့်နေသော်လည်း သူက မပျော်ရွှင်ပေ။ လူဦးရေက နည်းပါးလွန်းလှ၏။ အထူးသဖြင့် သေမျိုးလူဦးရေ ဖြစ်သည်။

ခေတ္တမျှ စဉ်းစားနေပြီးသည့်နောက်တွင် သူက အကြောင်းအရင်းကို သိလိုက်၏။

မဟာဧကရာဇ်များနှင့် သေမျိုးများက ကွဲပြားသည့် မျိုးစိတ်ဖြစ်ကာ သေမျိုးများကို သတ်သည့်အခါ သေမျိုးများ၏ တည်ရှိမှုကို အလိုအလျောက် ပယ်ဖျက်ပြီးသား ဖြစ်သွားတတ်သည်။ ထို့ကြောင့် ထိုကပ်ဘေးအတွင်း သေဆုံးသွားသည့်သူများက သူတို့အားလုံးထံ တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်းကို အသုံးမပြုသရွေ့ ပြန်လည်အသက်သွင်းနိုင်မည် မဟုတ်ပေ။

ငါ သေမျိုးလူဦးရေကို တတ်နိုင်သမျှ မြန်မြန် ဖြည့်တင်းဖို့ လိုတယ်။ အလွှာနိမ့်ကနေ စုစည်းဖို့ လူတစ်ယောက်ကို စေလွှတ်သင့်တယ်…

ဟယ်ရှစ်ယီက တွေးလိုက်မိသည်။ သေဆုံးသွားသည့် ကျင့်ကြံသူများအတွက်မူ သူ့အနေဖြင့် ထိုဆုံးရှုံးမှုကို ခံစားရမည်ဖြစ်ကြောင်း သိထား၏။

စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက သူတို့၏ စည်းမျဉ်းကို နာခံထားသည့် လူများနှင့် မဟာမိတ်များဖြင့် ဝန်းရံထားလျက် ရှိသည်။ ထို့ကြောင့် သူတို့၏ မဟာမိတ်များက အလယ်ပိုင်းနယ်မြေအတွင်း စုဝေးနေသည်။ ရလဒ်ကမူ ၉၉ ရာခိုင်နှုန်းက ထိုကပ်ဘေးအတွင်း သေဆုံးသွားခဲ့၏။

ရှုရှစ်က ထိုဧကရာဇ်မျိုးဆက်များသည် သူတို့၏ ဧကရာဇ်အစီအရင်နှင့် အသုံးအဆောင်ပစ္စည်းအောက်တွင်ပင် အသက်မရှင်နိုင်အောင် ပြုလုပ်ထားခဲ့သည်။

ဟယ်ရှစ်ယီက တည်ငြိမ်စွာ သက်ပြင်းချလိုက်၏။ ယခင်က သူ့အစီအစဉ်သည် ဤမျှအထိသာ ရောက်ရှိ၏။ သို့သော်လည်း ဤသည်က ဂိုဏ်း၏ ချီကံကောင်းမှုကို တည်ငြိမ်စေဖို့ အခွင့်အရေးကောင်း ဖြစ်ကြောင်း သဘောပေါက်သွားစေခဲ့သည်။ ထို့ကြောင့် သူက ဆက်လက် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ စတေးမှုက နည်းပါးလှသည်။

သူက ရှုရှစ်၏ တာအိုဆန္ဒကို ဖြန့်ကျက်ခွင့် မပြုသရွေ့ ထိုအတွင်းအင်္ဂါများကို ပြန်လည်ပေါက်ရောက်စေဖို့ ကြာမြင့်မည်မဟုတ်ပေ။

“ငါ့ရဲ့ အသည်းကို သစ်သားဓာတ်အရင်းအမြစ်အနေနဲ့ အသုံးပြုပြီးတော့ မိုးမြေရဲ့ အပင်တွေကို ပြန်လည်ဖြည့်တင်းမယ်”

သူ့အသံက သက်ရှိများအားလုံး၏ နားထဲတွင် ရင်းနှီးပြီးသား မိတ်ဆွေတစ်ယောက်၏ တီးတိုးသံအလား ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ယခင်တိုက်ပွဲအတွင်း ဖျက်ဆီးခံလိုက်ရသည့် စိတ်ဝိညာဉ်ဆေးပင် သို့မဟုတ စိတ်ဝိညာဉ်ဆေးဝါးများက ပြန်လည်ပေါက်ရောက်လာပြီး သူတို့က အနိမ့်ဆုံးအဆင့်မှ ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ဖြစ်သည်။

“ငါ့ရဲ့ အဆုတ်ကို သတ္တုဓာတ် အရင်းအမြစ်အနေနဲ့ အသုံးပြုပြီးတော့ မိုးမြေကြားမှာ ဆုံးရှုံးသွားရတဲ့ သတ္တုတွေနဲ့ သတ္တုရိုင်းတွေအတွက် ကာမိစေမယ်။”

အလယ်ပိုင်းနယ်မြေအနှံ့ သတ္တုသွေးကြောများ သို့မဟုတ် မိုင်းတွင်းများစွာ ပေါ်ထွက်လာပြီး ကမ္ဘာ၏ ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးနေသည်။

