ကံကြမ္မာစာအုပ်အား မှန်မှန်ကန်ကန် အသုံးပြုနိုင်မည့်နည်းလမ်း
Vol. 79 Ch. 1094
ထိုအခါ ဧရာမဘီလူးကြီးမှာ မျက်လုံးများ ပွင့်လာ၏။ သူ၏ မျက်လုံးနှစ်လုံးမှာ မီးတဟုန်းဟုန်း တောက်လောင်နေသည့် ကြယ်နှစ်လုံးကဲ့သို့ပင်။ ထို့ကြောင့် ထို ကြယ်အဖွဲ့အစည်း တစ်ခုလုံးမှာ အနီရောင်ပြောင်းသွားပြီး အနည်းငယ် တုန်ရီသွားရ၏။ ထို့နောက် ထို ဘီလူးကြီးမှာ တည်ကြည်မှုအပြည့်ရှိပြီး ရှေးဆန်သော လေသံကြီးဖြင့် မေးလိုက်သည်။
" ဘယ်သူ့ကို သတ်ရမှာလဲ "
" သူ့ရဲ့နာမည်က ဝမ်ပေါင်လဲ့။ သူက ဂြိုဟ်အဆင့်မှာပဲ ရှိနေသေးပေမယ့် ထာဝရကြယ်အဆင့် တိုက်ရည်ခိုက်ရည်စွမ်းအားတွေကို ပိုင်ဆိုင်ထားတာ " ခရမ်းရောင် လခြမ်းကွေးလေးထဲမှ ပေါ်ပေါက်လာသည့် ချောမောလှပသော အမျိုးသမီးမှာ နူးညံ့သိမ်မွေ့စွာ ပြုံးကာ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ သူမသည် သူမ၏ ရှေ့တွင် ရှိနေသည့် ဘီလူးကြီးဆီမှ ထွက်ပေါ်နေသော ဖိအားများကို ဂရုမစိုက်သည့်ပုံပင်။
စကြဝဠာကြီးထဲ၌ တင်ပျဉ်ခွေထိုင်နေသည့် ဘီလူးကြီး၏ အမူအရာမှာ တည်ကြည်မှုအပြည့် ရှိနေဆဲပင်။ သူသည် သူ၏ရှေ့တွင် ရှိနေသည့် ချောမောလှပသည့် အမျိုးသမီးအား တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် မေးလိုက်၏။
" သူက ဘယ်မှာလဲ "
" အခု သူက ကံကြမ္မာဂြိုဟ်ပေါ်မှာ ရှိနေသေးတာမလို့ ငါ့ဘက်က သူ့ကို တိုက်ခိုက်ဖို့ အဆင်မပြေလို့ပါ။ သူ အဲဒီဂြိုဟ်ပေါ်ကနေ ထွက်ခွာသွားတဲ့အချိန် နင် သူ့ကို သတ်လို့ရတယ်။ ဒါပေမဲ့ မြန်မြန်တော့လုပ်နော်။ သူ့ရဲ့ဆရာက မီးတောက်ခေါင်းဆောင်ကြီး ဖြစ်နေတာမလို့ "
တစ်ချိန်လုံး အမူအရာ တည်ကြည်နေခဲ့သည့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ ဒုတိယအဆင့် တာအိုဂိုဏ်းသားမှာ မီးတောက်ခေါင်းဆောင်ကြီးဆိုသည့် နာမည်အား ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွား၏။
" မီးတောက်ခေါင်းဆောင်ကြီး အာရုံမခံနိုင်အောင် ငါ့ဘက်က ကံကြမ္မာစွမ်းအားတွေကို နှောင့်ယှက်တဲ့ မန္တန်တစ်ခု အသုံးပြုပေးထားမယ် " ချောမောလှပသည့် အမျိုးသမီးမှာမူ ပြုံးကာ ဆက်ပြောလိုက်သည်။
" ကောင်းပြီလေ " ချုံးရိိကျစ်မှာ ထိုအမျိုးသမီးအား အပြည့်အဝ ယုံကြည်ထားသည့်ပုံပင်။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်၏။
" သူ့ကို လျှော့မတွက်နဲ့နော်။ အစွမ်းကုန်ထုတ်ပြီးတော့ တိုက် " ထို ချောမောလှပသည့် အမျိုးသမီးမှာ ချုံးရိိကျစ်အား သတိပေးကာ သူ့အား သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွား၏။ သူမ ထွက်ခွာသွားသောအခါမှ စကြဝဠာကြီးထဲ၌ တင်ပျဉ်ခွေထိုင်နေသည့် ချုံးရိိကျစ်မှာ မျက်ဝန်းများ အရောင်တောက်ပသွားသည်။
