နှုတ်ဆက်ခြင်း
Vol. 68 Ch. 950
“ဂိုဏ်းချုပ် ဒါက ဘာအဓိပ္ပာယ်လဲ”
ဘိုးဘေးဟယ်က အားကောင်းသည့် အစီအရင်တစ်ခုက သူ့ကို ဝန်းရံထားသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် အခြေအနေကို သုံးသပ်နေသည်။ သူက ထိတ်လန့်နေခြင်းမှာ အကူအညီ မဖြစ်ကြောင်း သိထား၍ စိတ်ခံစားချက်တစ်ခုအား သူ့အတွေးများနှင့် အပြုအမူများကို လွှမ်းမိုးဖို့ ခွင့်ပြုပေးမည် မဟုတ်ပေ။
“ကျုပ်နဲ့ ဂိုဏ်းအတွက် ဝမ်ဝေ့လိုမျိုး မကောင်းဆိုးဝါးမျိုးနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုထဲပဲ ရှိတယ်” ဟယ်ရှစ်ယီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ဘိုးဘေးဟယ်က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် အမူအရာပျက်ယွင်းသွား၏။
“ငါ့ကို ကြေးမုံစိတ်ဝိညာဉ်အနေနဲ့ သန့်စင်ချင်နေတာလား”
“အတိအကျပဲ။ အဆင့် (၁၁) ဝိညာဉ်ကပဲ ပင်မစိတ်ဝိညာဉ်ဖြစ်လာနိုင်ပြီးတော့ အပျက်အစီးကို ကုစားပေးနိုင်လိမ့်မယ်။ အဲဒီနောက်မှာ ကျုပ်က အဲဒီအားကောင်းတဲ့ လက်နက်ကို ထိန်းချုပ်ဖို့ ပိုပြီးတော့ လွယ်ကူလာလိမ့်မယ်”
ဘိုးဘေးဟယ်၏ အမူအရာက အတော်လေးကို ပျက်ယွင်းနေသည်။ သင်္ကေတလေးသွယ် ကြေးမုံအတွက် လက်နက်စိတ်ဝိညာဉ်ကို သန့်စင်သည့် အစီအစဉ်က အချိန်အတော်ကြာကတည်းက စီစဉ်ခဲ့သည် ဖြစ်သော်လည်း သူက ထိုအစီအစဉ်ကို အမြဲတမ်း ဆန့်ကျင်ခဲ့၏။
“ဖမ်းထားတဲ့ ထာဝရဦးသျှောင်ထဲက တစ်ယောက်ကို သုံးလို့ မရဘူးလား”
“ခင်ဗျားလည်း အကြောင်းအရင်းကို သိမှာပါ” ဟယ်ရှစ်ယီက ပြောလိုက်သည်။
ဘိုးဘေးဟယ်က စိတ်ပျက်သွားလေ၏။ သူက ထိုသူသည် ထိုအချက်အလက်ကို မသိဖို့ရာ မျှော်လင့်ထားခဲ့သော်လည်း သူ မှားယွင်းသွားခဲ့သည်။ မျိုးဆက်များစွာတိုင် ဟယ်နှင့် ကျားမျိုးနွယ်က ကြေးမုံကို သူတို့၏ သွေးဖြင့် အားဖြည့်ပေးလာပြီး သွေးမျိုးဆက် ဆက်နွယ်မှုကို ဖန်တီးခဲ့သည်။ သူတို့၏ ကြိုးပမ်းမှုက ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မည့် နည်းလမ်းကို ရှာတွေ့ဖို့ ဖြစ်ရုံသာမက ဂိုဏ်းအမှုထမ်းဘက် အင်အားစုနှင့် ရင်ဆိုင်သည့်အခါ နောက်ခံအစီအစဉ်အနေဖြင့် ထားရှိဖို့ ဖြစ်သည်။
သို့သော်လည်း ဟယ်နှင့် ကျားမျိုးနွယ်ဘက်မှ တစ်စုံတစ်ယောက်ကသာ သူတို့ကိုယ်သူတို့ စတေးခြင်းဖြင့် ကြေးမုံ၏ စိတ်ဝိညာဉ် ဖြစ်လာနိုင်သည်။
ဘိုးဘေးဟယ်က အရူးတစ်ယောက်လို ရယ်မောလိုက်သည်။
