← Chapters

စားဖိုမှူးတိုက်ပွဲ

Vol. 8 Ch. 24

စားဖိုမှူးတိုက်ပွဲ

Vol. 8 Ch. 24

ရေကစားကွင်းရဲ့စားသောက်ဆိုင်က ရေကန်ကြီးနှစ်ခုရဲ့အလယ်မှာရှိတာပါ။ ပလက်ဖောင်းပေါ်ကမ်းခြေထီးတွေထောင်ထားပြီး စားပွဲခုံလေးတွေချထားရုံသက်သက်ပဲ။ စားစရာရယ်လို့ ကောင်းကောင်းမွန်မွန်မရဘဲ အချိုရည်နဲ့အခြေခံဟင်းလျာတွေလောက်ပဲရတာ။

မက်ဒါနာက လွတ်တဲ့စားပွဲခုံမှာဝင်ထိုင်လိုက်ပါတယ်။ စားစရာမလိုတဲ့ အေမီကတော့ မက်ဒါနာနောက်မှာ ဝင်ရပ်နေလိုက်တယ်။ အဲဒီနောက်တော့

သူတို့အုပ်စုက မီနူးစာရွက်ကို ကြည့်လိုက်တယ်။

မကြာခင်မှာပဲ မက်ဒါနာက သက်ပြင်းချလိုက်ပါလေရောလား။

“စားစရာရယ်လို့ ကောင်းကောင်းကန်းကန်းမရှိဘူးပဲ။” မီနူးပေါ်မှာ သောက်စရာအသီးဖျော်ရည်တချို့နဲ့ အမြန်စာတွေကလွဲပြီးတော့ ဘာမှမတွေ့ရဘူးရယ်။ ပြီးတော့ စျေးကလည်းကြီးသေးတယ်။ ဖလေရာကတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ မီနူးကော်ပီစာရွက်ကို လက်ထဲကနေချလိုက်ပြီး မက်ဒါနာကို မေးထောက်ကာ ကြည့်လိုက်တယ်။

“မက်ဒါနာရေ၊ ရေကစားကွင်းဆိုတာက အပန်းဖြေတဲ့နေရာလေ။ ဒီစားသောက်ဆိုင်ကလည်း သူတို့ပဲဖွင့်ထားတာ။ ဒီတော့စျေးကြီးပြီး စားစရာမကောင်းတာပုံမှန်ပဲ။”

မက်ဒါနာက ဖလေရာရဲ့စကားကိုနားထောင်ပြီးတဲ့နောက် မျက်နှာကိုမဲ့လိုက်ပြီး ဘေးစားပွဲဝိုင်းတွေမှာ

ထိုင်ပြီးစားနေတဲ့သူတွေကို တစ်ချက်အခြေအနေကြည့်တယ်။ သူတို့နဲ့အနီးဆုံးဝိုင်းမှာရှိနေတာက ကလေးမလေးတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ပါတဲ့ဝိုင်းပါ။

လိင်တူလက်ထပ်ထားတဲ့စုံတွဲဖြစ်ပုံရပြီး ကလေးအတွက် ကလေးမေမေနှစ်ယောက်က ငါးနဲ့မုန့်နှစ်ကြော်ထားတဲ့ ငါးမုန့်လက်ချောင်းကြော်ဝယ်ကျွေးထားတာ။ ကလေးက ညှီစော်နံလို့မစားချင်ဘူးဆိုပြီး တတွတ်တွတ်ပြောနေပေမဲ့ ကလေးမေမေ နံပါတ်တစ်က ငါးကြော်တစ်တုံးကို လက်နဲ့ကိုင်ပြီး ပါးစပ်ထဲထည့်ပေးလိုက်တယ်။ မကြာဘူး၊ ကလေးမလေးက အသံပြဲကြီးနဲ့ စအော်ငိုတော့တာပဲ။

“ဝါး.... မစားချင်ပါဘူးဆို... နံနံကြီး.... ဝါး၊ အဟင့်အဟင့်။” ကလေးမေမေနှစ်ယောက်ကတော့ အာပြဲစိန်သမီးလေး ရုတ်တရက်ထငိုတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေပြီ။ ကလေးကတော့ ပါးစပ်ထဲက ငါးကြော်တွေကို မျိုမချဘဲ အကုန်ထွေးထုတ်ဖို့ ကြိုးစားတယ်။ မေမေနံပါတ်နှစ်ကတော့ ကလေးပါးစပ်ထဲက တစ်ဝက်တစ်ပျက်ဝါးပြီးသား ငါးကြော်တွေကို တစ်ရှုးနဲ့ခံပြီး အမှိုက်ထဲထည့်တယ်။ မေမေနံပါတ်နှစ်ကတော့ စားဖိုမှူးကိုခေါ်ပြီး ပြဿနာရှာဖို့လုပ်တယ်။