" သူ့ကို လျှော့မတွက်နဲ့ဆိုပဲ... သူက ဂြိုဟ်အဆင့်မှာပဲ ရှိနေသေးတာလေ။ ငါကိုယ်တိုင်သွားပြီးတော့ တိုက်ခိုက်စရာလိုလို့လား။ မလိုပါဘူး။ ငါ့ တိုက်ရည်ခိုက်ရည်စွမ်းအားရဲ့ ဆယ်ရာခိုင်နှုန်းလောက်နဲ့တင် အစောပိုင်း ထာဝရကြယ်အဆင့်မှာရှိတဲ့ ဘယ်ကျင့်ကြံသူကိုမဆို သတ်ဖြတ်ပစ်လို့ရတယ်။ ဒီတစ်ခေါက်... ငါ ငါ့ တိုက်ရည်ခိုက်ရည်စွမ်းအားရဲ့ သုံးဆယ်ရာခိုင်နှုန်းကို သုံးပြီး ကိုယ်ပွားတစ်ခု ဖန်တီးလိုက်မယ် " ထို ဘီလူးကြီးမှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ လေထဲ၌ လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ သူ၏ လက်ဖဝါးထဲမှ အက်ကွဲသံများ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ ညာဘက်လက် တစ်ဖက်စလုံးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ပြုတ်ထွက်လာတော့သည်။ ၎င်းမှာ အဝေးသို့ မျောလွင့်သွားကာ လူးလွန့်နေလိုက်ပြီးနောက် ပညာရှိပုံစံ သက်လတ်ပိုင်း လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူသည် အေးစက်စက် မျက်နှာမူအရာဖြင့် နောက်သို့လှည့်သွားပြီး ကံကြမ္မာဂြိုဟ်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားတော့သည်။
ထိုအချိန်တွင် ကံကြမ္မာဂြိုဟ်ပေါ်ရှိ မီးတောင်ဝအထက်၌ ရစ်ဝဲနေသော ကျွန်းပေါ်တွင် ကံကြမ္မာစာအုပ်ပေါ်၌ လက်တင်ထားသည့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာ၏။ သူသည် ကံကြမ္မာစာအုပ်ဆီမှ ထွက်ပေါ်နေသည့် အားကောင်းသော တွန်းကန်အားများကို ဂရုစိုက်နေခြင်းမရှိပေ။ သူ၏ မျက်ဝန်းများမှာ အရောင်တလက်လက် တောက်ပနေပြီး သူသည်လည်း မျက်မှောင်ကြုတ်နေဆဲပင်။
" ဘယ်လိုလဲ " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် မေးလိုက်၏။
" ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူး။ နောက်တစ်ခေါက် ထပ်ကြည့်လိုက်ဦးမယ် " ဝမ်ပေါင်လဲ့မှာလည်း ခေါင်းမော့လာပြီး တည်ကြည်လေးနက်မှုရှိသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
ထိုအခါ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ နှုတ်ဆိတ်သွားသည်။ သူ၏ ဘေးတွင် ရှိနေသည့် အစေခံအိုကြီးမှာမူ မျက်နှာတစ်ချက် မဲ့သွား၏။ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် ကျင့်ကြံသူများမှာလည်း ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်နှာအမူအရာများ အထူးအဆန်း ဖြစ်သွားကြသည်။ သို့သော် ဝမ်ပေါင်လဲ့၏ စကားလုံးများအား အများဆုံး တုံ့ပြန်ခဲ့သည့် အရာမှာ... သူတို့မဟုတ်ဘဲ ကံကြမ္မာစာအုပ် ဖြစ်နေ၏။