“ငါ သိပြီ။ ဂိုဏ်းက စွမ်းဆောင်ရည်ရှိပေမဲ့ လောင်ကျားရဲ့ ဒဏ်ရာက ဘာလို့ မပျောက်ကင်းလဲလို့ အမြဲတမ်း သံသယဖြစ်နေခဲ့တာ။ အခုတော့ ငါ နားလည်သွားပြီ။ မင်းတို့က အစကတည်းက ဒီဟာကို ကြံစည်ထားခဲ့ကြတာပဲ”
ယခု သူက ထိုအကြောင်းကို တွေးမိသည့်အခါ ဂိုဏ်းသည် လောင်ကျားကို ကုသမပေးဖို့ အကြောင်းပြချက်များစွာ အသုံးပြုခဲ့ကြောင်း သဘောပေါက်သွားခဲ့၏။ သူက သံသယမျှရှိခဲ့ပြီး သူ မည်မျှပင် ရှာဖွေစေကာမူ သိသာသည့် သဲလွန်စ မရှိခဲ့ပေ။ ထို့ကြောင့် သူသည် များများစားစား အာရုံမစိုက်ခဲ့မိပေ။ ယခုအခါ သူက သူ့အပြုအမူကို နောင်တရလာမိ၏။
“ကျုပ်ရဲ့ နဂိုရည်ရွယ်ချက်က ဘိုးဘေးကျားကို ဖျောင်းဖျဖို့ပဲ။ သူက ဂိုဏ်းရဲ့ အရေးကိစ္စတွေကို ဂရုစိုက်ပြီးတော့ စတေးဖို့လည်း လိုလာတယ်လေ။ ပြီးတော့ ခင်ဗျားက ကျုပ်ရဲ့ မျိုးနွယ်ကဆိုတော့ သက်ညှာပေးချင်ခဲ့တာ။
နှမြောစရာကောင်းတာက အစီအစဉ်က အလုပ်မဖြစ်ခဲ့ဘူး” ဟယ်ရှစ်ယီက ပြောလိုက်သည်။ ယခင် ဒေါသထွက်နေသည့် အမူအရာနှင့် ယှဉ်ပါက ယခုအခါ အတော်လေးကို တည်ငြိမ်နေ၏။
“ငါက မင်းရဲ့ ဆရာလေ။ မင်း အပြစ်ရှိစိတ်တောင် မခံစားမိဘူးလား”
“ဆရာပဲ ဂိုဏ်းကို ကာကွယ်ဖို့ လိုအပ်လာတဲ့ဟာ မှန်သမျှကို လုပ်ရမယ်လို့ သင်ပေးခဲ့တာပဲလေ။ သင်ကြားပေးခဲ့တဲ့အတိုင်း လိုက်လုပ်နေတာပဲ”
“မဟုတ်ဘူး။ မင်းက မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်အတွက် လုပ်နေတာ” ဘိုးဘေးဟယ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ကျုပ်ရဲ့ တစ်စိတ်တစ်ပိုင်းကပေါ့” ဟယ်ရှစ်ယီက ပြောလိုက်၍ ဘိုးဘေးဟယ်က အံ့အားသင့်သွားသည်။
“ကျုပ်က ဝမ်ဝေ့ရဲ့ လက်ထဲမှာ အများကြီး ဆုံးရှုံးခဲ့ရတယ်။ ကိစ္စတွေကသာ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် သူက ကျုပ်ရဲ့ နှလုံးသားနတ်ဆိုး ဖြစ်လာနိုင်တယ်”
ဘိုးဘေးဟယ်က တဖန် အံ့အားသင့်သွားပြန်သည်။
ထာဝရဧကရာဇ်ဖြစ်လာသည့်သူတိုင်းက မျိုးဆက်တစ်ခုလုံးအနက် အကောင်းဆုံး တာအိုနှလုံးသားကို ပိုင်ဆိုင်ထားကြသည်။ ဟယ်ရှစ်ယီလိုမျိုး ထာဝရအထွတ်အထိပ်ကို ထည့်ပြောဖို့ပင် မလိုတော့ပေ။ သို့သော် သူက နှလုံးသားနတ်ဆိုး ဖြစ်လာဖို့ အရိပ်အယောင်ပြနေသည့်အတွက် အံ့ဩတုန်လှုပ်ဖွယ် ကိစ္စတစ်ခု ဖြစ်နေသည်။
“လက်နက်လိုမျိုး ပြင်ပအကူအညီကို သုံးတာက သူနဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာလား”