“ကလေးကိုတောင် ညာပြီးကျွေးလို့မရပုံထောက်ရင် စားစရာတွေက တော်တော်ဆိုးမယ့်ပုံပဲ။” မက်ဒါနာက ကောက်ချက်ချလိုက်တယ်။

တစ်ဖက်မှာတော့ ဖရာလီတာက လက်ကလေးနှစ်ဖက်ကို မေးထောက်ပြီး အဲဒီမိသားစုကို တစိမ့်စိမ့်စိုက်ကြည့်နေတယ်။ လက်သန်းလေးတစ်ချောင်းက

လက်သည်းကိုကိုက်ရင်းနဲ့ စိတ်ကူးယဥ်မှုအပြည့်နဲ့ ပြောလိုက်သေး

“ကြည်နူးစရာကောင်းလိုက်တဲ့ မိသားစုလေးနော်။ အနာဂတ်ကျရင် ငါနဲ့မက်ဒါနာမှာ အဲဒီလိုသမီးဆိုးလေးတစ်ယောက် ရှိရင်ရှိလာမှာ။”

ဒါပေမဲ့ အဲဒီစကားကို ဆိုဖီယာ(လင်ဒါ)နဲ့ လင်ဒါ (ဆိုဖီယာ) တို့ နားစွန်နားဖျားကြားသွားပြီး ဖရာလီတာကို

ရိုက်သတ်တော့မယ့်အကြည့်တွေနဲ့ ကြည့်လိုက်ပြန်တယ်။ ဒါပေမဲ့ ဖရာလီတာကတော့ အရင်လိုမလန့်တော့ဘူး။ ခဏခဏအဲဒီလိုအကြည့်တွေနဲ့ ကြည့်ခံနေရတာမလို ရိုးနေပြီ။ ဒါကြောင့် ဒီအတိုင်းလေးပဲ မေးဆက်ထောက်ပြီး စိတ်ကူးဆက်ယဥ်နေလိုက်တယ်။

“ဘာပဲဖြစ်ဖြစ် စမ်းမှာပြီး စားကြည့်ကြတာပေါ့။”

မက်ဒါနာက ဆာလောင်လွန်းလို့ အသံစုံမြည်နေတဲ့ ဗိုက်ကိုငုံကြည့်လိုက်ပြီးပြောလိုက်တော့ အားလုံးက ခေါင်းညိတ်လိုက်တယ်။ မက်ဒါနာက ဘာမှာရမှန်းမသိတာကြောင့် မီနူးကိုထောက်ပြီးတော့ အီတလီပါစတာခေါက်ဆွဲနဲ့အုန်းရည်မှာလိုက်တယ်။ ကျန်တဲ့သူတွေလည်း အဲဒီဟင်းပွဲကိုပဲ လိုက်မှာတယ်။

မက်ဒါနာက သူ့ရှေ့ရောက်လာတဲ့ ခေါက်ဆွဲကိုကြည့်လိုက်တော့ ပန်းကန်ပြားသေးသေးလေးရဲ့အလယ်မှာ

တင်ရုံလေးတင်ထားတဲ့ အီတလီပါစတာခေါက်ဆွဲကို ကြည့်ရင်း စိတ်ပျက်လက်ပျက်နဲ့ခေါင်းခါလိုက်မိတယ်။ ချီလုလုတို့ တရုတ်စာဆိုင်မှာဆိုရင် ဒီအီတလီပါစတာအတွက်ပေးရတဲ့ ငွေပမာဏနဲ့ ဟင်းပွဲငါးပွဲလောက်မှာလို့ရပေမဲ့ ဒီမှာတော့ တစ်လုပ်နှစ်လုပ်စာပဲရတယ်။

“ငန်လိုက်တာ၊ ဆားအိုးကြီးမှောက်ကျထားတာလား။” ဖရာလီတာက ခက်ရင်းနဲ့ပါစတာကိုလိပ်ပြီး ပါးစပ်ထဲထည့်ပြီးတဲ့နောက် ဒေါသနဲ့ပြောတယ်။ ဖရာလီတာက သူကောင်းမျိုးအိမ်တော်တစ်ခုကလာတာမလို့ အခုလိုအရသာမကောင်းတဲ့စားစရာကို ထွေးမထုတ်တာနဲ့တင် အတော်သည်းခံရာရောက်နေပြီ။ မက်ဒါနာလည်း မြည်းကြည့်လိုက်ပြီး ဖရာလီတာပြောတာနဲ့ အတိအကျတူနေတာတွေ့ရတယ်။ ဖရာလီတာကတော့ ဇွန်းနဲ့ခက်ရင်းကို ပန်းကန်အလယ်မှာ ယှက်တင်တယ်။ စားပွဲဝိုင်းယဥ်ကျေးမှုအရ ဟင်းပွဲမကောင်းဘူးလို့ ပြောတဲ့သဘောပဲ။