အစတွင် ထိုစာအုပ်မှာ အကောင်းဆုံးကြိုးစား၍ ဝမ်ပေါင်လဲ့အား ငြင်းဆန်ကာ သူ၏ လက်အား ၎င်းပေါ်မှ ဖယ်ရှားနိုင်အောင် လုပ်ခဲ့၏။ သို့သော် ၎င်းမှာ စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့တစ်ယောက် နောက်ထပ်တစ်ကြိမ် ထပ်၍ ကြည့်ဦးမည်ဟု ဆိုလိုက်သည့်စကားကို ကြားလိုက်ရသည်နှင့် အသိစိတ်ပျောက်လုမတတ် ဖြစ်သွား၏။ ထို့နောက် ထို စာအုပ်ထဲမှ ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။ ထိုအသံများမှာ မကျေနပ်ချက်များနှင့် ရန်လိုစိတ်များဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံများနှင့် ဆင်တူနေ၏။ ထို့အပြင် ထို စာအုပ်ထဲမှ အလင်းတန်း အမြောက်အမြား ထိုးထွက်လာကာ အသွားထက် ဓားများအဖြစ် ပြောင်းလဲသွားကြပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာတော့သည်။
၎င်းမှာ ဒေါသထွက်ကာ လက်မခံနိုင််လောက်အောင် ဖြစ်နေသည့်ပုံပေါက်နေ၏။ ထို ထစ်ချုန်းသံများနှင့် အလင်းတန်းများ ထွက်ပေါ်လာသည့် အချိန်တွင် ကံကြမ္မာစာအုပ်၏ စိတ်ဆန္ဒမှာ အငွေ့အသက်တစ်မျိုးအား ထုတ်လွှတ်လိုက်သည့် ပုံပင်။ ထို့ကြောင့် ဘေးပတ်ပတ်လည်ရှိ လူများ၏ အမြင်တွင် ၎င်း၏ အရွယ်အစားမှာ အဆုံးအစမရှိလောက်အောင် ကြီးမားလာ၏။ ၎င်း၏ ရှေ့တွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာမူ ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ တစ်စစီ ခြေမွှဖျက်ဆီးခံလိုက်ရတော့မည့်ပုံ ပေါက်နေတော့သည်။
ထို နေရာတစ်ဝိုက်တွင် ရှိနေသည့် သားရဲကြီး သုံးဆယ့်ကိုးကောင်မှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ ၎င်းတို့မှာ အသံကုန်အော်ဟစ်နေကြပြီး မျက်ဝန်းများထဲ၌ ရန်ပြုလိုစိတ်များ တောက်ပလာကြသည်။ ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာလည်း အုတ်အော်သောင်းနင်းဖြစ်နေကြပြီး အော်ဟစ်သံမျိုးစုံ ထွက်ပေါ်လာနေသည်ကို ကြားနိုင်ပေသည်။
" ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တော်တော်လေးကို မောက်မာတာပဲ။ ကောင်းကင်ဘုံဓမ္မသခင်ကြီးက သက်ညှာပေးထားတာ မှန်ပေမဲ့ အဖိုးတန်ရတနာတစ်ခုဖြစ်တဲ့ ကံကြမ္မာစာအုပ်ကို သူ သွားပြီးတော့ ရန်မစသင့်ဘူးလေ "
" အရင်တုန်းကဆိုရင် ငါတို့တွေအကုန်လုံးက ကံကြမ္မာစာအုပ်ကို တရိုတသေ တလေးတစား ဆက်ဆံခဲ့ကြတာ။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တော်တော် ရိုင်းတာပဲ "
" သူ့ရဲ့ လောဘက အတောမသတ်နိုင်လောက်အောင်ပါပဲလား။ ကံကြမ္မာစာအုပ်ကို တစ်ကြိမ် ဖတ်ခွင့်ရတာ ကိစ္စမရှိပေမဲ့ ဒုတိယအကြိမ် ထပ်ဖတ်ခွင့်ရရင် ဒူးတုပ်ပြီးတော့ ကျေးဇူးတင်နေရမှာလေ။ အဲတာကို သူက တတိယအကြိမ် ထပ်ဖတ်ဖို့ လုပ်နေတုန်း "
သို့သော် သူတို့မှာ အချိန်အကြာကြီး စကားမပြောနိုင်ခဲ့ပေ။ သူတို့၏ စကားသံများ လေထဲ၌ ပဲ့တင်ထပ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့နှင့် ကံကြမ္မာစာအုပ်တို့၏ ဖြစ်ရပ်ကြောင့် မနာလိုစိတ်များဖြင့် ပြစ်တင်ဝေဖန်နေကြသည့် သူများမှာ ပင့်သက်ရှိုက်မိသွားကြတော့သည်။ သူတို့၏ မျက်နှာများပေါ်တွင်လည်း တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များ ပေါ်ပေါက်လာကြ၏။