ဘိုးဘေးဟယ်က လှောင်ပြောင်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ သို့သော် သူ လက်ခံရရှိသည့် တုံ့ပြန်မှုက တည်ငြိမ်မှုသာ ဖြစ်၏။
“ကျုပ်က တိုက်ပွဲလမ်းစဉ်ကို လျှောက်လှမ်းတယ်။ အနိုင်ရရှိပြီး ရန်သူကို ရှုံးနိမ့်အောင် လုပ်နိုင်မဲ့ အရာမှန်သမျှက ကျုပ်စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပဲ” တိုက်ပွဲနတ်ဘုရားဧကရာဇ်က ယုံကြည်ချက် အပြည့်အဝဖြင့် ပြောလိုက်သည်။
“ပြီးတော့ ကျုပ်သာ သူ့ကို သတ်နိုင်သရွေ့ ဒါမှမဟုတ် သူ့ရဲ့ ပြန်လည်ရှင်သန်မှုကို နှောင့်နှေးထားနိုင်သရွေ့ သူ့လက်ရှိအင်အားကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိတယ်”
ဘိုးဘေးဟယ်က ခေတ္တမျှ ငြိမ်သက်သွားပြီး သူ့ကံကြမ္မာကို လက်ခံလိုက်သည်။ ထို့နောက် သူက ကျောင်းသားကို ကြည့်ကာ ပြောလိုက်၏။
“မင်းက မှန်ကန်တဲ့အရာကို လုပ်ခဲ့တာပဲ။ ဒီလိုအခြေအနေမှာ ဂိုဏ်းအတွက် ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ”
အကယ်၍ သူသာ ထိုသူ၏ နေရာတွင် ရှိနေပါက တူညီသည့် ရွေးချယ်မှုမျိုးကို လုပ်ဆောင်မိလိမ့်မည် ဖြစ်ကြောင်း သိလေသည်။
“ငါ မင်းကို ဂုဏ်ယူတယ်” ဘိုးဘေးဟယ်က ပြောလိုက်၏။ ဤသို့သော ရက်စက်သည့် ခေါင်းဆောင်မျိုးကသာ ဂိုဏ်းထံ ဝမ်ဝေ့ဟု ခေါ်ဆိုသည့် ကပ်ဘေးအတွင်း ရှင်သန်နိုင်မည့် အခွင့်အရေးကို ပေးအပ်နိုင်လိမ့်မည်။ သူက သူ့တစ်ကိုယ်ကောင်းဆန်မှု ရှိထားမှန်း သိထားသော်လည်း သူ့ အဓိက အတွေးအခေါ်နှင့် သဘောတရားတို့က ဂိုဏ်း၏ အမွေအနှစ်ကို ဆက်လက် လက်ဆင့်ကမ်းစေပြီး ကြွယ်ဝစည်ပင်စေဖို့သာ ဖြစ်သည်။
ဟယ်ရှစ်ယီ၏ မျက်ဝန်းအထက် နူးညံ့ပျော့ပျောင်းသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။
“နောက်ဆုံးဆန္ဒ ရှိသေးလား”
“ဂိုဏ်းကို ရှင်သန်အောင် သေချာလုပ်” ဘိုးဘေးဟယ်က ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။
“ကျုပ် လုပ်မှာပါ” ဟယ်ရှစ်ယီက အခိုင်အမာ ပြောလိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အခန်းအတွင်းရှိ သင်္ကေတများက မျိုးစေ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဗလာကျင်းကာ အထီးကျန်သည့်အခန်းထဲ သူတစ်ယောက်ထဲသာ ကျန်ရစ်ခဲ့သည်။ ဟယ်ရှစ်ယီက နောက်ထပ် သုံးနာရီကြာ တိတ်ဆိတ်မှုအတွင်း မတ်တတ်ရပ်နေမိ၏။