“မမလေး၊ ဆိုင်က ဟင်းချက်မကောင်းဘူးဆိုတော့

ကျွန်မပဲ မမလေးတို့စားဖို့ ညနေစာချက်ပေးမယ်လေ။”

အေမီက နောက်ကနေပြောလိုက်တော့ မက်ဒါနာက တစ်ချက်စဥ်းစားလိုက်တယ်။ ဖလေရာနဲ့တခြားသူတွေလည်း ခေါင်းညိတ်ထောက်ခံကြပါတယ်။ ဒါပေမဲ့ ပြဿနာက...

မက်ဒါနာက ရေကစားကွင်းနံရံမှာကပ်ထားတဲ့ ကြေညာစာကို လက်ညိုးထိုးပြပြီး ပြောလိုက်လေရဲ့။ “ပြင်ပအစားအစာ ယူဆောင်လာခွင့်မပြုတဲ့၊ အေမီ့လက်ရာကိုရော ပြင်ပအစားအစာလို့ ပြောလို့ရနေမလား။”

“ဒါလည်းဟုတ်တော့ဟုတ်သားနော်။” အေမီက လက်ညိုးလေးကို နှုတ်ခမ်းပေါ်တင်ပြီး စဥ်းစားတယ်။ အဲဒီနောက် အကြံရသွားဟန်နဲ့ သွားချိတ်လုမတတ် ပြုံးလိုက်ပြီး စားသောက်ဆိုင်ရဲ့အလယ်က ရွေ့ပြောင်းစားဖိုချောင်ဆီကို အေမီက လျှောက်သွားလိုက်တယ်။ ဝန်ထမ်းကောင်မလေးတစ်ယောက်ကလည်း အေမီရှေ့ကိုရောက်လာပြီး မေးပါတယ်။

“ဘာများအလိုရှိပါသလဲရှင့်။”

“ကျွန်မရှင်တို့စားဖိုချောင်ကို ယူသုံးလို့ရလားဟင်။

ယူသုံးတဲ့ပစ္စည်းတွေအတွက် ကျသင့်ငွေပေးပါ့မယ်။”

“ကျွန်မတို့စားသောက်ဆိုင်က စားဖိုမှူးတွေပဲ စားဖိုချောင်ကို သုံးလို့ရတာပါ။” ဝန်ထမ်းက အချိုသာဆုံး

ပြန်ဖြေပေမဲ့ မျက်နှာပေါ်က အပြုံးတုအရ အေမီကို ရူးနေလားဆိုပြီး ပြောချင်နေတဲ့ပုံပဲ။ ဒါပေမဲ့ အေမီကတော့ ဂရုမစိုက်ဘဲ ဝန်ထမ်းကို လစ်လျူရှုပြီး ကောင်တာနောက်က ရွေ့လျားစားဖိုချောင်ထဲ ဝင်သွားပြီ။

“ဟေ့၊ မင်းဘာလုပ်တာလဲ။ စားဖိုချောင်ထဲကို အပြင်လူဝင်လို့မရဘူးလေ။” စားဖိုမှူးက ချက်လက်စဟင်းပွဲကို ချထားလိုက်ပြီး အေမီကိုထွက်တားပေမဲ့

ပြုံးပြံးလေးနဲ့အေမီက လက်ကိုဆန့်ထုတ်ပြီး စားဖိုမှုးရဲ့လည်မျိုကို ဖမ်းဆုပ်လိုက်တယ်။

“ဟင်းပွဲတွေကို အမြတ်ရဖို့အတွက် ရည်ရွယ်ချက်ရှိရှိ အဆင့်မမီအောင်ချက်ပြုတ်တဲ့ ရှင်လိုလူက စားဖိုမှူးမဖြစ်ထိုက်ဘူး။”

ကျောင်းမှာနေရင် ကျောင်းစည်းကမ်း၊ အိမ်မှာနေရင်

အိမ်စည်းကမ်းဆိုသလိုပဲ စားဖိုမှူးတွေမှာ လိုက်နာရမယ့် စည်းကမ်းတွေရှိတယ်။ တကယ်လို့ စားဖိုမှူးတစ်ယောက်က တခြားစားသောက်ဆိုင်ကိုရောက်သွားရင်