“ငါ့ရဲ့ ကျောက်ကပ်ကို ရေဓာတ်အရင်းအမြစ်အနေနဲ့ အသုံးပြုပြီးတော့ မိုးမြေကြားက အရာအားလုံးကို အားဖြည့်ပေးမယ်”

ရေက အရာအားလုံးကို အားဖြည့်ပေးနိုင်သည့် အသက်အရင်းအမြစ်ဟု ခေါ်ဆိုကြသည်။ ထို့ကြောင့် ဟယ်ရှစ်ယီ၏ အပြုအမူဖြင့် အလယ်ပိုင်းနယ်မြေတစ်ခုလုံးက ပြန်လည်ဆေးကြောမှုကို ကြုံတွေ့ပြီး အသစ်ပြန်လည်ရှင်သန်လာသည့် သက်ရှိများကို အားဖြည့်ခြင်း၊ မြေကြီး၊ သစ်ပင်၊ တောင်တန်းနှင့် မြေအောက်ရှိ သွေးကြောများအထိ အားဖြည့်ပေးခဲ့သည်။

“ငါ့ရဲ့ ဘယ်ဖက်မျက်လုံးကို ဒီကပ်ဘေးကနေ အငြိုးတရားတွေကို ဖယ်ရှားဖို့ ယင်အရင်းအမြစ်အနေနဲ့ အသုံးပြုမယ်”

ဟယ်ရှစ်ယီက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့ဘယ်ဖက်မျက်လုံးကို ထုတ်ကာ စတေးလိုက်သည်။ ဤတိုက်ပွဲအတွင်း လူများစွာ သေဆုံးသွားသည့်အတွက် အငြိုးတရားက များပြားလှသည်။ အကယ်၍ ထိုအရာကို သေချာမဖြေရှင်းပါက မိုးမြေကြားရှိ ဝိညာဉ်ချီနှင့် ပေါင်းစည်းသွားမည် ဖြစ်ကာ ကျင့်ကြံသူများအတွက် စိတ်လွတ်သွားခြင်းနှင့် နတ်ဆိုးဖြစ်သွားခြင်းတို့ ပိုမိုလွယ်ကူလာမည်ဖြစ်ကာ စိတ်လွတ်သွားသည့် သတ်ဖြတ်ရေးစက်ယန္တရားများ ဖြစ်လာလိမ့်မည်။

ဟယ်ရှစ်ယီက ညာဖက်လက်ကို မြှောက်ကာ သူ့ကျောမှ တစ်စုံတစ်ခုကို ဆွဲထုတ်ပစ်ခဲ့သည်။ ထိုအရာက သူ့ကျောရိုးမကြီး ဖြစ်၏။

“နောက်ဆုံးအနေနဲ့ ငါ့ရဲ့ ကျောရိုးမကြီးကို မိုးမြေရဲ့ အထောက်အပံ့အနေနဲ့ အသုံးပြုမယ်။ အခုကစပြီး ဧကရာဇ်တစ်ပိုင်းအဆင့်တွေကတောင် တိုက်ပွဲအတွက် လေဟာနယ်ကို မချိုးဖောက်နိုင်စေရဘူး”

ကမ္ဘာကြီးက ခေတ္တမျှ တုန်ခါသွားပြီးသည့်နောက်တွင် အာကာပြင်က မယုံကြည်နိုင်လောက်သည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားသည်။ ယခုမှစ၍ ထာဝရဧကရာဇ်တစ်ယောက်၏ ကျောရိုးမကြီးက တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာ၏ အာကာပြင်နှင့် စွမ်းအားအရင်းအမြစ် ဖြစ်လာပြီး ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စွာ ပြောင်းလဲသွားစေသည်။

သူ ပြီးဆုံးသွားသည့်အခါ ကောင်းကင်က ပြောင်းလဲသွားပြီး အမြင်ရုပ်လွှာများစွာ ပေါ်ထွက်လာလေသည်။ ထို့နောက် တစ်ကမ္ဘာလုံးအနှံ့ အသံတစ်သံ ပဲ့တင်ထွက်လာသည်။

“သက်ရှိအားလုံးကို ကယ်တင်ပြီး ကုသိုလ်အမြောက်အများ ရရှိတဲ့အတွက် မဟာဧကရာဇ်ကို ကျေးဇူးတင်ပါတယ်”

တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာရှိ သေမျိုးအားလုံးက သူတို့စိတ်ထဲတွင် မိုးမြေဆီမှ ထိုအတွေးကို ရိုက်သွင်းခံလိုက်ရဟန်ပေါ်သည်။ ထို့ကြောင့် သူတို့က ဒူးထောက်ကာ ထိုစကားများကို ထပ်ခါထပ်ခါ ရွတ်ဖတ်ရင်း ဝပ်တွားလိုက်ကြသည်။

ဟမ် ယုံကြည်မှုစွမ်းအားလား…

ဟယ်ရှစ်ယီက ထိုသို့အကျိုးအမြတ် ရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ဤသို့သော ပမာဏမျိုးဖြင့် သူ့ကျင့်ကြံဆင့်က နောက်ထပ် အဆင့်ငယ်တစ်ခု တိုးတက်သွားလိမ့်မည်။