အဘယ်ကြောင့်ဆိုသော ကံကြမ္မာစာအုပ် ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တီးနိုင်ရန် အလို့ငှာ ပေါက်ကွဲသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ အမူအရာမပျက် ရှိနေခဲ့သောကြောင့်ပင်။ သို့ဖြစ်ရာ သူသည် ထို ပေါက်ကွဲမှုအား လုံးဝမမြင်ရသည့်ပုံ ပေါက်နေ၏။ ထို့အပြင် သူသည် သူ၏ လက်အား လက်မအနည်းငယ်ခန့် မြှောက်ကာ အောက်သို့ ပြန်၍ ရိုက်ချလိုက်ပြန်သည်။
သူ၏ လက်ဖဝါး အောက်သို့ကျလာသည်နှင့် အမျက်ချောင်းချောင်း ထွက်နေသည့်ပုံပေါ်သော ကံကြမ္မာစာအုပ်မှာ အနိုင်ကျင့်ခံနေရသည့် ဇနီးသည်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ၎င်းမှာ အားအကုန်သုံး၍ ရုန်းကန်နေသည့်တိုင်အောင် အတင်းအဓမ္မဖိနှိပ်ချုပ်တည်းခံထားရသဖြင့် လုံးဝ ခုခံတွန်းလှန်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ လက်မှာ ၎င်းအား ရုန်းကန်၍ မရအောင် ဖိနှိပ်ထားသည့်ပုံ ပေါက်နေသည်။ သို့သော်လည်း ၎င်းမှာ သူ၏ ဆန္ဒအား မလိုက်လျော၍ ရပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ လက်ဖဝါး ကံကြမ္မာစာအုပ်နှင့် ထိသွားချိန်တွင် မည်သည့် တုန်ခါမှုလှိုင်းမှ ထွက်ပေါ်လာခြင်းမရှိပေ။ အကယ်၍ ကံကြမ္မာစာအုပ်သာ လူသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါက ယခုတွင် ဒေါသမီးတောက်များ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ " ငါ သေရင်တောင် မင်းရဲ့ ဆန္ဒကို မလိုက်လျောပေးနိုင်ဘူး " ဟူသည့် စကားများကို ပြောနေလောက်ပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိသေးပေ။ သူသည် သူ၏ အတိတ်ဘဝထဲမှ နတ်ဆိုးဓား၏ အငွေ့အသက် အနည်းငယ်မျှကိုသာ ထုတ်လွှတ်လိုက်သည်။ ၎င်းမှာ အနည်းငယ်မျှသာ ဖြစ်ပါသော်လည်း မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား တုန်ရီသွားစေနိုင်လောက်အောင် အားကောင်းနေ၏။ ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများမှာ ၎င်းအား အာရုံမခံမိခဲ့သည့်အပြင် ဝမ်ပေါင်လဲ့မှာလည်း ၎င်းအား တစ်ခဏမျှသာ ထုတ်လွှတ်လိုက်သည့်တိုင်အောင် ကံကြမ္မာစာအုပ်မှာ ကြောက်ရွံ့တုန်လှုပ်သွားရဆဲပင်။ ထို့ကြောင့် ၎င်းမှာ ဆတ်ခနဲတုန်ရီသွားပြီး တွေဝေတုံ့ဆိုင်းမနေတော့ဘဲ တုန်ခါမှုလှိုင်းများထုတ်လွှတ်ကာ ကံကြမ္မာဂြိုဟ်တစ်ခုလုံးအား လွှမ်းခြုံသွားစေလိုက်တော့သည်။
ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ စကားပြောရန် ဟန်ပြင်လိုက်ပါသော်လည်း ချီတုံချတုံဖြစ်သွား၏။ နောက်ဆုံးတွင် သူသည် စကားတခွန်းမှ မပြောတော့ဘဲ ကံကြမ္မာစာအုပ်အား ကရုဏာသက်နေသည့် မျက်ဝန်းများဖြင့်သာ စိုက်ကြည့်နေလိုက်တော့သည်။
တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားသည်နှင့် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် ကမ္ဘာကြီးမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ ပြောင်းလဲသွားပြန်သည်။