အဲဒီစားသောက်ဆိုင်ရဲ့စားဖိုမှူးခေါင်းခွင့်ပြုမှ စားဖိုချောင်ထဲကို ဝင်လို့ရတာ။ အေမီက ဉာဏ်ရည်မြင့် စက်ရုပ်တစ်ရုပ်ဖြစ်ပေမဲ့ သခင်မလေးအတွက်ဟင်းချက်ပေးနေကျမလို့ ကျွမ်းကျင်စားဖိုမှူးလို့တောင် ပြောလို့ရနေပြီ။ ဒါကြောင့်မလို့ စားဖိုမှူးကျင့်ဝတ်အတိုင်း ဆိုင်ရဲ့စားဖိုမှူးကို စားဖိုမှူးမဖြစ်ထိုက်တဲ့အကြောင်း ရန်တွေ့နေတာပဲ။ အပြင်ကလူတွေကြည့်ရင် မလိုအပ်ဘူးလို့ထင်ရပေမဲ့ အေမီလို သူ့ကိုယ်သူ သခင်မလေးရဲ့စားတော်ဆက်အဖြစ် ခံယူထားသူအတွက် လိုအပ်တယ်လေ။

“အား...” အေမီက စားဖိုမှူးကို ဆိုင်အပြင်ပစ်ထုတ်လိုက်တယ်။ ဝန်ထမ်းကောင်မလေးကတော့ လန့်ပြီး

အော်ပြေးသွားပြီ။ စားဖိုမှူးကတော့ ဒေါသတကြီး ပြန်ထလာပြီး သူ့လည်ပင်းကိုယ်သူ နာကျင်စွာကိုင်လိုက်တယ်။ အဲဒီနောက် အေမီရဲ့မျက်နှာကို စေ့စေ့ကြည်ပြီး...

“နင်က ဉာဏ်ရည်တုမဟုတ်လား၊ ဘာမဟုတ်တဲ့ ဉာဏ်ရည်တုတွေက စားဖိုမှူးတွေကို ဘယ်တုန်းက စိန်ခေါ်ခွင့်ရသွားတာလဲ။ လုံးဝမဖြစ်သင့်ဘူး။ ငါ့ဆရာနဲ့တိုင်ပြောမယ်။ သူနဲ့စားဖိုမှူးပြိုင်ပွဲလုပ်ဖို့ ပြင်ထားလိုက်တော့၊ စက်ရုပ်မ။”

စားဖိုမှူးက ဗလုံးဗထွေးနဲ့အော်ဟစ်ပြီး ရေကစားကွင်းကနေ ထွက်ပြေးသွားတယ်။ အေမီက ဂရုမစိုက်တဲ့ပုံစံနဲ့ ပခုံးတွန့်လိုက်ပြီး ဟင်းချက်ဖို့အတွက် စားဖိုချောင်ထဲက အပြင်အဆင်တွေကို ကြည့်လိုက်တယ်။

“အို့၊ အကုန်လုံးက အော်တိုစက်တွေနဲ့ချည်း အလုပ်လုပ်တာလား။ ဟင်းရည်လေးတစ်ခုပဲ သူကိုယ်တိုင် ချက်တာပေါ့။” အေမီက ရေရွတ်လိုက်ပြီး ငါးအသားချောင်းတွေကို အလိုအလျောက်ကြော်နေတဲ့စက်ကိုရပ်လိုက်တယ်။

အလိုအလျောက်ကြော်စက်ဆိုတာက နည်းပညာမြင့် ဟင်းချက်ကိရိယာတစ်ခုဖြစ်ပြီးတော့ ဘိလက်မြေဖျော်စက်အသေးစားလိုမျိုး ပုံစံရှိတယ်။ ဟင်းအိုးလေးက မော်တာနဲ့အလိုလျောက်လည်ပတ်နေတာဖြစ်ပြီး စားဖိုမှူးက ကြော်မယ့်စားစရာကို ဆန်ဆီဆားစပ်တာလောက်ပဲလုပ်ပြီး အိုးထဲပစ်ထည့်ရုံပဲ။ စက်က သူ့ဘာသာကျက်တဲ့အထိချက်သွားရော။

“ရိုးရိုးအိုးတွေခွက်တွေတွေ့ပြီ။” အေမီက စားဖိုချောင်အံ့ဆွဲတစ်ခုကိုဖွင့်ပြီး ဖုန်တက်နေတဲ့ ဒန်အိုးအကောင်းစားတွေကို ဖွင့်လိုက်တယ်။ အဲဒီနောက်တော့ ပန်းကန်တွေခွက်တွေကိုစဆေးကာ ဟင်းချက်ဖို့ပြင်တယ်။

....