ထို့နောက် သူက ပျောက်ကွယ်သွားကာ အဂ္ဂိရတ်အထွတ်အထိပ်အကြီးအကဲဆီ ဦးတည်လိုက်သည်။ တာအိုကို သက်သေပြပြီး သိပ်မကြာခင် သူက အထွတ်အထိပ် အကြီးအကဲအား ဆေးဥယျာဉ်မှ အကောင်းဆုံး ပစ္စည်းများကို အသုံးပြု၍ သူ့အတွက် နတ်ဘုရားအားဖြည့် ဆေးလုံးကို ဖော်စပ်ဖို့ တာဝန်ပေးခဲ့လေသည်။ ထိုအရာက ဧကရာဇ်ဝိညာဉ်ဆေးလုံးနှင့် သက်ရောက်မှု တူညီ၏။
တခြားနည်းဖြင့်ပြောရလျှင် ထိုပစ္စည်းများက ဆေးဥယျာဉ်အတွင်း နောက်ဆုံးကျန်ရှိသည့်အရာများ ဖြစ်သည်။
ဟယ်ရှစ်ယီက ဆေးလုံးတစ်လုံးကို ဘိုးဘေးဟယ်၏ ဝိညာဉ်အား အားဖြည့်ပေးပြီး သူက ကြေးမုံနှင့် ပေါင်းစပ်ဖို့ရာ လုံလုံလောက်လောက် အားကောင်းဖို့ သေချာအောင် လုပ်ဆောင်ပေးရမည်။
…………………………
အသင်္ချေအင်ပါယာကမ္ဘာ၊ တာအိုအခွင့်အလမ်းဂိုဏ်း
ရက်အနည်းငယ် ကုန်ဆုံးသွားပြီးသည့်နောက်တွင် ဘိုးဘေးဝမ်ဝူချန်က သီးသန့်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။ ဝမ်ဝေ့က သရေစာနှင့် သေရည်ကောင်းတို့ဖြင့် စောင့်ဆိုင်းနေလေ၏။
“ဘိုးဘေး ဘယ်လိုနေလဲ” ဝမ်ဝေ့က ထိုသူအား သေရည် လောင်းထည့်ပေးကာ မေးလိုက်သည်။
ဝမ်ဝူချန်က တစ်ငုံသောက်ကာ အကြည့်များ တောက်ပလာ၏။ သူက သူ့ဝိညာဉ်စွမ်းအား အနည်းငယ် တိုးပွားလာသည်ကို ခံစားမိလိုက်သည်။
“သေရည်ကောင်းပဲ” သူက မှတ်ချက်ပေးလိုက်သည်။ ဤအရာက မဟာတာအိုအရင်းအမြစ်ဖြင့် အားဖြည့်ထားပြီး နှစ်သန်းရာချီ အချဉ်ဖောက်ထားကြောင်း ပြောနိုင်လေသည်။
“တကယ်ကို ကောင်းတယ်” သူက ပြန်ဖြေလိုက်သည်။
“နောက်ဆုံးတော့ ငါက ပထမတန်းစားအဆင့်ကို ရောက်ခဲ့ပြီလေ။ ပြီးတော့ ငါက အလားအလာပြည့်နေတာဆိုတော့ ဒါက ကန့်သတ်ချက် မဟုတ်သေးဘူးဆိုတာကို ခံစားမိတယ်”
ဝမ်ဝေ့က ထိုရလဒ်နှင့် ပတ်သက်ပြီး အံ့အားသင့်ခြင်း မရှိသည့်အတွက် ခေါင်းညိတ်လိုက်သည်။ သူ့သွေးမျိုးဆက်က အသက်ဝင်လာကာ ဖြစ်သည့်အတွက် လူအများက ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်လိုအပ်နေဆဲ ဖြစ်၏။ သို့သော်လည်း ထိုသွေးမျိုးဆက်၏ အဓိကရည်ရွယ်ချက်က အလားအလာကို တိုးမြှင့်ဖို့ ဖြစ်သည်။
ဝမ်ဝူချန်က သေရည်ကို ရေသောက်သည့်အလား သောက်နေသည့်အတွက် ဝမ်ဝေ့က ဆွံ့အမိသွားသည်။
“ကောင်လေး … ငါက မင်းကို လက်ဆောင်မွန်ဆိုတာကို အမြဲတမ်း ပြောခဲ့တယ်။ အဲဒီလူအိုကြီးတချို့က အစတုန်းက မင်းကို မယုံကြည်ခဲ့ကြဘူးလေ”
သူက မကျေမနပ်ဖြင့် ပြောလိုက်သည်။
“တားမြစ်ခံ စစ်ဆေးမှုကြောင့်လား”