ထိုမြင်ကွင်းမှာ အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသည့် မြေပြင်ကြီးတစ်ခု မဟုတ်တော့ဘဲ မှုန်ဝါးဝါး ဖြစ်နေ၏။ သို့ဖြစ်ရာ သူ၏ ရှေ့တွင် ရှိနေသည့် အရာများကို ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ မျက်မှောင်ကြုတ်သွားရပြန်သည်။ သို့သော် သူ ထိုကဲ့သို့ အားမလိုအားမရ ဖြစ်သွားစဉ်မှာပင် သူ၏ ပတ်ပတ်လည်ရှိ အားနည်းသော စိတ်ဆန္ဒတစ်ခုမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
၎င်းမှာ စကားသံများမဟုတ်ဘဲ နာကြည်းချက်များဖြင့် ပြည့်နှက်နေသည့် စိတ်ဆန္ဒတစ်ခု ဖြစ်၏။ ၎င်းမှာ သူသည် အစွမ်းကုန်ကြိုးစားနေခြင်း ဖြစ်ပါသော်လည်း အနာဂတ်တွင်ပေါ်ပေါက်လာမည့် ပြောင်းလဲမှုများ အားလုံးမှာ အတိတ်တွင် ရွေးချယ်ခဲ့သည့် လမ်းစဉ်များအပေါ်တွင်သာ မူတည်နေသည်ဖြစ်ကြောင်း ပြောပြနေခြင်း ဖြစ်သည်။ ယခင်အကြိမ်တုန်းက ကံကြမ္မာဂြိုဟ်ပေါ်ရှိ မြင်ကွင်း ကြည်လင်ပြတ်သားနေခဲ့ရသည့် အကြောင်းရင်းမှာ အတိတ်တွင် ထိုဖြစ်ရပ်နှင့် ချိတ်ဆက်နေသည့် လမ်းစဉ်တစ်ခု ရှိနေသောကြောင့်ပင်။ ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အခြားလမ်းစဉ်တစ်ခုအား ရွေးချယ်လိုက်ပြီဖြစ်သောကြောင့် အရာအားလုံးမှာ မှုန်ဝါးဝါးဖြစ်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ အနာဂတ်အား မှန်ကန်စွာ တွက်ချက်ပေးနိုင်ရန်မှာ ကံကြမ္မာစာအုပ်အတွက် အလွန်အင်မတန်မှ ခက်ခဲနေမည်ဖြစ်သည်။
" အဲတာဆို ထပ်ပြီးတော့ ကြိုးစားကွာ " ဝမ်ပေါင်လဲ့မှာမူ ဖြည်းဖြည်းချင်းသာ ပြန်ပြောလိုက်၏။
ထို့ကြောင့် ထို စိတ်ဆန္ဒမှာ မတရားခံနေရသကဲ့သို့ ပို၍ပင် ခံစားလိုက်ရပြီး ၎င်း၏ ဘေးပတ်ဝန်းကျင်မှာလည်း ပို၍ပင် မှုန်ဝါးဝါး ဖြစ်လာတော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ၎င်းမှာ ထိုမြင်ကွင်းအား အနည်းငယ်ခန့် ပို၍ ကြည်လင်ပြတ်သားလာအောင် လုပ်နိုင်ခဲ့သဖြင့် စကြဝဠာကြီးတစ်ခု ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာ ထို စကြဝဠာကြီးထဲ၌ စစ်သင်္ဘောကြီးများ ဖြတ်သန်းသွားလာနေသည်ကို မြင်နေရသည်။ သူနှင့်ပုံစံတူ အခြားတစ်ယောက်မှာ ထို စစ်သင်္ဘောကြီးများထဲမှ တစ်စင်းပေါ်တွင် ရှဲ့ဟေးရန်နှင့် စကားပြောနေသည်။
ထိုအခိုက်အတန့်တွင် ထို စစ်သင်္ဘောကြီး၏ ရှေ့ရှိ စကြဝဠာကြီးထဲ၌ တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာပြီး မှုန်ဝါးဝါး ဖြစ်နေသည့် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထို လူရိပ်ကြီးမှာ ပေါ်ပေါက်လာသည်နှင့် စစ်သင်္ဘောကြီးအား ချက်ချင်း တိုက်ခိုက်လိုက်သည်။ ထိုအခါ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုမြင်ကွင်းမှာ မှုန်ဝါးဝါး ဖြစ်သွားပြန်သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်လုံးများမှေးသွားပြီး ဆိုလိုက်၏။