“ဆရာ၊ လူတွေရှေ့မှာ အဲဒီစက်ရုပ်မက ကျွန်တော့်ကိုစားဖိုချောင်ထဲကနေ မောင်းထုတ်ပြီး အရှက်ခွဲခဲ့တာဆရာ။ ကျွန်တော် လုံးဝမကျေနပ်ဘူး။ ကူညီပေးပါဦးဆရာ။”

ရေကစားကွင်းက စားဖိုမှူးက ကားပါကင်တစ်နေရာမှာ အရှက်ရစရာပုံစံနဲ့ ခြေပစ်လက်ပစ်ထိုင်နေရင်းနဲ့ တစ်ယောက်ယောက်ကို ဖုန်းလှမ်းဆက်ပြီးပြောနေတယ်။ သူ့မျက်လုံးတွေထဲမှာတော့ ဒေါသမီးတောက်တွေကို တွေ့နိုင်ပါတယ်။

....

စားဖိုမှူးကြီးရေမီက ဖုန်းကိုဒေါသတကြီးချလိုက်တယ်။ စားဖိုမှူးကြီးက သာမန်စားဖိုမှူးတွေလိုပဲ ဗိုက်ရွဲရွဲနဲ့ခေါင်းပြောင်ပါတယ်။ ဒါပေမဲ့ ဥပဓိရုပ်ကောင်းပြီး ကျက်သရေရှိတဲ့မျက်နှာမျိုးကို ပိုင်ဆိုင်ထားပါတယ်။ သူက အခုစားဖိုချောင်ထဲမှာ ရှိနေတာဖြစ်ပြီး သူ့ရဲ့လက်ထောက်စားဖိုမှူးတွေက သူ့ကိုကြောက်လန့်စွာနဲ့ ကြည့်နေကြတယ်။

တစ်ခုထူးဆန်းတာတစ်ခုက ဒီနေရာက စားဖိုမှူးတွေက ဘယ်စက်ပစ္စည်းကိုမှမသုံးဘဲ သမရိုးကျနည်းလမ်းတွေနဲ့ ချက်ပြုတ်နေတာပါ။ အလိုအလျောက်ဟင်းချက်စက်လိုအရာမျိုးကို မတွေ့ရဘူး။

“ဉာဏ်ရည်တုစက်ရုပ်တစ်ရုပ်က ငါ့တပည့်ကိုစားဖိုချောင်ကနေ မောင်းထုတ်ပြီးတော့ သူကိုယ်တိုင်ဟင်းတွေချက်နေတယ်တဲ့။ ဒါငါတို့စားဖိုမှူးတွေအားလုံးကို

စော်ကားလိုက်တာပဲ။ ဒီကိစ္စကို အရေးမယူလို့မဖြစ်ဘူး။” စားဖိုချောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လေထုတစ်ခုလုံး လေးပင်တင်းကျပ်လာပါတယ်။ စားဖိုမှူးတွေရဲ့မျက်လုံးထဲမှာ ဒေါသတွေရှိနေပြီး တစ်ကမ္ဘာလုံးက ဉာဏ်ရည်တုတွေကို ယောင်းမတွေနဲ့ လိုက်ဖျက်ဆီးတော့မယ့်အတိုင်းပဲ။

ဉာဏ်ရည်တုတတိယလှိုင်း (၂၀၁၃) ခုနစ်ကစပြီးတော့ စားဖိုမှူးအပါအဝင် ပန်းချီဆရာ၊ စာရေးသူနဲ့ တေးရေးတေးဆိုတွေလိုမျိုး ဖန်တီးမှုအနုပညာနယ်ပယ်ကသူတွေကို ဉာဏ်ရည်တုတွေ ခြိမ်းခြောက်နေခဲ့တာပါ။ အခုခေတ်မှာ အစိုးရတွေက လူသားတွေရဲ့ဖန်တီးမှုနယ်ပယ်ကိုကာကွယ်ဖို့ ဥပဒေသစ်တွေ ရေးဆွဲကာကွယ်ပေးခဲ့တဲ့အတွက် ဒီနယ်ပယ်တွေရှိနေကြသေးပေမဲ့ အရင်ကထက်တော့ အများကြီးကျဥ်းမြောင်းသွားခဲ့ပါပြီ။

ဒါပေမဲ့ အနုပညာဖန်တီးသူတွေကတော့ သူတို့ရဲ့ခိုင်မာတဲ့ စိတ်နှလုံးတွေနဲ့အတူ ရှေ့ဆက်နေကြဆဲပါ။ ရေမီကလည်း အဲဒီလိုလူတွေထဲက တစ်ယောက်ပေါ့။

“ရက်ဖ်တေးရီးယား၊ ငါ့ရဲ့စားဖိုမှူးဓားကိုယူခဲ့။ ငါတို့လူသားစားဖိုမှူးတွေက ဟင်းချက်အတတ်ပညာရဲ့မူလဖန်တီးရှင်တွေဆိုတာ ဉာဏ်ရည်တုတွေသိအောင် ထပ်ပြကြတာပေါ့။”