ငါ့ရဲ့အပြုအမူတွေက ထိုက်တန်တယ်…

သူက ကောင်းကင်ကို ကြည့်ကာ တွေးလိုက်မိသည်။ ထိုအမြင်ရုပ်လွှာ အဆုံးသတ်သွားပြီးသည့်အခါ ခရမ်းရောင်သတ္တုလုံးက ကောင်းကင်မှ သူ့လက်ထဲ ဆင်းသက်လာသည်။

ကောင်းကင်တာအိုက သူ့အကျိုးပြုမှုအတွက် ခရမ်းရောင်ကုသိုလ်ဖြင့် ချီးမြှင့်ခဲ့လေသည်။

သူက စိတ်လှုပ်ရှားနေသော်လည်း သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ထားခဲ့သည်။ သူက အဓိကရည်ရွယ်ချက်ကို ပြီးမြောက်ရဲ့လားဟု စစ်ဆေးကြည့်ဖို့ လိုအပ်နေဆဲ ဖြစ်၏။ ထို့ကြောင့် သူက ဂိုဏ်း၏ ချီကံကောင်းမှုနဂါးကို စစ်ဆေးကြည့်လိုက်သည်။

သူက ယခင် ဂုဏ်ယူဝင့်ထည်ဖွယ် နဂါးသည် ကြေးခွံများစွာ ဆုံးရှုံးသွားပြီး ခန္ဓာကိုယ်က သွေးထွက်နေသည်ကို မြင်လိုက်ရ၏။ ထိုအရှိန်အဝါက ယခင် ဖြစ်သင့်သလောက် ကြီးကျယ်မြင့်မြတ်နေခြင်းမျိုး မရှိတော့ပေ။

ကံကောင်းစွာဖြင့် စွမ်းအားအသစ်တစ်ခုက တစ်နေရာမှ ထွက်ပေါ်လာကာ ဒဏ်ရာတချို့ကို ကုစားပေးနေသည်။ ထို့အပြင် ဆက်တိုက်ကျဆင်းနေသည့် အရှိန်အဝါကလည်း သိသိသာသာ နှုန်းထားလျော့ကျသွားသည်။

အခြေအနေကို တည်ငြိမ်ဖို့အတွက်တော့ လုံလောက်ပြီ။ အခု နောက်အဆင့်အတွက် အချိန်ပဲ…

ဟယ်ရှစ်ယီက ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဂိုဏ်းထဲ ပြန်လည်ပေါ်ထွက်လာသည်။

…………………………………………………………

အသင်္ချေအင်ပါယာကမ္ဘာ

ဝမ်ဝေ့က တစ်ယောက်တည်းထိုင်ကာ သက်ပြင်းချလိုက်၏။

“ဒီဟယ်ရှစ်ယီက မရိုးရှင်းဘူးပဲ။ ဒီလောက်အချိန်တိုအတွင်းမှာ သူက ဂိုဏ်းရဲ့ ချီကံကောင်းမှုကို တည်ငြိမ်စေမဲ့ နည်းလမ်းမျိုးကို စဉ်းစားခဲ့မိတယ်”

တာအိုကို သက်သေပြနိုင်သည့် ပါရမီရှင်များက ရိုးရှင်းသည့် လူဟူ၍ မရှိပေ။

သူတို့က ရိုးရှင်းခဲ့လျှင်ပင် ထိပ်ဆုံးသို့ တက်လှမ်းကာ တခြားသူများကို နင်းခြေခဲ့ရသည့် ဖြစ်စဉ်က လူအများကို ပြောင်းလဲသွားစေလိမ့်မည်။ ထို့အပြင် တာအို၏ ဇစ်မြစ် သို့မဟုတ် မူလအရင်းအမြစ်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ဖူးသူများက ကမ္ဘာကြီးအပေါ် ရိုးရှင်းသည်ဟု မြင်တွေ့နိုင်မည် မဟုတ်ပေ။ တခြားနည်းဖြင့် ပြောရလျှင် ဧကရာဇ်တိုင်းက တခြားကျင့်ကြံသူများထက် ထူးကဲသာလွန်ဖို့ ကံကြမ္မာဖန်လာလေသည်။

“အခု မင်းက ငါ့ရဲ့အာရုံကို ဖမ်းစားပြီးပြီဆိုတော့ မင်းက ထိုက်တန်တဲ့ ပြိုင်ဘက်ဖြစ်မလားဆိုတာ ကြည့်ရအောင်”

သူက သေရည်သောက်သုံးကာ ရေရွတ်လိုက်သည်။ သူနှင့် အတူတူသောက်သုံးကာ အဖော်ပြုပေးမည့် လီကျွင်း မရှိဘဲ အထီးကျန်လှသည်။ ကံကောင်းစွာဖြင့် သူက ဘိုးဘေးဝမ်ဝူချန် ထွက်လာဖို့ ရက်အနည်းငယ်သာ စောင့်ဆိုင်းဖို့ လိုတော့၏။

All Chapters