" ပြန်ကြည့်ဦးမယ် "
ထိုအခါ မကျေမချမ်းဖြစ်နေသည့် စိတ်ဆန္ဒမှာ ဝမ်ပေါင်လဲ့အား အော်ဟစ်ဆဲဆိုပစ်ချင်စိတ်များ ပေါက်လာပါသော်လည်း အတတ်နိုင်ဆုံးကြိုးစားကာ မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် မြင်ကွင်းအား ဝမ်ပေါင်လဲ့၏ ရှေ့၌ နောက်ထပ်တစ်ကြိမ် ပြန်၍ ပြသလိုက်ဆဲပင်။ ယခုအကြိမ်တွင် ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။ ထို မြင်ကွင်းထဲ၌ မှုန်ဝါးဝါးဖြစ်နေသည့် လူရိပ်ကြီး ပေါ်ပေါက်လာသောအခါမှသာ ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ဆိုလိုက်သည်။
" ရပ် "
ထိုအခါ ထိုမြင်ကွင်းမှာ ရပ်တန့်သွား၏။
" အနီးကပ်မြင်ရအောင် လုပ်ပေး "
ထိုအခါ ထိုပုံရိပ်မှာ ချက်ချင်းဆိုသလိုပင် ပုံကြီးချဲ့ခံလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ ဟင်းလင်းပြင်ကြီးထဲမှ ထွက်ပေါ်လာသည့် လူရိပ်ကြီးအား အနီးကပ် မြင်လိုက်ရတော့သည်။ နောက်ဆုံးတွင် သူသည် ထိုလူရိပ်ကြီး၏ နောက်၌ သူနှင့် ချိတ်ဆက်နေသည့် ခရမ်းရောင် အမျှင်အတန်းတစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။
ထို ခရမ်းရောင် အမျှင်အတန်းလေးမှာ ဟင်းလင်းပြင်ကြီးထဲအထိ မျက်စိတစ်ဆုံး ဆန့်တန်းနေသည်။
ဝမ်ပေါင်လဲ့မှာ ထို ခရမ်းရောင် အမျှင်အတန်းလေးအား ကြည့်၍ ဖြည်းဖြည်းချင်း ဆိုလိုက်၏။
" ဒီ အမျှင်အတန်းလေးရဲ့ နောက်ကိုလိုက်"
ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ထိုမြင်ကွင်းကြီးမှာလည်း မလှုပ်မယှက် ရပ်နေ၏။ မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် မကျေမချမ်းဖြစ်နေသော အငွေ့အသက်များမှာ ပျောက်ကွယ်သွားပြီး ဒေါသအငွေ့အသက်များမှာ အရပ်မျက်နှာ အနှံ့မှနေ၍ အဆက်မပြတ် စုစည်းလာနေကြသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာမူ ထို ဒေါသအငွေ့အသက်များ ပေါက်ကွဲသွားတော့မည်ကို အာရုံခံမိလိုက်သည်နှင့် သူ၏ နတ်ဆိုးဓားထဲမှ သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို တိတ်တဆိတ် ထုတ်လွှတ်လိုက်ပြီး ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်၏။
တစ်အောင့်ခန့်အကြာတွင် ထို ဒေါသအငွေ့အသက်များအားလုံးမှာ ပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် မြင်ကွင်းမှာလည်း ပြန်လည် သက်ဝင်လှုပ်ရှားလာ၏။ ထို့နောက် ထို မြင်ကွင်းမှာ ဝမ်ပေါင်လဲ့၏ ညွှန်ကြားချက်အတိုင်း ခရမ်းရောင်အမျှင်အတန်းလေး၏ နောက်မှနေ၍ ဟင်းလင်းပြင်ကြီးထဲသို့ လိုက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်နေပြီ ဖြစ်သည်။ သူသည် ကံကြမ္မာစာအုပ်အား မှန်မှန်ကန်ကန် အသုံးပြုနိုင်မည့်နည်းလမ်းကို ရှာတွေ့သွားသည့်အလား ခံစာလိုက်ရ၏။