ရက်ဖ်တေးရီးယားဆိုတဲ့ စားဖိုမှူးလက်ထောက်မိန်းကလေးက ဦးညွှတ်လိုက်ပြီး စားဖိုချောင်ထဲကနေ ထွက်သွားတယ်။ စားဖိုမှူးကြီးကလည်း သူ့ရုံးခန်းကိုပြန်ပြီး အဝတ်အစားအသစ်လဲတယ်။ မကြာခင်မှာပဲ စားဖိုမှူးကြီးနဲ့အဖွဲ့က မိုင်ယာမီရဲ့ကြယ်ငါးပွင့် စားသောက်ဆိုင်တစ်ခုကနေ အုပ်စုလိုက်ကြီးထွက်လာကြတယ်။

မကြာခင်မှာပဲ ကြယ်ငါးပွင့်မာစတာစားဖိုမှူးကြီးရေမီက ဉာဏ်ရည်တုစက်ရုပ်တစ်ရုပ်ကိုထပ်ပြီး စိန်ခေါ်တော့မယ်ဆိုတဲ့သတင်းက မိုင်ယာမီတစ်မြို့လုံးကို ပြန့်သွားပြီး လူတွေအကုန်လုံး အရူးအမူးဖြစ်ကုန်တော့တယ်။

....

“WPLG သတင်းဌာနကနေ ကြားဖြတ်သတင်းကို တင်ဆက်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က အဆင့်မြင့်စားဖိုမှူးဉာဏ်ရည်တုမော်ဒယ် MC9ကို စိန်ခေါ်အနိုင်ရခဲ့တဲ့ စားဖိုမှူးကြီးရေမီက နောက်ထပ်စက်ရုပ်တစ်ရုပ်ကို စိန်ခေါ်ဖို့ သူ့ရဲ့ကိုယ်ပိုင်ကြယ်ငါးပွင့်စားသောက်ဆိုင်ကနေ ထွက်လာပါပြီ။ စိန်ခေါ်မယ့်စက်ရုပ်နာမည်ကိုတော့ မသိရသေးပေမဲ့ စိန်ခေါ်ပွဲက မိုင်ယာမီရေကစားကွင်းမှာ ဖြစ်မယ်လို့သိရပါတယ်။”

ဒေသခံမီဒီယာကြီးတစ်ခုဖြစ်တဲ့ WPLGက သတင်းတင်ဆက်တာကို ကြည့်နေတဲ့ မိုင်ယာမီမြို့သားတွေအကုန်လုံး မျက်လုံးပြူးကုန်တော့တာပေါ့။ သူတို့တွေအကုန်လုံးက အင်တာနက်ပေါ်တက်ပြီး အဲဒီသတင်းကို အရူးအမူးရှဲလ်ကြတယ်။ မကြာခင်မှာပဲ လူမှုကွန်ယက် X မှာ Trending ဝင်သွားပြီး တစ်ကမ္ဘာလုံးသိကုန်ရော။

....

တစ်ဖက်မှာတော့ မက်ဒါနာတို့အုပ်စုက ဒီအကြောင်းတွေ ဘာမှသိမနေပါဘူး။ အဲဒီအစား အေမီလာချတဲ့ ဟင်းပွဲတွေကိုပဲ စိတ်ဝင်တစားကြည့်လိုက်ပါတယ်။ ပင်လယ်စာခေါက်ဆွဲကြော်တစ်မျိုးဖြစ်ပေမဲ့ မက်ဒါနာက ဟင်းပွဲဆိုရင် ဂိုဂဲလ်ကရှာကြည့်မှ ဘာမှန်းသိတဲ့လူမျိုးလေ။

“ဖြစ်သလိုကြော်ထားတဲ့ ပင်လယ်စာ ယာကီဆိုဘာခေါက်ဆွဲဖြစ်ပါတယ်ရှင့်။ သုံးဆောင်ကြပါ။”

ယာကီဆိုဘာဆိုတာက ကြော်ရလွယ်တဲ့ ဂျပန်စတိုင်

ခေါက်ဆွဲကြော်ပါ။ ဒါပေမဲ့ အထူးပြုလုပ်ထားတဲ့ ဂျုံခေါက်ဆွဲလိုတယ်။ အခုစားသောက်ဆိုင်မှာက ခပ်ညံ့ညံ့ အီတလီခေါက်ဆွဲပဲရှိတာဖြစ်ပြီး ကြော်လို့ရပေမဲ့ အတိအကျကြီးမတူတော့ဘူး။ ဆိုင်ထဲမှာ ပုစွန်နည်းနည်းရှာတွေ့လို့ ကံကောင်းတယ်ပြောရမယ်။ မဟုတ်ရင် အေမီလည်း ဘာလုပ်ရမှန်းမသိတော့ဘူး။