“ဟုတ်တယ်။ သူတို့က မင်း အသက်မရှင်နိုင်လောက်ဘူးလို့ တွေးထားကြတာ။ လူတော်တော်များများက မင်းလိုမျိုး ပါရမီရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရမှာကို နှမြောဖို့ ကောင်းတယ်လို့ ခံစားမိကြတယ်လေ။ အဲဒါကြောင့် သူတို့က ဝင်ရောက်စွက်ဖက်ပြီးတော့ မင်း လက်လျှော့ဖို့ရာအတွက် အမှန်အတိုင်း ပြောချင်ကြတာ။
ကံဆိုးတာက ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းက ပါရမီရှင်တွေကို ရက်စက်မှုနဲ့ ပြုစုပျိုးထောင်ပေးတယ်ဆိုတဲ့အတိုင်းပဲ။ တကယ်လို့ မင်း သေသွားရင် မင်းရဲ့ ကြမ္မာက ဒီအထိပဲ ယူဆောင်လာတယ်ဆိုတာကို ပြသနေတာပဲ”
ဝမ်ဝူချန်က အသက်ပြင်းပြင်းရှူရင်း လျှာဖျားအထက်မှ သေရည်အရသာကို ခံစားနေသည်။
“ဒါပေမဲ့ ငါ မင်းကို အမြဲတမ်း ယုံကြည်ခဲ့တယ်။ မင်း မွေးဖွားလာကတည်းက မင်းရဲ့ ဝိညာဉ်က ဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာကို ငါ ခံစားမိခဲ့တယ်။ မင်းအနေနဲ့ တစ်စုံတစ်ခု ထူးခြားနေတယ်ဆိုတာကို သိတယ်”
ဝမ်ဝေ့က သေရည်သောက်ရင်း နားထောင်နေသည်။
“ကျွန်တော်ကို ယုံကြည်တာ ဝမ်းသာတာပေါ့။ တကယ်လို့ ဘိုးဘေးကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီနေ့အထိ အသက်ရှင်မှာ မဟုတ်ဘူး”
ဝမ်ဝူချန်က ခေါင်းခါလိုက်၏။ သူ့ဝင်ရောက်မစွက်လျှင်ပင် ဂိုဏ်းချုပ်က သူ့ဇနီး ရှိနေသရွေ့ သေဆုံးမည် မဟုတ်ကြောင်း သိလေသည်။
“ဘိုးဘေး ဘာတွေးနေတယ်ဆိုတာကို ကျွန်တော် သိတယ်။ ဒါပေမဲ့ အဲဒီအခြေအနေတုန်းက ဘိုးဘေးသာ ကျွန်တော့်အတွက် သူမ ရောက်လာတဲ့အထိ အချိန်ဆွဲပေးမထားခဲ့ရင် အခြေအနေတွေက ပိုပြီးတော့ ဆိုးရွားသွားနိုင်တယ်လေ။ အဲဒါကြောင့် ဘိုးဘေးအပေါ်မှာ အသက်ကြွေးတင်နေတာပါပဲ”
“ကောင်းပြီလေ။ မင်းက ဂိုဏ်းရဲ့ ဂုဏ်ကျက်သရေကို ဆက်လက်ထမ်းဆောင်ပြီးတော့ ငါ့ကို သေရည် ထပ်ပေးမယ်ဆိုရင် ဒီဟာက လုံလောက်ပြီ” ဝမ်ဝူချန်က ပြောလိုက်၏။
သူတို့၏ မျိုးဆက်က ဘဝ၌ တာဝန်တစ်ခုသာ ရှိထားပြီး တာအိုအခွင့်အလမ်းဂိုဏ်းက အမွေအနှစ်ကို ဆက်လက်လက်ဆင့်ကမ်းကာ စည်ပင်ကြွယ်ဝဖို့ရာသာ ဖြစ်သည်။
အကယ်၍ သူတို့၏ ဘဝကို စတေးခြင်းက ထိုအရာများကို ပြီးမြောက်စေနိုင်ခဲ့လျှင် ထိုလူအိုကြီးများကလည်း သူ့လိုမျိုး တူညီသည့် ရွေးချယ်မှုမျိုးကို လုပ်လိမ့်မည်ဟု သိသည်။
“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
ဝမ်ဝူချန်က ဆက်လက် စားသောက်နေသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက သက်ပြင်းချကာ ပြောလိုက်သည်။