“ကောင်းသားပဲ၊ စိတ်ဆင်းရဲခံပြီး အီတလီအမှိုက်ခေါက်ဆွဲ စားစရာမလိုတော့ဘူးပေါ့။” မက်ဒါနာက တစ်ချက်မြည်းကြည့်ပြီးပြောလိုက်တယ်။ ဖရာလီတာကလည်း အေမီကို လက်မအကြီးကြီးထောင်ပြပြီးတော့ ထောက်ခံပါတယ်။

ဟိုစုံတွဲရဲ့ကလေးမလေးကလည်း သူတို့ကိုကြည့်ပြီး သွားရည်ကျနေတာကြောင့် မက်ဒါနာက အေမီကိုကြည့်ပြီး မေးလိုက်တယ်။ “အေမီရေ၊ သူတို့အတွက်ပါ ကြော်ပေးလို့မရဘူးလား။”

အေမီက ခေါင်းညိတ်လိုက်ပြီးတော့ စားဖိုချောင်ထဲ ပြန်ဝင်သွားတယ်။ မကြာခင်မှာပဲ ရေကစားလို့ဝသွားပြီဖြစ်တဲ့ ကျောင်းသားတွေပါရောက်လာလို့ အေမီအမှာစာတွေ အများကြီးကျလာတယ်။ အကုန်လုံးက အေမီရဲ့ဖြစ်ကတတ်ဆန်း ယာကီဆိုဘာခေါက်ဆွဲကို အနံရရုံနဲ့တင် ချီးကျူးကြတယ်။

နာရီဝက်လောက်ကြာတဲ့နောက်တော့ ရေကစားကွင်းအပြင်ဘက်ကနေ စားဖိုမှူးကြီးရေမီက တပည့်တွေကို ခြံရံပြီးဝင်လာတယ်။ အေမီပစ်ထုတ်တာခံရတဲ့ စားဖိုမှူးကတော့ သူတို့ကိုရှေ့ကနေ လမ်းပြလို့ပေါ့။ ပစ်ထုတ်ခံရတဲ့ စားဖိုမှူးက အေမီကိုလက်ညိုးညွန်ပြတော့ ရေမီက မျက်မှောင်ကြုတ်လိုက်ပြီးရှေ့တက်သွားတယ်။ နယူးယောက်ဟီးရိုးကျောင်းကအဖွဲ့တွေကတော့ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ စားဖိုမှူးအုပ်စုနဲ့ကင်မရာမန်းတွေကြောင့် နည်းနည်းကြောင်အသွားတယ်။

နျူရေကတော့ စားဖိုမှူးကြီးကိုမြင်တာနဲ့ စားလက်စ

ခေါက်ဆွဲပန်းကန်ကိုချထားလိုက်ပြီး ဖုန်းကိုထုတ်ဂိုဂဲလ်ကိုဖွင့် ရေမီဆိုတဲ့ စကားနှစ်လုံးရိုက်ထည့်လိုက်တယ်။ မကြာခင်မှာပဲ သူအင်တာနက်ပေါ်မှာဟိုတစ်စဒီတစ်စမြင်ဖူးတဲ့ စားဖိုမှူးရေမီအကြောင်း အပြည့်အစုံထွက်လာပြီး သေချာဖတ်ကြည့်တော့ မျက်လုံးပြူးသွားရော။ အဲဒီနောက် ခုထိစားဖိုမှူးရောက်လာတာကို ဂရုမစိုက်ဘဲ မက်ဒါနာအတွက်လိုက်ပဲကြော်ပေးနေတဲ့ အေမီနဲ့ အေမီကိုစိုက်ကြည့်နေတဲ့ စားဖိုမှူးရေမီကိုပဲ အပြန်အလှန်ကြည့်နေမိတော့တယ်။

....

“ဒီက ကလေးမက ဒီစက်ရုပ်ရဲ့ပိုင်ရှင်လား။” ရေမီက မက်ဒါနာရှေ့မှာရပ်လိုက်ပြီး မေးလိုက်တယ်။ မက်ဒါနာက ရေမီကိုမော့ကြည့်လိုက်ပြီး ပြန်မေးပါတယ်။

“ရှင်က ဘယ်သူလဲ။”

ရေမီက သက်ပြင်းချလိုက်တယ်။ သူက နာမည်ကြီးစားဖိုမှူးတစ်ယောက်ဆိုပေမဲ့ သရုပ်ဆောင်တွေလိုမျိုး

ဘယ်သွားသွားလူသိတဲ့လူမျိုးတော့မဟုတ်ပါဘူး။ သူ့ဒေသမှာနာမည်အရမ်းကြီးပြီးတော့ ကမ္ဘာအနှံက ဟင်းလျာချစ်သူတွေကြားမှာ ရေပန်းစားတယ်ဆိုပေမဲ့ပေါ့။

“ဦးက ရေမီ ဟဲမင်းဝေးပါ။ မိုင်ယာမီကင်း စားသောက်ဆိုင်ရဲ့ကြယ်ငါးပွင့်စားဖိုမှူးပါ။”

“ဪ၊ ကျွန်မက ပေါ်လီယာနာပါ။ နယူးယောက်ဟီးရိုးကျောင်းရဲ့ကျောင်းအုပ်ပါ။”

သူတို့နောက်မှာရှိနေတဲ့ ကင်မရာမန်းတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်လို့ အင်တာနက်ကနေတစ်ဆင့် ကြည့်နေကြတဲ့ ပရိသတ်တွေလည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပါတယ်။

“နယူးယောက်ဟီးရိုးကျောင်းက ဒီနှစ်ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားတဲ့ ကျောင်းမလား။”

“သူတို့ကျောင်းအုပ်က နည်းပညာဟီးရိုးတဲ့၊ အဲဒီညိုချောစက်ရုပ်မလေးက နည်းပညာဟီးရိုးတစ်ယောက်ရဲ့တီထွင်မှုဖြစ်နေမလား။” စတဲ့ကွန်းမန့်တွေက WPLGရဲ့ယူကျု့ချန်နယ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ စတင်ဖုံးလွှမ်းလာတယ်။

“ကျွန်မကတော့ သခင်မလေးပေါ်လီယာနာရဲ့အိမ်စေ

အေမီပါ။” အေမီကလည်း အိမ်စေမလေးအတိုင်းပဲ ဦးညွှတ်နှုတ်ဆက်လိုက်ပါတယ်။ ဂါဝန်ဝတ်မထားလို့

ဂါဝန်အနားလေးမလို့မရပေမဲ့ပေါ့။

စားဖိုမှူးကြီးရေမီက ဒေါသထွက်နေတာမှန်ပေမဲ့ ဂုဏ်သိက္ခာရှိသူတစ်ယောက်ဖြစ်လို့ သူတို့မိတ်ဆက်တာကို စိတ်ရှည်ရှည်နားထောင်ပေးပြီး သက်ပြင်းချလိုက်တယ်။ အဲဒီနောက် သူရောက်လာတဲ့အကြောင်းကို စရှင်းပြတယ်။

“မစ်ပေါ်လီယာနာ၊ ခင်ဗျားပိုင်တဲ့စက်ရုပ်က ဒီစားသောက်ဆိုင်ရဲ့စားဖိုမှူးကို စားဖိုမှူးမဖြစ်ထိုက်ဘူးလို့ကြွေးကြော်ပြီး မောင်းထုတ်ခဲ့တယ်။ ဒါ့အပြင် သူ့စားဖိုချောင်ကို ခွင့်ပြုချက်မရှိဘဲ ယူသုံးတာကြောင့် ကျုပ်သူ့ကို စိန်ခေါ်ရလိမ့်မယ်။”

စားဖိုမှူးရေမီက သူ့ရဲ့စားဖိုမှူးဓားကို ထုတ်လိုက်ပါတယ်။ အကောင်းစားသံမဏိနဲ့ပြုလုပ်ထားတာဖြစ်ပြီး ဓားရိုးမှာ သူ့နာမည်ကိုရွှေရောင်စာတန်းနဲ့ရေးထားတယ်။

“ဒီပြိုင်ပွဲမှာ ကျုပ်ရှုံးရင် ကျုပ်တစ်သက်လုံး ဟင်းထပ်မချက်တော့ဘူး။ ဒါပေမဲ့ ကျုပ်နိုင်ရင်တော့ အဲဒီစက်ရုပ်ကို တစ်သက်တာ ဟင်းချက်ခွင့်ပိတ်ရမယ်။”

သူတို့စကားကို နားထောင်နေရင်းနဲ့ မက်ဒါနာက မျက်ခုံးပင့်လိုက်တယ်။ ဗိုက်ဆာလို့အေမီကို ဟင်းချက်ခိုင်းမိရုံကနေ ဘယ်လိုလုပ်ပြီးတော့ စားဖိုးမှူးတစ်ယောက်ရဲ့အသက်မွေးဝမ်းကြောင်း ရှေ့ဆက်ရေးမဆက်ရေးနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုဖြစ်လာရတာလဲ။

“စားဖိုမှူးကြီးရေမီ အဲဒီစကားကို ထပ်ပြောပြန်ပြီကွ။ လွန်ခဲ့တဲ့သုံးနှစ်ကအတိုင်းပဲ။” အင်တာနက်ပေါ်မှာတော့ ရေမီရဲ့ပရိသတ်တွေ သောင်းကျန်းနေကြပါပြီ။

All Chapters