“ဒါနဲ့ ပြောရဦးမယ်။ အဲဒီလူတွေထဲက တချို့က စိုးရိမ်နေကြပြီးတော့ သူတို့ကိုယ်စား ငါ့ကို မေးခိုင်းလိုက်တယ်။ သူတို့ထဲက တချို့က တက်လှမ်းဖို့ ဖြစ်နိုင်ရဲ့လားတဲ့”
တက်လှမ်းခြင်းက အင်အားစုတိုင်းတွင် ထိရှလွယ်သည့် စကားခေါင်းစဉ်တစ်ခု ဖြစ်၏။
အင်မော်တယ် ကျင့်ကြံသူ သို့မဟုတ် ဆန့်ကျင်ကျင့်ကြံသူကို ဆုံးရှုံးရခြင်းက အင်အားစု အားနည်းသွားခြင်းနှင့် ညီမျှပေသည်။ ထို့အပြင် မဟာကျိုးတိုင်းပြည်အတွင်း အဖြစ်အပျက်က ဧကရာဇ်မျိုးနွယ်များစွာ၏ စိတ်ထဲတွင် သတိပေးသလို ဖြစ်သွားခဲ့ပြီး ထိုခေါင်းစဉ်က တားမြစ်ချက်တစ်ခုလို ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဝမ်ဝေ့က ထိုသူများသည် သူနှင့် ရင်းနှီးသည့် ဘိုးဘေးဝမ်ဝူချန်ဆီ မေးခိုင်းဖို့ အကူအညီတောင်းခဲ့ကြောင်း နားလည်လိုက်၏။
“တကယ်လို့ ဒီဟာကို ထုတ်မပြောရင်တောင် ကျွန်တော် ပြောမှာပါ။ ဒီသွေးမျိုးဆက် အသစ်နဲ့ဆိုရင် ကျွန်တော်တို့ဂိုဏ်းက အင်မော်တယ်တွေနဲ့ ဆန့်ကျင့်ကျင့်ကြံသူတွေကို ပြုစုပျိုးထောင်ဖို့ ပြဿနာ မရှိဘူး။ ထာဝရအဆင့်တွေတောင် ပါလောက်တယ်။
အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ဆီမှာ စွမ်းအားက များလာမှာပဲ။ အဲဒီအခါကျရင် လူတော်တော်များများက စည်းပိတ်နေတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ကမ္ဘာကနေ ပုန်းအောင်းနေတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ဒိုင်မေးရှင်းအမြင့်ဆီ တက်လှမ်းဖို့ လိုအပ်လာလိမ့်မယ်”
ဘိုးဘေးဝမ်ဝူချန်က ထိုအကြောင်းကို ကြားကာ မပျော်ရွှင်သွားဘဲ မျက်မှောင်ကြုတ်လိုက်၏။
“မျှခြေညီစက်ယန္တရားက အဲ့လောက်တောင် ဆိုးရွားတယ်လား”
“အခုတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ နောင်အနာဂတ်ကျရင် ဖြစ်လာလိမ့်မယ်” ဝမ်ဝေ့က တုံ့ပြန်လိုက်သည်။
“မကောင်းဆိုးဝါး နတ်ဘုရား သွေးမျိုးဆက်က အရမ်းအားကောင်းတော့ ဒိုင်မေးရှင်းအနိမ့်မှာ မတည်ရှိသင့်ဘူး”
ဝမ်ဝူချန်က သက်ပြင်းချလိုက်ပြီး “ငါ သူတို့ဆီ ပြန်ပြောလိုက်မယ်”
သူက ထိုအချက်အလက်နှင့် ပတ်သက်ပြီး မပျော်ရွှင်ပေ။ အကယ်၍ သူ့အပေါ်သာ မူတည်နေပါက ဂိုဏ်းသည် ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးအပေါ် ထာဝရကြာရှည်အောင် လွှမ်းမိုးချုပ်ကိုင်သင့်၏။
သို့သော်လည်း ထိုအရာက မဖြစ်နိုင်ကြောင်း သိလေသည်။ အနည်းဆုံးတော့ ယခုအတွက် မဖြစ်နိုင်ပေ။